Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ငူမြို့မှ ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး / ထုတ်လုံ တာဝန်ခံ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့၊ ကန်ရိုးကျေးရွာရှိ ကာယဗလဆီစက်နှင့် အမှတ် ၁၈ ရပ်ကွက်ရှိ ဝင်းဆီစက်များသို့ သွား ရောက်၍ ဆီကြိတ်ခွဲထုတ်လုပ်မှုအခြေအနေများကို လေ့လာပြီး သိရှိလိုသည်များကို မေးမြန်းရာ ဆီစက်ပိုင်ရှင်များက ရှင်းလင်းဖြေကြားပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့် ပြဌာန်းချက်များကို ရှင်းလင်းဆွေးနွေးပြီး အမှတ်တံဆိပ်ဖြင့် ရောင်းချဖြန့်ဖြူးသည့် စားသုံးဆီများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရန် အကြံပြုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ် စနစ်ကျလယ်ယာမြေ ဧက ၁၀၀ ကွင်းအတွင်း လူစီးနင်းမောင်းနှင်နိုင်သော သမန်းမွှေစက်တုံးကရိယာမောင်းနှင်သရုပ်ပြ

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံဦးဇော်ဇော်ထွေးသည် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဘိုးကြာညိုကျေးရွာ စနစ်ကျလယ်ယာမြေ ဧက ၁၀၀ ကွင်း၌ အမှတ် ၅၈ စက်မှုလယ်ယာစခန်းက ပြုလုပ်သည့် လူစီးနင်းမောင်းနှင်နိုင်သော သမန်းမွှေစက်တုံးကရိယာ မောင်းနှင်သရုပ်ပြပွဲသို့ တက်ရောက်လေ့လာခဲ့ပါသည်။

                အဆိုပါသရုပ်ပြမောင်းနှင်ပွဲသို့ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမိုးထက်နှင့် ရေတာရှည်မြို့နယ်မှ တာဝန်ရှိသူများတက်ရောက်ပြီး စက်မှုလယ်ယာဦးစီးဌာန တောင်ငူခရိုင် ဦးစီးမှူးဦးအောင်သိန်းလွင်က စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း စီမံကိန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ ရေတာရှည်မြို့နယ်ဦးစီးမှူးဦးသန်းဦးက စက်ကရိယာနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြပါသည်။

          ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဘိုးကြာညိုကျေးရွာ စနစ်ကျလယ်ယာမြေ ဧက ၁၀၀ ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၂၄.၉ သန်းဖြင့် ဆောင်ရွက်လျှက်ရှိပြီး နွေစပါးအတွက် လုပ်ငန်းလျာထားချက်မရှိသေးသော်လည်း စီမံကိန်းဆောင်ရွက်မှု ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် နွေစပါးစိုက်ပျိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

စားအုန်းဆီအ‌ရောင်းဆိုင်များသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်အတွင်း၌ (၄.၂.၂၀၂၂) ရက်နေ့၊ နေ့လည်(၁၄:၀၀) နာရီ အချိန်တွင် ခရိုင်ဦးစီးမှူးဦးအောင်သိန်း၊ မြို့နယ်တာဝန်ခံဦးချစ်ကိုကိုနှင့် စားသုံး/ထုတ်လုံတာဝန်ခံဒေါ်ခိုင်ခိုင်ရီတို့သည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုရှိစေရေး စီးပွားရေးလုပ်ငန်းရှင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

        စျေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီများနှင့်ပတ်သတ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်အမှတ်(၁/၂၀၂၁) ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဟင်းသီးဟင်းရွက်ဆီ (Vegetable oil, cooking oil) အမျိုးအစားများနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြသောနေရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံ၍ ကုန်စည်၏အမျိုးအမည်ကို တိကျစွာဖော်ပြရန်မည်ဖြစ်ပါကြောင်း၊ ထားသိုသိမ်းဆည်းပုံ အညွှန်း၊ ထုတ်လုပ်ရက်၊ ကုန်ဆုံးရက်များ ပြည့်စုံစွာဖော်ပြရန် ဥပဒေအခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီးနောက် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

