Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး မကွေးမြို့၊ မြို့မစျေးနှင့် ကန်သာစျေး၌ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ၂၀၁၉ မတ်လ ၁၅ ရက်နေ့တွင်ပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး  အတွက် စိုက်ပျိုးမွေးမြူသူတောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းအချက်အလက်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။

           မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှုးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း ဦးဆောင်သောအဖွဲ့သည် ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချလျှက်ရှိသောကုန်စည်များ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် (၂.၂.၂၀၂၂)ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် မကွေးမြို့ မြို့မဈေးနှင့် နံနက် (၁၀:၀၀)နာရီတွင် မကွေးမြို့ကန်သာဈေးတို့အား မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး အသင့်စားခေါက်ဆွဲ၊ ကြာဇံထုတ်များသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/မရှိ ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)နှင့် အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှု ရှိ/မရှိ တို့ကို ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          စားသောက်ကုန်ထုတ်လုပ်ရောင်းချသူ၊ ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဆိုင်တင်‌ရောင်းချရန်နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အရ အသင့်စားခေါက်ဆွဲ၊ ကြာဇံများ၌ “သုံးစွဲပုံ အညွှန်း၊ ထားသိုသိမ်းဆည်းပုံ အညွှန်းနှင့် ဓာတ်မတည့် ကြောင်းဖော်ပြချက်” များကို မြန်မာဘာသာဖြင့်မဖြစ်မနေဖော်ပြရမည်ဟု ဖော်ပြထားကြောင်း ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ၂၀၂၀.ခုနှစ်၊ မတ်လ(၁၆)ရက် နေ့မှစ၍ အာဏာသက်ရောက်နေပြီဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြမှုမရှိပါသည့် ကုန်စည်များကို ရောင်းချဖြန့်ဖြူးခွင့်မရှိကြောင်း၊  ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၇၃)အရ (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ကျပ်သိန်း(၂၀၀)ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ် (၂)ရပ်လုံးဖြစ်စေ အရေးယူမှုခံရနိုင်ကြောင်း အသိပေးရှင်းလင်းဆွေးနွေးခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့်ပတ်သက်၍ အခက်အခဲရှိပါက “စားသုံးသူရေးရာဦးစီးဌာန” သို့ လာရောက် ဆွေးနွေးတိုင်ပင်နိုင်ကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကိုယ်တိုင်ပင် စားသုံးသူများပင်ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးများ ဆုံးရှုံးနစ်နာမှုရှိခဲ့ပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်းနှင့် DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ doca.gov.mm (Website) တွင်လည်း ဝင်ရောက်လေ့လာတိုင်ကြားနိုင်ပါကြောင်း  ဆွေးနွေးပြောကြားခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

စားသုံးသူများလုံခြုံစိတ်ချရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဉီးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူ များသုံးစွဲသော ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခြင်း များကိုအဓိကထားဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကျောက်မဲခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ (၂၇-၁-၂၀၂၂) ရက်နေ့တွင် ကျောက်မဲမြို့၊ အမှတ်(၇)ရပ်ကွက်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ရွှေဖြူစတိုးဆိုင်နှင့် ရှင်းကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှု ရှိ/မရှိ ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဉပဒေတွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ် အသား ဆိုင်ရာများနှင့်ပတ်သက်သည့် အချက်အလက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင် ရွက်ရမည့် တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှု/ပြစ်ဒဏ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

မလှိုင်မြို့၊ ကူကြီးကုန်း အ.ထ.က(ခွဲ)တွင် စားသုံးသူကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲ ပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး (ဦးစီးအရာရှိ) ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့ ၊ နံနက်(၉း၃၀)အချိန်တွင် မလှိုင်မြို့၊ အ.ထ.က(ခွဲ)ကူကြီးကုန်းကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ  အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနသည် ယခင်နှစ် များက  အသိပညာပေးဟောပြောပွဲများ ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သော် လည်း Covid-၁၉ ရောဂါကူးစက်မှု အခြေအနေများကြောင့်CICC Meiktila Facebook Page (Online)မှ လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်သွယ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်များဖြင့်လည်းကောင်း၊ စားသုံးသူအသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့အခွင့်အရေးများဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာပါ က တိုင်ကြားနိုင်ပါ‌ကြောင်း၊ တိုင်ကြားမှုများကိုလည်းစားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေ ရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ 

