Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ဆေးဝါး/ဆေးပစ္စည်းအရောင်းဆိုင်/ကုမ္ပဏီခွဲများသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခြင်း

             ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းသည် ပူးပေါင်းမိတ်ဖက်ဌာနဖြစ်သည့် ပြည်နယ်FDA၊ မြို့နယ်ကျန်းမာရေး၊ မွေး/ ကု၊ ထွေ/အုပ်၊ စည်ပင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိပုဂ္ဂိုလ်များနှင့်ပူးပေါင်း၍ (၁၉-၅-၂၀၂၂)ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် စစ်တွေမြို့ပေါရှိ ဆေးဝါးရောင်းချသောဆိုင်များသို့ သွားရောက်၍ ဈေးကွက်အတွင်းရှိ သုံးစွဲရန်မသင့်သည့်ဆေးဝါးပစ္စည်းများရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

              ရခိုင်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ဆေးဝါးနှင့်ဆေးပစ္စည်းများအား လစဉ်ဈေးကွက်နမူနာများကောက်ယူပြီး နေပြည်တော်သို့ပေးပို့၍ ဓါတ်ခွဲစစ်ဆေးမှုများပြုလုပ်လျက်ရှိရာ ECOCANN I.V Cannula (Batch No. A1703033) နှင့် I.v.Flon ဆေးသွင်းအပ်(၂)မျိုး သည် Failed in Sterility Test ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ ၎င်းဆေးဝါးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ သွားရောက်စစ်‌ဆေးရခြင်းဖြစ်ပါသည်။

             စစ်တွေမြို့ မောလိပ်ရပ်ကွက်ရှိ ဝင်းဆေးမျိုးစုံအရောင်းဆိုင်၊ လင်းလင်းဆေးဆိုင်နှင့်ကျေးပင်ကြီးရပ်ကွက်ရှိ Medi Health Co.Ltd ကုမ္ပဏီခွဲ ဆေးဝါးသိုလှောင်ဖြန့်ချီရောင်းချသည့်ဆိုင်များသို့ သွားရောက်စစ်ဆေးရာ ဈေးကွက်အတွင်းတွေ့ရှိသော ECOCANN I.V Cannula  သက်တမ်းလွန်ဆေးသွင်းအပ် (၇၅)ချောင်းအားအဖွဲ့ဖြင့် သိမ်းဆည်းခြင်းဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး ဘေးအန္တရာယ်ကင်းရှင်းစေရေး ဆေးဝါး/ဆေးပစ္စည်းများအား Good Storage Practice (GSP) နှင့်အညီ ထားသိုရောင်းချရန်နှင့်စံမညီဆေးဝါး/ဆေးပစ္စည်းများ ကျန်းမာရေးဝန်ကြီးဌာနမှ သုံးစွဲရန်မသင့်ဟု အမိန့်ကြော်ငြာစာထုတ်ပြန်ထားသည့် အန္တရာယ်ရှိဆေးဝါးနှင့်ဆေးပစ္စည်းများကို ဝယ်ယူသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရေး ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းနှင့် ဆေးဝါးများတင်သွင်းသယ်ယူကြရာတွင် ကုန်တင်ကားများ၌ စားသောက်ကုန်များနှင့်ဆေးဝါးများ ရောနှောသယ်ယူခြင်းကြောင့် ပိုးမွှားများကူးစက်စေခြင်း၊ ဆေးဝါးများအရည်အသွေးကျဆင်းစေခြင်းကြောင့် ၎င်းဆေးဝါး/ဆေးပစ္စည်းများအား ဆေးဝါးရောင်းချသူများ၊ ဆေးဆိုင်များ၊ ဆေးဝါးကုမ္ပဏီခွဲများအနေဖြင့် အစုအဖွဲ့၊ အသင်းအဖွဲ့ဖွဲ့စည်း၍ ပူးပေါင်းကာ ဆေးဝါးသယ်ယူကြရာ၌ ဆေးဝါးသီးသန့်တင်ပို့ကားများဖြင့် သယ်ယူတင်ပို့ဆောင်ရွက်သင့်ကြောင်း ပူးပေါင်းမိတ်ဖက်ဌာနဆိုင်ရာ တာဝန်ရှိသူများက အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

