Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“မိတ္ထီလာခရိုင်အတွင်းရှိ စားအုန်းဆီလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း”

            စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ်  မေလ ၁၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ စားအုန်းဆီလက်လီ/လက္ကားရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများအား ဖြန့်ဖြူး သယ်ယူပို့ဆောင်ရာ တွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ 

          လုပ်ငန်းရှင်များနှင့်ဆွေးနွေးရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများသုံးစွဲနိုင်ရေး၊ စားသုံးဆီများ အရည် အသွေးပြည့်မီရေး၊ စျေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ပြည်ပမှစားအုန်းဆီများ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်လျှက်ရှိပြီး ရည်ညွှန်းစျေးနှုန်းများကိုလည်း ထုတ်ပြန်ပေးလျက် ရှိရာ ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှ စတင်၍ စားအုန်းဆီများ ဖြန့်ဖြူးသယ်ဆောင်ရာတွင် ဆီလုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်ဆီ သိုလှောင်ကန် များမှ ဆီများကို လာရောက်ထုတ်ယူရာတွင် သတ်မှတ်ထားသည့် အဝါရောင်ပီပါအသစ် (သို့မဟုတ်) သန့်စင် ဆေးကြောပြီး အဝါရောင်ပီပါများဖြင့်သာ ထုတ်ယူခွင့် ပြုသွားမည်ဖြစ်ကြောင်းနှင့် စျေးကွက်အတွင်း ဖြန့်ဖြူးရာ ၌ ဓါတုဗေဒပစ္စည်းများထည့်သွင်း အသုံးပြုထားသည့် ပီပါများတွင်ထည့်သွင်းအသုံးမပြုရန်၊ အစားအစာအရည် အသွေးသတ်မှတ်ချက်နှင့် ကိုက်ညီသော ပီပါအသစ်၊ သန့်စင်ပြီးသောပေပါများ၊ Consumer Pack များကို အသုံးပြုရန်နှင့် စျေးကွက်အတွင်း ဖြန့်ဖြူးမည့် ထုတ်ပိုးပစ္စည်းများပေါ်တွင် “ စားသုံးဆီများတင်သွင်း၊ သို လှောင်၊ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ” ထံမှ ခွင့်ပြုချက်ရရှိပြီးသည့် သက်ဆိုင်ရာ ကုမ္ပဏီ၏ Cap Seal များ ဖြင့် ချိတ်ပိတ်၍ ကုန်အမှတ်တံဆိပ် (Logo) များ ကပ်နှိပ်ပေးသွားရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်၊၊

            ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးဆီများ၌ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil နှင့် Cooking Oil)ဟူ၍ ဖော်ပြခြင်းမပြုပဲ ပါဝင်ပစ္စည်းများကို အခြေခံ၍ မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရန် ကုန်စည်၏ အသားတင်ပမာဏ၊ အရွယ်အစားကိုလည်း မြန်မာ့ အလေး ချိန်ယူနစ်ဖြစ်သော ပိဿာ/ကျပ်သားတို့ဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း ၊ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ) ၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ) ဟူ၍ ဖော်ပြရမည်ဖြစ်ကြောင်းကို စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်(၁/၂၀၂၁)နှင့်ပတ်သက်၍ (၂၀.၆.၂၀၂၂) ရက်နေ့တွင်စတင် အာဏာသက်ရောက်မည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်အား လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် ပြောင်းလဲတပ်ဆင်နိုင်ရေးအတွက် သက်ဆိုင်ရာ ကုမ္ပဏီများသို့ အသိပေး လှုံဆော် အကြောင်းကြားပေးရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာခရိုင်အတွင်းရှိ ကုန်စုံဆိုင်များနှင့်ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း”

