Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပေါင်းတည်မြို့နယ် ၃၇လမ်း မူလတန်းကျောင်းတွင်စားသုံးသူကာကွယ်ရေးအသိပညာပေး

           နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ (၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ် ၃၇လမ်း မူလတန်းကျောင်းသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

           ထိုသို့ပြုလုပ်ရာတွင်  စားသုံးသူရေးရာဦးစီးဌာန၊  မြိုနယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက ကျောင်းသား/ ကျောင်းသူများအား သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော မုန့်များဝယ်ယူ စားသောက်ကြရန် အသိပညာပေး ဟောပြောခဲ့ပါသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဝင်းမြသန်းမှလည်း ကလေးသူငယ်များအား စက္ကူ ပြဇာတ်သရုပ်ဖော်များ ပြသခဲ့ပြီး ပုံပြင်များ၊ ပုံပြင်စာအုပ်များဝေ၍ ဖတ်ခိုင်းကာ စာဖတ်ခြင်း မှရရှိသော အကျိုးကျေးဇူးများ အကြောင်းအသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

အွန်လိုင်းမှ တဆင့်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း အသိပညာပေးဆွေးနွေး

          ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊  စားသုံးသူ‌ရေးရာဦးစီးဌာန နတ်တလင်းမြို့နယ် တာဝန်ခံရုံး၌ စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံမှ (၆-၁၂-၂၀၂၄)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူပြည်သူများအား Online  အွန်လိုင်းမှတဆင့်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း အသိပညာပေးဆွေးနွေး ခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

            ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း အွန်လိုင်းမှ ဈေးဝယ်ယူခြင်းနှင့်ပတ်သက်၍  အားနည်းချက်၊ အားသာချက်၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှု လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့်ရရှိလာမည့်  အကျိုးရလဒ်များ ကုန်စည်နှင့် ဝန်ဆောင်မှုကို အွန်လိုင်းမှဝယ်ယူသုံးစွဲမှုနှင့် ပတ်သက်၍ နစ်နာဆုံးရှံးမှုများရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင်စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာ ကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်မှ(၆)ရက် အတွင်း ပြည်မြို့တွင် မူလွန်(မြတ်လေးရုံ)ကျောင်းသို့လည်းကောင်း၊ ရွှေတောင်မြို့တွင် အ.မ.သ(ဖားအိုင့်) ကျောင်း၊ အ.မ.က(ကိုးတွင်းစဉ်)ကျောင်း နှင့် အ.မ.က(မင်းတဲကျွန်း)ကျောင်း များသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် မြို့နယ်ပြန်ဆက်ရုံး နှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show) ပွဲပြုလုပ်ခြင်းကိုလည်းကောင်း၊ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန် ဆက်ရုံးနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

             အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ် တာဝန်ခံများမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာ အချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဒုတိယပြည်နယ်ဦးစီးမှူးမှ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

