Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မူဆယ်မြို့နယ်အတွင်းရှိ တောင်သူများ၏ လတ်တလောအခက်အခဲများ

          မိုးဦးကျအချိန်ရောက်ရှိတော့မည့်ကာလတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်အတွင်းရှိ တောင်သူများ၏ သီးနှံစိုက်ပျိုးရန် အခက်အခဲများအား သွားရောက်မေးမြန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် အချိန်မှစ၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်မှုအပေါ်တွင် အာရုံစိုက်မှုနည်းပါးလာခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။

          ထိုဖြစ်စဉ်များမှာ ယခင်တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော စိုက်ပျိုးသီးနှံများမှာ ယခုအခါ တရုတ်ဂိတ်များ ပိတ်ပင်ထားမှုကြောင့် ရောင်းချရန်ခက်ခဲမှု၊ စိုက်ပျိုးသီးနှံမျိုးစေ့နှင့် ဓါတ်မြေဩဇာ စိုက်ပျိုးရေးသုံးပစ္စည်းများ ဝယ်ယူရန်အတွက် တရုတ်ငွေဈေးမြင့်တက်မှုအခြေအနေများ ကြုံတွေ့နေရသောကြောင့် တောင်သူအများစုမှာ စိုက်ပျိုးလုပ်ကိုင်ရန်အတွက် လတ်တလောအခက်အခဲများဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

          နီးစပ်ရာတောင်သူများနှင့် တွေ့ဆုံမေးမြန်းမှုများပြုလုပ်၍ ရရှိလာသောစစ်တမ်းများအရ ပြည် တွင်းဖြစ် စိုက်ပျိုးသီးနှံမျိုးစေ့နှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ ဝယ်ယူသုံးစွဲသွားပါက ငွေကြေးအခက်အခဲများ အဆင်ပြေလာမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများလည်း အချိန်မှီစိုက်ပျိုးသွားနိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ဒိုက်ဦးမြို့နယ်၊ ဗျိုင်းချယ်ကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

          ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဗျိုင်းချယ်ကျေးရွာ၌ ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့် ဖိတ်ကြားထားသောတောင်သူများ တက်‌ရောက် ၍  (၇.၆.၂၀၂၂) ရက်နေ့ ၊ နေ့လည် (၁:၀၀) နာရီတွင် ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် ဒိုက်ဦးမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဈေးကွက်အတွင်း ဝယ်ယူသုံးစွဲသောကုန်စည်များအပေါ်  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှ ရွေးချယ်ဝယ်ယူရန်၊ စားသုံးသူကာကွယ်ရေးဉပဒေအကြောင်းအရာပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) များအား ဖွင့်လှစ်ထားရှိမှုအခြေအနေများနှင့် တိုင်ကြားနိုင်သောနည်းလမ်းများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဝန်ဆောင်မှုဆောင်ရွက်နေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

           ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၁၄.၆.၂၀၂၂ ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ မိုးညှင်းမြို့ပေါ်ရှိ ဆံပင်ညှပ်ဆိုင်လုပ်ငန်းရှင်များ အားတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံဆွေးနွေးရာတွင် ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)က စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင် သည် စားသုံးသူအပေါ် ဝန်ဆောင်မှုပေးရာတွင် ဝန်ဆောင်မှုပေးခြင်းနှင့်စပ်လျဉ်းသည့် ဖော်ပြရမည့် အာမခံချက်များဖြစ်သည့် မိမိဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ မှန်ကန်သောသတင်းအချက်အလက်နှင့်ပြည့်စုံသောဝန်ဆောင်မှု အဆင့်အတန်း နှင့်အညီပြည့်ဝစွာပေးခြင်း၊ စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ စားသုံးသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်းများဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက်လုပ်ငန်းရှင်များက သိရှိလိုသည်များအားမေးမြန်းခဲ့ရာ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ပါသည်။