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ဆပ်ပြာခဲများအား ကုန်အညွှန်းအမှတ်အသားပါ ဖော်ပြချက်များနှင့် အမှန်တကယ်ကိုက်ညီမှုရှိ/မရှိ၊ ဆေးပလာစတာများတွင် Inport Registration No (IR) များ ပါ၊မပါ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသည့် ပူးပေါင်းအဖွဲ့များနှင့်အတူ ၂၀၂၂ခုနှစ် မေလ (၁၀)ရက်နေ့ ၊ နံနက် (၉း၃၀) အချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          အဆိုပါ ကုန်စုံဆိုင်များတွင် ဆပ်ပြာခဲများ၏ အလေးချိန်မှန်ကန်မှုရှိ၊ မရှိစစ်ဆေးခြင်းနှင့် ဆေးဆိုင်များတွင် ဆေးဝါးများ၊ Mask ၊ Handgel၊ စံမမှီဆေးဝါးများနှင့် တားမြစ်ဆေးဝါး ထိန်းချုပ် ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ၊ စျေးနှုန်းများ မှန်ကန်မှုရှိစေရေးနှင့် စျေးနှုန်းများ အဆမတန်မြင့်တင်၍ စျေးကစားခြင်းများ မပြုလုပ်စေရေးရည်ရွယ်၍ သွားရောက် စစ်ဆေးခဲ့ပါသည်။ ရောင်းချနေသော ဆေး၊ဆေးပစ္စည်းများပေါ်တွင် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့် ကုမ္ပဏီ၊ တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Inport Registration No (IR) များ‌ဖော်ပြပါရှိသည့် ဆေးနှင့်ဆေးပစ္စည်းများကိုသာ စျေးကွက်အတွင်းရောင်းချခွင့်ရှိကြောင်း   ဆွေးနွေးပြောကြား ခဲ့ပါသည်။ဆက်လက်၍ စျေးကွက်အတွင်း ဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်းလိုအပ်ချက်များ အား မေးမြန်းဆွေးနွေးခဲ့ရာ ဆေးဝါးများပြတ်လတ်မှုမရှိပါကြောင်းနှင့် ဆေးကုမ္ပဏီများမှ လိုအပ်သလောက်မှာယူနိုင်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာမြို့နယ် မြို့သစ်စျေးအတွင်းရှိ ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

           စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေး အန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ‌ဒေါ်စိမ်းစိမ်းထွေးနှင့်ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ မေလ ၁၃  ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ မြို့သစ်စျေးအတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ စားသောက်ကုန်နှင့် မုန့်မျိုးစုံတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်းရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် အရောင်းဆိုင်များအား လက်ရှိရောင်း ချနေသော ကုန်စည်များတွင်ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေး (၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြလာစေရန်ရည်ရွယ်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဖြစ်ကြောင်းနှင့်၂၀၂၀ခုနှစ်၊မတ်လ(၁၆)ရက်နေ့မှစ၍စတင်အာဏာသက်ရောက်နေပြီဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်နှင့်ပတ်သတ်၍ ပါဝင်ရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့်ကြောင်း‌ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေထည့်သွင်း ဖော်ပြရမည် ဖြစ်ကြောင်း၊ အဆိုပါ အချက်အလက်များပါဝင်သည့် စားသောက်ကုန်များကိုသာ ရောင်းချ သွားရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူ ကာကွယ်ရေးဥပဒေပုဒ်မ (၇၃)အရ (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ်သိန်း (၂၀၀)ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ အရေးယူမှုများပြုလုပ်နိုင်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် အခက်အခဲရှိပါက စားသုံး သူရေးရာ ဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ ကိုယ်တိုင် စာသုံးသူများပင်ဖြစ်ကြောင်း၊ စာသုံးသူအခွင့်အရေးဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www. doca.gov.mmတွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တောင်ငူခရိုင်အတွင်း သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးများစစ်ဆေး

