Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ငါန်းဇွန်မြို့တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

        မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် (၃.၂.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါအသိပညာပေးဟောပြောပွဲအား ကျောင်းခန်းမဖြစ်သည့် အောင်ဆန်းခန်းမတွင် ပြုလုပ်ခဲ့ရာ ရှေ့ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒေါ်နေခြည်ဦး(မြို့နယ်ဦးစီးမှူး)မှ လူငယ်ရေးရာ အသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာ၊ ဦးလှိုင်မိုးဟိန်း (မြို့နယ်ဦးစီးမှူး)မှ လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်သင်းသင်းဆွေ(မြို့နယ်တာဝန်ခံ)မှ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်း ရှင်တို့ကြား ကော်မရှင်နှင့် ကော်မတီ အဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်ကိုဆိုလိုတာဖြစ်ကြောင်း၊ ဆက်လက်၍ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှု၏ အဓိပ္ပာယ်များ၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်း၊စားသုံးခြင်းများ ပြုလုပ်ရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ကြရန်လိုအပ်ပါကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက အရေးဆိုတိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားနိုင်သည့် နေရာများ၊ နည်းလမ်းများအားလည်းကောင်း၊ နစ်နာဆုံးရှုံးမှုဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာ ကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကိုဖြစ်စေ၊ နာမည်ဂုဏ်သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်စေခြင်းကို ဆိုလိုတာဖြစ်ကြောင်း စသည်ဖြင့်အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။

       ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ (၂၁၀)ဦး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ(၈)ဦး၊ စုစုပေါင်း(၂၁၈)ဦး တက်ရောက်ခဲ့ပြီး၊ ဟောပြောဆွေးနွေးမှုအပြီးတွင် ကျောင်းသားကျောင်းသူများမှ ကျောင်းခန်းမရှေ့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ရသစာအုပ်စာစောင်များအား ဖတ်ရှုလေ့လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရွှေဘိုမြို့နယ်တွင် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရန်အတွက် ရေများစတင်ပေးဝေတော့မည်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကဆောင်ရွက်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းမှထွက်ရှိသော ကုန်ကြမ်းသီးနှံများဖြစ်သည့် စပါး၊ ဆီထွက်သီးနံစသည့် သီးနှံများကို ကြိတ်ခွဲထုတ်လုပ်သည့်လုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရှိသောခရိုင်တစ်ခုဖြစ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကဆောင်ရွက်သည့်အားလျော်စွာ ရွှေဘိုမြို့နယ် အနေဖြင့် ယခုအချိန်တွင် မိုးစပါးများရိတ်သိမ်းပြီး၍ နွေစပါးနှင့် နွေးသီးနံစိုက်ပျိုးရန် ဆည်ရေများ လုံလောက်စွာရှိကြောင်း သက်ဆိုင်ရာဌာနမှ သတင်းရရှိပါသည်။

          ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်အနေဖြင့် သဖန်းဆိပ်ဆည်မှရေကို ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် စတင်ပေးဝေတော့မည်ဖြစ်ကြောင်း နွေစပါးနှင့်နွေသီးနံများစိုက်ပျိုးကြမည့် ကျေးဇူးရှင်တောင်သူဦးကြီး များအလွယ်တကူသိရှိနိုင်စေရန် သဖန်းဆိပ်ရေလှောင်တမံတွင် ဆည်ရေပေးဝေရန် ရေလုံလောက်မှု ရှိကြောင်း၊ အခြားသီးနံစိုက်ပျိုးမည့်ကွင်းများကို အချိန်မီစိုက်ပျိုးနိုင်ရေး ဦးစားပေး၍ရေပေးဝေမည် ဖြစ်ကြောင်း၊ တောင်သူဦးကြီးများအနေဖြင့် ရေဝင်လျှင်မြေပြင်ကြရန် အသိပေးနိုးဆော်သည့် ဗီနိုင်းဘုတ်များဖြင့် လူအများသွားလာမှုများသည့် လမ်းဆုံ၊ လမ်းခွများရှိ မူးဘောင်များပေါ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကြေငြာထားသည်ကိုတွေ့ရှိရပြီး တောင်သူဦးကြီး များမှလည်း နွေစပါးနှင့် နွေသီးနံစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် မြောင်းဖော်ခြင်း၊ ကန်သင်းပြင်ခြင်း၊ ထွန်ယက်မြေပြုပြင်ခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့နယ် (အ.မ.က-၃)ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ကလေး မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ( ၆ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်၌  (အ.မ.က-၃)အလယ်တန်း ကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ ( ၅ ) ဉီးနှင့် ကျောင်းသား/ ကျောင်းသူ ( ၆၅ ) ဦး၊ စုစုပေါင်း ( ၇၀ ) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် (အ.မ.က-၃)ကျောင်းမှ ကျောင်းဆရာမ ဒေါ်နီနီဝင်းက အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်သန်းသန်းဝင်း (ခရိုင်ဦးစီးမှူး) မှ  အစားအသောက်များကို ဝယ်ယူရာတွင် သတိပြုရမည့်အချက်များအကြောင်းနှင့် ဒေါ်ဇင်မိုးဝါ (အကြီးတန်းစာရေး)က ကုန်စည်နှင့်ဝန်ဆောင်မှုများ သိကောင်းစရာများအကြောင်းနှင့် စားသုံးသူ ရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ( CICC )ဖွင့်လှစ်ထားရှိပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိပါက (CICC) ရုံးသို့ လာရောက်တိုင်ကြားနိုင်ပါကြောင်းနှင့် ထိုသို့တိုင်ကြားရာတွင် ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့် အခြားသူများနစ်နာဆုံးရှုံးစေရန် ရည်ရွယ်၍ တိုင်ကြာမှုမျိုးမဟုတ်ဘဲ မိမိဘက်မှ အမှန်တစ်ကယ် နစ်နာဆုံးရှုံးမှသာ တိုင်ကြားကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။         

