Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မွန်ပြည်နယ်၌ သက်သာသောဈေးနှုန်းဖြင့်စားအုန်းဆီများအား စတုတ္ထအကြိမ်မြောက်ဆက်လက်ဖြန့်ဖြူးရောင်းချ

          မွန်ပြည်နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် မွန်ပြည်နယ်စားဆီနှင့် စားသောက်ကုန်စည် လုပ်ငန်းရှင်များအသင်းတို့ကပူးပေါင်း၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းထံမှ ခွဲဝေရရှိသော စားအုန်းဆီပိဿာချိန် (၁၆၅၀၀) အား တစ်ပိဿာလျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် ၁၈-၁-၂၀၂၂ ရက်နေ့မှစတင်၍ မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံမြို့နယ်များ အတွင်းရှိ စည်ပင်သာယာဈေးများမှတဆင့် မွန်ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်ပါသည်။ ဝယ်ယူလိုသူ စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ တယ်လီဖုန်းအမှတ် ၀၅၇-၂၀၂၄၃၁၈ နှင့် မွန်ပြည်နယ်စားဆီနှင့် စားသောက်ကုန်စည်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဖြစ်သူ ဒေါ်ခင်မေစီ တယ်လီဖုန်း အမှတ် ၀၉-၄၀၉၁၃၈၆၆၈ ထံသို့ ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးဆီများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြလာရေးအသိပေးဆွေးနွေး

     

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဦးစီးမှူး ဒေါ်ဌေးဌေးနှင့် မြို့သစ်မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်တို့သည်(၁၈.၁.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀)အချိန်၌ တောင်တွင်းကြီးမြို့ပေါ်ရှိ စားသုံးဆီရောင်းချ/ဖြန့်ဖြူးလျှက်ရှိသော လုပ်ငန်းရှင် (၇)ဦးအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင် ယခုအခါ စျေးကွက်အတွင်းရှိ စားသုံးဆီများအနက် အချို့သောစားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) ဟူ၍ ဖော်ပြပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှက်ရှိရာ အဆိုပါဖော်ပြချက်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာပြဌာန်းချက်အရ ကုန်စည်တစ်ခု၏အမျိုးအမည်မဟုတ်သည့်အပြင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြထားခြင်းမရှိသော ယေဘူယျဆန်သည့် အမျိုးအမည်တစ်ခုသာဖြစ်၍ စားသုံးသူများထင်ယောင်ထင်မှားဖြစ်စေသောကြောင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ(အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်သည့်အပြင် အသားတင်ပမာဏကိုဖော်ပြရာတွင် ပိဿာကျပ်သားဖြင့် ဖော်ပြပေးရမည်ဖြစ်ကြောင်း၊ (၂၀.၁၂.၂၀၂၁)ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး (၆)လပြည့်မြောက်သည့်နေ့ (၂၁.၆.၂၀၂၂)တွင် စားသုံးဆီများတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြထားခြင်း မရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထားသည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို “မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ’’ ဖော်ပြရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

         ထို့အပြင် အမှတ်တံဆိပ်ပါ စားသုံးဆီများကို ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်လိုက်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကျန်းမာရေးဦးစီးဌာန (FDA)ထောက်ခံချက်ပါရှိသော စားသုံးဆီများကိုသာ ရောင်းချဖြန့်ဖြူးသွားရန် အသိပေးဆွေးနွေးခဲ့ပါသည်။ ထိုသို့ စီးပွားရေးလုပ်ငန်းရှင်များသို့ ကွင်းဆင်းအသိပေးဆွေးနွေးခြင်းများဖြင့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထုတ်လုပ်လာမည်ဖြစ်သည့်အတွက် စားသုံးသူများအနေဖြင့် ဘေးကင်းလုံခြုံသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးလာနိုင် မည်ဖြစ်ပြီး ယုံကြည်စိတ်ချရမှု ပိုမိုရရှိလာစေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

 

ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တပင်ရွှေထီးစပါးရောင်းဝယ်ရေးက အဓိကထားဦးစားပေး