DOCA(ကချင်)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူးဦးဇော်လင်းအောင်(ခရိုင်ဦးစီးမှူး)စားသုံးသူရေးရာဦးစီးဌာနဦးဆောင်၍မိတ်ဖက်ဌာန များဖြစ်သောပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ဖြင့် (၁၃.၆.၂၀၂၂)ရက်နေ့   နံနက်(၁၀:၃၀)နာရီတွင်မြောင်းမြမြို့အတွင်းတရားမဝင်မော်တော်ဆိုင်ကယ်နှင့်တရားမဝင်ဆေးဝါး  များရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တရားမဝင်ကုန်သွယ်မှု လျော့နည်းပပျောက်စေရန်နှင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်မှုများအား လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ များ မှ ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်များနှင့်ဆေးဝါးရောင်းချသောဆိုင်များတွင်     တရားမဝင်ဆိုင်ကယ် များ ရောင်းချခြင်းရှိ/မရှိနှင့် တရားမဝင်ဆေးဝါးများရောင်းချခြင်းရှိ/မရှိ  သွားရောက်စစ်ဆေးခဲ့ ပါသည်။ဆိုင်ပိုင်ရှင်များအား စစ်ဆေးရခြင်း၏  ရည်ရွယ်ချက်များ ၊   အဖွဲ့အနေဖြင့်ရှင်းလင်းဆွေး နွေးခဲ့ပြီး စစ်ဆေးမှုကိုအပတ်စဉ်၊ လစဉ်စစ်ဆေးသွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်ပစ္စည်းနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချမှု စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများအရ စစ်ဆေးဖမ်းဆီး    အရေးယူသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဗန်းမော်ခရိုင်ပြောင်းလုပ်ငန်းရှင်များအသင်း ညှိနှိုင်းအစည်းအဝေး

          ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြောင်းလုပ်ငန်းရှင်များအသင်း ညှိနှိုင်းအစည်းအဝေးကို ၁၃.၆.၂၀၂၂ ရက်နေ့(၁၃:၀၀)အချိန်တွင် ဗန်းမော်ခရိုင်ပြောင်းလုပ်ငန်းအသင်းရုံး၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင်  စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးမှတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြောင်းလုပ်ငန်းအသင်းဝင် ဒေါ်ပုံ့ပုံ့ မှ တရုတ်ပြည်သူ့သမ္မနိုင်ငံသို့ ပြောင်းဆံများ တင်ပို့နိုင်ရေးအတွက် တရားဝင်မှတ်ပုံတင်လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးတင်ပြခဲ့ပြီး ပြောင်းလုပ်ငန်းရှင်များ အထောက်အကူဖြစ်စေရန် ရိုးမဘဏ်မှချေးငွေရယူနိုင်ရေးဆွေးနွေးခြင်း၊ ပြောင်းလုပ်ငန်းရှင်အသင်း အတွင်းရေးမှူးမှ ပြောင်းစိုက်တောင်သူများနစ်နာမှုမရှိစေရေးအတွက် အသင်းမှနေ့စဉ်ပေါက်ဈေးနှုန်း သတ်မှတ်ပြီး အသင်းမှချမှတ်ထားသည့်ဈေးနှုန်းအတိုင်း အသင်းဝင်များနှင့်ကုန်သည်များ ရောင်းဝယ်မှု ပြုလုပ်ရန်ပြောကြားခဲ့ပြီး နေ့စဉ်ဖြစ်ပေါ်နေသည့် ပြောင်းဈေးနှုန်းများကို အသင်းမှတာဝန်ယူကြီးကြပ် ၍ လူမှုကွန်ယက်ပေါ်တွင်အချိန်နှင့်တစ်ပြေးညီ နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးမှလည်း အသင်းအဖွဲ့အနေဖြင့် အကူအညီများလိုအပ်ပါက စားသုံးသူရေးရာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ကချင်)

