Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် EVER FLOW RIVER GROUP PUBLIC CO.,LTD တို့တွေ့ဆုံပွဲကျင်းပ

        (၁၈.၁.၂၀၂၂) ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းဆောင်အမှတ်(၂)တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လမ်းဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ ပြည်နယ်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်စားသုံးသူရေးရာဦးစီး ပြည်နယ်ဦးစီးမှူး ဦးသန်းဦးတို့နှင့်အတူ EVER FLOW RIVER GROUP PUBLIC CO.,LTD တို့တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

        ကရင်ပြည်နယ်အတွင်း အရှေ့၊ အနောက် စင်္ကြန်လမ်း ဗီယက်နမ်၊ ယိုးဒယား၊  မြန်မာ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုလျင်မြန်ချောမွေ့ပြီး ကုန်သွယ်မှုရှိစေရန်အတွက် ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ကုမ္ပဏီနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးစင်္ကြန်လမ်းမကြီးများဖြစ်သော စီးပွားရေးစင်္ကြန်လမ်းတလျှောက်မြို့များဖြစ်သော ရန်ကုန်နှင့် မန္တလေးတွင် Logistics Hub and Distribution Center များတည်ထောင်ထားနိုင်ခဲ့ပြီး မကြာမီ ကာလအတွင်း နယ်စပ်စခန်းများဖြစ်သည့် တမူး၊ မူဆယ်အား တိုးချဲ့လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရှေ့-အနောက် စင်္ကြန်လမ်းဖြစ်သော မြဝတီ၊ မော်လမြိုင်လမ်းပိုင်းကိုလည်း မကြာမီဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း ၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ကရင်ပြည်နယ်ဒေသနှင့် မွန်ပြည်နယ်ဒေသတို့၏ Investment များ တက်လာပြီး ပြည်နယ်များလည်းများစွာဖွံ့ဖြိုးတိုးတက်လာခြင်း၊ စီမံကိန်းများ စတင် ဆောင်ရွက်ပြီးနောက် အခြေခံအဆောက်အဦများလည်း ပိုမိုကောင်းမွန်လာနိုင်ပြီး ထောက်ပံ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းသာမက ၎င်းနှင့်ဆက်စပ်လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက် လာနိုင်ခြင်း၊ Logistics Facilities တက်လာ၍ ကုန်သွယ်မှုတက်လာပြီး Trade Pattern ပြောင်းလဲလာခြင်း၊ One Stop Service ပေးနိုင်ခြင်းကြောင့် တရားမဝင် ကုန်သွယ်မှုများ လျော့နည်းလာပြီး နိုင်ငံတော်အနေဖြင့် အခွန်အကောက်များပိုမိုရရှိလာနိုင်ခြင်း၊ ထောက်ပံ့သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များနှင့် သယ်ယူပို့ဆောင်သည့် အချိန်လည်း သက်သာလာခြင်း၊ တိုင်းရင်းသားပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

         ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သော မြေနေရာအား သက်ဆိုင်ရာဌာနများမှ အမြန်ဆုံးဝိုင်းဝန်းစိစစ်ပေးရန်နှင့် မြေနေရာရရှိပါက သက်ဆိုင်ရာ တာဝန်ယူမည့် ကုမ္ပဏီများမှ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် ကရင်ပြည်နယ်သည် ကုန်းလမ်း၊ ရေလမ်း၊ ရထားလမ်းများ တည်ရှိပြီးဖြစ်ကြောင်း၊ ကရင်ပြည်နယ်စက်မှုဇုံအတွင်း၌ လုပ်ငန်းများဆောင်ရွက်လိုပါက ပြည်နယ်အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်မှ ဖြည့်စွက်ညွှန်ကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကရင်ပြည်နယ်