        ပဲခူးတိုင်းဒေသကြီ၊း စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊  ကြို့ပင်ကောက်မြို့နယ် တာဝန်ခံ ဒေါ်ရီရီရှိန်သည် (၃.၂.၂၀၂၂) ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် ကြို့ပင်ကောက် မြို့နယ်တာဝန်ခံဒေါ်ရီရီရှိန်မှ စားသုံးသူကာကွယ်ရေးဉပဒေအခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁ ၊  ၄၂ ပါ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ဖော်ပြရမည့် အချက်အလက်များကို လည်းကောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနက ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကိုထုတ်ပြန်ခဲ့သည့် ဟင်းသီးဟင်းရွက်ဆီ (vegetable oil, cooking oil) အမျိုးအစားများနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ် အသားဖော်ပြသော နေရာတွင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော  ကုန်စည်၏အမျိုးအမည်ကိုတိကျစွာ ဖော်ပြရမည်ဖြစ်ကြောင်း ၊ ညွှန်ကြားချက် စတင်ထုတ်ပြန်ပြီး (၆)လပြည့်သည့်နေ့တွင် အာဏာတည်မည်ဖြစ်ကြောင်းတို့ကို အများပြည်သူများနှင့် လုပ်ငန်းရှင်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် Online က တစ်ဆင့်အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

အထူးဈေးနှုန်းဖြင့်ရောင်းချသောစက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ (၄.၂.၂၀၂၂)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ စဉ့်ကိုင်မြို့နယ် ၊ ရွာဟောင်းကုန်းကျေးရွာရှိ Asia Energy နှင့် Regency စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည် ခရိုင်စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးက နိုင်ငံတော်မှ စက်သုံးဆီဈေးနှုန်းမြှင့်တက်မှုမရှိ စေရေးနှင့်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ် နှုန်းဖြင့်ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသော စက်သုံးဆီကုမ္ပဏီများမှ စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ၊ ရောင်းချရာတွင် သုံးစွဲသူများအား နိုင်ငံတော်မှ သတ်မှတ်ထားသည့် အထူးစျေးနှုန်းထက်ကျော်လွန်၍ မရောင်းချရန်နှင့် အချင်အတွယ်မှန်ကန်မှု ရှိစေရေး အရည်အသွေးကောင်းမွန်သော စက်သုံးဆီများသာ ရောင်းချရန်အတွက် စျေးကွက်စောင့် ကြည့်စစ်ဆေးနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဖွဲ့ဖွဲ့စည်း၍ တာဝန်ပေးထားသည့်အတွက် လာရောက်စစ်ဆေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အထူးဈေးနှုန်းဖြင့်ရောင်းချ နေသည့် စက်သုံးဆီများဖြစ်သော Diesel ၊ Premium Diesel များအား (၂၀)လီတာဝင်စံခွက်ဖြင့် ချင်တွယ်စစ်ဆေးပြီး မှန်ကန်မှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းရပ်ကွက်အတွင်းရှိ စတိုးဆိုင်နှင့်ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

          စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးသန်းစိုးနှင့်ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်၊ ဇောင်ချမ်းကုန်းရပ်ကွက်အတွင်းရှိစတိုးဆိုင်၊ ကုန်စုံဆိုင်များသို့သွားရောက်၍ စားသောက်ကုန်နှင့် မုန့်မျိုးစုံတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဈေးဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ၂၀၂၀ခုနှစ်၊ မတ်လ(၁၆)ရက်နေ့မှစ၍ စတင်အာဏာ သက်ရောက်နေပြီဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ မပါရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ (၇၃)အရ (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ်သိန်း(၂၀၀)ထက် မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေအရေးယူမှုများပြုလုပ်နိုင်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ ကိုယ်တိုင် စာသုံးသူများပင်ဖြစ်ကြောင်း ၊စာသုံးသူအခွင့်အရေးဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www .doca .gov. mmတွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မကွေးမြို့ပေါ်ရှိ စားသောက်ကုန်ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး အသိပညာပေး

      နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသော အသားချောင်း(ဟော့ဒေါ့)များ စားသုံးမိ၍ ဘေးဥပါဒ်အန္တရာယ်ဖြစ်ပွားနေကြောင်း တွေ့ရှိရသည့်အတွက် ၂၀၂၂ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ ဦးဆောင်မှုဖြင့် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းလျှက် မကွေးမြို့အတွင်းရှိ ပင်လယ်စာအကင်မျိုးစုံ ဖြန့်ဖြူးရောင်းချနေသည့် (ပင်ရင်း)ဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မကွေးမြို့ ပြည်တော်သာလမ်း၊ မဲထီးလမ်း၊ နတ်မောက်လမ်း၊ အ.ထ.က(၁)လမ်း၊ အဝေရာလမ်း၊ အောင်မေတ္တာရပ်တို့ရှိ ပင်လယ်စာအကင်မျိုးစုံ (ပင်ရင်း)ဖြန့်ဖြူးရောင်းချ သည့် ဆိုင်(၆)ဆိုင်သို့ သွားရောက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တာဝန်ရှိသူမှ ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် မြန်မာပြည်အတွင်း တရားမဝင် ဝင်ရောက်လာသော ထိုင်းနိုင်ငံထုတ် အသားချောင်းများစားသုံးမိ၍ ဘေးဥပါဒ်ဖြစ်ပွားမှုများရှိသဖြင့် ရောင်းချခြင်းမပြုကြရန်နှင့် ရောင်းဝယ်ဖောက်ကားသူများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးမှ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေး နှင့် ပင်လယ်စာအကင်များသည် အစားအသောက်အုပ်စု အရန်သင့်အစားအစာ အမျိုးအစားတွင်ပါဝင်ပြီး မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုး အမည်၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်း ဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည် ဖြစ်ကြောင်း၊ မိမိကုန်စည်နှင့်ပတ်သက်၍လည်း ဘေးအန္တရာယ်ကင်းရှင်းမှုကို အာမခံမှုပေးရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ၊ ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှ တိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဌာနနှင့် စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့် အချက်များအားအသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