            တိုင်းရင်းဆေးပညာဦးစီးဌာနမှ အများပြည်သူသုံးစွဲရန် မသင့်သောဆေးဝါးဖြစ်ကြောင်း ကြေညာထားသည့် အာရှရွှေကြယ် အမှတ်တံဆိပ် အဆစ်အမျက်ရောင်ရောဂါသောက်ဆေးများနှင့် Online ပေါ်တွင်ရောင်းချနေသည့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် ရသေ့ဆေး (သို့) ထိုင်းဗိန်းတောဆေးများ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ရာတွင် လိုက်ပါဆောင်ရွက်ပေးနိုင်ပါရန် တိုင်းရင်းဆေးပညာဦးစီးဌာနမှ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူး များ၏ ညှိနှိုင်းချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံဒေါ်သန္တာစိုး နှင့် ဝန်ထမ်းများသည် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းအေးဦးဆောင် သော ဝန်ထမ်းများနှင့်အတူ မေလ ၂၁ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့ပေါ်ရှိ တိုင်းရင်းဆေးရောင်းချသည့် ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            အလားတူ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် တိုင်းရင်းဆေးပညာဦးစီး ဌာန၊ ရေတာရှည်မြို့နယ်ဦးစီးမှူး ဒေါ်မေနှင်းဦးဆောင်သော ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံတို့နှင့်အတူ ရေတာရှည်မြို့ပေါ်ရှိ တိုင်း ရင်းဆေးရောင်းချသည့် ဆေးဆိုင်များသို့ သွားရောက်၍ အာရှရွှေကြယ် အမှတ်တံဆိပ် အဆစ်အမျက်ရောင်ရောဂါသောက်ဆေးများနှင့် ရသေ့ဆေး (သို့) ထိုင်းဗိန်းတောဆေးများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးစစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တောင်ငူခရိုင်အတွင်း ဖြူးမြို့နယ်နှင့် ရေတာရှည်မြို့နယ် တို့၌ အဆိုပါဆေး ၂ မျိုးကို ရောင်းချခြင်းမရှိသည်ကို တွေ့ရှိရကြောင်းနှင့် မြို့နယ်တာဝန်ခံများက တိုင်းရင်းဆေးများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန် ညွှန်ကြားထားပြီးဖြစ်ပါသဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ဆေးဝါးများကိုသာရောင်းချရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာတွင်  လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

             စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုး နှင့် ဝန်ထမ်းများသည် (၂၅.၅.၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) မှ (၁၂:၃၀) နာရီအချိန်ထိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ နန်းတော်ကုန်းကျေးရွာရှိ ကုန်မျိုးစုံဆိုင် လုပ်ငန်းရှင် ၇ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။       

               အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဌာနဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သော ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်ပြီး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြပါသည်။

          ၎င်း ဟောပြောပွဲတွင် ဓနုဖြူမြို့နယ်မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ လုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့် တာဝန်များနှင့်  တားမြစ်ချက်များအကြောင်း၊ မည်သည့်လုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ပေးရေးဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ပြစ်မှုပြစ်ဒဏ်များအကြောင်း အကျယ်ဝင့် ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါကလည်း doca.gov.mm Websiteတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးမှ အပြန်အလှန်ရှင်းလင်းဖြေကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တောင်ငူခရိုင်အတွင်း စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်း ကောက်ယူပြီးစီး

              စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၏ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာရှိမှုနှင့် စွမ်းဆောင်ရည်မည်မျှရှိသည်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သိရှိနိုင်ရန်အတွက် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းကို ကောက်ယူလျှက်ရှိရာ တောင်ငူ ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်တမ်းမေးခွန်းလွှာ အစောင် ၅၀ ကို မြို့နယ်လေးခုတွင် ကောက်ယူခဲ့ရာ

          ခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်သောအဖွဲ့သည် မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ရေတာရှည်မြို့နယ်အတွင်းရှိ ရေတာရှည်နှင့် ရေနီဒေသများမှ လူဦးရေ ၂၀ ဦးကိုလည်းကောင်း၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူဦးဆောင်သောအဖွဲ့သည် မေလ ၉ ရက်နေ့မှ ၁၇ ရက်နေ့အထိ တောင်ငူမြို့ပေါ်ရှိ ပြည်တော်သာ၊ ခြင်္သေ့ဦး၊ ဇေယျာခင်ဦးနှင့် တောင်ကွေ့ဈေးအရပ်တို့မှ လူဦးရေ ၁၀ ဦးကိုလည်းကောင်း၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်ဦးဆောင် သော အဖွဲ့သည် မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ အုတ်တွင်းမြို့နယ်အတွင်းရှိ အုတ်တွင်း၊ ကျွဲပွဲနှင့် ညောင်ခြေထောက်ဒေသတို့မှ လူဦးရေ ၁၀ ဦးကိုလည်းကောင်း၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုး ဦးဆောင်သော အဖွဲ့သည် မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖြူးမြို့နယ်အတွင်းရှိ ဖြူးနှင့် ဇေယျဝတီဒေသတို့မှ လူဦးရေ ၁၀ ဦးကိုလည်းကောင်း စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းကို ကောက်ယူပြီးစီးပြီး ဖြစ်ပါသည်။