ဒိုက်ဦးမြို့ရှိ ဓာတ်မြေြသဇာအရောင်းဆိုင်နှင့် ပိုးသတ်ဆေးအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင်ဦးစီးမှူး၊  ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ဇွန်လ ပထမပတ်တွင် ဒိုက်ဦးမြို့ပေါ်ရှိ ဦးမောင်မောင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်၊ ချင်ကွန်းအလှကုန်အရောင်းဆိုင်သို့ သွားရောက်၍ ဓာတ်မြေဩဇာ ဈေးနှုန်း/ဈေးကွက်အခြေအနေများ နှင့် အလှကုန်အရောင်းဆိုင်ရှိ ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ တို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဇွန် ပထမပတ် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယူရီးယား(လုံးကြီး) မြင်းပျံတစ်အိတ်လျှင် ၈၇၅၀၀ ကျပ်၊ ယူရီးယား (လုံးကြီး)  MC တစ်အိတ်လျှင် ၉၀၅၀၀ ကျပ်၊ ယူရီးယား (လုံးသေး) အာမို တစ်အိတ်လျှင် ၈၇၅၀၀ ကျပ်၊ ယူရီးယား (လုံးသေး)  သြဘာတစ်အိတ်လျှင် ၈၅၀၀၀ ကျပ် ၊ ယူရီးယား (လုံးသေး) ရွှေနဂါးတစ်အိတ်လျှင် ၉၈၀၀၀ ကျပ်၊ ယူရီးယား (လုံးသေး)  MPE တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်၊ တီစူပါ (သံကွင်း) တရုတ်တစ်အိတ်လျှင် ၇၉၀၀၀ ကျပ်၊ ရွှေကောမတ် (မြန်မာသြဘာ) တစ်အိတ်လျှင် ၉၂၀၀၀ ကျပ်၊ ပိုတက်( ဂျာမနီ) တစ်အိတ်လျှင် ၉၉၀၀၀ ကျပ်၊ ကွန်ပေါင်းအာမိုတစ်အိတ်လျှင် ၉၀၀၀၀ ကျပ်၊ ကွန်ပေါင်း (သြဘာ) တစ်အိတ်လျှင် ၉၀၀၀၀ ကျပ်ဖြစ်ကြောင်းသိရှိရပြီး တောင်သူများ သီးနှံစိုက်ပျိုးကာလဖြစ်သဖြင့် သွင်းအားစု အဝယ်လိုက်ခြင်းကြောင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ထို့နောက် အလှကုန်အရောင်းဆိုင်ရှိ ဆပ်ပြာခဲများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးရာ ပြည့်စုံမှန်ကန်မှုရှိသည်ကို  တွေ့ရှိရကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့(မြို့မဈေး)နှင့် ပြွန်တန်ဆာမြို့( စည်ပင်သာယာဈေး) အတွင်း စားအုန်းဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဈေးတာဝန်ခံများနှင့်အတူ ၈-၆-၂၀၂၂ ရက်နေ့တွင် ပဲခူးခရိုင် ညောင်လေးပင်မြို့(မြို့မဈေး) နှင့် ပြွန်တန်ဆာမြို့( စည်ပင်သာယာ) ဈေးအတွင်း ရောင်းချလျက်ရှိသော စားအုန်းဆီပင်ရင်းဆိုင်များအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့သွားရောက်စစ်ဆေးရာတွင် စားအုန်းဆီပင်ရင်းဆိုင်များတွင် ရောင်းချလျက်ရှိသော (Goody) ဟင်းသီးဟင်းရွက်ဆီ၊  (Meizan) ဟင်းသီးဟင်းရွက်ဆီ၊ (Meizan) နေကြာဆီ၊  (Lotus)ဟင်းသီးဟင်းရွက်ဆီ ၊  (Duck)ဘဲလေး ဟင်းသီးဟင်းရွက်ဆီ၊  (Good Choice) ဟင်းသီးဟင်းရွက်ဆီ အစရှိသော စားအုန်းဆီဗူးများတွင် ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေ၊ အခန်း(၁၈) ၊ ပုဒ်မ (၄၁) အရ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ ၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ (၂၀) ရက်နေ့တွင် ထုတ်ပြန်သော ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့်အညီ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အထက်ဖော်ပြပါ အချက်များနှင့် ကိုက်ညီမှုရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအရ သိရှိရပါသည်။

DOCA(ပဲခူး)

ဘီးလင်းမြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်း မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၄.၆.၂၀၂၂ ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်/ကျေးအုပ်ချုပ်ရေး မှူးများနှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်ရှိ ဆေးဆိုင် (၄) ဆိုင်အား ဆေးဝါးရောင်းချခွင့်လိုင်စင် အသစ်လျှောက်မှုအပေါ် ဆေးဆိုင်အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက သက်ဆိုင်ရာထောက်ခံချက်များ ပါရှိသော ဆေးဝါးများကိုသာရောင်းချကြရန် အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ ဖော်ပြပါရှိသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဆင့်ပွားသင်တန်းသို့ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့  ဒုတိယဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး တက်ရောက် အမှာစကားပြောကြား

          ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစိးဌာန၊ ပြည်နယ် ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌  ၂၀၂၂ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ နံနက်၉နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆင့်ပွားသင်တန်း အခမ်းအနားသို့ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဒုတိယဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်နေတဲ့ ဌာနတွေက ဝန်ထမ်းတွေအနေနဲ့ ဆက်စပ်ဌာနတွေရဲ့ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းတွေကို ပိုမိုကျေညက်စွာ သိရှိစေဖို့နှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းတွေကို ယခုထက်ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်နှင့် သင်တန်းတက်ရောက်ပြီးသွားကြတဲ့ သင်တန်းသားတွေအနေနဲ့ မိမိတို့ထုပ်ငန်းခွင်ကို ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းကလေ့လာသင်ယူခဲ့ရတဲ့  အသိပညာ၊ ဗဟုသုတတွေကို  ပေါင်းစပ်ခြင်းဖြင့် မြေပြင်မှာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၏ ပထဝီဝင် ထူးခြားချက်အရ အိမ်နီးချင်းနိုင်ငံများနှင့် အဓိက ကုန်သွယ်မှု ဆောင်ရွက်လျက်ရှိသော နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းနှင့် တာချီလိတ်(မယ်ယန်း) ကုန်သွယ်ရေးစခန်းတို့သည် ပြည်နယ်အတွင်းတည်ရှိနေပြီး နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဝင်ပေါက်/ထွက်ပေါက်များအပြင် တရုတ်နိုင်ငံနဲ့ မိုင်းလားနယ်စပ် ဝမ်တာပင်း စခန်း၊ မဲခေါင်မြစ်တွင် ဝမ်ပုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊ လာအိုနိုင်ငံနဲ့ ကျိုင်းလတ်ချစ်ကြည်ရေးတံတားတို့မှ နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိသောကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီ ဖြစ်ပါတယ်၊ ထို့သို့ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်နယ်အတွင်း စီးပွားရေး၊ လူမှုရေးကဏ္ဍများတိုးတက်လာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများပါ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်ဟု ပြောကြားခဲ့သည်။

          နယ်စပ်ကုန်သွယ်မှုများတွင် တရားဝင်တင်သွင်း/ တင်ပို့မှုလုပ်ငန်းများနှင့်အတူ တရားမဝင်ကုန်သွယ်မှုများလည်း ဖြစ်ပေါ်လာသည်ကို တွေ့ရှိရပါတယ်၊ အိမ်နီချင်းနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ကုန်မြေနယ်နိမိတ်ရှည်လျားစွာ ထိစပ်လျက်ရှိသော ရှမ်းပြည်နယ်ရှိ နယ်စပ်တရားမဝင် ဝင်ပေါက်/ထွက်ပေါက်များမှ နည်းမျိုးစုံဖြင့် တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုရှိနေသည်ကို တွေ့ရှိနေရပါတယ်၊ ကုန်သွယ်မှုလမ်းကြောင်းများတွင် အမြဲတမ်းစစ်‌ဆေးရေးစခန်းများ၊  ပူးပေါင်းစစ်ဆေးရေးစခန်းများ၊ ကင်းစခန်းများ ထားရှိသော်လည်း ရှောင်ကွင်း၍ ဖုံးကွယ်/သိုဝှက်ပြီး နည်းလမ်းမျိုးစုံဖြင့် သယ်ယူဖြတ်သန်းမှုများ ဖြစ်ပေါ်နေကြာင်း တားဆီဖမ်းဆီရမိမှု တင်ပြချက်များအရ သုံးသပ်တွေ့ရှိရပါကြောင်း ပြောကြားခဲ့သည်။

