Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခြင်း

         ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့၊ နေ့လည် (၁၃း၀၀)နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးခန်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဒုတိယတိုင်းဦးစီးမှူး၊ ဦးခင်မောင်ဆွေ ဦးဆောင်၍ ဝန်ထမ်းများနှင့် သွားရောက် ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်သင်းမြတ်မွန်က “စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေးများအကြောင်း သိကောင်းစရာများ” ကို ရှင်းလင်းပြောကြားပေးစေလိုကြောင်း မေးမြန်းခဲ့ရာ ဒုတိယတိုင်းဦးစီးမှူး၊ ဦးခင်မောင်ဆွေမှ “ စားသုံးသူကာကွယ်ရေးဆိုသည်မှာကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေး၏လုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီ အဆင့်ဆင့်တို့မှသတ်မှတ် ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ် ဖြစ်ကြောင်းနှင့်စားသုံးသူအခွင့်အရေး (၈)ချက်ကိုလည်း အကျဉ်းချုံး၍ ရှင်းလင်းပြောကြားခဲ့ပြီး Talk Show ကို နေ့လည် (၁၃း၁၅)တွင် ပြီးမြောက်ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

စားအုန်းဆီဈေးကားများရောင်းချနေမှုကြပ်မတ်ဆောင်ရွက်

        စားသုံးသူမိဘပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် စားသုံးဆီတင် သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့် အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ‌ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိရာ (၂၃.၁.၂၀၂၃ မှ ၂၉.၁.၂၀၂၃) ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး၊ လက်ကားဈေး နှုန်းများမှာ စားအုန်းဆီတစ်ပိဿာလျှင်  ၄၄၄၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

          အဆိုပါရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူကုန်ကျစရိတ်များ ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချရန်၊ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချခြင်းနှင့် ဈေးနှုန်းအဆမတန်ရောင်းချနေမှုများ ရှိ/မရှိစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများသည် (၂၇.၁.၂၀၂၃) ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရေနံ့သာလမ်း၊ ရေနံ့သာဈေးအနီး (၂၄) ရပ်ကွက်နေပြည်သူများအား ဈေးကား  အမှတ်(၁)ဖြင့်လည်း ကောင်း၊ သံသုမာလမ်းနှင့် သိပ္ပံလမ်းထိပ်နေပြည်သူများအား ဈေးကားအမှတ် (၂)ဖြင့်လည်းကောင်း၊ တစ်ဦးလျှင် တစ်ပိဿာ(၄၆၅ဝိ/-) နှုန်းဖြင့် စားသုံးသူပြည်သူများအား Zabu Kan Tun Trading Co.,Ltd မှ တန်းစီစနစ်ဖြင့် ရောင်းချပေးနေမှုအခြေအနေများ စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒဂုဏ်ညွှန့်ဈေးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

               ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ရုံးမှ ဝန်ထမ်းများသည် ၂၇.၁.၂၀၂၃ ရက်နေ့၊ နေ့လည် (၁၄:ဝဝ) နာရီအချိန်တွင် တာမွေမြို့နယ်၊ ဒဂုဏ်ညွှန့်ဈေးရှိ ဈေးသူ/သားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းများ ‌ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေး နှင့်တာဝန်၊ စီးပွားရေးလု်ပငန်းရှင်၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)၊ ပုဒ်မ-41 ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကုန်စည်၏အမှတ်တံဆိပ်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်အလေးချိန်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သူအမည်၊ လိပ်စာ၊ ပြည်ပမှတင်သွင်းလျှင်လည်း ထုတ်လုပ်သည့်နေရာ၊ ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ကုန်စည်တွင်ပါဝင်သည့် ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပစ္စည်းများ၏ပမာဏ၊ ပါဝင်မှုအမျိုးအစား၊ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာ အစိုးရဌာနများကဖော်ပြရန် သတ်မှတ်ထားသောအချက်အလက်များကို မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြ ထားသောကုန်ပစ္စည်းများကိုသာ ရောင်းချရန် ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြော

     နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၆-၁-၂၀၂၃) ရက်နေ့ နေ့လယ် (၁း၀၀) နာရီအချိန်တွင် ဇီးကုန်းမြို့နယ်၊ နွားတဲကုန်းကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်မှုဖွံ့ဖြိူးတိုးတက်ရေးအတွက် ဌာနပေါင်းစုံမှ ဝန်ထမ်းများနှင့်စုပေါင်း၍ ဟောပြောဆွေးနွေးခြင်းများ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

       ကျေးရွာနေ မိဘပြည်သူများကို စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ထားသိုပုံနည်းစနစ်နှင့် အသုံးပြုပုံ၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ စသည့် သတင်းအချက်အလက်မှန်ကန်ပြည့်စုံစွာဖော်ပြထားသော အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများကို ရွေးချယ်ဝယ်ယူသုံးစွဲမှသာ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်မည့်အစီအမံများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

             စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်မည့် အစီအမံများ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

            အဆိုပါအခမ်းအနား၌ စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန့်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက် နှစ်ပိုင်းရှိပါကြောင်း၊ ပထမတစ်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးရှိစား သုံးသူပြည်သူများ အနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲကြရာတွင် လုံခြုံစိတ်ချရမှုရှိ စေရေးနှင့်အခြေခံ လိုအပ်ချက် များနှင့်ကိုက်ညီမှုရှိစေရေး ဆောင်ရွက်ကြမည့် အစီအမံများဆွေးနွေးဖေါ်ထုတ်ရန်နှင့် ဒုတိယတစ်ပိုင်းမှာ ကဏ္ဍအလိုက်ထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို သက်ဆိုင်ရာ လုပ်ငန်းရှင်များက သိရှိလိုက်နာကြစေရေး ဆောင်ရွက်ရမည့်အစီအမံများကို ဆွေးနွေးဖော် ထုတ်ရန်ဖြစ်ပါကြောင်း၊ ထိန်းကျောင်းဆောင်ရွက်ရသည့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရသည့်ကဏ္ဍများနှင့်ပတ်သက်သည့် ဥပဒေ၊အမိန့်နှင့်ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးရန်နှင့် လုပ်ငန်းရှင်များကလည်း ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးကြရန်ဖြစ်ပါကြောင်း၊ ဖော်ထုတ်ချက်များကို စားသုံးသူရေးရာ ကော်မတီ အစည်းအဝေးတွင် ချပြဆွေးနွေးပြီး အစီအမံများချမှတ်မည်ဖြစ်ကြောင်း ပြောကြားပါသည်။ 

      အလုပ်ရုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ အာမခံရ ပေးရမည့်အချက်များနှင့် ပြစ်မှု၊ပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန တိုင်းဒေကြီးဦးစီးဌာနမှူး ဒေါ်ကြွယ်ကြွယ်ယုက အစားအသောက်၊ အလှကုန်နှင့်ဆေးဝါး တင်သွင်း၊တင်ပို့ခြင်း၊ ထုတ်လုပ်ခြင်း၊ဖြန့်ဖြူးခြင်း၊ရောင်းချခြင်းတို့အပေါ် ထိန်း​ကျောင်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းဒေသကြီးစိုက်ပျိုး ရေးဦးစီးဌာနမှ ဒုတိယတိုင်း ဦးစီးမှူး ဦးအောင်ကြည်ဝင်းက  စိုက်ပျိုးရေးသုံးဆေးနှင့် ဓာတ်မြေသြဇာ တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများအပေါ် ထိန်းကျောင်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒေါ်သန်းသန်းနွယ်က ဟိုတယ်နှင့်တည်းခိုခန်းများအပေါ် ထိန်းကျောင်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသည့် လုပ်ငန်းရှင်များ၏ မေးခွန်းများ၊ အကြံပြုချက်များအပေါ် ပြန်လည် ရှင်းလင်း ဆွေးနွေး ကြပါသည်။

    အလုပ်ရုံဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြသည့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၆၀ ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူ-စစ်ကိုင်း

အုတ်တွင်းမြို့နယ် ဟင်းငုတ်ပင် အထက(ခွဲ)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

