Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ငူခရိုင်အတွင်း ကျေးရွာများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရေးအသိပညာပေး ဆောင်ရွက်လျက်ရှိရာတွင် ကျေးရွာများသို့ သွားရောက်၍ ကျေးလက်နေပြည်သူများအားလည်း အသိပညာပေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

      ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဌာနခွဲစာရေး ဒေါ်ပပလင်းတို့သည် ဖြူးမြို့နယ် အုတ်ဖြတ်ကျေးရွာအုပ်စု ရင်းတိုက်စိန်ကျေးရွာသို့ သွားရောက်၍ ကျေးလက်နေပြည်သူ ၃၅ ဦးအားလည်းကောင်း၊ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်း တွင် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးနှင့်လက်ထောက်ကြီးကြပ်ရေးမှူး ဦးဇော်မိုးအောင်တို့သည် ပီတူးကျေးရွာသို့ သွားရောက်၍ ကျေးလက်နေပြည်သူ ၃၁ ဦးအား လည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

         ဟောပြောပွဲများတွင် စားသုံးသူကာကွယ်ရေးဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ ဦးစားပေးဖတ်ရှုသင့်ပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကိုတိုင်ကြား နိုင်ခြင်းများ၊ စားသုံးသူကာကွယ်ရေးအတွက်ဦးစီးဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တရားမဝင်ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခြင်း

        ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ လယ်တီကွင်းစစ်ဆေးရေးဂိတ်တွင် ဟင်္သာတခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ အဖွဲ့မှူးဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် (၁၈-၁-၂၀၂၃)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်၌ တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း ရှိ/မရှိကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ဒေသတွင်းရှိ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဈေးကွက်တွင် မျှတစွာယှဉ်ပြိုင်ရပ်တည်နိုင်ပြီး၊ စားသုံးသူများအား ကာကွယ်ပေးနိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများ၏အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင့် ဒေသတွင်း ထိခိုက်မှုမရှိစေရေး ရည်ရွယ်၍ စစ်ဆေးခြင်းဖြစ်ပြီး မော်တော်ဆိုင်ကယ်များ၊ ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များနှင့်ဆီတင်ယာဉ်များာပေါ်းတွင် သယ်ဆောင်လာသောကုန်စည်နှင့် ကုန်ပို့လွှာများ ကိုက်ညီမှု ရှိ/မရှိစစ်ဆေးပြီး စုစုပေါင်းမော်တော်ယာဉ် (၅၄)စီးအား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မိုးစပါးများ ရိတ်သိမ်းပြီး၍ ဆောင်းသီးနှံများစတင်စိုက်ပျိုး

        ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ တောင်သူလယ်သမားများသည် လယ်ယာမြေများ တွင် မိုးရာသီတွင် စပါးကိုအဓိကအားထားစိုက်ပျိုးပြီး ဆောင်းရာသီတွင် မတ်ပဲနှင့် နွေစပါးကို အဓိက ထား၍ စိုက်ပျိုးကြပါသည်။

      ဖြူးဒေသတွင်စိုက်ပျိုးသည့် မိုးစပါးမျိုးကွဲများမှာ ဆင်းသုခ၊ မနောသုခ၊ ရတနာတိုး၊ ဧရာမင်း၊ ပခန်းရွှေဝါ၊ နှံကောက်၊ ငစိန်၊ ကောက်ညှင်းနှင့် GW-11  တို့ဖြစ်ပါသည်။ စပါးစိုက်ဧက ပေါင်း (၁၅၀၈၂၆) ရှိရာ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီးသွားပြီး ဖြစ်ပါသည်။

       မိုးစပါးအထွက်နှုန်းမှာ (၇၁.၃၂) နှုန်းထွက်ရှိသဖြင့် စုစုပေါင်းအထွက်တင်း ၁၀၇ သိန်းခွဲ ခန့်ရှိပါသည်။ ဖြူးမြို့နယ်တွင် လူဦးရေ ၂၆၅၆၁၂ ဦး ရှိပါသဖြင့်မျိုးစပါး၊ အလေအလွင့်နှင့် စားသုံးမှုအတွက်ချန်လျှင် စပါးတင်း ၆၁ သိန်းခွဲခန့် ပိုလျှံမည် ဖြစ်ပါသည်။