(DOCA)ရခိုင်                     

ဖျာပုံမြို့ ကျုံကူကျေးရွာရှိ ငရုတ်ဆီလုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမင်းဇော်သည်မေလ(၂၀) ရက်နေ့၊နံနက်(၀၉:၀၀)နာရီတွင် ကျုံကူကျေးရွာရှိ ကျားမင်းအမှတ်တံဆိပ် ငရုတ်ဆီလုပ်ငန်းသို့သွားရောက်၍ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအား ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ကျားမင်းငရုတ်ဆီလုပ်ငန်းတွင် ဈေးကွက်ပို့ရန် ကုန်စည်များ စနစ်တကျ ထုပ်ပိုးမှုနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ စွန့်ပစ်ပစ္စည်းများစနစ်တကျရှိစေရေး၊အလုပ်သမားတစ်ကိုယ်သန့်ရှင်းမှုနှင့် ဝတ်စုံများအပြည့်စုံဝတ်ဆင်မှုရှိစေရေး ၊ လုပ်ငန်းရင်းနှီးမြုပ်နှံမှု၊ ယခင်နှစ်ဈေးနှုန်းဈေးကွက်၊ ထုတ်လုပ်မှု၊ ရောင်းချမှုနှင့် ယခုနှစ်ကွာဟချက်အခြေအနေများအပေါ်ဆောင်ရွက်နေမှု၊ အလုပ်သမားများအား လုပ်ခလစာပေးနေမှုနှင့် စီးပွားရေးလုပ်ငန်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတို့ကို ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ဥပဒေပြဌာန်းချက်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်း Bella  Plus  Plaster များ ရောင်းချခြင်းရှိ/မရှိစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးဦးမင်းဇော် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်းတို့နှင့်အတူ မေလ(၁၉)ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင် Bella  Plus  Plaster များအား ဖျာပုံမြို့နယ်ရှိ ဈေးကွက်များအတွင်းရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ Bella  Plus  Plaster များတွင် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import  Registration No(IR)များဖော်ပြခြင်းမရှိဘဲ ဈေးကွက်အတွင်းရောင်းချလျက်ရှိသောကြောင့် တရားဝင်အခွန်အခများ ပေးသွင်း၍ ရောင်းချနေသူ အနေဖြင့် အကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ဈေးကွက် အတွင်း ရောင်းချမှုရှိ/မရှိ အားစစ်ဆေးခဲ့ရာ ၎င်း Bella  Plus  Plaster များရောင်းချခြင်းမရှိသဖြင့် ဆိုင်ရှင်များအား  အလားတူ  အခြားတရားမဝင် ကုန်စည်များကိုလည်း ရောင်းချခြင်းမပြုရန်၊ တရားဝင် အခွန်အခပေးသွင်း၍ ရောင်းချနေသူများ ဆုံးရှုံးထိခိုက်နစ်နာမှု မရှိစေရန် ဝိုင်းပူးပေါင်းကူညီဆောင်ရွက်ပေးရန်၊ တရားမဝင်ကုန်စည်များ ရောင်းချပါက ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များ၌ ဈေးကွက်အတွင်း စားသုံးဆီ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချမှုများကို ကွင်းဆင်းကြပ်မတ်

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်နှင့်ဝန်ထမ်းများသည် (၂၁.၅.၂၀၂၂) ရက်နေ့တွင် မအူပင်မြို့နယ်ရှိ  စားအုန်းဆီ လက်လီ/ လက်ကားဆိုင်များဖြစ်သော ဒေါ်ကြာပေါ့၊ နှင်းသစ္စာ(၁)၊ နှင်းသစ္စာ(၂) နှင့် မြင့်မိုရ်ဆိုင်များသို့ ကွင်းဆင်း၍ စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချမှုကို စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။

            အလားတူပင် ပန်းတနော်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းစိုး၊ ညောင်တုန်းမြို့နယ် တာဝန်ခံ ဦးအောင်လွင်နှင့် ဓနုဖြူမြို့နယ် တာဝန်ခံဦးဝင်းမင်းစိုးတို့သည်လည်း ၂၀.၅.၂၀၂၂ ရက်နေ့များတွင် ၎င်းတို့ မြို့နယ်များရှိ မြို့ပေါ်စားသုံးဆီ လက်လီ/ လက်ကား ရောင်းချဖြန့်ဖြူးနေသောဆိုင်များသို့ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ဆီလုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

             ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ မြို့နယ်တာဝန်ခံဦးတင်စိန်သည် (၂၀.၅.၂၀၂၂) ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် ၊စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ အခမ်းအနားတွင် မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ဖြင့်၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၂၂)ရက်နေ့ ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါဖော်ပြချက်တွင် စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြေပဲဆီ၊ နှမ်းဆီ ၊နေကြာဆီ၊ စားအုန်းဆီ၊ အဆင့်မြင့်စားအုန်းဆီစသည့်ဖြင့် အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာဖြင့် ဖော်ပြရမည့်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် စားဆီများဖြန့်ဖြူးသယ်ဆောင်ရာတွင် စားသုံးသူပြည်သူများ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မေလ(၁)ရက်နေ့မှစတင်ပြီး ဆီကန်မှထုတ်ယူသော စားဆီများအား Food Grade အဆင့်ရှိ အဝါရောင်ပေပါအသစ် (သို့မဟုတ်) သန့်စင်ပြီးပေပါအဟောင်း၊ စားသုံးဆီသီး သန့်သယ်ဆောင်သော ဘောက်ဆာယာဉ်များနှင့် ကိုက်ညီမှုမရှိသည့်ပေပါများ၊ဘောက်ဆာယာဉ်များ အတွင်းသို့ဆီဖြည့်သွင်းပေးမည်မဟုတ်ကြောင်း၊ဈေးကွက်အတွင်းဖြန့်ဖြူးရာ၌ ဓါတုဗေဒပစ္စည်းများ ထည့်သွင်းအသုံးပြုထားသည့် ပုံးများ ၊ပေပါများတွင် စားအုန်းဆီများ ထည့်သွင်းသုံးစွဲခြင်း မပြုဖို့လိုအပ်ကြောင်း၊ ဌာနအနေ့ဖြင့် ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ အရည်အသွေးပြည့်မီရေး၊ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ပြည်ပမှစားသုံးဆီများတင် သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း လုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်း ဌာနကကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

          ထိုနောက် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော ဆီလုပ်ငန်းရှင်များမှ သိလိုသည်များမေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

FDA မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော စားသောက်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ /မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်သည် မေလ(၁၉)ရက်နေ့ နေ့လည်(၁၂:၀၀)မှ(၁၃:၃၀)နာရီတွင် FDA မှစားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော အသားလုံး၊အသားချောင်းများ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူး‌ပေါင်း၍ ဈေးကွက်စောင့်ကြည့် ကြပ်မတ်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် ဒေးဒရဲမြို့ နယ် ပြည်တော်သာလမ်း(၁)ရပ်ကွက်နှင့် မြို့မဈေးအပြင်တန်းရှိ ကုန်မျိုးစုံဆိုင်များတွင် FDA မှစားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော အသားလုံး၊ အသားချောင်းများ ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ ပူးပေါင်းအဖွဲ့နှင့် သွားရောက်စောင့်ကြည့်စစ်ဆေးရာ ရောင်းချမှုမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မိုးရာသီရဲ့ သဘာဝလက်ဆောင် အင်ဥ ( ခေါ် ) မှိုဥ

             အင်ဥ ( ခေါ် ) မှိုဥသည် မိုးဦးစ ( မေလဆန်းပိုင်း ) အချိန်တွင် အင်ပင်များအောက်ရှိ မီးလောင်ပြင်များအပေါ်တွင် အင်ရွက်ခြောက်များ ဆွေးမြေ့ဖုံးလွမ်းနေသော မြေဆွေးအပေါ်ယံတွင် ပေါက်ရောက်တတ်ပြီး မြေအက်ကွဲကြောင်းများအား ဝါးချွန်များ၊ ဓါးများဖြင့် ထိုးယက်ရှာဖွေရရှိသော မိုးရာသီရဲ့ သဘာဝလက်ဆောင် အင်ဥများသည် လူကြိုက်များသော ရာသီစာအဖြစ် အရသာရှိသော အစားအစာတစ်မျိုးဖြစ်ပါသည်။

              အင်ဥ ( ခေါ် ) မှိုဥသည် အင်ပင်အများဆုံး ပေါက်ရောက်ရာဒေသဖြစ်သည့် ကဘော်ချိုင်ဝှမ်းဒေသ ( တမူးမြို့ ) နယ်တစ်ဝိုက်ကျေးရွာများ၊ ကလေးမြို့နယ်ရှိ အင်ဒိုင်းကြီး၊ အင်ဒိုင်းလေးနှင့် မင်းကင်းမြို့နယ်များရှိ ကျေးရွာများမှ ထွက်ရှိပြီး မြန်မာနိုင်ငံအနှံ့ရှိ အင်ပင်ပေါက်ရောက်ရာဒေသများတွင်ထွက်ရှိကာ ကမ္ဘာ့နိုင်ငံများတွင်လည်း ရှာဖွေတွေ့ရှိနိုင်ပြီး အိန္ဒိယ၊ ထိုင်း၊ ပြင်သစ်၊ အမေရိကန်နှင့် သြစတြေးလျနိုင်ငံများတွင်လည်း တွေ့ရှိ ရသည်ဟု လေ့လာသိရှိရပါသည်။