            စစ်တမ်းကောက်ယူရာတွင် ပြည်သူများသို့ စားသုံးသူပညာပေးမှုလုပ်ငန်းများ၊ စားသုံးသူ ထိခိုက်နစ်နာမှုနှင့် စပ်လျဉ်း၍ ကုစားမှုအစီအစဉ်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့် စားသုံးသူများ သိရှိရမည့် သတင်းအချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် ပြဌာန်းချက်များအပေါ် သိရှိမှုအခြေအနေစသည့်အချက်များကို အခြေခံသည့် စစ်တမ်းမေးခွန်းလွှာကို တိုက်ရိုက်မေးမြန်းကောက်ယူကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဆန်၊ ပဲ၊ ပြောင်း ရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

              စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် ၂၃.၅.၂၀၂၂ ရက်နေ့တွင် ဆန်၊ ပဲ၊ ပြောင်း ရောင်းဝယ်ရေးလုပ်ငန်းရှင်များအား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

            ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) တွင် အခန်း(၂၅)၊ ပုဒ်မ(၈၄)ခုပါဝင်ပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်စည်/ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အာမခံထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်မည့်အခွင့်အရေး၊ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါတားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

DOCA(ကချင်)

 

 

ဈေးကွက်အတွင်း စားသုံးဆီ ရောင်းချဖြန့်ဖြူးခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး ဆီကုန်သည်/ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး  ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျှက်ရှိပြီး စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် ထိန်းကျောင်းဆောင်ရွက်လျှက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူ ပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ရန်ကုန် အထိုင်ဈေး (အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်း) ထုတ်ပြန်ကြေညာခြင်း၊ အခြေခံရည်ညွှန်း ဈေးနှုန်းအပေါ်  အခြေခံ၍ သက်ဆိုင်ရာဒေသအရောက် ကုန်ကျစရိတ်များ တွက်ချက်၍ စားအုန်းဆီ တစ်ပိဿာ အရင်းဈေးနှုန်းများ ထုတ်ပြန်ပြီး လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး ဆောင်ရွက်လျှက်ရှိရာ ဈေးကွက်အတွင်း စားအုန်းဆီ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချမှုအခြေအနေများနှင့် ပတ်သက်၍ ( ၂၃.၅.၂၀၂၂ ) ရက်၊ တနင်္လာနေ့၊ နေ့လည် ( ၃:၃၀ ) နာရီအချိန်တွင် မကွေးမြို့၊ ကုန်စည်ဒိုင်ခန်းမ၌ မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဆီကုန်သည်များကို  မကွေးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

              အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုကို ယခင် တစ်လလျှင် တန်ချိန် (၈၀၀၀၀) ခန့် တင်သွင်းနေရာမှ ယခုအခါ တစ်လတန်ချိန် (၅၀၀၀၀)ထိ လျော့ချ၍ တင်သွင်းလျှက်ရှိကြောင်း၊ ဖြန့်ဖြူးမှုအပိုင်းတွင် စားသုံးသူပြည်သူများ ဘေးအန္တရယ်ကင်းရှင်းစေရေးအတွက် Food Grade အဆင့်ရှိ Yellow Colour New Drum ၊ Clean Drum များ အသုံးပြု၍ သယ်ယူဖြန့်ဖြူးရန် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းပြီး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျှက်ရှိ ကြောင်း၊ ဆီများ ဝယ်ယူရာတွင် အတွင်း/ အပြင် သန့်ရှင်းသော အဝါရောင်ပီပါများဖြင့် ထည့်သွင်း ဝယ်ယူရန် သတ်မှတ်ချက်အား ( ၁၅.၆.၂၀၂၂ ) ရက်နေ့မှစ၍ လိုက်နာဆောင်ရွက်ရမည်ဖြစ်၍ ဆီလုပ်ငန်းရှင်များအနေဖြင့် မဖြစ်မနေ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆက်လက်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျှက်ရှိသော ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil , Cooking Oil ) များနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးအတွက် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံ၍ အမျိုးအမည် ဖော်ပြရန်နှင့် အလေးချိန်ကို ပိဿာ/ ကျပ်သားတို့ဖြင့် ဖော်ပြရန် ညွှန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ၎င်းညွှန်ကြားချက်မှာ ( ၂၀.၆.၂၀၂၂ ) ရက်နေ့မှစ၍ အာဏာတက်ရောက်မည်ဖြစ်၍ လိုက်နာခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည့်အခြေအနေများ၊ လက်ရှိ စားအုန်းဆီဈေးနှုန်း ကို အပတ်စဉ် ရန်ကုန်အထိုင် အခြေခံရည်ညွှန်းဈေး သတ်မှတ်၍ ပြည်တွင်းဈေးကွက်၌ ရောင်းချ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ လောလောဆယ် ရန်ကုန်ဆီလှောင်ကန်များတွင် ဆီလက်ကျန်အခြေအနေအရ ထိန်း၍ ထုတ်ပေးနေရကြောင်း၊ မကြာမီ ဆီသင်္ဘောများ ဆိုက်ရောက်မည်ဖြစ်၍ နယ်ကုန်သည်များ ဆီလိုအပ်သလောက် ရောင်းချပေးနိုင်မှာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါ သည်။

