Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရေတာရှည်မြို့နယ် စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းသို့ကွင်းဆင်းစိစစ်

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲ တာဝန်ခံများ၊ ရေတာရှည်မြို့နယ်တာဝန်ခံတို့နှင့်အတူ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ UKM ပဲစပ်ဆီထုတ်လုပ်သည့်လုပ်ငန်းသို့ သွားရောက်ပြီး လုပ်ငန်းရှင် ဦးမျိုးဝင်းအောင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့်ပြဌာန်းချက်များကို ဆွေးနွေးခဲ့ပါသည်။

        မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့သည် ၂၇.၁၁.၂၀၂၁ နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၅၂၄/၂၀၂၁ ကို ထုတ်ပြန်ခဲ့ပြီး အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်နှင့် အမှတ်တံဆိပ်ပါ စားသုံးဆီများကို ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်လိုက်ကြောင်း၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀.၁၂.၂၀၂၁ နေ့တွင် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို ထုတ်ပြန်ခဲ့ပြီး ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) အမျိုးအစား များနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန်၊ ဥပမာ - ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ) စသည်ဖြင့် ဖော်ပြရန်၊ ကုန်စည်၏ အသားတင် ပမာဏနှင့် အရွယ်အစားတို့အား မြန်မာယူနစ်အလေးချိန်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာ ဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားကြောင်း၊ ၎င်းညွှန်ကြားချက်သည် စတင်ထုတ်ပြန်ပြီး ၆ လ ပြည့်သည့်နေ့တွင် အာဏာတည်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

          ထို့နောက် ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် UKM စားသုံးဆီအရောင်းဆိုင်အတွင်း ရောင်းချလျှက်ရှိ သော စားသုံးဆီများ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုကို ကြည့်ရှုစစ်ဆေးပြီး စားသုံးဆီဘူး များတွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများသည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၃ ပါ မြန်မာဘာသာဖြင့်ဖော်ပြရန် ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ အမှတ်တံဆိပ်ပါ စားသုံးဆီများကို ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်ထားပါသဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ထောက်ခံချက်ကို ရယူရန်လိုအပ်ကြောင်း အကြံပြု မှာကြားခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မော်လမြိုင်ကျွန်းမြို့ ဖိုင်ဘာဂလပ်စ်လုပ်ငန်း ကွင်းဆင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြိုနယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၁.၁.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မော်လမြိုင် ကျွန်းမြို့နယ် အမှတ်(၁)ရပ်ကွက် စိန်ပန်းပတ်လမ်းရှိ ဦးနေဇော်ထွေး၏ မြတ်ဖိုင်ဘာဂလပ်စ် လုပ်ငန်းသို့ကွင်းဆင်း လေ့လာခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် အသေးစား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးအတွက် မြတ်ဖိုင်ဘာဂလပ်စ်လုပ်ငန်းအနေဖြင့် နိုင်ငံတကာအဆင့်မီ အရည်အသွေးနှင့် ကုန်ကြမ်းများဖြစ်သော ကော်ရည်၊ ရိုင်လိပ်၊ ခြောက်ဆေးတို့ကို အချိုးကျရောစပ်၍ အချိုးအစား ကျနလှပသော အာမခံဖိုင်ဘာဂလပ်စ် ပဲ့ထောင်အမျိုးမျိုး (၃)ယောက်စီး ဖန်စီဘုတ်အမျိုးမျိုး၊ ရေ တိုက်ကီဆိုဒ်မျိုးစုံတို့ကို ထုတ်လုပ်ရောင်းချပြီး သုံးစွဲသူများစိတ်တိုင်းကျအော်ဒါစနစ်ဖြင့်  ဆောင် ရွက်ပေးလျှက်ရှိကြောင်း ဖြန့်ဖြူရောင်းချမှုအနေဖြင့် မြို့နယ်အတွင်းနှင့်အနယ်နယ်အရပ်ရပ်သို့ အော်ဒါစနစ်ဖြင့် မှာယူခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တစ်လလျှင်အော်ဒါ(၅)စီးခန့် လုပ်ရကြောင်း၊ ဈေးနှုန်းများအနေဖြင့် (၁၈)ပေ ပဲ့ထောင်တစ်စီးလျှင် (၈၅၀၀၀၀)ကျပ်၊ (၂၄)ပေ ပဲ့ထောင်(၁၄၅၀၀၀၀)ကျပ်၊ (၃၀)ပေပဲ့ထောင် (၂၄၀၀၀၀၀)ကျပ်၊ (၁၈)ပေဖန်စီဘုတ် တစ်စီးလျှင် (၈၀၀၀၀၀)ကျပ်နှုန်းနှင့် ရေတိုင်ကီ (၁၅၀)ဂါလံဆံ့(၁၇၅၀၀၀)ကျပ်၊ (၂၀၀)ဂါလံဆံ့(၂၁၀၀၀၀)ကျပ်၊ (၄၀၀) ဂါလံဆံ့(၃၅၀၀၀၀)ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိဈေးကွက်စောင့်ကြည့်စစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်းနှင့် ဝန်ထမ်းများသည် (၁၄.၁.၂၀၂၂)ရက်နေ့(၁၃:၀၀)နာရီတွင် မြစ်ကြီးနားမြို့၊ရှမ်းစုတောင်ရပ်ကွက်နှင့် မင်းရပ်ရပ်ကွက်ရှိ စားသုံးဆီရောင်းချသည့်ဆိုင်များသို့ သွားရောက်၍ ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်းပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ ဆောင်ရွက်ထားရှိမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ဈေးကွက်အတွင်းရှိ စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီဆောင်ရွက်သွားရန်နှင့် လိုက်နာ ဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကချင်ပြည်နယ်)