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်မြို့နယ် တလုပ်လပ်အရှေ့ကျေးရွာရှိ တပင်ရွှေထီးစပါးရောင်းဝယ်ရေးသို့ (၁၉.၁.၂၀၂၂) နေ့ နေ့လည်(၁၃:၀၀)အချိန်တွင် ကွင်းဆင်းလေ့လာ ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းလေ့လာဆောင်ရွက်မှုတွင် တပင်ရွှေထီး စပါးရောင်းဝယ်ရေး၏ ပိုင်ရှင် ဦးဒလစ်(ခေါ်)ဦးညဏ်ထွန်းမှ မိမိတို့စပါးရောင်းဝယ်ရေးသည် မအူပင်မြို့နယ်ရှိ တောင်သူများ စပါး အရည်အသွေးကောင်းရင် ကောင်းသလို အရည်အသွေးနိမ့်လျှင် နိမ့်သလို သင့်တင့်မျှတသော ဈေးကောင်းပေး၍ ဝယ်ယူသဖြင့် မအူပင်မြို့နယ်တွင်းရှိ ကျေးရွာအုပ်စု အများစုက တောင်သူများ လာရောက်ရောင်းချကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်လုပ်သော မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးရေး နည်းပညာများဖြင့် စိုက်ပျိုးထုတ်လုပ်စေပြီး မျိုးကောင်းမျိုးသန့် စပါးများကို ဈေးကောင်းပေး၍ သက်ဆိုင်ရာ ဆန်၊စပါးကုမ္ပဏီများဖြင့် ချိတ်ဆက်ရောင်းဝယ်မှု ပြုလုပ်လျှက် ရှိကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

          လက်ရှိဝယ်ယူနေသောဈေးများမှာ မနောသုခစပါးတင်း(၁၀၀)လျှင် (၆၉၀၀၀၀)ကျပ်၊ ဆင်းသုခစပါးတင်း(၁၀၀)လျှင် (၆၉၀၀၀၀)ကျပ်၊ နှံကားစပါးတင်း(၁၀၀)လျှင် (၆၄၀၀၀၀)ကျပ် အရောင်းအဝယ် ဖြစ်နေပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်မှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက အရည်အသွေး မြင့်စပါးများ သိုလှောင်နိုင်ရန်အတွက် သိုလှောင်ရုံကို စပါးများ မသိုလှောင်မှီ သန့်ရှင်းရေး ဆောင်ရွက်၍ ပိုးသက်ဆေးများဖြန့်ဝေခြင်း စပါးများသိုလှောင်စဉ် လေခေါင်းတိုင်များ ထားရှိပေး ခြင်းဖြင့် စပါးအရည်အသွေးများ ပိုမိုကောင်းမွန်၍ အရည်အသွေးမြင့် ဈေးကွက်ဝင်ဆန်များ ရရှိလာနိုင်မည့် အကြောင်းများကို အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီးမြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေးတာဝန်ခံရုံး၌ စားသုံးဆီလုပ်ငန်းရှင်အား အသိပညာပေးဟောပြော

          ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေးတာဝန်ခံရုံး၌ (၁၇.၁.၂၀၂၂)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ စားသုံးဆီလုပ်ငန်းရှင် များအား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်  စားသုံးသူကာကွယ် ရေးဥပဒေပါအချက်များအား အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးပွွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၁၁)ဦးတက်ရောက်ပြီး၊ မြို့နယ် တာဝန်ခံမှ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်သည့် အမိန့်ကြော် ငြာစာ (၅၂၄/၂၀၂၁)ပါအချက်များဖြစ်သော အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်နှင့် အမှတ် တံဆိပ်ပါ စားအုန်းဆီတို့အာ ထိန်းချုပ်အစားအသောက်အဖြစ်သတ်မှတ်လိုက်ကြောင်း၊ စီးပွားရေး  လုပ်ငန်းရှင်များအနေဖြင့် FDA ထောက်ခံချက်လိုင်စင်ရှိမှသာ ရောင်းချခွင့်ရှိကြောင်း၊ ဟင်းသီး ဟင်းရွက်ဆီ Vegetable Oil, Cooking Oil နှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ညွှန်ကြားချက်ကို (၂၀.၁၂.၂၀၂၁)ရက်နေ့ ညွှန်ကြားချက် (၁/၂၀၂၁)ဖြင့် ထုတ်ပြန်ခဲ့ပြီး၊ ကုန်အညွှန်းဖော်ပြရာတွင် ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာ သာဖြင့်ဖော်ပြရန်၊ ကုန်စည်၏အသားတင်ပမာဏနှင့်အရွယ်အစားတို့အား ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့် (၆)လပြည့်မြောက်မည့် (၂၁.၆.၂၀၂၂)ရက်နေ့နောက်ပိုင်းအာဏာ သက်ရောက်မည်ဖြစ်၍ လိုက်နာဆောင်ရွက်မှုမရှိသော လုပ်ငန်းရှင်များအားဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ  စီးပွားရေးလုပ်ငန်းရှင်၏  တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုက်နာဆောင် ရွက်ရမည့်အချက်များကို  ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည့်စုံဈေးအတွင်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