              ဆက်လက်ပြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များမှ ဆွေးနွေးရာတွင် စားအုန်းဆီ ဈေးနှုန်းအား လက်ကားရည်ညွှန်းဈေးသတ်မှတ်ထားသော်လည်း ရန်ကုန်မြို့သို့ သွားရောက်ဝယ်ယူသည့်အခါတွင် သတ်မှတ်ထားသော လက်ကားရည်ညွှန်းဈေးနှုန်းအတိုင်း လိုသလောက် ဝယ်ယူ၍ မရခြင်း၊ မိမိရောင်းအားအပေါ် မူတည်၍ ကားတစ်စီးဆံ့ ပီပါ အလုံး ( ၉၀ / ၁၀၀ ) အတွက် လိုအပ်သည့် ဆီများကို စားအုန်းဆီ တင်သွင်းသည့် ကုမ္ပဏီများမှ လိုသလောက် မရရှိသဖြင့် တစ်ဆင့်ခံဖြစ်သော ဘုရင့်နောင်ဈေးကွက်မှ ဝယ်ယူရသည့်အတွက်  ဒေသအတွင်း ပြန်လည် ဖြန့်ဖြူးရောင်းချရာတွင် ဒေသအရောက်ဈေးနှုန်းများအပေါ် ၂ ရာခိုင်နှုန်း အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ရောင်းချသော်လည်း အခြေခံရည်ညွှန်းဈေးနှုန်းအပေါ် အခြေခံ၍ သက်ဆိုင်ရာ ဒေသအရောက် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ် တွက်ချက်ထားသည့် ဈေးနှုန်းထက် ဈေးမြင့် နေကြောင်း၊  ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ ပြုလုပ်ပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည့် ညွှန်ကြားချက်များလည်း ရှိနေသည့် အတွက် ဆီကုန်သည်များအနေဖြင့် အခက်အခဲဖြစ်နေမှုအပေါ်  ဌာနမှ ကူညီဖြေရှင်းပေးစေလို ကြောင်း၊ ရန်ကုန်မြို့ရှိ စားအုန်းဆီရောင်းချသည့် ကုမ္ပဏီများမှာ ဧရာဟင်္သာ၊ 6 Winner Brother ၊ First Stop၊  DD ၊ ဝေမာ၊ အေးရှားဝါလ်၊ ပြည့်ဖြိုးအောင် စသည့်ကုမ္ပဏီများအနက် မကွေးခရိုင်အတွင်းရှိ ဆီကုန်သည်များ အများဆုံး ဝယ်ယူသည့် ကုမ္ပဏီများမှာ ဧရာဟင်္သာ၊ 6 Winner Brother နှင့် ပြည့်ဖြိုးအောင်ကုမ္ပဏီတို့ဖြစ်ကြောင်း၊  ဆီဝယ်ယူရာတွင်လည်း ကုမ္ပဏီများမှ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုအရသာ  ဆီများ ရောင်းချပေးလျှက်ရှိသည့်အတွက် ၎င်းတို့အနေဖြင့် မိမိတို့မြို့ စားသုံးဆီ မပြတ်လပ်စေရေးအတွက် ဆောင်ရွက်နေရမှုအပေါ် ဌာန၏ သတ်မှတ်ဈေးနှုန်းထက် အနည်းငယ် ကြီးမြင့်နေမှုအား နားလည်ပေးစေလိုကြောင်းနှင့်  အဝါရောင်ပီပါ ပြောင်းလဲသုံးစွဲရေးနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် အခက်အခဲ တစ်စုံတစ်ရာမရှိကြောင်း ပြန်လည် ဆွေးနွေးခဲ့ပါသည်။