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်း စားသုံးသူအခွင့်အရေးဆိုင်ရာ သိကောင်း စရာများ အသိပညာပေး Talk Show အစီအစဉ်ကို အိမ်မဲမြို့နယ်၌ (၁၃.၁.၂၀၂၂) ရက်နေ့တွင် လည်းကောင်း၊ မော်ကျွန်းမြို့နယ်၌ (၁၄.၁.၂၀၂၂) ရက်နေ့တွင်လည်းကောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk  Show  ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ (၂/၂၀၁၉) ကြေငြာချက်နှင့် (၁/၂၀၂၁)ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံရေးစင်တာ(CICC) သို့ တိုင်ကြားနိုင်သည့်အပြင်  online မှ တိုင်ကြားလိုပါကလည်း www.doca.gov.mm website မှလည်းကောင်း၊ DOCA Myanmar Mobile Application မှလည်းကောင်း တိုင်ကြားနိုင်ကြောင်းစသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

ကျိုက်လတ်မြို့နယ်၊ ဒေသထွက်ကုန် ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်များအသင်း ဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေး

          ကျိုက်လတ်မြို့နယ်တွင် Covid-19 ကာလအတွင်းဒေသ ထုတ်ကုန်လုပ်ငန်းများထုတ်လုပ်မှု နှေးကွေးလျက်ရှိရာ ပြန်လည်ဦးမော့လာစေရေးနှင့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးစိုးမင်းထိုက်သည် ငါးရံ့ခြောက်ဖုတ်လုပ်ငန်း ရှင်အသင်းများနှင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီတွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါဆွေးနွေးပွဲတွင်မြို့နယ်တာဝန်ခံကလက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့်အခက်အခဲများ၊ ဈေးနှုန်း‌ဈေးကွက်အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအားမေးမြန်းခဲ့ရာ အသင်းဥက္ကဌ ဦးဇော်မင်းဦးက ရောင်းဝယ်ဖောက်ကားမှုအနေဖြင့် ယခင်နှစ် ငါးရံ့ကုန်ကြမ်းဝယ်ဈေးမှာတစ် ပိဿာလျှင်(၄၇၀၀/၄၈၀၀)ကျပ်ဈေးသာရှိပြီး  ယခုနှစ်တွင်(၅၈၀၀/၆၀၀၀)ကျပ်ထိ ဈေးမြင့်တက်လာပါကြောင်း၊ ယခင်နှစ်ကာလများက ကုန်ကြမ်းကို မြို့ပေါ်မှာ အထိုင်ဖြင့်ဝယ်ယူရရှိပြီး ယခုနှစ်တွင် အင်းချောင်းများရှိသည့် ခမုံကျေးရွာ၊ ဖောင်ရိုးဆိပ်ကျေးရွာများသို့ ကွင်းဆင်းဝယ်ယူနေရပါကြောင်း၊ လုပ်ငန်းရှင်တစ်ဦးလျှင် ထုတ်လုပ်နိုင်မှု ကုန်ကြမ်း တစ်နှစ်စာ ပျှမ်းမျှ ပိဿာ (၁၀,၀၀၀)ခန့် ဝယ်ယူလေ့ရှိသော်လည်း ယခုနှစ်တွင်   လိုချင်သည့်  ငါးအရွယ်အစားမရသဖြင့်   ပိသာ (၅,၀၀၀) ခန့်သာ ဝယ်ယူထားရှိကြောင်း၊ တပို့တွဲလဝက်ခန့်တွင် ငါးခွဲလို့ရမည့် အရွယ်အစားဖြစ်လာမှာဖြစ်၍ ကျန်အချိန်ပိဿာ ၅,၀၀၀ ကို စောင့်ဆိုင်းဖြည့်တင်းဝယ်ယူရမှာဖြစ်ကြောင်းဆွေးနွေးပါသည်။