     ၆.၁၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးသည် သံဖြူဇရပ်မြို့နယ်၊ ခြံတစ်ရာကျေးရွာရှိ Bao Heng ကုမ္ပဏီမှ တာဝန်ရှိသူ နှင့်တွေ့ဆုံ၍ လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ ကုန်ထုတ်လုပ်မှုအခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဒုတိယပြည်နယ်ဦးစီးမှူးက ကုန်ကြမ်းစုဆောင်းမှု၊ တစ်လကုန်ချောထုတ်လုပ်နိုင်မှု၊ တစ်နေ့စက်ရုံလည်ပတ်မှု၊ ဈေးနှုန်းအခြေအနေများကို မေးမြန်းခဲ့ရာ အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူက ၎င်းစက်ရုံမှာ မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်၊ ခြံတစ်ရာကျေးရွာတွင်တည်ရှိပြီး လုပ်ငန်းလည်ပတ်ချိန် တစ်နေ့လျှင် (၈) နာရီ (၂) ဆိုင်းဖြင့် လည်ပတ်လျက်ရှိကြောင်း၊ လုပ်သားအင်အားမှာ (၁၀၀၀) ဦးအား အလုပ် အကိုင်ဖန်တီးပေးနိုင်ကြောင်း၊ ထုတ်ကုန်အမျိုးအစားမှာ ရာဘာသစ်ခွဲသားများ ထုတ်လုပ်ကြောင်း၊ အသုံးပြုသည့် ကုန်ကြမ်းအမျိုးအစားများမှာ ရာဘာသစ်ပင် အိုပင်ဟောင်း များကိုအသုံးပြုပြီး ကုန်ကြမ်း လိုအပ်မှုမှာ တစ်လလျှင် တန်ချိန် (၆၅၀၀) လိုအပ်ကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် တစ်လလျှင် ကုန်ချော (4550 CBM-Cubic Meter) ထုတ်လုပ်လျက်ရှိကြောင်း၊ လျှပ်စစ်မီးသုံးစွဲမှုစက်စွမ်းအားအရ ကုန်ထုတ်လုပ်နိုင်မှုမှာ တစ်လလျှင် (6370 CBM- Cubic Meter) ထုတ်လုပ်နိုင်ကြောင်း၊ ဈေးကွက်အနေဖြင့် ပြည်တွင်းရှိစက်ရုံများနှင့် တရုတ်နိုင်ငံသို့တင်ပို့ရောင်းချကြောင်း ဆွေးနွေးခဲ့ ပါသည်။

DOCA(မွန်)

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးသို့ တက်‌ရောက်ခြင်း

     ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဦးစီးကျင်းပသော ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင် ကျ‌ရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး(၃)ထပ်ဆောင် အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးစားသုံးသူ‌‌ရေးရာဦးစီးဌာန တိုင်းဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လွတ်လပ်ရေးနေ့အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာကော်မတီ အတွင်းရေးမှူးများက အသီးသီးတင်ပြညှိနှိုင်း ဆွေးနွေးခဲ့ကာ နေ့လယ် (၁၄း၃၀) အချိန်တွင် ဝန်ကြီးချုပ်မှ နိဂုံးချုပ်စကား ပြောကြား၍ အစည်းအဝေးအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Polytechnic University (Dawei) တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိ‌ကောင်းစရာများ ဟောပြောဆွေးနွေးခြင်း

     ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် Polytechnic University (Dawei) တွင် ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများအား တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးအေးလွင်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးဆောင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူ၏ နစ်နာဆုံးရှုံးမှုများအား ကုစားနိုင်ရန်အတွက် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးတာဝန်ခံ ဦးလင်းကျော်ဇံစိုးက ဆေးဝါးများနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်း ဆွေးနွေးဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၀၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

         

မိုးစပါးဝယ်ယူမှုစနစ်တကျရှိစေရေး အသင်းအဖွဲ့၊ ကုန်သည်ပွဲစား၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

    ၂၀၂၄ ခုနှစ်စိုက်ပျိုးထွက်ရှိသော မိုးစပါးများဝယ်ယူရာတွင် စနစ်တကျရှိစေရေး၊ တောင်သူများ နစ်နာမှုမရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၄-၁၂-၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ တောင်သူများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း  သိရသည်။

        ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးထားရှိသော မိုးစပါးများထွက်ရှိ လာပြီဖြစ်ရာ မိုးစပါးများဝယ်ယူရောင်းချရာတွင် ဈေးနှုန်းဈေးကွက်တည်ငြိမ်စေရေး ၊ ကုန်စည်စီး ဆင်းမှုမှန်ကန် မြန်ဆန်စေရေး၊ ‌ဒေသပေါက်ဈေးအတိုင်းဝယ်ယူရာတွင် တောင်သူများ နစ်နာမှုမရှိစေရေးအတွက် အလေးချိန် တင်းတောင်း မှန်ကန်စွာဖြင့်ဝယ်ယူ၍  ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ရက်အမီ သိုလှောင်ရုံများ မှတ်ပုံတင်ဆောင်ရွက်နိုင် ဆွေးနွေးပြောကြားခဲ့ပါသည်။