      ဆောင်းသီးနှံများဖြစ်သော မြေပဲ စိုက်ဧကမှာ (၁၇၃၇)ဖြစ်ပြီး ရိတ်သိမ်းခြင်းမရှိသေးပါ။ နှမ်းစိုက်ဧက (၇၆၆)ဖြစ်ပြီး (၂၄၅)ဧက ရိတ်သိမ်းပြီးကြောင်း သိရှိရပါသည်။  ပဲတီစိမ်းစိုက်ဧကမှာ (၁၃၅၂၇) ဖြစ်ပြီး (၃၆၂၇) ရိတ်သိမ်းပြီး ဖြစ်ပါသည်။ ပဲနောက်စိုက်ဧကမှာ (၅၃၁၄)ဧကဖြစ်ပြီး ရိတ်သိမ်း ပြီးစီးမှု မရှိသေးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ နည်းပညာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

       သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (တောင်ငူ)နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးတို့ ပူးပေါင်းကျင်းပသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် တောင်ငူမြို့၊ နည်းပညာတက္ကသိုလ် (တောင်ငူ) ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

        ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်က စားသုံးသူကို ပေးအပ်ရမည့် အာမခံချက်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရန် ပြဌာန်းချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများ၊ စားသုံးသူတိုင် ကြားမှုများကို ဦးစီးဌာနနှင့် စားသုံးသူရေးရာကော်မတီတို့၏ ဖြေရှင်းဆောင်ရွက်ပေးမှုများ၊ စားသုံးသူကာကွယ်ရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များကို Power Point ဖြင့် ရှင်းလင်းဟောပြောပါသည်။

      ဆက်လက်၍ ဌာနမှူးဆရာမတစ်ဦး၏ တရုတ်ပြည်မှ ဝင်ရောက်လာသည့် အရည်အသွေးမမီသည့် ကုန်စည်များအား မည်ကဲ့သို့ ထိန်းချုပ်ဆောင်ရွက်နေသည်ကို သိလိုကြောင်းကို မေးမြန်း ခြင်း၊ ဌာနမှူး ဆရာမတစ်ဦး၏ စားသုံးရန်မသင့်ဟု ကြေညာထားသည့် စားသောက်ကုန်များအား ဈေးကွက်အတွင်း ဆက်လက်ရောင်းချနေသည်ကို တွေ့ရှိရပါက မည်ကဲ့သို့ ဆောင်ရွက်နိုင်သည်ကို မေးမြန်းခြင်းနှင့် ကျောင်းသားတစ်ဦးက စားသုံးသူအခွင့်အရေးကို ဆွေးနွေးခြင်းများကို ခရိုင် ဦးစီးမှူးက ရှင်းလင်းဆွေးနွေးဖြေကြားပါသည်။

     ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်က ခရိုင်ဦးစီးမှူး ဦးမျိုးအောင် အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူး များသည် ခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပါသည်။ ဟောပြောပွဲသို့ နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဆရာဆရာများနှင့် ကျောင်းသားကျောင်း သူ ၁၈၀ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းတွင် အသိပညာပေး ဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း၌ (၁၇.၁.၂၀၂၃) ရက်နေ့ ၊ နံနက် ၁၀ : ၀၀ နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးအောင်သိန်း ၊ ခရိုင် စားသုံး/ ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကို ၊ မူဝါဒ ဌာနခွဲတာဝန်ခံ ဒေါ်ဝေဝေဖြိုးတို့ပါဝင်သောအဖွဲ့သည် ဆရာ/ဆရာမ (၉)ဦး ၊ ကျောင်းသား/ကျောင်းသူ ၁၂၅ ဦး ၊ စုစုပေါင်း (၁၃၄)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

       ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးအောင်သိန်းက စားသုံးသူ အခွင့်အရေးများ အပြည့်အဝ ရရှိစေရန်နှင့်တိကျမှန်ကန် ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန် ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် ဦးစီးဌာန၏ မျှော်မှန်းချက် ၊ ရည်မှန်းချက်များအကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

       ဆက်လက်၍ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီမှ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၉)ပါ စားသုံးသူများ၏ အခွင့်အရေး (၈)ချက်နှင့် တာဝန် (၄)ချက်အားရှင်းလင်းခြင်း ၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကုန်စည် /ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက လွယ်ကူလျှင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူ သတင်းပြန်ကြားရေး နှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ( Consumer Information and Complaint Center – CICC) ကို ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးဆွေးနွေးခြင်း ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုက အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူ စားသောက် တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများ ၊ ဓာတုဆိုးဆေးနှင့် တာရှည်ခံ ဆေးများ အန္တရာယ်များကို အကျယ်တဝင့်ဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူများမှ စားသုံးသူကာကွယ်ရေး ဥပဒေပါ သိရှိလိုသည်များကို မေးမြန်းမှုများအား ခရိုင်ဦးစီးမှူးမှ ဆွေးနွေးဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ်တွင် မိုးစပါးများရိတ်သိမ်းပြီး၍ နွေစပါးများ စတင် စိုက်ပျိုးပြီ

       တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စပါးစိုက်ဧကပေါင်း (၈၀၇၃၀) ရှိပါသည်။ မိုးစပါးများ ရိတ်သိမ်းပြီးစီးချိန်တွင် ပျမ်းမျှ (၇၂.၄၆) တင်း ရာခိုင်နှုန်းခန့်ထွက်ရှိကြောင်း သိရှိရသဖြင့် စပါးတင်း ၅၈ သိန်းခွဲခန့် ထွက်ရှိပါသည်။

      ရေတာရှည်မြို့နယ်အနေဖြင့် လူဦးရေ (၂၂၀၃၆၂) ခန့်ရှိသဖြင့် မျိုးစပါး၊ အလေအလွင့်နှင့် စားသုံးမှုအတွက် ချန်လျှင် စပါးတင်း ၂၂ သိန်း ပိုလျှံမည် ဖြစ်ကြောင်း သိရှိရပါသည်။

      ယခုအခါတွင် နွေစပါးများ စတင်စိုက်ပျိုးနေပြီ ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်တွင် နွေစပါး စိုက်ဧက (၁၆၂၄) ခန့် စတင်စိုက်ပျိုးနေပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်များ နှင့် နီးသောကျေးရွာများတွင် စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှတဆင့် သိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ် မြောက်နန်ချွန် အခြေခံပညာအထက်တန်းကျောင်းခွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး နှင့် ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်တို့သည် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် မြောက်နန်ချွန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

       ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံနှင့် စားသုံးသူကာကွယ်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များကို မိတ်ဆက်ပြောကြားပါသည်။

       ဆက်လက်၍ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်က စားသုံးသူအခွင့် အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန် ဥပဒေက ပြဌာန်း ထားသဖြင့် ကုန်စည်များ ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုသင့်သည့် အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသား၏ အရေးကြီးပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင် ကြားနိုင်ခြင်းများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပါသည်။

       ဟောပြောပွဲသို့ ဆရာ ဆရာမနှင့် ကျောင်းသားကျောင်းသူ ၁၇၂ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဟင်္သာတမြို့ မုန့်ဖက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊  ဟင်္သာတမြို့နယ်တာဝန်ခံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁၇) ရက်နေ့ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် ရွာသာကုန်းကျေးရွာအုပ်စု၊ ဦးမြင့်စိုး၏ မုန့်ဖက်လုပ်ငန်း၌ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆွေးနွေးခဲ့ရာတွင် မုန့်ဖက်လုပ်ငန်း၏ တစ်ရက်တာထုတ်လုပ်မှု၊ ဖြန့်ဖြူးရောင်းချမှုနှင့် သန့်ရှင်းလတ်ဆက်မှုရှိစေရေး၊ ဓာတုဆေးဝါးများကင်းရှင်းစေရန်၊ ပတ်ဝန်းကျင်အားထိခိုက်စေနိုင်သည့် ရေဆိုးရေညစ်နှင့် အနံ့များကို စနစ်တကျစွန့်ပစ်ရန်၊ စားသုံးသူများအတွက် ဘေအန္တရာယ်ကင်းရှင်းစေရန် စီးပွားရေလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊   စားသုံးကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်ဘက်ကလည်း သိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

အုတ်တွင်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယမြို့နယ် ဦးစီးမှူးဒေါ်ခင်ခင်မာနှင့်အတူ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ် နတ်စင်ကုန်း အခြေခံပညာမူလတန်းလွန်ကျောင်းသို့လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ပုဏ္ဏားစု အခြေခံပညာမူလတန်းလွန်ကျောင်းသို့လည်းကောင်း သွားရောက်၍ ကျောင်းသားကျောင်းသူများ သိသင့် သိထိုက်သည့် အသိပညာဗဟုသုတများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

      ဟောပြောပွဲများတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်နှင့် မျှော်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့် အကြောင်းများကို ရှင်းလင်းဟောပြောပါသည်။

      ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာက မူးယစ်ဆေးဝါးအန္တရာယ်ကို ဟောပြောခဲ့ကြောင်း၊ နံနက် ၁၀ နာရီအချိန် နတ်စင်ကုန်း အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်သည့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၃၅ ဦးနှင့် မွန်းလွဲ ၁ နာရီတွင် ပုဏ္ဏားစု အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်သည့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၂၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

                                                                                               

မြန်အောင်မြို့ကုန်မျိုးစုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဒုခရိုင်ဦးစီးမှူး သည် (၁၆-၁-၂၀၂၃)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်ရှိ စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းခဲ့ရာတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း၊ တရားမဝင်ကုန်စည်များကို တင်သွင်းရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်ထားသည့် အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