          ဆက်လက်၍ အတွင်းရေးမှူး ဦးထွန်းထွန်းကငါးရံ့ အချိန် ၁၀ပိဿာခွဲလျှင် ဈေးကွက်ဝင် ငါးရံ့ခြောက်ဖုတ် ၁ ပိဿာ ရရှိကြောင်း၊ ယခင်နှစ်က ငါးခွဲလုပ်သားခ ငါး အချိန်ပိဿာ (၁၀) ခွဲလျှင် ကျပ် (၃၀၀၀) ၊ယခုနှစ်တွင် ကျပ် (၄၀၀၀) ပေးရကြောင်း၊ ကုန်ကြမ်းဝယ်ယူစရိတ်၊ သယ်ယူစရိတ်၊ လုပ်သားစရိတ်၊ ထုပ်ပိုးစရိတ်နှင့် ထုပ်ပိုးပစ္စည်းစရိတ်အဖက်ဖက်က ဈေးမြင့်တက်လာသလို ဈေးကွက်ဖြန့်ဖြူးရာတွင်လည်း ယခင်နှစ်များကဲ့သို့ နယ်စုံ တင်ပို့ရောင်းချ၍ မရသဖြင့် ဒေသတွင်းနှင့်ရန်ကုန်ဈေးကွက်၊ City Mark များကိုသာ အဓိကထားပြီးရောင်းချနေရကြောင်း၊ ယခင်နှစ်က (၆)ကျပ်သားတစ်ဘူးကို ကျပ် (၅၀၀၀) ၊(၁၂)ကျပ်သားတစ်ဘူးကို ကျပ် (၁၀၀၀၀) ရောင်းချခဲ့ပြီး ယခုအခါ ယင်းဈေးဖြင့် တွက်ချေမကိုက်သဖြင့် ဈေးမြင့်တင်ရောင်းချမှသာလျှင် တွက်ချေကိုက်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များတင်ပြဆွေးနွေးမှုအပေါ် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုဘဲ အလေးချိန်အား (၆)ကျပ်သား အစား (၅)ကျပ်သား၊ (၁၂)ကျပ်သား အစား (၁၀)ကျပ်သား လျော့၍ မူလဈေးနှုန်းအတိုင်းရောင်းချပါက ဖြစ်နိုင်ချေရှိ/မရှိစဉ်းစားစေချင်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ၊ လျော့နိုင်သမျှလျော့နည်းအောင် ကြိုးစားထုတ်လုပ်ရန်နှင့် တွက်ချေကိုက်သော လုပ်ငန်းများဖြစ်စေရေး၊ ဈေးကွက်တင်ပို့ရာတွင်လည်း ကုန်အညွှန်းအမှတ်အသားများအား သတ်မှတ်ချက်နှင့်အညီမှန်ကန်စွာဖော်ပြပါရှိရေး၊ ဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ၏ လိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်များက အလေးချိန်လျော့၍ မူလဈေးနှုန်းအတိုင်း ရောင်းချသွားမည်ဖြစ်ကြောင်းဆုံးဖြတ်ခဲ့ကြပါသည်။

          အဆိုပါဆွေးနွေးပွဲသို့ ငါးရံ့ခြောက်ဖုတ် လုပ်ငန်းရှင်အသင်းမှ လုပ်ငန်းရှင်(၁၁)ဦးတက်ရောက်  ခဲ့ကြောင်းသတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီ)