              ဆီကုန်သည်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် မကွေးတိုင်းဒေသကြီးအတွင်း စားသုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် ဆီကုန်သည်များ ကြုံတွေ့နေရသည့် အခက်အခဲများ အဆင်ပြေစေရေးအတွက် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ သက်ဆိုင်ရာဒေသ အာဏာပိုင်နှင့် အထက်ဌာနများသို့ တင်ပြ၍ လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြီး ဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

         

ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးမှကျေးရွာအရောက် တွေ့ဆုံဆွေးနွေးပွဲများ ၊ ဟောပြောပွဲများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ် တာဝန်ခံသည် (၁၉.၅.၂၀၂၂) ရက်နေ့ ၊  နေ့လည် (၁ : ၀၀) တွင်    ဒိုက်ဦးမြို့ရှိ   အိမ်ခြေလေးဆယ် ကျေးရွာအုပ်စု ၊ ရွာဝိုင်းကြီးကျေးရွာ  ဘုန်းတော်ကြီးကျောင်း၌   လည်းကောင်း၊ နေ့လည် ( ၃: ၀၀ )  နာရီအချိန်တွင် ဆင်စခန်းကျေးရွာအုပ်စု ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ လည်းကောင်း ၊  မိတ်ဖက်ဌာနဆိုင်ရာများဖြစ်ကြသည့် ထွေ/အုပ်၊ လကဝ ၊ စက်မှုလယ်ယာ ၊ စိုက်ပျိုးရေး၊ တိမွေးကု၊ ဆည်မြောင်း၊ ကျေးလက်လမ်း၊ ကျေးလက်ဖွံ့၊ လဝကတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍  ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

              အဆိုပါ ဟောပြောပွဲတွင် မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝေယံကျော်မှ အဖွင့်အမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးမှူး ဦးသီဟကျော်စွာက ဌာနလုပ်ငန်းစဉ်နှင့် ကောက်စိုက်စက် ၊ ရိတ်သိမ်းစက်များ အကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ် တာဝန်ခံ ဦးမျိုးမြင့်မှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် စားသုံးဆီ ပိုမိုသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့ပြီး တက်ရောက်လာသည့် တောင်သူကြီးများ၏ သိလိုသည်များကို သက်ဆိုင်ရာဌာနများမှ ပြန်လည် ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

                  ပဲခူးတိုင်းဒေသကြီး ၊  စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းသည် ၂၀၂၂ ခုနှစ် ၊ မေလ ၁၆ ရက်၊ နံနက် ၁၀:၀၀ နာရီတွင်  ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးပွဲ Talk Show  ကျင်းပပြုလုပ်ခဲ့ပါသည်။

                ကျောက်တံခါး မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ     ကုန်စည်အမျိုးအစား ပေါ်မူတည်ပြီး  အဓိကပါဝင်ရမည့် အချက်များကို မဖြစ်မနေ ဖော်ပြရန် ၊  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အရ ဟင်းသီးဟင်းရွက်ဆီ (vegetable oil, cooking oil) အမျိုးအစားနှင့် ပက်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြသောနေရာတွင် ပင်ရင်းပါဝင်သောပစ္စည်းကို အခြေခံ‌သော ကုန်စည်၏အမျိုးအစားကို တိကျစွာ ဖော်ပြရမည်ဖြစ်ကြောင်း ၊  ၎င်းညွှန်ကြားချက်စတင်ထုတ်ပြန်ပြီး(၆)   လပြည့်သည့်နေ့တွင် အာဏာတည်မည်ဖြစ်ကြောင်း ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက လွယ်ကူလျင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ကို ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် စားသုံးသူပြည်သူများအနေဖြင့်  မိမိတို့ဝယ်ယူ အသုံးပြုသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