အသင့်စား စားသောက်ကုန် (Ready To Eat) များအကြောင်း တစေ့တစောင်း

      ပြောင်းလဲလာတဲ့ခေတ်စနစ်အရ  နေ့စဉ်နေထိုင်စားသောက်ဖို့ ချက်ပြုတ်မှုတွေ အတွက် အချိန်မပေးနိုင်သူတွေ၊ အလုပ်ပင်ပန်းနွမ်းနယ်မှုတွေအပြင် အိမ်အလုပ်ကြောင့် ဝန်ပိနေတဲ့ အိမ်ရှင်မတွေအတွက်တော့ အသင့်စားစားသောက်ကုန် (Ready To Eat)  တွေဟာ အဆင်ပြေ လွယ်ကူစေတဲ့ လက်စွဲကုန်စည်တွေဖြစ်လာပါတယ်၊ ယခင်ကတော့ (Ready To Eat) ကုန်စည် ဆိုရင် စည်သွပ်ဗူး၊ ဘာလချောင်ကြော်နဲ့ ငါးရံ့ခြောက်မီးကင် အစရှိတာတွေလောက်သာရှိခဲ့ပေမဲ့  ယခုဆိုရင်တော့  ချဉ်ပေါင်ကြော်၊ ငါးပိရည်၊ တို့စရာ မှအစ အသီးအနှံမျိုးစုံအထိကို  (Ready To Eat) အသင့်စား စားသောက်ကုန်အဖြစ် တွေ့ရှိလာ ရပြီး အမှတ်တံဆိပ်မျိုးစုံနဲ့ ဈေးကွက်မှာ နေရာယူလာပြီ ဖြစ်ပါတယ်၊ (Ready To Eat) ကုန်စည်တွေဟာ အချိန်နဲ့ လူပင်ပန်းမှုသက်သာစေတဲ့ ကုန်စည် တွေဖြစ်လို့ အလုပ်ချိန် များပြားလွန်းတဲ့သူတွေ အထူးသဖြင့် အလုပ်တဖက်နဲ့ အိမ်ရှင်မတွေအတွက် အားထားစရာဖြစ်လာပါတော့တယ်၊ ဈေးကွက်ဝယ်လိုအားများပြားလာတာနဲ့အညီ ထုတ်လုပ်သူ တွေကလဲ (Ready To Eat) ကုန်စည်အမျိုးမျိုးကို အမှတ်တံဆိပ်အမျိုးမျိုးနဲ့ ထုတ်လုပ်လာကြပါတယ်၊ ဒီလိုထုတ်လုပ်မှုများပြားလာတဲ့ ကုန်စည်အမှတ်တံဆိပ်တွေ ထဲကမှ ဘေးကင်းပြီးစိတ်ချရတဲ့ကုန်စည်တွေကို ရွေးချယ်ဝယ်ယူစားသုံး တတ်ဖို့ကလည်း လွန်စွာ အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်လာပါတယ်။ ဒီတော့ဘယ်လိုအချက်အလက်တွေ ပါတဲ့ (Ready To Eat) ကုန်စည်ကို ဝယ်ယူအသုံးပြုရမလဲဆိုတာကို စားသုံးသူတွေ သိထားဖို့ရာ လိုအပ်ပါတယ်၊ (Ready To Eat) ကုန်စည်တွေမှာ သက်တမ်း ကြာကြာ ထားလို့ရတဲ့ကုန်စည်တွေရှိသလို သက်တမ်းကြာကြာထားမရတဲ့ကုန်စည်တွေလဲ ရှိတဲ့ အတွက် သက်တမ်းဖော်ပြမှုပါဝင်ဖို့အလွန်အရေးကြီးပါတယ်၊ ဘယ်နေ့ဘယ်ရက်က စတင်ထုတ်လုပ်ထားတယ် ဘယ်နေ့ဘယ်ရက်မှာကုန်ဆုံးမယ် ဆိုတာမျိုးကိုသိမှ လတ်ဆတ်မှုကို ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက် ကတော့ ပါဝင်ပစ္စည်းဖော်ပြမှုဖြစ်ပါတယ်၊ ဘယ်လိုပါဝင်ပစ္စည်းတွေပါဝင်တယ်ဆိုတာကို သိရှိထားမှသာ ကိုယ်နဲ့ဓါတ်တည့်မှုရှိခြင်း/မရှိခြင်း နှင့်  ဘေးထွက်ဆိုးကျိုးရှိနိုင်/မရှိနိုင်ကို သတိထားဆင်ခြင်နိုင်မှာဖြစ်ပါတယ်၊  (Ready To Eat) ကုန်စည်မှ မဟုတ်ပါဘူး ဘယ်ကုန်စည်ကိုဘဲဖြစ်ဖြစ် ဝယ်ယူ စားသုံးတဲ့အခါမှာ အမှတ်တံဆိပ်၊ အမျိုးအမည် ၊ သက်တမ်း ၊  ပါဝင်ပစ္စည်းနဲ့ ဘယ်လို ထားသိုသိမ်းဆည်းစားသုံးရမယ်ကအစ ဘေးထွက် ဆိုးကျိုးနဲ့ တားမြစ်ထားတဲ့တာရှည်ခံဆေးများ ပါဝင်မှု ရှိ/ မရှိ ကိုအဆုံး သေချာလေ့လာ စိစစ်ပြီးမှ ဝယ်ယူ သုံးစွဲသင့်တာဖြစ်ပါတယ်၊ (Ready To Eat) ကုန်စည်တွေကြောင့် တစ်ဖက်မှာ အချိန်ကုန် သက်သာခြင်း၊ လူပင်ပန်းမှု သက်သာခြင်း ဆိုတဲ့အကျိုးကျေးဇူး တွေရှိနိုင်သလို တစ်ဖက် မှာလည်း အချို့သော (Ready To Eat) ကုန်စည်များတွင် တာရှည်ခံဆေးများ ပါဝင်မှုရှိနိုင်ခြင်း၊ လတ်ဆတ်သန့်ရှင်းမှုလျော့နည်းနိုင်ခြင်းများ ကြောင့် ရေရှည်တွင် ကျန်းမာရေး ထိခိုက်မှုရှိနိုင်ခြင်းကဲ့သို့သော ဆိုးကျိုးများလည်း ရှိလာနိုင်ပါတယ်  ဒါကြောင့် စားသုံးသူ ပြည်သူတွေအနေနဲ့  အသင့်စား စားသောက်ကုန် (Ready To Eat) တွေကို ဝယ်ယူတဲ့အခါမှာ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မှီတယ်လို့ စိတ်ချရတဲ့ ကုန်စည် အမှတ်တံဆိပ်တွေကိုသာ အသိဉာဏ် ပညာဖြင့် ချင့်ချိန်ရွေးချယ် စားသုံးသင့်ပါကြောင်း အသိ သတိပေး တင်ပြလိုက်ရပါတယ်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