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မလှိုင်မြို့နယ်တာဝန်ခံဦးရဲမြင့်ဆန်းက စားသုံးသူ ကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့တွင် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခု ပါဝင်သော ဥပဒေအသစ်ကို ပြင်ဆင်အတည်ပြု ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့၏အခွင့်အရေးများကို သိရှိမှသာ ကုန်စည်(သို့)ဝန်ဆောင်မှုများအပေါ် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်‌လာပါက အရေးဆိုတိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးများကို တိုင်ကြားမှုဥပမာများဖြင့် စားသုံးသူများသိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ လိုက်နာရမည့်တာဝန်များနှင့်ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးပြော ကြားခဲ့ပါသည်။ ၎င်းအပြင် အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားပြဌာန်းချက်နှင့်ပတ်သက်၍ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ အသုံးပြုသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် ဗဟုသုတများကို ပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိပါက DOCA Application နှင့် www.doca.gov.mm website တွင် ဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဆွေးနွေးခဲ့ပါသည်။  ဟောပြောပွဲတွင် ကျောင်းသား(၉၃)ဦး၊ ကျောင်းသူ (၁၂၆)ဦး၊ ဆရာ/ဆရာမ(၁၅)ဦး စုစုပေါင်း(၂၁၉)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲအား နံနက်(၁၁း၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)

ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

            စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူလူထုအား စားသုံးသူကာကွယ်ရေးအသိပညာပေးအစီအစဉ်များကို မြေပြင်အရောက်ကွင်းဆင်း၍သော်လည်းကောင်း၊ရုံးဌာနများတွင်ခေါ်ယူတွေ့ ဆုံ၍သော်လည်းကောင်း ၊ online မှ သော်လည်းကောင်း ၊ ရုပ်မြင်သံကြားအစီအစဉ်များဖြင့်လည်း ကောင်း ၊ facebookစာမျက်နှာများမှသော်လည်းကောင်း ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဖြင့်လည်းကောင်း နည်းမျိုးစုံဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

          ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလ(၂၀)ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ငါန်းဇွန် မြို့နယ် ဂျိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် နံနက် (၀၉:၃၀) မှ(၁၁:၃၀)နာရီ အချိန်ထိလည်းကောင်း ၊ (၂၁) ရက်နေ့မှာ ငါန်းဇွန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် နံနက် (၁၀:၃၀)မှ(၁၁:၃၀)နာရီအချိန်ထိလည်းကောင်း၊(၂၂)ရက်နေ့၌ကျောက်တလုံးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် နံနက်(၁၀:၀၀) မှ (၁၁:၃၀)နာရီ အချိန်ထိလည်းကောင်း မြို့ နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

              အဆိုပါဟောပြောပွဲများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းမှားသတင်းမှန်ခွဲခြားသိမြင်စေရေးနှင့်ပါတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲကြရန်နှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ကြောင်း ဟောပြောဆွေနွေးခဲ့ပြီး၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကိုယ်လက် လှုပ်ရှား အားကစားအလေ့အကျင့်များကြောင့် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်သည့် အပြင်အသိဉာဏ်ပညာဖွံဖြိုးရေးအတွက်လည်း အထောက်အကူဖြစ်စေကြောင်း စသည်ဖြင့်အားက စားနှင့်ပါတ်သက်၍ဟောပြောဆွေးနွေးခဲ့ပြီး အားကစားပစ္စည်းများပေးအပ်ခဲ့ပါသည်။၎င်းဟောပြောပွဲများ၌ ဂျိုကျေးရွာအခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ဆရာမနှင့်ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၅၀)ဦး ၊ ငါန်းဇွန်အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ဆရာမနှင့်ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၅၅) ဦးနှင့် ကျောက်တလုံးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ  ဆရာ၊ဆရာမနှင့်ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၃၃) ဦး အသီးသီးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။         

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး

ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရန် ညွှန်ကြားချက်၁/၂၀၂၁အားရှင်းလင်းဆွေးနွေး