          ဖမ်းဆီးရမိမှုများတွင် စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးများ၊ မူယစ်ဆေးဝါးနှင့် ဓါတုကုန်ကြမ်းများ၊ လက်နက်ခဲယမ်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီရမိမှုများ များပြားသလို နိုင်ငံတော်အတွင်းမှ တရားမဝင်ကုန်သွယ်ဆောင်ရွက်ခဲ့တဲ့ သစ်တောထွက်သယံဇာတများ၊ ကျွဲ၊ နွားများ၊ ကျောက်စိမ်း၊ ကျောက်မျက်နှင့် တယံဇာတများ သတ္တုများ၊ ရှားပါးစာရင်းဝင် တိရတ္ဆန်များ၊ ပန်းမန်လ်နှင့် သစ်တောထွက်ပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုကြောင့် တရားဝင်ကုန်သွယ် မှုဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေသလို နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်ဘဏ္ဍာဆုံးရှုံးမှုများကိုလည်း ဖြစ်ပေါ်စေလျက်ရှိကြောင်း တွေ့ရှိရပါတယ်၊ ၎င်းအပြင် တရားမဝင်စာသောက် ကုန်များနှင့် ဆေးဝါးများ၊ အရည်အသွေးနိမ့်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံးဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ကြောင့် စားသုံးသူအများပြည်သူများ၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးစသည့် လူမှုဒုက္ခအကျိုးဆက်များကိုလည်း ခံစားနေရကြောင်း တွေ့ရှိရသည့်အတွက်ကြောင့် တရားမဝင်ကုန်သွယ်မှုအား ထိရောက်စွာဟန့်တားရန် လိုအပ်လျက်ရှိကြောင်းကိုလည်း တွေ့ရှိရပါကြောင်း ပြောကြားခဲ့သည်။

          ယနေ့ သင်တန်းတက်ရောက်လာတဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်သက်ဆိုင်တဲ့ ဌာနများမှ သင်တန်းသားများအနေ့ဖြင့် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စံပြုလုပ်ငန်းစဉ်များနှင့် အရေးကြီးသော ဆက်စပ်ဘာသာရပ်များကို သက်ဆိုင်ရာဌာနများက ပို့ချဆွေးနွေးသွားမှာ ဖြစ်ပါကြောင်း၊ သင်တန်းကာလအချိန်ရရှိမှုပေါ်မူတည်၍ သင်တန်းသားများကို အထိရောက်ဆုံးရှင်းလင်းတင်ပြချက် များနှင့် ဆွေးနွေးပို့ချသွားမှာဖြစ်လို့ သင်တန်းသားများအနေဖြင့် အစွမ်းကုန်လေ့လာသွားစေလိုကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ကုန်သွယ်မှုလုံခြုံရေးနှင့် လွယ်ကူချောမွေ့စေရေးကိုလည်း အဟန့်အတား အနှောက်အယှက်မဖြစ်စေဖို့ သတ်မှတ်ထားသောလိုက်နာရမည့် စုံပြုလုပ်ငန်းစဉ် များနှင့်အညီ စစ်ဆေးဆောင်ရွက်သွားကြရန်ပြောကြားလိုပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်အတွင်း တောင်ကြီး မြို့အပြင် မူဆယ်၊ လားရှိုး၊ တာချီလိတ်မြို့များမှာ ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရှမ်းပြည်နယ်အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်ပြည်တွင်းအခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်စားသုံးသူရေး ရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်သက်ဆိုင်သည့် ဌာနများမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများတက်ရောက်ကြပြီး အဆိုပါသင်တန်းအား (၈.၆.၂၀၂၂)မှ (၉.၆.၂၀၂၂)ထိ ဆောင်ရွက်ခဲ့ရာ သင်တန်းသား(၁၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ရှမ်း)

ဒိုက်ဦးမြို့နယ် ကတုတ်ရွာမကျေးရွာတွင် စိုက်ပျိုးရေး ၊မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

          ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင် ၊ ဒိုက်ဦးမြို့နယ် တာဝန်ခံသည် ကတုတ်ရွာမကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ တာဝန်ခံများနှင့်အတူ (၈.၆.၂၀၂၂) ရက်နေ့၊ နေ့လည် (၁)နာရီတွင် တောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပေးသင်တန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဉပဒေပြဌာန်းချက်ပါ စားသုံးသူ၏အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များမှ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည့် ဉပဒေပါအကြောင်းအရာများ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းအကြောင်းအရာများနှင့် စားသုံးသူပြည်သူတို့အနေဖြင့် ထိခိုက်နစ်နာမှုများရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာတို့အား အသိပေး ပြောကြား၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