ရန်ကုန် မြို့၊ ဇန်နဝါရီလ ( ၁၉ ) ရက်

          ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ကုသရေးဆေးဝါးများအား စားသုံးသူပြည်သူများအနေဖြင့် ဈေးနှုန်းမှန်ကန်စွာဖြင့် လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အရှေ့ပိုင်းခရိုင်အတွင်းရှိ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ရွှေပြည့်စုံဈေးမှ လက်လီ/ လက်ကားရောင်းချနေသော ဆေးဆိုင်များသို့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ပထမပတ် တနင်္လာနေ့နှင့် ဒုတိယပတ် တနင်္လာနေ့တို့တွင် သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ရွှေပြည့်စုံဈေးမှ ဈေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဈေးအတွင်းရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် လက်လီ/ လက်ကားရောင်းချနေသော ဆေးဝါး(၃၉)မျိုး၊ ကိုဗစ်ကာကွယ်ကုသဆေး (၃၄)မျိုးတို့၏ ဈေးနှုန်းများနှင့် လွယ်ကူစွာ ရောင်းချ ပေးနိုင်ခြင်း/ ဝယ်ယူနိုင်ခြင်း ရှိ/မရှိ တို့ကို စစ်ဆေးရာတွင် ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ် တို့မှာ ဈေးနှုန်းသိသာစွာ ပြောင်းလဲသွားခြင်းမရှိဘဲ ဈေးနှုန်းတည်ငြိမ်မှန်ကန်စွာ အလွယ်တကူ ဝယ်ယူရရှိနေပြီဖြစ်ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး)

ဒေသထွက်ကုန်တိုးမြှင့်ရေး SMEs လုပ်ငန်းများအား ကူညီပေး

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီး မှူးရုံးအနေဖြင့် ဒေသတွင်းရှိ တစ်ပိုင်တစ်နိုင် ထုတ်လုပ်၊ ရောင်းချသည့်လုပ်ငန်းရှင်များအား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ထောက်ခံချက်ရရှိရေး ကြားခံဝန်ဆောင်မှုဖြင့် ကူညီ ဆောင်ရွက်ပေးလျက်ရှိရာ  (၁၈.၁.၂၀၂၂)ရက်နေ့(၁၄:၀၀)နာရီအချိန်တွင် “Honey” တံဆိပ်အမည် ဖြင့် ကိတ်နှင့် မုန့်မျိုးစုံ ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းရှင်က စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးသို့ သက်ဆိုင်ရာဌာန၏အသိအမှတ်ပြုထောက်ခံချက်ရရှိရေး ချိတ်ဆက်ဆောင် ရွက်ပေးပါရန် လာရောက်အကူအညီတောင်းခံလာသဖြင့်  ဒုတိယပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူ များသည် လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး လိုအပ်သောစာရွက်စာတမ်း၊ အထောက်အထားများပြည့်စုံမှန် ကန်စေရေး ထုတ်လုပ်ရောင်းချမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ချက်များအား ဦးစွာမေးမြန်း ကြပါသည်။

          ဒုတိယပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် စားသုံးသူရေးရာဦးစီးဌာနမှ ချမှတ်ထား သော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် အချက်အလက်များ ပြည့်စုံစွာဖော်ပြနိုင်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အတွက် ထုတ်လုပ်မှုအဆင့်ဆင့်တွင် သန့်ရှင်းမှုရှိစေရေး၊ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း နှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးတို့ကို လုပ်ငန်းရှင်အနေဖြင့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် လက်ကမ်း စာစောင်များပေးဝေ၍ ဝန်ဆောင်မှုအနေဖြင့် သက်ဆိုင်ရာဌာန၏အသိအမှတ်ပြုထောက်ခံချက်ရရှိ ရေးအတွက် ဆက်လက်ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