Photo - Credit (Google)

ဝါဂွမ်းများအား ပြည်ပတင်ပို့မှုဆိုင်ရာ ကိစ္စရပ်များ

     စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ၂၀၁၉-၂၀၂၀ခုနှစ်တွင် စိုက်ဧက (၆၄၀၉၄)ဧက၊ ၂၀၂၀-၂၀၂၁ခုနှစ်တွင် (၁၃.၁.၂၀၂၂)ရက်နေ့ထိ(၇၅၀၂၈)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး၊ ၂၀၂၂-၂၀၂၃ခုနှစ်တွင် (၈၁၈၀၀) ဧက စိုက်ပျိုးရန် လျာထားလျှက်ရှိကြောင်း၊ ၂၀၂၀-၂၀၂၁ခုနှစ်တွင် (၁၃.၁.၂၀၂၂)ရက်နေ့ထိ ရိတ်သိမ်းဧက (၄၄၃၂၉)ရှိပြီး၊ အထွက်နှုန်းမှာ(၁)ဧကလျှင်(၄၁၅.၂၃)ပိဿာ ထွက်ရှိသဖြင့်၊ စုစုပေါင်းအထွက်ပိဿာ (၁၈၄၀၆၆၅၈)ထွက်ရှိပြီး၊ တိုင်းဒေသကြီးအတွင်း သုံးစွဲမှုအနေဖြင့် (၁)နှစ်လျှင် ဝါ စုစုပေါင်း (၇၄၆၇၆၄) ပိဿာ ရှိသည့်အတွက် (၁၇၆၅၉၈၉၄)ပိဿာ၊ တန်အားဖြင့်(၂၈၈၃၈) ပိုလျှံပါကြောင်း၊  (၁)ဧက ကုန်ကျ စရိတ်အနေဖြင့် မိုးကြိုရာသီအတွက် (၄၅၀၀၀၀)ကျပ် ကုန်ကျပြီး (၁)ဧကလျှင် (၄၁၅.၂၃)ပိဿာ ထွက်ရှိသဖြင့် သီးနှံပေါ်ချိန်တွင် (၁)ပိဿာ ရောင်းဈေး(၁၄၀၀)ကျပ် ဖြစ်သောကြောင့် (၁)ဧက တောင်သူ အကျိုးအမြတ်အနေဖြင့် (၁၅၀၀၀၀)ကျပ်ခန့် ရရှိပါကြောင်း၊ မုံရွာမြို့တွင် ငွေချည်-၆ (၁)ပိဿာလျှင် A အဆင့် ၁၈၀၀ ကျပ်၊ B အဆင့် ၁၇၀၀ ကျပ်၊ C အဆင့် ၁၆၀၀ ကျပ် ပေးဝယ်ကြပါတယ်။ ဝါဂွမ်း တစ်ပိဿာ ပေါက်‌ဈေး A အဆင့် ၅၇၀၀ကျပ်၊ B အဆင့် ၅၀၀၀ ကျပ်၊ C အဆင့် ၄၅၀၀ ကျပ်၊ ဝါစေ့တစ်ပိဿာ ၂၄၀၀ ကျပ်၊ ဝါစေ့ဆီ တစ်ပိဿာ ၄၀၀၀ ကျပ်၊ ဝါစေ့ဖတ် တစ်ပိဿာလျှင် ၆၀၀ ကျပ် ပေါက်ဈေးများရှိကြောင်း၊ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဝါသီးနှံ အများဆုံး စိုက်ပျိုးသည့် ခရိုင်(၃)ခုဖြစ်‌သော စစ်ကိုင်း၊ မုံရွာ၊ ယင်းမာပင်ခရိုင်များရှိ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများအရ ဆောင်ရွက်ပေးစေလိုသည့်အချက်များ၊ ဝါစိုက်တောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ပုဂ္ဂလိက ရက်ကန်း လုပ်ငန်းရှင်များ၏ အခက်အခဲများအားဆွေးနွေးပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ဝါသီးနှံ အစု အဖွဲ့(၁၅)ဖွဲ့၊ တိုင်းဒေသကြီး ရက်ကန်းလုပ်ငန်းရှင်များအသင်း(၁)သင်း၊ မြို့နယ်အသင်း(၁၁)သင်းနှင့် အစုအဖွဲ့(၂၂)ဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေ ရေးအတွက် စိုက်ပျိုး တောင်သူများ၊ ကုန်သည်အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် စက်ရုံပိုင်ရှင်များ ပေါင်းစပ်ညှိနှိုင်းပြီး ဟန်ချက်ညီညီ ဆောင်ရွက်သွားရန်   လိုအပ်သကဲ့သို့ နိုင်ငံတော်ဘက်မှလည်းလိုအပ်သော ပံ့ပိုးမှုများ ဖော်ဆောင်ဖြည့်ဆည်းပေးပါက ဝါနှင့် ဝါထွက်ပစ္စည်းကဏ္ဍ ရေရှည် ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက ပြောကြားခဲ့ပါသည်။

