Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘားအံမြို့ရှိ ခရိုင်မီးသတ်ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

        စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများသည် ၂၇-၁-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ခရိုင်မီးသတ်ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က  စားသုံးသူရေးရာ ဦးစီးဌာန၏ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းကိုလည်းကောင်း၊  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့်ကုန်စည်၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့်ဖြေရှင်းဆောင်ရွက်နေမှုကိုလည်းကောင်း၊  ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းနှင့်ပတ်သက်၍ ဈေးကွက်မရောက်မီ ကုန်စည်များနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဌာနမှဆောင်ရွက်ပေးနေမှု အခြေအနေအကြောင်းများကိုလည်းကောင်း၊ အသေးစိတ်ရှင်းလင်းဆွေးနွေးဟော ပြောခဲ့ပါသည်။ ဆက်လက်၍ အကြီးတန်းစာရေး ဒေါ်စုနွေးသီရိမောင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူပြည်သူများ လိုက်နာရမည့်တာဝန်များနှင့်အခွင့်အရေးများ အကြောင်းကိုလည်းကောင်း၊ ဈေးကွက်အတွင်း ကုန်စည်များကို ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပါရှိသော ကုန်စည်မျိုးကိုသာ ဦးစားပေး ဝယ်ယူတတ်စေရန် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကာ  နိဂုံးချုပ်အနေဖြင့် ဘားအံခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက သိလိုသည်များကို မေးမြန်းဆွေးနွေး၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသော ဘားအံခရိုင်မီးသတ်တပ်ဖွဲ့ဝင် (၄၀) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့်လက်ကမ်းစာစောင်များလည်း ဖြန့်ဝေ၍ အခမ်းအနားကို ၁၁:၄၅ နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

       စားသုံးသူရေးရာဦးစီးဌာနသည် ဦးတည်နေရာ (၁၂) နေရာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိကြောင်းနှင့်တပ်ရင်းတပ်ဖွဲ့များတွင် အသိပညာပေး ဟောပြောခြင်းသည်လည်း လုပ်ငန်းစဉ်တစ်ခုအဖြစ် ပါဝင် လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

 

 

“စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်”

             ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး ၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပခြင်းနှင့်စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၂၆-၁-၂၀၂၃)ရက်နေ့တွင် ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် ကျောက်ဆည်မြို့နယ် ၊ တံစိုးကျေးရွာ၊ရွာပုလဲကျေးရွာနှင့်မိုးကြိုးကုန်းကျေးရွာများ၌ ကျေးရွာသူ၊ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်သည့်အကြောင်းအရာများဟောပြောဆွေးနွေးခဲ့ပါသည်။ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျင်ဌေးက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးဇော်မင်းလတ်(ဦးစီးမှူး) နှင့် ဦးစိုးမင်းထွန်း(ဒု-ဦးစီးမှူး)တို့က စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏အခွင့်အရေး ၊ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများနှင့်စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါကတိုင်းဒေသကြီး ၊ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center  ဖြစ်သည့် 1535 သို့ ခေါ်ဆို၍ တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca. gov.mmထဲသို့ဝင်ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးဟောပြောဆွေးနွေးပွဲများသို့ ရွာပုလဲကျေးရွာတွင်(၁၀၀)ဦး ၊ တံစိုးကျေးရွာတွင်(၁၁၀)ဦး၊ မိုးကြိုးကုန်းကျေးရွာတွင်(၉၅)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျေးရွာသူ ၊ ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ပါသည်။ထို့နောက် ခရိုင်ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် ကျေးရွာအတွင်းရှိ စားသုံးသူပြည်သူများအား ကျောက်ဆည်ခရိုင် ၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှစားအုန်းဆီများအား သက်သာသောစျေးနှုန်းများဖြင့်ရောင်းချနေမှုအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်

DOCA(မန္တလေး)

 

 

ဖျာပုံမြို့စတိုးဆိုင်များတွင် COFFEE Shop (very good) တံဆိပ်ပါကော်ဖီမစ် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး  ဦးမင်းဇော်ဦးဆောင်သော ဝန်ထမ်းများသည် ဇန်နဝါရီလ (  ၂၂  )ရက်န့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့ရှိစတိုးဆိုင်များအား COFFEE Shop (very good) တံဆိပ်ပါကော်ဖီမစ်ကဲ့သို့  အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများရှိ/ မရှိဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

         ယင်းသို့စစ်ဆေးရာတွင်စတိုးဆိုင်များတွင် COFFEE Shop (very good)တံဆိပ်ပါကော်ဖီမစ် ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုမရှိကြောင်း  သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်တွင်စက်ဆီ၊ချောဆီအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး  ဦးမင်းဇော်ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဇန်နဝါရီလ (၂၃) ရက်န့၊ နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ဖျာပုံမြို့တွင်းရှိ စက်ဆီ၊ ချောဆီအရောင်းဆိုင်များတွင် စက်ဆီ၊ချောဆီများအား   ရေသန့်ဘူးများ၊ပြည်တွင်းထုတ်ဘူးများ၊ တရားမဝင်တင်သွင်းသည့်ကုန်အမှတ်တံဆိပ်များနှင့်ဆင်တူ  ရိုးမှားကပ်နှိပ်၍ အရည်အသွေးစံမမီသည့် စက်ဆီချောဆီများ ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်‌ဆေးခဲ့ပါသည်။