              ၂၇.၁.၂၀၂၂ ရက်နေ့တွင်စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးသည် မင်းကုန်းရပ် ကွက်ရှိ ဗန်းမော်ပဲဆီသန့်ရောင်းဝယ်ရေးဆိုင်တွင် စားသုံးဆီထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်အား ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ဟင်းသီးဟင်း ရွက်ဆီ( Vegetable Oil, Cooking Oil)ဟူ၍ ဖော်ပြခြင်းမပြုဘဲ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံ၍ မြန်မာဘာသာဖြင့်တိကျစွာဖော်ပြရန်၊ ဥပမာ-ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟူ၍ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏ၊ အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ မရှိ သက်ဆိုင်ရာဦးစီးမှူးရုံးတွင် လျှောက်ထားရမည်ဖြစ်ကြောင်း၊ (၁/၂၀၂၁)ညွှန်ကြားချက်သည် ထုတ်ပြန်သည့် ၂၀.၁၂.၂၀၂၁ မှ (၆)လပြည့်မြောက်ပြီးသည့်နေ့တွင် စတင်အာဏာတည်မည်ဖြစ်ပါကြောင်း စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များကျခံရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန                          

ကချင်ပြည်နယ်        

 

အထူးဈေးနှုန်းဖြင့် ရောင်းချနေသော စက်သုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၇.၁.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ စက်သုံးဆီ (ဒီဇယ်ဆီ) များအား အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေသော MMTM (မြတ်မေတ္တာမွန်) ဆီဆိုင်သို့သွားရောက်၍ ဈေးနှုန်းများ၊ အချိန်အတွယ်ပမာဏများ ပြည့်စုံမှန်ကန်စွာ ရောင်းချမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

        ထိုသို့ စစ်ဆေးရာတွင် အဆိုပါ စက်သုံးဆီအရောင်းဆိုင်အနေဖြင့် နိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသော စက်သုံးဆီ (ဒီဇယ်ဆီ) များအပေါ် သက်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ (၂၀) လီတာဝင် စံခွက်ဖြင့် ချိန်တွယ်စစ်ဆေးပြီး အချိန်အတွယ်မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်)

သထုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

        မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၆.၁.၂၀၂၂ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

           ဆွေးနွေးပွဲတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ် ချက်ကို ရှင်းလင်းပြီး စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဦးစီးအရာရှိ ဦးအောင်ကျော်မင်း တို့က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ရည်မှန်းချက်တာဝန် (၄) ရပ်၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု များနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် လုပ်ငန်းရှင်တို့အကြား မျှတမှုရှိအောင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ စားသုံးသူတို့၏ အခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ရပ်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ရမည့် တာဝန် (၁၁) ချက်၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အခြားဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် စသည်တို့ကို ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးနေမှု အခြေအနေများ၊ စားသုံးသူပြည်သူများအနေဖြင့် ဈေးကွက် အတွင်း ကုန်ပစ္စည်းများကို သတိထားဝယ်ယူသုံးစွဲကြရေးစသည့် စားသုံးသူကာကွယ်ရေး ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်နိုင်ရေး သောက်ရေသန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်း/ခရိုင် ဦးစီးမှူးတို့၏ လမ်းညွှန်ချက်ဖြင့် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ထုတ်လုပ်လျက်ရှိသော ကုန်စည်များ တွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်နိုင်ရေးအ တွက် ရည်ရွယ်၍ (၂၆.၁.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မိတ်ဖက်ဌာနဖြစ်သော မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါသောက်ရေသန့်လုပ်ငန်းများသို့ သွားရောက်၍ တွေ့ဆုံဆွေးနွေးအသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သော သောက်ရေသန့်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်ရမည့်အပြင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) အရ ကုန်ပစ္စည်း၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာ ဖော်ပြခြင်းသည် စားသုံးသူအား မိမိတို့ထုတ်လုပ်သော ကုန်စည်နှင့်ပတ်သက်၍ ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်ပေးခြင်းဖြစ်သောကြောင့် လုပ်ငန်းရှင်များဘက်မှလည်း လိုက်နာဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သည့် သောက်ရေသန့်လုပ်ငန်းများ၏ ကုန်အမှတ်တံဆိပ်နမူနာများအား စိစစ်အတည်ပြုပေးနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ စာအုပ်နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

“သိစေချင်သည်....စားသုံးသူဆီ”