    အုတ်တွင်းမြို့နယ်၊ ဟင်းငုတ်ပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများသိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ယင်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှု များနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်က အာမခံပေးရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်ဦးစီးမှူးရုံးများနှင့် စားသုံးသူရေးရာဦးစီးဌာန၏ website သို့ဝင်ရောက်၍ တိုင်ကြားနိုင်ခြင်းများနှင့် ဖြေရှင်းဆောင်ရွက်ပေးမှုများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

       ထို့အတူ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်သပြေက အားကစားနှင့်ကာယပညာသိပ္ပံအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၂၁၀ ဦးတက်‌ရောက်ခဲ့ပါသည်။

DOCA(ပဲခူး)

 

ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာများရှိ ဆန်စက်များသို့ ကွင်းဆင်းဆောင်ရွက်ပေး

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ လေးမျက်နှာအုပ်စု၊ လေးမျက်နှာကျေးရွာရှိ တန် (၂၀) ကျ ဆန်စက်၏ ကြိတ်ခွဲ၊ ထုတ်လုပ်တင်ပို့နေမှုအခြေအနေကို (၂၆-၁-၂၀၁၃) နေ့တွင် စက်ပိုင်ရှင်နှင့်တွေ့ဆုံပြီး ဒေသအလိုက်စက်လည်ပတ်နေမှုအား မေးမြန်းဆွေးနွေးခဲ့ပါသည်။

      ဇီးကုန်းမြို့နယ်အတွင်း သက်ဆိုင်ရာဌာနပေါင်းစုံမှ ၁လ လျှင် ကျေးရွာ (၁၀) ရွာသို့ တောင်သူများ၊ လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲများသို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကုန်သွယ်မှုဖွံ့ဖြိုးရေး ဈေးကွက်ဝင်သီးနှံများစိုက်ပျိုးရေး၊ ပြည်တွင်း စားသုံးဆီဖူလုံရေး၊ ဒေသအလိုက် ကိုက်ညီသည့်ဆီထွက်သီးနှံများစိုက်ပျိုးသင့်မှုနှင့် စားသုံးသူကာကွယ်ရေးကိစ္စရပ်များအပြင် ကျေးရွာများရှိ ဆန်စက်များ၏ထုတ်လုပ်မှုအခြေအနေ လုပ်ငန်းလည်ပတ်မှုအခြေအနေတို့အား စိစစ်ဆွေးနွေးခဲ့ပါသည်။

     ဆန်စက်ပိုင်ရှင်က လုပ်ငန်းလည်ပတ်မှုအနေဖြင့် (၁၅) တန်ကျ စပါးအခြောက်ခံစက်တပ်ဆင်ထားရှိပြီး စပါးတင်း (၅၀၀)တင်းအခြောက်ခံပါက (၆) နာရီခန့်ကြာမြင့်ကြောင်း၊ စပါးကြိတ်ခွဲမှုအနေဖြင့် တစ်လလျှင် စပါးတင်း (၁၅၀၀၀)တင်းခန့်ကြိတ်ခွဲပြီး ဆန်အိတ် (၄၅၀)အိတ်နှင့် (၆၀၀)အိတ်အကြားထွက်ရှိကြောင်း၊ တစ်နှစ်လျှင် လုပ်ငန်းလည်ပတ်နိုင်မှုမှာ (၈) လခန့်ရှိပြီး လုပ်သား(၅) ဦးဖြင့် လည်ပတ်ကြောင်း ထွက်ရှိလာသောဆန်ကွဲ၊ ဖွဲနုများကို အခြားစက်ပိုင်ရှင်များ၊ ကုန်သည်များနှင့် စုပေါင်းတင်ပို့ရောင်းချကြကြောင်း  အခြားဒေသထွက်စပါးများကို ဝယ်ယူကြိတ်ခွဲခြင်းမပြုဘဲ မိမိဒေသထွက်စပါးကိုသာ ဝယ်ယူအခြောက်ခံကြိတ်ခွဲရောင်းချကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