           ဒေသတွင်း ထုတ်လုပ်ရောင်းချသည့် SMEs လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး ခြင်းဖြင့် စားသုံးသူများအနေဖြင့် ဘေးကင်းလုံခြုံသော ကုန်ပစ္စည်းများကို ဝယ်ယူစားသုံးနိုင်မည် ဖြစ်ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း ဖြန့်ဖြူးရောင်းချမှုအပိုင်းတွင် ကုန်အညွှန်းအမှတ် အသားသတ်မှတ်ချက်များကို ပြည့်စုံစွာထည့်သွင်းဖော်ပြလာမှုရှိလာမည်ဖြစ်ပြီး ထုတ်လုပ်မှုအပိုင်း တွင် အရည်အသွေးပြည့်မီ၍ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များကို ထုတ်လုပ်လာနိုင် မည်ဖြစ်သည့်အပြင် မိမိတို့ဒေသတွင်းစားသုံးမှုသာမက အခြားဒေသများသို့လည်း အဆင့်ဆင့်ပိုမို တင်ပို့ရောင်းချနိုင်မည်ဖြစ်ပါ၍ SMEs လုပ်ငန်းရှင်များအား တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက် ပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ရှမ်းပြည်နယ်)

လုပ်ငန်းရှင်များ အသိပညာဗဟုသုတတိုးပွားရေး စားသုံးသူအသိပညာပေး

              စားသုံးသူရေးရာဦးစီးဌာ၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၈.၁.၂၀၂၂) နေ့  နံနက် (၁၀:၀၀)နာရီတွင် မအူပင်မြို့နယ်၊ (၁)ရပ်ကွက်ရှိ သင်ဖျာလုပ်ငန်းရှင်များအား စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်၍ အသိပညာပေးမှုကို ဆောင်ရွက်ခဲ့ပါသည်။

              အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးမှ စားသုံးသူကာကွယ်ပေးရေးဥပဒေပါ လုပ်ငန်းရှင်တို့၏ တာဝန်နှင့် ဝတ္တရားများကို ဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ပေးရေးနှင့် ပတ်သက်၍ သိကောင်းစရာများကိုလဲ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။ တက်ရောက်လာသော လုပ်ငန်းရှင်များကလည်း ပြန်လည်မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး

 

တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အမှတ်စဉ် (၅/၂၀၂၂) တွင်စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

            ၁၄.၁.၂၀၂၂ ရက်နေ့၊နေ့လည်(၁:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်ပြီး ဝန်ထမ်းသုံးဦးပါဝင်သောအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ဖွင့်လှစ်ပို့ချပေးသော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အမှတ်စဉ် (၅/၂၀၂၂) သို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

            ဟောပြောဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက တက်ရောက်နေသော သင်တန်းသူ/သားများအား ဦးစွာမိတ်ဆက်ပြီး စားသုံးသူရေးရာဦးစီးဌာနအမည်ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) နှင့် မှားယွင်းသိနေကြ၍ ၎င်းဦးစီးဌာနနှစ်ခုအကြောင်းကို ကွဲပြားအောင်ရှင်းလင်း ဆွေးနွေးလိုသဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဗဟုသုတများမပြောကြားခင် DOCA နှင့် FDAတို့၏ ဝန်ကြီးဌာန တိုင်းအဆင့်/ခရိုင်-မြို့နယ်အဆင့် ရည်မှန်းချက်များ၊ ဌာနနှစ်ခုတွင် အသုံးပြုကျင့်သုံးနေသည့် ဥပဒေအမည်များနှင့် ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများအကြောင်း သင်တန်းသူ/ သားများအား ယှဉ်တွဲပြောပြပြီး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