            တမူးမြို့နယ်တစ်ဝိုက်ကျေးရွာများ၊ ကလေးမြို့နယ်ရှိ အင်ဒိုင်းကြီး၊ အင်ဒိုင်းလေးနှင့် မင်းကင်းမြို့နယ်များမှ ထွက်ရှိသော အင်ဥများကို ကားလမ်းများမှ သယ်ဆောင်ပြီး ကလေးမြို့၊ မုံရွာမြို့နှင့် မန္တလေးမြို့များထိပါ တင်ပို့ရောင်းချလျက် ရှိပါသည်။ အင်ဥပေါ်စတွင် အင်ဥကောက်ယူသူများမှ တဆင့်ခံရောင်းချသူများသို့ ဖောက်သည်ပေး၍ နို့ဆီဘူးတစ်ဗူးလျင် ( ၁၀၀၀ ) ကျပ်ဖြင့် ဖြန်းဖြူးရောင်းချလျက်ရှိပါသည်။ ဈေးကွက်အတွင်း ရောင်းချသူများအနေဖြင့် တစ်ဗူးလျှင် ( ၁၅၀၀ ) ကျပ်နှုန်းဖြင့် ရောင်းဝယ်ဖောက်ကားလျက် ရှိပါသည်။ လှိုင်လှိုင်ပေါ်သောအချိန်များတွင် တစ်ဗူး ( ၅၀၀ ) ကျပ်နှုန်းဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်ကြပြီး တစ်နှစ်ပတ်လုံးတွင် တစ်ကြိမ်တည်းသာ မိုးမှန်စပြုချိန်တွင် တွေ့ရှိရပြီး ဇူလိုင်လကုန်ပိုင်း အင်ဥ တုန်းချိန်တွင် ပေါ်စဈေးနှုန်းများအတိုင်း ဝင်ငွေရရှိသော ရာသီစာတစ်မျိုးဖြစ်ပါသည်။

            အင်ဥသည် အပြင်ခွံမဲ၍ အထဲခွဲလိုက်သောအခါ အဖြူရောင်ဖြစ်မည်ဆိုပါက နု၍လတ်ဆတ်ပြီး အရသာကောင်းမွန်ပါသည်။ အထဲတွင် မဲနေမည်ဆိုပါက အင်ဥရင့်နေပြီဖြစ်ပါသည်။ အင်ဥသည် မိုးရေနှင့် ရေထိလျှင်ပုပ်တတ်ပြီး ပလတ်စတစ်အိတ်များ၊ ဖက်များဖြင့် ကြာကြာဖုံးအုပ်ထား၍ မရပါ။ သမံတလင်းများ၊ ဖျာများပေါ်တွင်ဖြန့်ထားပါက ၃ရက်ခန့် အထားခံသည်ဟု သိရှိရပါသည်။ အင်ဥ ရောင်းချသူများအနေဖြင့် အင်ဥသည် တစ်ခါချိန် တစ်ခါလျော့တတ်ပြီး ညသိပ်ထားပါက ပို၍လျော့တတ်ကြောင်း လေ့လာသိရှိရပါသည်။