စားသုံးဆီကြိတ်စက်များ ကြိတ်ခွဲထုတ်လုပ်ရောင်းချနေမှုကွင်းဆင်းလေ့လာဆွေးနွေး

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၅-၁-၂၀၂၃) ရက်နေ့တွင် စားသုံးဆီကြိတ်ခွဲထုတ်လုပ်ရောင်းချ နေသော ဇီးကုန်းမြို့နယ် သမဝါယမအသင်းလီမိတက်ဆီစက်သို့သွားရောက်၍ ဆီစက်၏ ကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုနှင့် ကုန်ကြမ်းရရှိမှုအခြေအနေတို့အား ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

       သမဝါယမအသင်းလီမိတက် ဆီစက်၊ တာဝန်ရှိသူအသင်း ဥက္ကဋ္ဌ ဦးသန်းညွန့်ထံမှ ဆီစက်ကို (၂၄-၁၂-၂၀၂၂) နေ့တွင် စတင်လည်ပတ်ခဲ့ကြောင်း ၁ ရက်လျှင် မြေပဲ ၇ တင်းခန့်နှင့် နှမ်း ၁၅ တင်းခန့်ကြိတ်ခွဲပြီး မြေပဲဆီ ၅၆ ပိဿာနှင့် နှမ်းဆီ ၉၅ ပိဿာခန့်ထွက်ရှိပြီး ၁ရက်လျှင် စုစုပေါင်းပိဿာချိန် ၁၅၁ ပိဿာထုတ်လုပ်ကြောင်း၊ လုပ်သား(၂) ဦးဖြင့် ပုံမှန်လည်ပတ်နိုင်အောင် ဆောင်ရွက်ထားရှိကြောင်း၊ ကုန်ကြမ်းဖြစ်သော မြေပဲဆီဆံ ၁ ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းနှင့် နှမ်း ၁ ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းတို့ဖြင့် ပေါင်းတည်မြို့နယ်နှင့် ပြည်မြို့နယ်ရှိ ပွဲရုံများမှ ဝယ်ယူကြိတ်ခွဲရပြီး မြေပဲဆီဆံ ၁ ပိဿာလျှင် ဆီ ၃၈/၄၀ ကျပ်သား ၊ နှမ်း ၁ ပိဿာလျှင် ဆီ၄၂ ကျပ်သားထွက်ရှိပြီး ၁ လလျှင် စုစုပေါင်း ပျှမ်းမျှဆီပိဿာ ၄၀၀ ပိဿာခန့်ထုတ်လုပ်နိုင်၍ ဆီကန်များကိုလည်း သီးသန့်ထားရှိကြောင်း၊ ဈေးကွက်ရောင်းချဖြန့်ဖြူးမှုအနေဖြင့် တိုင်းသမဦးစီးဌာန၏ ညွှန်ကြားချက်များအရ သမအသင်းဌာနသို့ မြေပဲဆီ ၁ ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ နှမ်းဆီ ၁ ပိဿာလျှင် ၁၂၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချကြောင်း၊ နှမ်းဖက်/ပဲဖက်များကို မြို့နယ် စားသုံးများကဝယ်ယူပြီး နှမ်းဖက် ၁ ပိဿာလျှင် ၂၁၀၀ ကျပ်နှုန်း၊ မြေပဲဖက် ၁ ပိဿာလျှင် ၂၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချကြောင်း တွင်ကျယ်စွာကြိတ်ခွဲနိုင်ပါက ပဲ/နှမ်း ဒိုင်များသို့ တင်ပို့ရန်ဈေးကွက်ရှိပါကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

စားသုံးသူများ အသိပညာတိုးပွားစေဖို့ စားသုံးသူကာကွယ်ရေး အသိပညာများပေးကြပါစို့

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဌာနခွဲစာရေး ဒေါ်ဝါဝါကြည်တို့သည် (၂၄-၁-၂၀၂၃)ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ ပိုမိုတိုးပွားစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရယူသုံးစွဲနိုင်စေရန်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များကို သိရှိစေရန်ရည်ရွယ်၍ ပခုက္ကူမြို့နယ်၊ ကျွန်းဦးကျေးရွာ၊ (အ-မ-က)ကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စာသင်ကျောင်းမှ ဆရာ/ဆရာမ (၄) ဦးနှင့် ကျောင်းသား/ကျောင်းသူ(၄၃)ဦးနှင့် မိဘပြည်သူ (၉)ဦး စုစုပေါင်း (၅၆) ဦးတက်ရောက်ခဲ့ပါသည်။