      ဝါစိုက်ပျိုးထွက်ရှိမှု၊ ပြည်တွင်းသုံးစွဲမှုနှင့် ပြည်တွင်း ထုတ်လုပ်အသုံးပြုမှုမှ ပိုလျှံသည့် ဝါဂွမ်းများအား ပြည်ပတင်ပို့မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် Zoom Meeting ဖြင့် ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီး၊ ဒေါ်ရီရီသန်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် ဝန်ထမ်းများ၊ စုစုပေါင်း (၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

ရေစကြိုမြို့ဂုဏ်ဆောင် ဒေသထွက်ထန်းသီးမုန့်

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ ရေစကြိုမြို့နယ်တာဝန်ခံ ဦးမြတ်မင်းနှင့်အဖွဲ့သည် (၁၃.၁.၂၀၂၂) ရက်နေ့၊ နေ့လည်(၃:၀၀)နာရီအချိန်တွင် ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်မှုနှင့် ပြည်တွင်းကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် ရေစကြိုမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ “မနု ထန်းသီးမုန့်” ထုတ်လုပ်နေသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ထန်းသီးမုန့်ထုတ်လုပ်ရောင်းဝယ်မှုအခြေအနေနှင့် အကျိုးအမြတ်ရရှိနိုင် မည့်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

          ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးနှင့်အညီ မကွေးဆိုလျှင် ပဲယို၊နှမ်းယို၊ ကျောက်ပန်းတောင်း ဆိုလျှင် အာလူးကြော်၊ ညောင်ဦးဆိုလျှင် ပုန်းရည်ကြီးဟူ၍ မြို့နှင့်ထွက်ကုန်များ ယှဉ်တွဲ၍ လူသိ များသလို ရေစကြိုဟုဆိုလျှင် ထန်းသီးမုန့်ကို ပြေးမြင်ရမည်ဖြစ်ပြီး ယခင်ကရန်ကုန်မြို့၊ အင်းလျားလိပ် ဟော်တယ်၌ ရေစကြိုထန်းသီးမုန့်ကို ရောင်းချခဲ့ရာ နိုင်ငံခြားသားများလွန်စွာကြိုက်နှစ်သက်ကြောင်း လုပ်ငန်းရှင်ကပြောကြားခဲ့ပါသည်။ ထန်းသီးမုန့်ပြုလုပ်မည်ဆိုလျှင် အဓိကအနေဖြင့် ဆန်၊ ထန်းလျှက် (သကာရည်)၊ ဆား၊ ကြက်ဥနှင့် အချဉ်ဖောက်စေရန် အုန်းမှုတ်ခွက်နှင့်အဓိကထန်းသီးမှည့်အနှစ် တို့လိုအပ်ကြောင်း သိရှိရပါသည်။