သနပ္ပင် မိုးစပါး စိုက်ပျိုးထွက်ရှိမှု အခြေအနေ

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ် တာဝန်ခံသည် သနပ္ပင်မြို့နယ်အတွင်းရှိ   ၂၀၂၁ခုနှစ် မိုးရာသီလယ်သမားများစိုက်ပျိုးခဲ့သည့် မိုးစပါးများ တစ်ဧက ထွက်ရှိမှုများနှင့် ပတ်သက်၍ ၆.၁.၂၀၂၂ ရက်နေ့တွင် သွားရောက်မေးမြန်းခဲ့ပါသည်။

       လယ်သမားများသည် ယခုနှစ်မိုးရာသီတွင် မိမိတို့စိုက်ပျိုးခဲ့သော စပါးအမျိုးအစားများမှာ ဧရာခင်း စပါး အမျိုးအစားနှင့် ဆင်းသုခစပါး အမျိုးအစားများဖြစ်ပြီး ၎င်းတို့စိုက်ပျိုးခဲ့သော လယ်ဧကများတွင် ကြဲခင်းစိုက်ပျိုးခြင်းနှင့် စိုက်ခင်းစိုက်ပျိုးခြင်းစနစ် (၂) မျိုးဖြင့် စိုက်ပျိုးခဲ့ကြောင်း၊ ကြဲခင်းစိုက်ပျိုးရာတွင် ဓါတ်မြေသြဇာသုံးစွဲခြင်းမရှိပါက တစ်ဧကလျှင် ၄၅ တင်းနှုန်းထွက်ရှိပြီး ဓါတ်မြေဩဇာ သုံးစွဲပါက တစ်ဧကလျှင် ၆၅တင်း ထွက်ရှိကြောင်း၊ စိုက်ခင်းစိုက်ပျိုးရာတွင် ဓါတ်မြေသြဇာအား မဖြစ်မနေ သုံးစွဲစိုက်ပျိုးသည့်အတွက် တစ်ဧက ထွက်ရှိနှုန်းအားဖြင့်  ၈၅ တင်းနှုန်း ထွက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ယခုနှစ်မိုးရာသီ စပါးစိုက်ဧကမှာ ၄၀ ဧကရှိပြီး စပါးထွက်ရှိမှုမှာ တင်းပေါင်း ၂၆၀၀တင်းထွက်ရှိ၍ ပျှမ်းမျှတစ်ဧက ထွက်ရှိနှုန်းမှာ ၆၅ တင်းထွက်ရှိကြောင်း၊ ထွက်ရှိလာသောစပါးများကို ဝမ်းစာနှင့် မျိုးစပါးများ ချန်ထားပြီး ပိုလျှံသောစပါးများကို တစ်တင်းလျှင် ၁၆၂၀ဝိ/နှုန်းဖြင့် ရောင်းချကာရရှိလာသော အကျိုးအမြတ်‌ဖြင့် ဆောင်းသီးနှံစိုက်ပျိုးမှုများအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

အထူးစျေးနှုန်းဖြင့်ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍  လက်ပံတန်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၂.၁.၂၀၂၂ ရက်နေ့၌ လက်ပံတန်းမြို့နယ်ရှိ ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ စက်သုံးဆီတို့၏ အရည်အသွေး ၊ အချိန်အတွယ် ပြည့်ဝမှန်ကန်မှု ရှိစေရေးနှင့် သတ်မှတ်ထားသည့် ခွဲ့တမ်းများ စျေးနှုန်းများ မှန်ကန်မှုရှိစေရေး စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

         အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်တို့ အနေဖြင့် မိမိတို့ ရောင်းချသော ကုန်စည်တို့နှင့်ပတ်သက်သော သတင်းအချက်အလက်များအား အများပြည်သူတို့ ရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် ပြည့်စုံမှန်ကန်စွာ သတင်းဖြန့်ဝေကြရန် ၊ သတ်မှတ်အရည်အသွေး ပြည့်မှီသော စက်သုံးဆီများကိုသာ ရောင်းချကြရန် အထူးစျေးနှုန်းဖြင့် ရောင်းချမည်ဆိုပါကလည်း စည်းကမ်းချက်များနှင့်အညီ မှန်ကန်စွာ ရောင်းချကြရန် အသိပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ဘီးလင်းမြို့နယ် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show ) ပြုလုပ်ခြင်း