     ရှေးဦးစွာ ဦးစီးမှူး ဦးဇော်ထွန်းဦးက ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းထားကြောင်း၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာပါက ထုတ်လုပ်သူရော စားသုံးသူပါ လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားများဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာကိုလည်း ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အား ဖွင့်လှစ်ထားကြောင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကိုလည်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

      ဌာနခွဲစာရေး ဒေါ်ဝါဝါကြည်က ဆွေးနွေးရာတွင် စားသုံးသူ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့ဝယ်ယူ သည့်ကုန်စည်များတွင် အာမခံချက်ပေးထားမှုများပါရှိပါက အာမခံမှုအပေါ် တောင်းဆိုနိုင်သည့်အခွင့်ရေးများကို သိရှိစေရန်နှင့် အခွင့်အရေးချိုးဖောက်ခံရပါက မှန်ကန်ပြည့်စုံသည့်အထောက်အထားများနှင့်အတူ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် လာရောက်တိုင်ကြားခြင်းဖြင့်ကုစားမှုများ ပေးနိုင်မည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ဟောပြောဆွေးနွေးမှုများအား ဦးစီးမှူး ဦးဇော်ထွန်းဦးက ပြန်လည်ဆွေးနွေးခြင်းနှင့် မိဘပြည်သူများက သိရှိလိုသည်များ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်း၊ ဟောပြောမှုအား နားလည် မှုစွမ်းရည်မေးမြန်းခြင်းနှင့် စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA( မကွေး)

ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူမြို့နှင့်ဆိပ်ဖြူမြို့တို့တွင် စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန်အတွက်ရည်ရွယ်၍ (၂၄-၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ် ကျွန်ညို(ရွာသစ်)ကျေးရွာ အ-မ-က စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၄)ဦး၊ ကျောင်းသား/ကျောင်းသူ (၂၅) ဦးနှင့် ကျောင်းသားမိဘ (၂၅) ဦး စုစုပေါင်း (၅၄) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

      အသိပညာပေးဟောပြောပွဲတွင် ကျွန်းညို(ရွာသစ်) အ-မ-က စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက ဌာန၏သမိုင်းကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဒု-ဦးစီးမှူး ဦးဇော်မင်းဦးက စားသုံးသူကာကွယ်ရေး၊ စားသုံးသူ၊ ကုန်စည်၊ ဝန်ဆောင်မှုများ၏အဓိပ္ပါယ်များနှင့် အခန်း(၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းခဲ့ပြီး ကုန်အညွှန်းအမှတ်အသားမပါလျှင် ဝယ်ယူစားသောက်ရောင်းချခြင်းမပြုသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် သုံးစွဲသင့်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ဆက်လက်ပြီး ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း (၉)ပါ စားသုံးသူများတွင်ရရှိနိုင်မည့်အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်နှင့် တိုင်ကြားနိုင်ခွင့်များ၊ ပြန်လည်ကုစားနိုင်ခွင့်များနှင့် CICC ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့်စားသုံးသူများက တိုင်ကြားနိုင်ကြောင်း၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535) တို့တွင်လည်း တိုင်ကြားနိုင်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

       ထို့အတူ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် (၂၄-၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်အတွက်ရည်ရွယ်၍ ဆိပ်ဖြူမြို့ အ-မ-က(ယောဝ) စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၁၂)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၄၈)ဦး စုစုပေါင်း (၁၆၀)ဦး တက်ရောက်ခဲ့ကြပါသည်။

      အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့်အကြောင်းအရာများ၊ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားနိုင်ခွင့်နှင့် ကုစားနိုင်ခွင့်များသိရှိစေရန် အကျယ်တဝင့်ဆွေးနွေးရှင်းလင်းခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