         ဆက်လက်၍ မိမိတို့ဦးစီးဌာနတွင် ကျင့်သုံးနေသော စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။ ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ကြောင်း ယခုသင်တန်းသား/သူများတွင် အချို့က သင်တန်းပြီးလျှင် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင် ကြမည့်သူများ ပါဝင်သဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)တွင် ပါဝင်သော စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ဖြင့် အသေးစိတ်ရှင်းလင်းပြောကြား ပြီး ဥပဒေပါတားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသူ/သားများအား လက်ရှိသင်တန်းဆင်းပြီးသွားလျှင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြမည်ဖြစ်၍ လုပ်ငန်းရှင်ဟု မြင်သာအောင်ဆွေးနွေးပြောကြားခဲ့သော်လည်း တစ်ဖက်ကကြည့်လျှင် စားသုံးသူများဖြစ်ကြောင်း၊ ပြည်သူများသည် စားသုံးသူများဖြစ်သည့်အတွက် စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးများရှိကြောင်းနှင့် စားသုံးသူအခွင့်အရေး(၈)ရပ်ကို မြင်သာအောင် ရှင်းလင်းဆွေးနွေးခဲ့ပြီး ယင်းအခွင့်အ‌ရေးများ နစ်နာဆုံးရှုံးခဲ့ပါက စားသုံးသူရေးရာဦးစီးဌာန တိုင်းနှင့်ပြည်နယ်များရှိ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံရေးစင်တာ (CICC) များတွင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး သင်တန်းသူ/ သားများကလည်း သိလိုသည်များ အပြန်အလှန်ဆွေးနွေး ပြောကြားခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးသည်  စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မိတ်ဖက်ဌာနမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၁၉.၁.၂၀၂၂) ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ ရွှေကြာပင်ရပ်ကွက်ရှိ မြို့မဈေးအတွင်း စားသောက်ကုန်ရောင်းချသည့် ဈေးဆိုင်(၇)ဆိုင်သို့ မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) နှင့် ပူးပေါင်း၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ FDA မှ ဈေးကွက်အတွင်း နမူနာကောက်ယူ၍ ဓါတ်ခွဲစစ်ဆေးချက်အရ စားသုံးရန်မသင့် စားသောက်ကုန်ပစ္စည်း(၃၅)မျိုးအား ဈေးဆိုင်များတွင် ရောင်းချခြင်းရှိ/မရှိကို ပူးပေါင်းဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး၊ ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်အချို့ကို စစ်ဆေးတွေ့ရှိရ၍  ဈေးကွက်အတွင်းမှ အမြန်ဆုံးပပျောက်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိမ်းဆည်း၍ ဖျက်ဆီးခဲ့ပါကြောင်း သိရှိရပါသည်။

         ထုတ်လုပ်ရောင်းချဖြန့်ဖြူးရောင်းဝယ်ဖောက်ကားသူ ဈေးဆိုင်ပိုင်ရှင်များကိုလည်း စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)တွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌါန်းချက်များနှင့်ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက ဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းမှုအပေါ် ရောင်းချဖြန့်ဖြူးသူတို့မှလည်း သိရှိနားလည်ပါကြောင်း၊ ဝန်ခံကတိပြုခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

 

ကရင်ပြည်နယ် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

            ကရင်ပြည်နယ် ဘားအံမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်နေ့ နံနက် (၁၀:၂၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

            ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးအေးက Talk Show ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။

          ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ  ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဌာန၏ မျှော်မှန်းချက်ဖြစ်သော “စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်”နှင့် ရည်မှန်းချက်ဖြစ်သော  (၁) စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ (၂)ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ရန်၊ (၃) ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်၊ (၄) ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန် ရှင်းလင်း‌ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဉပဒေကို မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပထမဦးဆုံးအကြိမ် စတင်ပြဌာန်းခဲ့ပြီး စတင်ပြဌာန်းခဲ့သည့် အချိန်မှစ၍ လိုအပ်ချက်များတွေ့ရှိရပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုဆိုင်ရာ အားနည်းနေသည်ကို ပြင်ဆင်ပြီး ၂၀၂၀ ပြည့်နှစ် မတ်လ ၁၅ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဉပဒေအသစ်ကို ပြန်လည်ပြင်ဆင် ပြဌာန်းခဲ့ပါကြောင်း ဆွေးနွေးခဲ့ပါသည်။  

          ဆက်လက်၍ စားသုံးသူများထိခိုက်နစ်နာမှုမရှိစေရန်အတွက် စားသုံးသူများ၏ အခွင့်အရေးအပြည့်အဝရရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များဖြစ်သော စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၃)အရ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်စည်များပေါ်တွင် အဓိကပါဝင်ရမည်အချက်များမှာ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များ ပါဝင်ရမည်ဖြစ်ကြောင်း အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

        ထို့နောက် ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ပတ်သက်၍ မလိုက်နာသည့်အတွက် ဖြစ်ပေါ်လာမည့် မှိုဆိပ် ( Aflatoxins) အကြောင်းနှင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သိရှိစေရန် အသိပညာပေးများကို နောက်လများတွင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ထုတ်လုပ်မှုအစီအစဉ်အား (၁၀:၅၀)အချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကရင်ပြည်နယ်

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