          ကျွန်တော်တို့နေထိုင်သည့် အမိမြန်မာနိုင်ငံတွင် လူဦးရေ သန်း (၅၀) ကျော်ရှိပါသည်။ လူမျိုး ပေါင်းစုံ၊ လူတန်းစားအလွှာပေါင်းစုံအသီးသီးရှိပြီး ထိုအထဲတွင်မှ နိုင်ငံတော်အကြီးအကဲများမှစ၍ အောက်ခြေလူတန်းစားအထိ အားလုံးဟာ နေ့စဉ်အစားအသောက်များ စားသောက်ကြရပါတယ်။ အသုံးအဆောင်ပစ္စည်းတွေ သုံးစွဲရပါတယ်။ ဝန်ဆောင်မှုတွေ ရယူကြရပါတယ်။ အဲဒီအခါမှာ  ယနေ့ မျက်မှောက်ခေတ်အနေအထားအရ အစားအသောက်တွေမှာ ဓါတုဆေးဝါးတွေပါဝင်လာတယ်၊ အသုံး အဆောင်ပစ္စည်းတွေမှာ အာမခံချက်နဲ့ မကိုက်ညီတဲ့ ပစ္စည်းတွေပါလာတယ်။ ဝန်ဆောင်မှု တွေမှာ အလိမ်အညာတွေပါလာတယ်။ ဒါကြောင့် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုတွေ များပြား လာတာကြောင့် နိုင်ငံတော်မှ စားသုံးသူပြည်သူများလုံခြုံစိတ်ချမှုရှိစေရန်ဆိုတဲ့ မျှော်မှန်းချက်ထား ပြီး ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်‌တော်ဥပဒေအမှတ် ၁၀ ဖြင့် စားသုံးသူ ကာကွယ်ပေးရေးဥပဒေကို ပြဌာန်းပေးခဲ့ပါတယ်။ ဥပဒေပြဌာန်းပြီးတဲ့နောက်မှာတော့ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ စားသုံးသူရေးရာဦးစီးဌာန (Department Of Consumer Affairs) ရယ်လို့ ခိုင်ခိုင်မာမာဖွဲ့စည်းနိုင်ခဲ့ပြီး စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြပါတယ်။ ရပ်ကွက်၊ ဈေး၊ အခြေခံပညာကျောင်းများတက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ တပ်ရင်း၊ တပ်ဖွဲ့အသီး သီးကိုသွားရောက်ပြီး စားသုံးသူအသိပညာပေး (awreness) လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စည်ပင်သာယာဈေးများနှင့် ရပ်ကွက် ဈေးဆိုင်များသို့ ကွင်းဆင်းပြီး ကုန်ပစ္စည်း၊ အစားအသောက်တွေမှာ ဓါတုဆေးဝါးများပါဝင်ခြင်း ရှိ/မရှိ FDA သို့ ပို့ဆောင်၍ စစ်ဆေး ခြင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်း၊ တိုင်ကြားမှုများကို ကွင်းဆင်းစီစစ်စစ် ဆေးခြင်း၊ မြို့နယ် ပြန်/ဆက်ရုံးများတွင် Talk Show အစီအစဉ်များပြုလုပ်ခြင်းများ လုပ်ဆောင်ခဲ့ကြပါတယ်။ သို့သော်လည်း ၂၀၁၄ စားသုံးသူ အကာ အကွယ်ပေးရေးဥပဒေမှာ အားနည်းချက်တွေ လိုအပ် ချက်တွေရှိနေတာကြောင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ နဲ့ စားသုံးသူကာကွယ်ရေးဥပဒေကို အသစ် ပြန်လည်ပြဌာန်းပေးခဲ့ပါတယ်။ ဒီနေရာမှာ ပြောချင်တာက ကျွန်တော်တို့ စားသုံးသူကာကွယ်ရေး ဥပဒေဟာ စီးပွားရေးလုပ်ငန်းရှင်များကို ဖိနှိပ်ချုပ်ချယ်ပြီး စားသုံးသူကိုကာကွယ်ပေးတာ မဟုတ် ပါဘူး။ စီးပွားရေးလုပ်ငန်းရှင်အပြုအမူ (Ethics) နှင့်အညီ ဂုဏ်သိက္ခာရှိစွာ၊ သမာသမတ်ကျစွာ လမ်းကြောင်းအမှန်ဆောင်ရွက်စေပြီး၊ စားသုံးပြည်သူများကို ကာကွယ်ပေးနိုင်ဖို့ဖြစ်ပါတယ်။ ထိုဥပ‌ဒေမှာ အခန်း (၂၅) ခန်း၊ ပုဒ်မ (၈၄) ခုပါဝင်ပါတယ်။