DOCA(စစ်ကိုင်း)                

ကယားပြည်နယ် အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

     ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

     ရှေးဦးစွာ    ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့မှသာပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်စေရန်  သက်ဆိုင်ရာဌာနအသီးသီးနှင့် လုပ်ငန်းရှင်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြည်နယ်ရှိ သယံဇာတအရင်းအမြစ်များကိုအခြေခံပြီး အဆင့်မြင့်ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊  လွိုင်ကော်စက်မှုဇုန်ကိုလည်း ယခုထက်ပိုမိုဖွံ့ဖြိုးလာအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနများ၊ MSME လုပ်ငန်းရှင်များကို အပြည့်အဝပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထို့နောက် ကယားပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်အတွင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး အစည်း အဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြသည်။

       ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

DOCA(ကယား)

စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့၊ နေ့လယ်( ၁၄:၀၀ )နာရီအချိန်တွင် လွိုင်ကော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်စွာမြင့်က စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ဌာနမှဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေသည့် အကြောင်းအရာများအား လည်းကောင်းဆွေးနွေးမေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန့်ဦး(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ဌာနမှဆောင်ရွက်နေသည့် အခြေအနေများကိုလည်းကောင်း၊ စားသုံးသူပြည်သူများ မိမိတို့၏အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန်အတွက် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်ကို လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များကိုလည်းကောင်း၊ ကုန်စည်( သို့ )ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ စားသုံးသူဘက်မှ တောင်းဆိုနိုင်သည့် အချက်များကို လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်မှ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့် အချက်များကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲ ခြင်းမပြုမီသတိပြုရမည့် အချက်များကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြား ရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာသို့ လူကိုယ်တိုင်ဖြစ်စေ၊ Websiteမှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ Consumer call center ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)

လွိုင်ကော်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ ပြည်အောင် ရတနာဓါတ်ဆီဆိုင်နှင့် တော်ဝင်(၃)ဓါတ်ဆီဆိုင်တို့၌ ဈေးကွက်အတွင်း ဆီပြတ်လပ်မှုမရှိစေရေး ၊ ဆီ လက်ကျန်စာရင်းများ မှန်ကန်စေရေးနှင့် ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိတို့ကို  မိတ်ဖက်ဌာနများဖြစ်သော ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါဆီဆိုင်များ၌ စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများအတိုင်းသာ ရောင်းချလျက်ရှိပြီး အချိန်အတွယ် ဂါလံ၊ လီတာများကိုလည်း ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၏ ( ၂၀ )လီတာစံခွက်များဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာ တွင် ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊ အရည်အသွေး ပြည့်မီမှန်ကန်သည့်ပစ္စည်းများ ဈေးကွက်အတွင်း တင်သွင်းဖြန့်ဖြူးရောင်းချရန် လိုကြောင်း၊သတ်မှတ်ချက်နှင့်မကိုက်ညီသောစက်သုံးဆီများဈေးကွက်အတွင်းတွေ့ရှိပါက  ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေအရသော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရသော်လည်းကောင်း အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

စားသုံးဆီဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၈.၂.၂၀၂၃ ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်အတွင်းရှိ စားသုံးဆီဖြန့်ဖြူး ရောင်းချသော လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သည်ကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသောအာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့် အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်းစသည့်အချက်များ၊ စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ် စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရှိစေရေးအတွက် ဈေးကွက်အတွင်း စားသုံးဆီများ ရောင်းချဖြန့်ဖြူးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား တိတိကျကျလိုက်နာဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသင်း၊ အစုအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

          ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ၂၀၂၃ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပခဲ့သော ရခိုင်ပြည်နယ် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသင်း၊ အစုအဖွဲ့၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား သည်။

         ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ ဆန်စပါးလုပ်ငန်းရှင်များအသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီစက်လုပ်ငန်းရှင်နှင့် ဆီကုန်သည်ကြီးများအသင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များအသင်း၊ တောင်သူလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ MSME လုပ်ငန်းရှင်များအသင်း၊ စီးပွားရေး လုပ်ငန်းရှင်များက ရခိုင်ပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်း ဆိုင်ရာအသင်းအဖွဲ့များအား ကောင်းလာစေရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအတွက် လိုအပ်သော နည်းပညာဆိုင်ရာအကူအညီများ၊ ချေးငွေကိစ္စများ၊ ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ကြုံတွေ့နေရသည့်အခက်အခဲများအား နိုင်ငံတော်မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြသည့်အချက်များအပေါ် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်တို့က အသင်း၊ အစုအဖွဲ့၊ လုပ်ငန်းရှင် များအား ပြန်လည်ရှင်းလင်းဆွေးနွေးကာ အဆင်ပြေ ချောမွေ့စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ အသင်း၊ အစုအဖွဲ့များ၊ လုပ်ငန်းရှင်များ (၆၉) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

ဘားအံမြို့ပေါ်ရှိ အ.မ.က (၅) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၈-၂-၂၀၂၃ ရက်၊ အင်္ဂါနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အမှတ်(၅)၊ အခြေခံပညာမူလတန်းကျောင်းတွင် “စားသုံးသူ(ကျောင်းသား၊ ကျောင်းသူ)များ လုံခြုံစိတ်ချရမှုရှိစေရန်” ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က စားသုံးသူရေးရာဦးစီးဌာန၏ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းနှင့် အကြီးတန်းစာရေး ဒေါ်စုနွေးသီရိမောင်က စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း ကိုလည်းကောင်း၊  စားသုံးသူအခွင့်အရေးများအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး အငယ်တန်းစာရေး ဒေါ်မိခင်သူဇာက ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို လွယ်ကူစွာ သိရှိနိုင်ရန် ဥပမာ- မုန့်မျိုးစုံဖြင့် လက်တွေ့ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၅) ဦး၊  ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းဦးရေ (၁၅၀)ဦး တက်ရောက်ပြီး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကရင်)

 

 

တပို့တွဲလနှင့် မြန်မာ့ရိုးရာထမနဲထိုးပွဲ

       တပို့တွဲလသည်ဆောင်းရာသီ၏ နောက်ဆုံးပိုင်းလဖြစ်သောကြောင့် အအေးပို၍ နှာရည်ယိုတွဲ တပို့တွဲလ ဟုတင်စားခေါ်ဝေါ်ရသော လတစ်လ ဖြစ်ပါသည်။ ထိုလသည် ရက်မစုံလက်ကွယ်ဖြစ်သောကြောင့် ၂၉ ရက်သာရှိသည်။ ဗေဒင်နက္ခအခေါ်အရ ကုံရာသီဖြစ်ပြီး၊ ရာသီပန်းအနေဖြင့် ပေါက်လဲပန်း၊ လဲပွင့်၊ လက်ပံပွင့် စသည့်ရာသီပန်းများပွင့်သော လလည်းဖြစ်ပါသည်။ တောင်ပေါ်ဒေသများတွင် ချယ်ရီပန်းများ ဝေဝေဆာဆာပွင့်သောလလည်း ဖြစ်ပါသည်။ တပို့တွဲလသည် အအေးဆုံးလဖြစ်ပြီး ထိုလထဲမှာမှ တပို့တွဲလပြည့်နေသည် အအေးဆုံး သောရက်ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်ရာဖြစ်သော အတုမရှိဗုဒ္ဓမြတ်စွာဘုရားရှင်  ကိုယ်တော်တိုင်တောင်မှ ခြေတော်၊ လက်တော်များ အေးစက်သောကြောင့် မြတ်စွာဘုရားအား ရည်စူး၍ ဗုဒ္ဓဘာသာဝင်လူမျိုးတို့ရှိ အိမ်တိုင်း ရှားမီးများ၊ အမွှေးနံသာချောင်းများဖြင့် ပူဇော်ကြပြီး အညံအဆိုးများကင်းဝေးသည်ဟုလည်း ယူဆကြသည်။ ဘုရားများတွင်လည်း ရှားမီးပုံပွဲများ ပြုလုပ်ကြပြီး ရှားမီးရောင်းသူများ၊ ရှားမီးကပ်သူတို့ဖြင့် စည်ကားလှပေသည်။ တစ်ဖက်တစ်လမ်းမှ ဝင်ငွေ ရှာကြသူများကလည်း လပြည့်နေ့မတိုင်မှီ Online မှ တစ်ဆင့် အမွှေးနံ့သာထုတ်များအား အစုံထုပ် တစ်ထုပ် (၃၀၀ဝိ/-)ကျပ် စသည်ဖြင့် ရောင်းချသူများလည်း ရှိပေသည်။ တပို့တွဲလပြည့်နေ့သည် ဩဝါဒပါတိမောက်အခါတော်နေ့ဟု ပါဋိဘာသာစကားဖြင့်ခေါ်ဆိုကြပြီး ဩဝဒ၏ အဓိပ္ပာယ်မှာ ဆုံးမသောနေ့၊ ပါတိမှာ ကျဆုံးခြင်းမှအဓိပ္ပာယ်ရပြီး၊ မောက္ခမှာ လွတ်မြောက်ခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ရပါသည်။