     ဆက်လက်၍  ကရင်ပြည်နယ်ဆန်စက် လုပ်ငန်းရှင်များအသင်း၊  ဆန်စက်ပိုင်ရှင်များ၊ ကုန်သည်/ပွဲစားများ၊ စပါးစိုက်ပျိုးတောင်သူများက စပါးဝယ်ယူမှုနှင့်ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဆောင်ရွက်သင့်သည့်အချက်များကို အကြံပြုဆွေးနွေးကြပြီး အစီအစဉ်အရ ဆန်စပါးဝယ်ယူမှုနှင့်ပတ်သက်၍ တောင်သူများနစ်နာမှုမရှိစေရေး အားလုံး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

   အစည်းအဝေးတွင် ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ကရင်ပြည်နယ်ဆန်စပါး ကုန်သည်များအသင်း (ဘားအံရုံးခွဲ)နှင့် ဆန်စက်လုပ်ငန်းရှင်များ၊ စပါးဝယ်ယူသည့် ပွဲစားများ၊ စိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ပြီးအစည်းအဝေးကို နံနက်(၁၁:၃၀) နာရီတွင် ရုတ်သိမ်းခဲ့သည်။

DOCA(ကရင်)

 

                                     

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် အမှတ်(၇)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေးဟောပြောပွဲပြုလုပ်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀) မြောင်းမြမြို့နယ် အမှတ်(၇)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးမှ တက်ရောက်လာသော ရပ်ကွက်နေပြည်သူများအား မိတ်ဆက်စကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား ဦးစွာရှင်းလင်း ပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ ထုတ်လုပ်မှုအမှတ်စဉ် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့)ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မိမိတို့ပါတ်ဝန်းကျင်တွင် ရောင်းချနေသော အစားအသောက်များတွင် စားသုံးရန်မသင့်သောအစားအစာများ၊ ဓါတုဆိုးဆေးများလွန်ကဲစွာ အသုံးပြုထားသော မုန့်ပဲ၊ သွားရည်စာများကို စားသောက်မိပါက ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများခံစားရပြီး၊ ဆေးရုံဆေးခန်းပြသရန်အတွက် ကုန်ကျစရိတ်များနှင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်လာနိုင်ကြောင်း ရပ်ကွက်နေပြည်သူများအနေဖြင့် အစားအသောက်များကို မိမိတို့အသိစိတ်ဖြင့် ရွေးချယ်ဝယ်ယူစားသောက်နိုင်ကြစေရန် အသိပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူ (၆၅)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ဘုရားကလေးကွင်းကျေးရွာ၊ အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၅) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ ဘုရားကလေးကွင်းကျေးရွာ အ.မ.ကကျောင်းတွင် ကျောင်းသား/သူ (၇၀) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်ခံများ၊ တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များ၊ ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများကိုသာ ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိကြောင်း ၊ စားသုံးသူရေးရာ မြို့နယ်တာဝန်ခံရုံးသို့ လာရောက် တိုင်ကြားနိုင်ကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်မြခရိုင် မြောင်းမြမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးဆီလက်လီအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၅.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး တွင် စားသုံးဆီလက်လီအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ စားသုံးဆီရောင်းချသူ စီးပွားရေး လုပ်ငန််းရှင်များအား ခေါ်ယူတွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းကြီးမြင့်ခြင်းနှင့်ပတ်သက်ပြီး စားသုံးဆီရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုလုပ်ကြရန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသော ဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့်မေးမြန်းချက်များအား မြို့နယ်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။အဆိုပါ ဟောပြောပွဲသို့ စားသုံးဆီလက်လီအရောင်းဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