          စီးပွားရေးလုပ်ငန်း ရှင်လိုက်နာရမည့် တာဝန် (၁၁) ချက်၊ စားသုံးသူတွေလိုက်နာရမည့် တာဝန် (၄) ချက်နဲ့ (Consumer Rights) စားသုံးသူအခွင့်အရေး (၈) ချက်ပြဌာန်းထားပါတယ်။ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၊ စားသုံးသူရေးရာကော်မတီ၊ ရုံးချုပ်နေပြည်တော် နယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနများ၊ စစ်ဆေးရေးအရာရှိများ ခန့်အပ်၍ အဆင့်ဆင့်ဖွဲ့စည်းပြီး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို အချိန်နှင့်တပြေးညီ‌ ဆောင်ရွက်နေကြပါတယ်။ စားသုံးသူများအနေဖြင့် အခွင့်အရေးတွေကို မှန်ကန်တိကျစွာ ရယူနိုင်ဖို့ ဆိုလျှင် တာဝန်တွေကိုလည်း ကျေပွန်စွာ လိုက်နာ ဆောင်ရွက်ဖို့လိုအပ်ပါတယ်။

          စားသုံးသူ၏တာဝန်များ

          (က)    ကုန်စည် (သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန် ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊

          ( ခ)    ကုန်စည် (သို့) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့် အညီပေးချေခြင်း၊

          ( ဂ)    စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲ ပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊

          (ဃ)    အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့် ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ် နာစေရန် မဟုတ်မမှန်ပြောဆိုရေးသားပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း ဖြစ်ပါတယ်။

          စားသုံးသူ၏အခွင့်အ‌ရေးများ

          (က)    ကုန်စည် (သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေ နပ်မှုရရှိစေခြင်း၊

          ( ခ)    ကုန်စည် (သို့) ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊

          ( ဂ)    ကုန်စည် (သို့) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်း အချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက် အထားရယူခွင့်ရှိခြင်း၊

          (ဃ)    ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူစိတ် ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊

          ( င)    စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင် ကြားခွင့်ရရှိနိုင်စေခြင်း၊

          ( စ)    ကုန်စည် (သို့) ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာ ဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊

          (ဆ)    ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ၊ အခွင့်အရေးများ နှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊

          ( ဇ)    ပစ္စုပ္ပန်တွင်သာမက အနာဂါတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရရှိစေခြင်း တို့ဘဲဖြစ်ပါတယ်။