မကွေးမြို့၊ ခရိုင်အားကစားကွင်း၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးပြခန်းပြသ

       မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်  ဝန်ကြီးဌာနများ၏ ပြခန်းများဖွင့်ပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက် (၀၉ :၀၀)နာရီအချိန်တွင် မကွေးမြို့၊ ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီးအတွင်းရေးမှူး ဦးဝင်းရှိန်၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး၊ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်၊ မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဌာနဆိုင်ရာမှ အရာထမ်းများ၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါပြခန်းတွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးပြခန်းတစ်ခန်း ပါဝင်ပြသခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးထမ်းများ၊ ဝန်ကြီးဌာနအသီးသီးမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ပြခန်းပေါင်း(၇၀)ကျော်ဖြင့်  ခင်းကျင်း ပြသခဲ့ပါသည်။

       စားသုံးသူရေးရာဦးစီးဌာန၏ ပြခန်းတွင် လာရောက်ကြည့်ရှု့သူ/ အများပြည်သူများ ကြည့်ရှု့လေ့လာနိုင်ရန်အတွက် ဗီနိုင်းကားချပ်(၄)ခုချိတ်ဆွဲပြသထားပြီး ဌာနတာဝန်ကျ ဝန်ထမ်းများမှ ဌာန၏ မျှော်မှန်းချက် (Vission) နှင့် ရည်မှန်းချက် (Mission)တာဝန်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူများ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူထိခိုက်နစ်နာမှုများအတွက် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ ၊ Mobile Application နှင့် Website လိပ်စာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိသော စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို လာရောက်ကြည့်ရှု့လေ့လာသူ ပြည်သူများအား အသေးစိတ်ရှင်းလင်းခဲ့ကြပြီး ဌာန၏ လက်ကမ်း စာစောင်များကို ဝေငှခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

        ပြခန်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်မှ (၁၂)ရက်နေ့ထိ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး အဆိုပါပြခန်းဖွင့်လှစ်ပြသရခြင်းမှာ ပြည်သူများ စိတ်ဝင်စားပြီး ဗဟုသုတရရှိစေစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

 

 

“မလှိုင်မြို့နယ် အ.ထ.က ပန်းအိုင်ကျောင်းတွင် စားသုံးသူအကာကွယ်ပေး အသိပညာပေးဟောပြောခြင်း’’

       မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး (ဦးစီးအရာရှိ)၊ မလှိုင်မြို့နယ် တာဝန်ခံ ဦးရဲမြင့်ဆန်းတို့သည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)အချိန်တွင် မလှိုင်မြို့နယ် ပန်းအိုင်ကျေးရွာ အ.ထ.က ကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ  အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ဟောပြောပွဲတွင် ဦးသန်းစိုး (ဦးစီးအရာရှိ) မှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  အသိပညာပေးဟောပြောပွဲများ ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ တိုင်ကြားမှု လက်ခံဖြေရှင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ‌ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိအခွင့်အ‌ရေးများမဆုံရှုံး မနစ်နာစေရန်အတွက်လာရောက် အသိပညာပေးဟောပြောခြင်းဖြစ်ကြောင်း၊ မိမိတို့ သိရှိပြီ ဆိုပါက ထပ်ဆင့်မိဘဆွေမျိုးများသို့ ထပ်ဆင့်အသိပညာပေး ရှင်းလင်းပေးစေလိုကြောင်းပြောကြားပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေကို မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ်၊ မတ်လ(၁၄)ရက်နေ့တွင် စတင်ပြဌာန်းခဲ့ပြီး ၊ စားသုံးသူကာကွယ်ရေး ဥပဒေသစ်ကို ၂၀၁၉ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခု ပါဝင်သော ဥပဒေအသစ်ကို ပြင်ဆင်အတည်ပြု ပြဌာန်းခဲ့ကြောင်း၊ ဥပဒေပါ စားသုံးသူနှင့် လုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ရှင်းလင်းပြောကြားပြီး မိမိတို့ရရှိသည့် အခွင့်အ‌ရေးများကို ဥပမာများ ဖြင့်လည်းကောင်း၊ လိုက်နာရမည့် တာဝန်များနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့်ဆွေးနွေး ပြောကြားခဲ့ပါသည်။ ထိုအပြင်အခန်း (၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်း အမှတ်အသားပြဌာန်းချက်နှင့် ပတ်သက်၍ မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ အသုံးပြုသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ် အသားနှင့်ပတ်သက်၍ သိသင့်သိထိုက် သည့် ဗဟုသုတများကို ပြောကြားခဲ့ပြီး စားသုံးသူ အခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိပါက DOCA Myanmar Applicationeနှင့် www .doca .gov .mmတွင် ဝင်ရောက်တိုင်ကြား နိုင်ကြောင်း ဆွေးနွေးခဲ့ပါသည်။  ဟောပြောပွဲတွင် ဆရာ/ဆရာမ(၅)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၇၅)ဦး စုစုပေါင်း (၁၈၀)ဦး တက်ရောက်ခဲ့ပြီး၊ လက် ကမ်းစာစောင်များလည်း ဖြန့်ဝေ၍ ဟောပြောပွဲ နံနက် (၂:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)

မကွေးမြို့ပေါ်ရှိ ပေါင်မုန့်/ကိတ်မုန့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

              မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာထည့်သွင်း ဖော်ပြလာစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်း များသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ၊ ပြည်တွင်းကုန်သွယ်မှု ကဏ္ဍာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူသူတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း ၊သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

             စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများသည် ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၊ နေ့လည် (၁၅:၀၀)နာရီအချိန်တွင် မကွေးမြို့၊ အမှတ်(၁)၊ တောင်တွင်းလမ်းမကြီး၊ နွားကူးဘူတာရုံလမ်းထောင့်ရှိ “ Paradise Barker ”  ကိတ်မုန့်နှင့်ပေါင်မုန့် ထုတ်လုပ်သည့် လုပ်ငန်းရှင်သို့ သွားရောက်တွေ့ဆုံခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမိုးမှ ကုန်စည်အုပ်စု (က) အစားအသောက်များမှ  အသင့်စားမုန့်အမျိုးအစားတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေ ထည့်သွင်းဖော်ပြရ မည်ဖြစ်ပြီး ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည် ဖြစ်သည့်အပြင် မိမိထုတ်လုပ်သည့် ကုန်စည်နှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းမှုကို အာမခံမှု ပေးရမည်ဖြစ်ကြောင်း၊ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အခက်အခဲတစ်စုံတစ်ရာရှိပါက မိမိတို့ဌာနသို့လာရောက် အကူအညီ တောင်းခံနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုပြည့်စုံပါက ဒေသတွင်းသာမက မြန်မာတပြည်လုံးသို့ ဖြန့်ဖြူးရောင်းချနိုင်မည်ဖြစ်ကြောင်း၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနသို့ မှတ်ပုံတင်လျှောက်ထားရန်နှင့်စည်ပင်သာယာမှ ထုတ်လုပ်ရောင်းချခွင့်လုပ်ငန်း လိုင်စင်ပြုလုပ်သွားရန် လိုအပ်ကြောင်း  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

           ဆက်လက်၍ ဦးစီးမှူးဒေါ်အေးအေးခိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ၊ ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှု မရှိပါက စားသုံးသူမှတိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီးဌာနနှင့် စားသုံးသူကာကွယ်ရေး ကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့်အချက်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များအား ဝေငှခဲ့ကြောင်း သိရှိရပါသည်။

           ဤကဲ့သို့ဒေသတွင်း တစ်ပိုင်တစ်နိုင်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများသို့ သွားရောက် အသိပညာပေးဆွေးနွေးခြင်းအားဖြင့် စားသုံးသူပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှုရှိ၍ အာမခံမှုပေးနိုင်သည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူနိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည့်အပြင် လုပ်ငန်းရှင်များအနေဖြင့်လည်း မြန်မာနိုင်ငံတစ်ဝန်းသို့ တင်ပို့ရောင်းချလာနိုင်ခြင်းဖြင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီပေးနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