          ထန်းသီးမုန့် ပြုလုပ်ရာတွင် ဆန်အနေဖြင့် ပေါ်ဆန်းဆလတ်နှင့် မနောသုခကို သုံးချိုး တစ်ချိုးရော၍ ရေစင်အောင်ဆေးပြီး (၁)နာရီခန့်ရေစိမ်ရကြောင်း၊ ထိုသို့ရေစိမ်ပြီးနောက် ဆန်ကို ကြိတ်စက်ဖြင့် ကြိတ်၍ထွက်ရှိလာသည့် မုန့်နစ်ရည်အား ထန်းလျှက်(သကာရည်) အေးခဲထားသော ထန်းသီးမှည့်အနှစ်တို့နှင့်ရောမွှေရကြောင်း၊ သန့်ရှင်းစေရန်အတွက် ဇကာစစ်ခါ စဉ့်အင်တုံအတွင်းသို့ ထည့်၍ အုန်းမှုတ်ခွက်ဖြင့် နာနာမွှေခါ(၇)နာရီခန့်  အုန်းမှုတ်ခွက်ထည့်စိမ်၍ နှပ်ထားရပြီး ရေနွေး ပွက်ပွက်ဆူနေသော ပေါင်းဖို ပေါ်တင်၍ (၂၅) မိနစ်ခန့်ပေါင်းလျှင် ထန်းသီးမုန့်ရပြီ ဖြစ်ကြောင်း မုန့်ပေါ်မှကြက်ဥဖြန်းပေးရကြောင်း၊ ထန်းသီးမှည့်လှိုင်လှိုင်ပေါ်သည့် ဝါဆိုလမှသီတင်းကျွတ်၊ တန်ဆောင်မုန်းထိ လက်ဆတ်သည့်ထန်းသီးမှည့်အနှစ် များများထည့်နိုင်သော်လည်း ထန်းသီးမှည့် ရှားပါးသည့်ကာလများအတွက် အေးခဲထားသည့် ထန်းသီးမှည့်အနှစ် အနည်းငယ်သာထည့်နိုင် ကြောင်း၊ ထန်းသီးမှည့်ထည့်၍ပြုလုပ်သည့် မုန့်မှာပို၍အရသာကောင်းမွန်ပြီး ပို၍နူးညံ့ကြောင်း၊ အချို့လုပ်ငန်းရှင်များအနေဖြင့် နည်းပညာအခက်အခဲကြောင့် ထန်းသီးမှည့်အနှစ်အစား ပွဆေးများ သုံး၍ ထုတ်လုပ်လာကြသဖြင့် ထန်းသီးမုန့် အရည်အသွေးလည်းကျဆင်းလာသည့် အတွက် Qualityပိုင်းကို အထူးထိန်းသိမ်းရန်လိုအပ်ကြောင်း လုပ်ငန်းရှင်ဒေါ်နုမှ ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထန်းသီးမုန့်(၁)ပေါင်းပြုလုပ်ရန် ဆန် (၅) ဗူး၊ ထန်းလျှက် (သကာရည်) (၅၀) ကျပ်သား၊ ဆား (၁) ကျပ်ခွဲသား၊ ကြက်ဥ (၁)လုံးနှင့် နို့ကျဲ (၁၀)ကျပ်သား ထည့်၍ (၂၅) မိနစ် ပေါင်းရကြောင်း၊ ကျက်လျှင် ကြက်ဥ (၁) လုံးအပေါ်မှဖြန်းပေးရကြောင်း၊ အုန်းသီးကို ခြစ်၍ ဆုံဆီသန့်နှင့်ကြော်ခါ မုန့်ပေါ်မှ အုန်းဆံကြော်၊ ဆီ၊ သကြားနှင့် ဖရုံယို ဖြူးပေးကြောင်း၊ တန်ဖိုးအားဖြင့် (၉၀၀၀/-) ကျပ် ခန့်ကုန်ကျကြောင်း၊ မုန့်(၁)ပေါင်းလျှင် (၂)ပိဿာခွဲခန့်ထွက်ရှိကြောင်း၊ ထန်းသီးမုန့်(၁) ပိဿာကို (၅၀၀၀/-)ကျပ်ရောင်းရပါကြောင်း၊ (၁) ပေါင်းလျှင် (၁၂၅၀၀/-) ကျပ် ရရှိပြီး ဖောက်သည်အနေဖြင့် (၁)ပေါင်းလျှင် (၁၀၀၀၀/-)ပေးရကြောင်း၊  အကျိုးအမြတ် အနေဖြင့် ကိုယ်တိုင်ရောင်းလျှင် (၃၅၀၀/-)ကျပ်ရရှိပြီး ဖောက်သည်ယူရောင်းသူများအနေဖြင့် (၂၅၀၀/-) ကျပ်မြတ်ကြောင်း၊ နေ့စဉ် မုန့်(၁၅ မှ ၂၀)ပေါင်းခန့် ပြုလုပ်ရောင်းချလျက်ရှိကြောင်းနှင့် မွေးနေ့ကိတ်ကဲ့သို့ မွေးနေ့ထန်းသီး မုန့်များလည်း ပုံစံအမျိုးမျိုးဖြင့် အော်ဒါပြုလုပ်ပေးနေရကြောင်း  လုပ်ငန်းရှင်၏ပြောကြားမှုအား သိရှိခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

ဖြူးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဖြူးမြို့နယ် ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဌာနဆိုင်ရာများပူးပေါင်း၍ ဌာနဆိုင်ရာအလိုက် သိသင့်သိထိုက်သည့် အချက်များကို သိရှိနိုင်စေရေး အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

          အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးစောမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်အိသိမ့်သိမ့်သွယ် နှင့်  မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးအောင်လင်းတို့က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စာအုပ်စာပေဖတ်သည့် အကျိုးကျေးဇူးများ ကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက အမျိုးသမီးငယ်များ ကျန်းမာရေးနှင့်တိုင်းရင်းဆေးအကြောင်းတို့ကို ဟောပြောကြပါသည်။ အခမ်းအနားသို့ ဌာန ဆိုင်ရာများ၊ သင်တန်းကျောင်းအုပ်ကြီးနှင့်နည်းပြများ၊ သင်တန်းသူများ စုစုပေါင်း ၆၅ ဦးတက်ရောက် ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက် ရှိ မကိုဋ်ဂျိူးဖြူဆန်စက် ကွင်းဆင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု/ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးတို့သည် (၁၃.၁.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀) နာရီတွင် မြောင်းမြမြို့၊ မြရတနာရပ်ကွက်၊ မကိုဋ်ဂျိုးဖြူဆန်စက်သို့သွားရောက်၍ ဆန်ကြိတ်ခွဲထုတ် လုပ်မှုအခြေအနေ၊ စပါး/ဆန်ဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

      ထို့သို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် လက်ရှိအချိန်၌ မိုးစပါးလှိုင်လှိုင်ထွက်ပေါ်သည့် ကာလဖြစ်ပြီး၊ ဆန်ကြိတ်ခွဲတင်ပို့မှုလျော့နည်းလာ၍  စပါးဈေးမှာ အနည်းငယ်ကျဆင်းလျှက်ရှိ ကြောင်း၊ စပါးဈေးနှုန်းအနေဖြင့် ဧည့်မထစပါး (၄၆) ပေါင် တစ်တင်းလျှင်(၆၁၀၀)ကျပ်ရှိပြီး၊ အရောင်းအဝယ်အေးကြောင်း၊ ဆန်ဈေးနှုန်းမှာ (၁၀၈)ပေါင်ထိပ်စ တစ်အိတ်လျှင်(၂၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဆန်ကြိတ်ခွဲရာတွင် ပြည်တွင်းစားဆန်ကို အဓိကထားကြိတ်ခွဲပြီး အထက်အညာဒေသများဖြစ်သော မကွေး၊ပခုက္ကူ၊ မန္တလေး၊ မြင်းခြံမြို့များနှင့် ရန်ကုန်သို့တင်ပို့ ရောင်းချလျှက်ရှိကြောင်း၊ ဆန်ဈေးကွက်တွင် ဆန်လက်ကျန်များနေ၍ ဆန်ဈေးနှုန်းအနည်းငယ် ကျဆင်းပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

တောင်ငူမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင် တောင်ငူမြို့၊ ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံး၌ ကျင်းပသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် အသိပညာပေးခြင်းများအား ပြုလုပ်ခဲ့ပါသည်။

        အဆိုပါ ဟောပြောပွဲတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမျိုးမြင့်အောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူအငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းဆောင် ရွက်ပေးမှုများ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြသည့် ကုန်စည်များ အား ရွေးချယ်ဝယ်ယူသင့်သည့်အကြောင်းများကို ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများ ကသိရှိလိုသည်များကို မေးမြန်းကြရာ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့က ရှင်းလင်း ဖြေကြားပေးခဲ့ပါသည်။ ဟောပြောပွဲသို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်း ၁၁ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