          ယင်းစားသုံးသူအခွင့်အရေး (၈) ချက်အား အာဆီယံနိုင်ငံများနဲ့ တန်းတူအခွင့်အရေးဖြစ်ပါ တယ်။ အဲဒီအခွင့်အရေးများထဲမှ တစ်ခုခုမရရှိဘဲ နစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်ရပြီဆိုလျှင် စားသုံး သူရေးရာဦးစီးဌာနရဲ့ Website ၊ E-mail တွေမှာဝင်ရောက်တိုင်ကြားနိုင်သလို ရုံးချုပ်တိုင်း ဒေသကြီး/ ပြည်နယ်၊ ခရိုင်ဦးစီးဌာန CICC ရုံးတွေမှာ လူကိုယ်တိုင် သို့မဟုတ် စာနဲ့ တိုင်ကြားနိုင်ပါတယ်။ ဖုန်းနဲ့လည်း တိုင်ကြားလို့ရပါတယ်၊ နစ်နာဆုံးရှုံးသည့် စားသုံးသူဘက်မှ မိမိတိုင်ကြားလိုတဲ့ အချက်အလက်၊ တိုင်ကြားလိုသည့်လုပ်ငန်း၏ လိပ်စာ၊ ဖုန်းနံပါတ်တို့ကို ပြည့်စုံမှန်ကန်စွာ တင်ပြပေးရမှာဖြစ်ပါတယ်။ ပြည့်စုံမှန်ကန်မှုမရှိလျှင် တိုင်ကြားချက်ကိုဖြေရှင်းဆောင်ရွက်ရာမှာ အခက်အခဲများရှိပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေမှာ စီးပွားရေးလုပ်ငန်းရှင် (Ethics) နှင့်အညီ ဆောင်ရွက်တာမျိုးရှိသလို အချို့အနည်းငယ်သော စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဝိသမလောဘ စိတ်ကြောင့် မသမာမှုဆောင်ရွက်တတ်ကြတာ အားလုံးအသိဖြစ်ပါတယ်။ စားသုံးသူတို့အတွေ့ အကြုံများအရ စားသုံးသူပြည်သူအချို့ဟာ ကိုယ်နှင့် သွေးမတော်သားမစပ် တစ်ကြိမ်တခါမှာ မမြင်ဖူးတဲ့လု်ပငန်းတွေမှာ ယုံကြည်မှုလွန်ကဲစွာဖြင့် ကျသင့်ငွေတွေအရင်ဦးဆုံးပေးချေပြီး FB- page တွေမှာ ပစ္စည်းတွေဝယ်ယူကြတဲ့အခါ ပစ္စည်းတွေသတ်မှတ် ရက်အတွင်း ရောက်မလာလို့ စားသုံးသူရေးရာဦးစီးဌာနကို ဖြေရှင်းဆောင်ရွက်ပေးရန် တိုင်ကြားလာခဲ့ကြပါတယ်။ တိုင်ကြားချက် အရ ဖြေရှင်းဆောင်ရွက်ပေးရန် တိုင်ကြားချက်ပါလုပ်ငန်း၏ တယ်လီဖုန်းနံပါတ်၊ လိပ်စာများသို့ ကွင်းဆင်းစစ်‌ဆေးတဲ့အခါ တယ်လီဖုန်းကစက်ပိတ်၊ လိပ်စာကအမှားများဖြစ်လို့ အခက်အခဲတွေ ကြုံတွေ့ပြီး စားသုံးသူရေးရာဥပဒေနဲ့ဖြေရှင်းလို့မရပဲ ငွေကြေး လိမ်လည်မှုရာဇဝတ်ကြောင်းအရသာ ဆက်လက်ဆောင်ရွက်သွားရတော့မှာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့်မှန်ကန်သော သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းအပါအဝင်၊ စားသုံးသူတာဝန်များကို တိကျစွာ လိုက်နာနိုင်ပြီး၊ စားသုံးသူအခွင့် အရေးနောက်ဆုံးအချက်ဖြစ်သည့် ကောင်းမွန်သာယာသော လူနေမှု အဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင်နေထိုင်ခွင့်ရရှိပါစေကြောင်း ရေးသားဖော်ပြအပ်ပါတယ်။

ကိုးကား= The Consumer Production Law (2019)

 DOCA(ရန်ကုန်)

ပဲခူးခရိုင်အတွင်းကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များကို ရှင်းလင်းဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန ပဲခူးခရိုင်ဦးစီးမှူး ဦးစိုးမိုးမှ ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ် နှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၆.၁.၂၀၂၂ ရက်နေ့ တွင် ပဲခူးမြို့ပေါ်ရှိ စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအား သွားရောက်တွေ့ဆုံပြီးဆွေးနွေး ခဲ့ကြပါသည်။

       အဆိုပါ အဖွဲ့သည် စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်၍   (Vegetable Oil , Cooking Oil) အမျိုးအမည်ဖော်ပြထားသော စားသုံးဆီများအား စားအုန်းဆီ (သို့မဟုတ်) အဆင့်မြင့် စားအုန်းဆီ ဟူ၍ ပြန်လည်ပြင်ဆင်ရောင်းချသွားရန်နှင့် အလေးချိန်များကိုလည်း မြန်မာ့အလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ကျပ်သားတို့ဖြင့် ဖော်ပြပေးရန်တို့ကို လည်းကောင်း၊ စားသုံးဆီများနှင့် ပတ်သက်၍  ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ  ၂၀.၁၂.၂၀၂၁ ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့်အညီ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူး သွားရန် နှင့် စားသုံးသူကာကွယ်ရေးဉပဒေပါ  ပြဌာန်းချက်များကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးပြီး နောက် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များပါဝင်သော လက်ကမ်းစာစောင်များ ကို ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