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ် တာဝန်ခံဦးမျိုးလွင်နှင့် ဝန်ထမ်းတို့သည် (၁၀.၁.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေး(Talk Show)တွင် မြို့နယ်တာဝန်ခံ ဦးမျိုးလွင်မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှု အကြောင်းအရာများ၊ စားသုံးသူတို့၏ အခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းမှ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်(၁၁)ချက်နှင့် စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ဖော်ပြရမည့် အချက်အလက်များကိုလည်းကောင်း စားသုံးသူတို့မှ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်အခွင့်အလမ်းများနှင့် တင်ပြရမည့် အထောက်အထားများကိုလည်းကောင်း အများပြည်သူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မွန်ပြည်နယ်)

မုန့်တီဖတ်(မုန့်ဖတ်)လုပ်ငန်းများအား ရှောင်တခင် စစ်ဆေးပြုလုပ်ခြင်း

           ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းမှ ပူးပေါင်းအဖွဲ့ (FDA ၊ ကျန်းမာရေး ၊ ထွေ/အုပ်၊ စည်ပင် ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့) ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်  (၁၄-၁-၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီ မှ (၁၂:၀၀)နာရီထိ စစ်တွေမြို့ပေါ်ရှိ   မုန့်တီဖတ်လုပ်ငန်းများသို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။ကွင်းဆင်းစစ်ဆေးရာတွင် မုန့်တီဖတ်လုပ်ငန်း ဆောင်ရွက်ရာ၌ သန့်ရှင်းသန့်ရပ်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ မုန့်ဖတ်ထုတ်လုပ်ပုံ အဆင့်ဆင့်အား မေးမြန်းခြင်း၊ သန့်ရှင်းမှုအားနည်းသော မုန့်ဖတ်လုပ်ငန်းရှင်များအား ကျန်းမာရေးနှင့် ညီညွတ်စွာဆောင်ရွက်မှုရှိစေရေး၊ စားသုံးသူကာကွယ်ရေး၊ ဘေးဥပါဒ်အန္တရာယ်မဖြစ်ပေါ်စေရေး၊ တာရှည်ခံဆေး (Formalin) သုံးစွဲမှုရှိ/မရှိ စစ်ဆေးရန်အတွက် ချက်ချင်းကားပေါ်ဓါတ်ခွဲစက် (Mobile Lab) ဖြင့် ဓါတ်ခွဲစစ်ဆေးမှုပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ရာ  (Formalin) အသုံးပြုထားခြင်းများမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။ မုန့်တီဖတ် (မုန့်ဖတ်)များမှာ အသင့်စားအစားအစာဖြစ်၍ သန့်ရှင်းမှုရှိစေရေး၊ မုန့်ဖတ်ထုတ်လုပ်မှု အဆင့်ဆင့်တွင်လည်း သန့်ရှင်းစွာထုတ်လုပ်စေရေးနှင့် မုန့်တီဖတ်(မုန့်ဖတ်) ထုတ်လုပ်ရာတွင် တာရှည်ခံဆေး (Formalin) လုံးဝသုံးစွဲမှု မပြုလုပ်စေရေး အသိပေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရခိုင်ပြည်နယ်

ကျိုက်မရောမြို့နယ် မြို့မဈေးနှင့် ရန်ကြီးအောင်ဈေး၌ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

      စားသုံးသူရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် (၁၁.၁.၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီက ကျိုက်မရောမြို့နယ်ရှိ မြို့မဈေး၊ ရန်ကြီးအောင်ဈေးတို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရပါသည်။  ဈေးကွက် စစ်ဆေးဆောင်ရွက်မှုတွင် ကျိုက်မရောမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆံဆက်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ နှင့်ပူးပေါင်း၍ အဆိုပါဈေးတို့၌ ရောင်းချနေသော စားသောက်ကုန်စည်မုန့်များ၊ အလှကုန်ပစ္စည်းတို့အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ထုတ်ကုန်များအားရောင်းချမှုရှိ/မရှိ၊ ဘေးအန္တရာယ်မရှိသောကုန်စည်များရှိ/မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများအား သတ်မှတ်ချက်များနှင့်ဖော်ပြထားရှိမှုရှိ/မရှိ တို့အား စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြရန်လိုအပ်သောကုန်စည်တချို့အား လိုက်နာဆောင်ရွက်မှုရှိစေရန်၊ ကိုက်ညီသောကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် ကုန်စည်တို့အားသတိပေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ်

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