တောင်ငူမြို့ရှိ စားသောက်ကုန်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲ တာဝန်ခံများ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တောင်ငူမြို့၊ အမှတ် ၂၂ ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဘေးရှိ ရွှေပြည်တော်မုန့်တိုက်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့် ပြဌာန်းချက်များနှင့်ပတ်သက်၍ ဆွေးနွေးပြီး မုန့်တိုက်အတွင်း အရောင်းစင်တာတွင် ရောင်းချလျက်ရှိသော ရွှေပြည်တော်အမှတ်တံဆိပ် မုန့်မျိုးစုံနှင့် တွဲဖက်ရောင်း ချလျှက်ရှိသော အာဟာရမှုန့်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကို စစ်ဆေးခဲ့ပါသည်။

          ရွှေပြည်တော်မုန့်တိုက် အရောင်းစင်တာတွင် ၎င်းမုန့်တိုက်မှထုတ်လုပ်သည့် ရွှေပြည်တော် အမှတ်တံဆိပ် ကိတ်မုန့်၊ ကိတ်ခြောက်နှင့် ပေါင်မုန့်မျိုးစုံအပြင် အာဟာရမှုန့်များဖြစ်သော Nescafe, Ovaltine, Holick, Nestle Milo များကိုလည်း ရောင်းချလျက်ရှိပြီး ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်မှု ရှိကြောင်း တွေ့ရှိရပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

တောင်ငူမြို့ရှိ ရေသန့်နှင့် စားသောက်ကုန်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းသို့ ကွင်းဆင်းစိစစ်

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲ တာဝန်ခံများ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဦးစစ်ကိုလမ်းရှိ ရေသန့်နှင့် စားသောက်ကုန် ထုတ်လုပ် ရောင်းချနေသည့် လုပ်ငန်းရှင် ဦးစန်းလှိုင်နှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ ပုဒ်မ ၄၃ ပါ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြရန် ပြဌာန်းချက်များ၊ ၎င်းပုဒ်မပါ ပြဌာန်းချက်များအား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့နောက် ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော သောက်ရေသန့်များ၊ အသင့်စားခေါက်ဆွဲများ၊ ငရုတ်ဆီများနှင့် အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုကို ကြည့်ရှုစစ်ဆေးရာ အခြားစားသောက်ကုန်များတွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ နှင့်ကိုက်ညီသော်လည်း သောက်ရေသန့်အမျိုးအစားတစ်ခုတွင် သောက်ရေသန့် ဟူသောစာသားနှင့် အသားတင်ပမာဏဖြစ်သော ၁ လီတာတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရန် လိုအပ်သဖြင့် ကုန်အမှတ်တံဆိပ်တွင် အဆိုပါ မြန်မာဘာသာဖြင့် ဖော်ပြရန် လိုအပ်သည့်အချက် ၂ ချက်အား ဖော်ပြရန်နှင့် လက်ရှိ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော ရေသန့်ဘူးများတွင် သောက်ရေသန့်နှင့် ၁ လီတာဟူသော မြန်မာဘာသာဖြင့် ဖော်ပြသည့်စာသားအား စတစ်ကာဖြင့် ထပ်ပိုးကပ်ရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ပြည်ခရိုင်အတွင်းရှိ တောင်သူများအား စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ပြည်မြို့၊ ဇီးအုပ်ကျေးရွာရှိ တောင်သူလယ်သမား သင်တန်း ကျောင်း၌ ၆.၁.၂၀၂၂ ရက်နေ့ ကျင်းပြုလုပ်သော စိုက်ပျိုးရေးဆိုင်ရာ ဘက်စုံပညာပေး သင်တန်းတွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ စိုက်ပျိုးရေးဆိုင်ရာ ဘက်စုံပညာပေးသင်တန်းသို့ ခရိုင်အတွင်းရှိ မြို့နယ်(၆) မြို့နယ် မှ တောင်သူလယ်သမား (၃၇)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသော တောင်သူ လယ်သမား များအား စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်မည့် နည်းလမ်းများ ၊ တိုင်ကြားမှုများအား လက်ခံဆောင်ရွက်ပေးနေသည့် အခြေအနေများနှင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာဗဟုသုတများအား ဆွေးနွေး ဟောပြောခဲ့ရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