     ယင်းသို့စစ်ဆေးရာ စက်ဆီချောဆီဆိုင်များတွင် စက်ဆီချောဆီများအား ‌ရေသန့်ဘူးများ ပြည်တွင်းထုတ်ဘူးများ တရားမဝင်တင်သွင်းသည့်ကုန်အမှတ်တံဆိပ်များနှင့်ဆင်တူရိုးမှားကပ်နှိပ် ၍အရည်အသွေးစံမမီသည့် စက်ဆီချောဆီများဖြန့်ဖြူးရောင်းချမှုမရှိကြောင်း၊ PPRT code များမှတ် ပုံတင်ထားသော စက်ဆီချောဆီများကိုသာ စစ်ဆေးတွေ့ရှိရကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ညောင်တပင်(အ-မ-က)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ဇန်နဝါရီလ(၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ညောင်တပင် (အ-မ-က)ကျောင်း၌ စားသုံးသူကာကွယ်အသိပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိ စေရေးအတွက်စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်ရေးများ၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သက်မှတ်ချက်များနှင့်အညီ ဖော်ပြရမည့်အချက်များကိုဟောပြောပါသည်။ ထိုအခမ်းအနားသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများစုစုပေါင်း(၅၆)ဦးတက် ရောက်ကြောင်းသိရပြီး၊ မိမိဌာနအနေဖြင့်လည်း စားသုံးသူများအသုံးပြုသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်လျက်ရှိ သည်ကို ဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)သို့တက်ရောက်

     ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

      ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်နယ်အတွင်းစားသုံးမှုဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊ MSME လုပ်ငန်းများကို အားပေးမြှင့်တင် ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းတွင် လက်ရှိဆောင်ရွက်နေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အဓိကအားထားပြီး လုပ်ငန်းသစ်များတိုးတက်လာစေရန် ကူညီအားပေးရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထပ်မံတိုးပွားလာစေရန် ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ ချမှတ်ထားသောမူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ နည်းစနစ်များနှင့်အညီရင်းနှီးမြှုပ်နှံမှုလျာထားချက်များ ကိုပြည့်မီအောင် သက်ဆိုင် ရာဌာနများက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များနှင့်ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

       ထို့နောက် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၄/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ပြောင်းအခြောက်ခံသန့်စင်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် လျှောက်ထားလာမှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက တင်ပြဆွေးနွေးခဲ့သည်။

        ယင်းနောက် ကော်မတီအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်နေမှုအခြေအနေ များကိုတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် ပြန်လည်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြောင်းအခြောက်ခံသန့်စင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်ရန်အတွက် လျှောက်ထားလာသော Treasure Corn Company Limited အား အတည်ပြုမိန့်ပေးအပ်ခဲ့ရာ အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူက လက်ခံရယူခဲ့ ကြောင်းသိရသည်။

DOCA(ကယား)

 

လွိုင်ကော်တက္ကသိုလ်တွင်စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ထေးငှားလျားရပ်ကွက်ရှိ လွိုင်ကော် တက္ကသိုလ် Theatre ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက် ခဲ့ရာ အဆိုပါဟောပြောဆွေးနွေးပွဲတွင်လွိုင်ကော်တက္ကသိုလ်မှပါမောက္ခချုပ်၊ သရုပ်ပြဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။

      အဆိုပါအခမ်းအနားတွင် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ခင်မြင့်မှ စားသုံးသူကာကွယ်ပေးရေးသည် အလွန်အရေးကြီးဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း Consumer Right သည်အရေးပါကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာများ လာရောက်ဟောပြော ဆွေးနွေးခြင်းအတွက်လည်း ကျေးဇူးတင်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

         ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူ ကာကွယ်ရေးသမိုင်းကြောင်း စတင်ဖြစ်ပေါ်လာပုံနှင့် ဌာနမှစားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

         ထို့နောက်ခရိုင်ဦးစီးမှူး၊ ဦးမိုးညွန့်ဦးက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊မတ်လ (၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါ ရှိသည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊

       စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားတွင်ဖော်ပြရမည့် သတ်မှတ်ချက်များအားလည်းကောင်း  ရှင်းလင်းဆွေးနွေးပြီး  စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC Page သို့ လူကိုယ်တိုင်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း ၊ Consumer call center ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို    မေးမြန်းနိုင်ပါကြောင်းရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား /ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့ပြီး၊ ဗွီနိုင်းများကို လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်ထံသို့ ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

 DOCA(ကယား)      