             အင်ဥသည် မြေအောင်းမှိုတစ်မျိုးဖြစ်သည့်အတွက် ရေစိမ်၍ ရေစင်ကြယ်စွာဆေးရန် လိုအပ်ပါသည်။ အင်ဥကို ကင်စား၊ ချက်စား၊ သုပ်စား၊ ကြော်စား စသည်ဖြင့် အမျိးမျိုး ချက်စားလို့ ရနိုင်ပါသည်။ အင်ဥတွင် မြောက်များစွာသော အဟာရဓါတ်များပါဝင်သောကြောင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေပါသည်။ အင်ဥစားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် ဗီတာမင်ဘီ၊ ဗီတာမင်ဒီ၊ ကော့ပါး၊ ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာပါဝင်ပြီး အသားဓါတ်၊ အမျှင်ဓါတ်၊ သံဓါတ်နှင့် ပိရိုတိန်းဓါတ်များ ပါဝင်သောကြောင့် အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးကြောင်း လေ့လာသိရှိရပါသည်။ ဆီးချိုရောဂါနှင့် ကင်ဆာရောဂါများကို ကာကွယ်ပေးပြီး ဘက်တီးရီးယားပိုးများ၏ ကြီးထွားဖွံ့ဖြိုးမှုကို ရပ်တန့်စေကာ ကင်ဆာရောဂါနှင့် ဆီးချိုရောဂါများမှ ကာကွယ်နိုင်သည့် အင်တီအောက်စီးဒင့်များ ပါဝင်သည့်အပြင် ရောင်းရမ်းမှုကို လျော့ကျစေပြီး အသည်း၊ အဆုတ်၊ ရင်သားအကျိတ်ဖွံ့ဖြိုးလာမှုကိုလည်း တားဆည်းပေးနိုင်သည်ဟုလည်း လေ့လာသိရှိရပါသည်။

         အင်ဥသည် မြောက်များစွာသော မှိုအမျိုးအစားများထဲတွင် မှိုအမျိုးအစားအဖြစ်  ပါဝင်သော မြေအောင်းမှို ( Black Truffle ) ဖြစ်သည့်အတွက် ကျန်းမာရေးအကျိုးပြုသော ယူရစ်အက်ဆစ်ဓါတ် ပါဝင်သောကြောင့် လေးဘက်နာရောဂါများ၊ ဂေါက်ရောဂါဝေဒနာရှင်များအနေဖြင့် သတိပြု၍ စားသုံးသင့်သော မှိုတစ်မျိုးဖြစ်ပါသည်။ အစာအဆိပ်သင့်တတ်သူများ၊ သွေးတိုးနှလုံးရောဂါနှင့် ခါးနာခါးကိုက်တတ်သူများအနေဖြင့် ရှောင်ကြဉ်စားသုံးသင့်ပါကြောင်း လေ့လာသိရှိရပါသည်။

            ယခုအခါ အင်ဥများကို ရာသီမရွေးစားသုံးနိုင်ရန်အတွက် အင်ဥဆီသွပ်ဗူးများ ဈေးကွက်အတွင်း ရောင်းချနေသည်ကိုတွေ့ရှိရသည့်အပြင် အချို့မှာ အင်ဥကိုပြုတ်၍ ပါးပါးလှီးကာ နေခြောက်လှမ်း၍ စားသုံးသူများလည်း ရှိပါသောကြောင့် အင်ဥများသည် လူကြိုက်များသော ရာသီစာတစ်မျိုးအဖြစ် အရသာရှိသော အစားအစာတစ်မျိုးဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(စစ်ကိုင်း)

 

ပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေး စားသုံးဆီလုပ်ငန်းရှင်များအား အသိပညာပေး

                 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင် ဦးဆောင်သောအဖွဲ့သည် ပုသိမ်ခရိုင်အတွင်းရှိမြို့နယ်များတွင် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆောင်ရွက်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်၍ (၁၉.၅.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ စားသုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချသည့် ဆီလုပ်ငန်းရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ အသိပညာပေးပြောကြားရာတွင် စားသုံးဆီများအရည်အသွေးပြည့်မီရေး၊ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီးဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက်  စားသုံးဆီတင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ထိန်းကြောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်းသို့ စားသုံးဆီများ ဖြန့်ဖြူးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသည့် ဆီများရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်၍ ဆီများတင်သွင်းရာ၌ အဝါရောင် Food Grade Clean Drum ဖြင့်လည်းကောင်း၊ Food Grade Bowser Truck ဖြင့်လည်းကောင်း တင်သွင်းမှသာ သန့်ရှင်းပြီး ဘေးအန္တရာယ်ကင်းရှင်းမှာဖြစ်ကြောင်း၊ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရာတွင်လည်း ဓါတုဗေဒပစ္စည်းများ ထည့်သွင်းအသုံးပြုထားသည့် Drum များဖြင့် ထည့်သွင်းဖြန့်ဖြူးမရောင်းချရန်နှင့် Food Grade (New Drum/ Clean Drum /Jerry Can/ Consumer Pack)များဖြင့် ထည့်သွင်းဖြန့်ဖြူးရောင်းချမှသာ ဘေးအန္တရာယ်ကင်းရှင်းမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ စားသုံးဆီလုပ်ငန်းရှင်များမှ သိလိုသည်များကိုမေးမြန်းရာ ပုသိမ်ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင်မှ ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စားအုန်းဆီလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

           စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မေလ ၁၉  ရက်နေ့ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ “တင်ဝင်း” ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ အရည်အသွေး ပြည့်မီရေး ပြည်သူများကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ပြည်ပမှစားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသည့်လုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

            ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားအုန်းဆီများဖြန့်ဖြူးသယ်ဆောင်ရာတွင် မေလ၁၅ရက်နေ့မှ စ၍ ရန်ကုန်ဆိပ်ကမ်းရှိ Shore Tank များမှ ဆီထုတ်ယူရာ၌ အဝါရောင် Food Grade Clean Drum များဖြင့်လည်းကောင်း၊ Food Grade Bowser Truck ဖြင့်လည်းကောင်း စတင်အသုံးပြုရန် လိုအပ်ကြောင်း၊ ဈေးကွက်အတွင်းဖြန့်ဖြူးရာ၌ ဓာတုဗေဒဆေးပစ္စည်းများ ထည့်သွင်းအသုံးပြုထားသည့် Drumများ တွင် စားအုန်းဆီများ ထည့်သွင်းသုံးစွဲခြင်း မပြုရန် ၊ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရာတွင် Food Grade (New Drum/Clean Drum/Jerry Can/Consumer Pack)များ အသုံးပြုရန်၊ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီထံမှ ခွင့်ပြုချက်ရရှိပြီး သက်ဆိုင်ရာကုမ္ပဏီ၏ Cap Seal များဖြင့် ချိတ်ပိတ်၍ ကုန်အမှတ်တံဆိပ် Logo များကပ်နှိပ်ရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

          ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/ ၂၀၂၁ သည် လာမည့်ဇွန်လ(၁၉)ရက်တွင် (၆)လပြည့်မြောက်တော့မည်ဖြစ်၍ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုက်နာရမည့် အချက်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

ပင်လယ်စာဖြန့်ချီရေးဆိုင်များကို ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေး

          ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများသည် သင်္ဃန်းကျွန်းမြို့နယ်နှင့် လသာမြို့နယ်များအတွင်း ပင်လယ်စာများ ဖြန့်ချီရောင်းချနေသောဆိုင်များသို့  FDA ၏  သတင်းအရပူးပေါင်းအဖွဲ့ဖြင့်  ရှောင်တခင်ကွင်းဆင်း စစ်ဆေးခြင်းအား  (၁၁.၅.၂၀၂၂)ရက်နေ့        (၁၀:၀၀) နာရီတွင် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုတွင်  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ  ဦးဆောင်၍  စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ  ပူးပေါင်း၍  ပင်လယ်စာဖြန့်ချီရောင်းချသော ဆိုင်များတွင်  ရောင်းချနေသောအေးခဲအစားအစာများအား  စားသုံးသူများအတွက်  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ၊ သန့်ရှင်းလတ်ဆက်မှု ရှိ/မရှိ၊  စားသုံးသူများ  ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိစစ်ဆေးမှုများ  ပြုလုပ်၍စားသုံးရန်မသင့်သော  အေးခဲအစားအစာပင်လယ်စာမျိုးစုံကိုပူးပေါင်းအဖွဲ့မှသိမ်းဆည်းဖျက်ဆီးခဲ့ပြီး  ဆိုင်ရှင်များအားဝန်ခံကတိလက်မှတ်ရေးထိုးစေခဲ့ပါသည်။ နောင်တွင် (FDA) မှ စားသုံးရန်မသင့်ထုတ်ပြန်ကြေငြာထားသော  အစားအသောက်များအား  ရောင်းချခြင်းမပြုရန်၊ ရောင်းချခြင်းတွေ့ရှိပါက အမျိုးသားအစားအသောက်ဥပဒေအရ  အရေးယူခံရမည်ဖြစ် ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှလည်း ရောင်းချသည့် ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသား (Labelling) ဖော်ပြရာတွင် ပြည့်စုံစွာဖော်ပြရန်နှင့် အခန်း(၁၀)၊ ပုဒ်မ(၂၁)အရ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို မဖြစ်မနေလိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆိုင်ရှင်များနှင့် ဆိုင်အရောင်းဝန်ထမ်းများအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

 

 

 

 

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