လွိုင်ကော်မြို့ပေါ်ရှိကိတ်မုန့်၊ပေါင်မုန့်အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက် နေ့၊ နေ့လယ်(၁:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်၊ ရှမ်းပိုင်းရပ်ကွက်ရှိကိတ်မုန့်၊ ပေါင်မုန့်စသည့် မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များသို့ စီးပွားရေးလုပ်ငန်းရှင်များ၏ ဈေးကွက်မတင်မီနှင့်ဈေးကွက်တင်ပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်စည်များ၏ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်  ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့်အရောင်းဆိုင်များတွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)တွင် ဖော်ပြထားသည့်ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များအား ထည့်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်၊ မိမိတို့ထုတ်လုပ်လိုက်သည့် ကုန်စည်များတွင် ဘေးအန္တရာယ်ရှိကြောင်းကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုအရသော်လည်းကောင်း သိရှိလျှင် အဆိုပါအကြောင်းအရာအား ဦးစီးဌာနနှင့်စားသုံးသူများထံ အချိန်မီသိရှိနိုင်စေရန် လူထု ဆက်သွယ်ရေးနည်းလမ်းများဖြင့်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ၊ အသိပေးရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ် စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန် စွာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ စားသုံးသူထံ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးရမည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်မှုမရှိ၍ စားသုံးသူနှစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်ရာဌာနများ၏ဥပဒေအရ   အရေးယူခံရမည်ဖြစ်ကြောင်း  ကိတ်မုန့်၊ပေါင်မုန့်စသည့် မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်(၃)ဆိုင်အား ဝိုင်းဝန်းအသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

အွန်လိုင်းမှ ရောင်းဝယ်မှုများတွင် စားသုံးသူနစ်နာမှုမရှိစေရေး ထိန်းကျောင်းမည့် လုပ်ငန်းစဉ်များ ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

ရန်ကုန်မြို့၊ ဇန်နဝါရီ (၃၀) ရက်

          အွန်လိုင်းမှ ရောင်းဝယ်မှုများတွင် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် အွန်လိုင်းမှ ရောင်းဝယ်မှုများတွင် စားသုံးသူနစ်နာဆုံးရှုံးမှုများအား ကာကွယ်ဖြေရှင်းဆောင်ရွက် ပေးနိုင်မည့် နည်းလမ်းများဖော်ထုတ်နိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းမပေါ်ရှိ ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ယနေ့ နံနက် (၀၉း၀၀)နာရီမှစ၍ ကျင်းပ ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ Myanmar Digital Economy Association ၊ E-Commerce Association of Myanmar နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ပါဝင်ဆွေးနွေး ခဲ့ကြပါသည်။

          တက်ရောက်လာကြသော ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ တတ်ကျွမ်း နားလည်သည့် ဘာသာရပ်ဆိုင်ရာ ပညာရှင်(၁၂)ဦးက ဘာသာရပ်အလိုက် ဦးဆောင်ဆွေးနွေးခဲ့ ကြပါသည်။ တက်ရောက်လာကြသော ပရိတ်သတ်များထဲမှ မိမိတို့သိလိုသည့် အကြောင်းအရာ များကို မေးမြန်းဖြေကြားခြင်းများ ပြုလုပ်ကြပါသည်။

          ဆွေးနွေးကြသော ဘာသာရပ်အလိုက် ပညာရှင်များမှာ ကုန်သွယ်ရေးဦးစီးဌာန၊ စာရင်းဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊   Myanmar Digital Economy Association နှင့် E-Commerce Association of Myanmar တို့ ဖြစ်ကြကြောင်း သိရှိရပါသည်။

          ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုအပြီးမှာ စားပွဲဝိုင်းဆွေးနွေးခြင်း အဖွဲ့(၃)ဖွဲ့ ဖွဲ့၍ ဆွေးနွေးခဲ့ ကြရာ အွန်လိုင်းမှရောင်းဝယ်မှုများအား မှတ်ပုံတင်စနစ်တစ်ရပ်ထူထောင်ရေး၊ မည်ကဲ့သို့ ထိန်းကျောင်း သင့်ကြောင်းနှင့် စားသုံးသူတိုင်ကြားမှုများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဆွေးနွေးပွဲ ရလဒ်များ ဖော်ထုတ်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော် အဆင့်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

          အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင် စုစုပေါင်း (၁၀၄)ဦးတို့ တက်ရောက်ကြောင်း သိရပါသည်။

DOCA(Product Safety)

ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအားစားသုံးသူအသိပညာပေးဟောပြော

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၉.၁.၂၀၂၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင်  မြို့မရပ်ကွက်၊  ပြန်/ဆက်ရုံးခန်းမ၌ ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေ များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင် မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင်  မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရ မည်ဖြစ်ကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် အနေဖြင့်လည်း မိမိတို့ ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ရန် နှင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရန်အတွက် ဦးစားပေးဆောင်ရွက်ရန်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ရှိဆောင်ရွက်နေ့သည့် လှုပ်ရှားမှုအခန်းကဏ္ဍများ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင် တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေ စာအုပ်နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြ ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