     မြန်မာ့ဆယ်နှစ်လရာသီပွဲတော်များအနက် တပို့တွဲလသည်လည်း ပွဲတော်များအဖြစ်မပါမဖြစ် စည်ကားသောလဖြစ်ပေသည်။ တပို့တွဲလထမနဲထိုးပွဲ ဟုဆိုသည့်အတိုင်း တပို့တွဲလတွင် ထမနဲ၊ ယာကု စသည့်ရာသီစာများ ပြုလုပ်၍ မြန်မာတို့၏ ထုံးတမ်းစဉ်လာအတိုင်း မြတ်စွာဘုရားအား ဦးဦး ဖျားဖျားကပ်လှူပူဇော်ခြင်း၊ ဘိုးဘွားဆရာသမားများအား လှူဒါန်းကျွေးမွေးခြင်း၊ ရဟန်းသံဃာများ ကပ်လှူ လှူဒါန်းခြင်း၊ အိမ်နီးနားချင်းများအား ဝေငှကာ အလှူအတန်းများပြုလုပ်၍ ခင်မင်မှုတိုး ကုသိုလ်ယူလေ့ရှိသော ဓလေ့မှာ လွန်စွာချစ်စရာကောင်းလှပေသည်။ ထမနဲ၏ ပါဝင်ပစ္စည်းများမှာ ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ နှမ်း၊ ဆီ၊ သကြား၊ ဆား၊ ဂျင်း စသည့် အဓိကပါဝင်ပစ္စည်းများဖြင့် ထိုးရသောမုန့်တစ်မျိုးဖြစ်သည်။ ထိုလတွင် ထမနဲထိုးရခြင်း၏ ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်း အနေဖြင့် ကောက်ညှင်းဆန်ဖြင့်ထိုးရသောကြောင့် ကောက်ညှင်း၏ သဘောသဘာဝမှာ စေးကပ်မှု ရှိပြီး အားထည့်၍ ထိုးရသောကြောင့် ချွေးများဖြင့် ပူလောင်လာပြီး အေးချမ်းမှုများ ပပျောက်ကာ ထိုလ၏ ရာသီရာတုနှင့် ကိုက်ညီသောကြောင့်  ဖြစ်ပေသည်။ ထိုလမှာပင် အစိုးရဌာန၊ ရပ်ကွက်၊ ကျေးရွာများပါ မကျန် ထမနဲထိုးပြိုင်ပွဲများကို တူညီဝတ်စုံများဖြင့် နေရာဒေသအသီးသီးတွင် ကျင်းပ ကြပေသည်။ အကဲဖြတ်ဒိုင်လူကြီးမင်းများကလည်း အရသာတစ်ခုတည်းနှင့် အကဲဖြတ်လေ့ရှိတာ မဟုတ်ဘဲ အသင်းအဖွဲ့၏ စည်းလုံးခြင်းစိတ်ဓာတ်၊ စီမံခန့်ခွဲမှု၊ သန့်ရှင်းသန့်ရပ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ကို အလေးထား၍ အကဲဖြတ်ရွေးချယ်ကြပါသည်။ အားထည့်၍ ထိုးရသော မုန့်မျိုးဖြစ်၍ စည်လုံးညီညွတ်မှုကို ထင်ဟပ်စေသော  ဒါမှမဟုတ် စည်းလုံးညီညွတ်မှု ပေါ်လွင်စေသော မုန့်မျိုးဖြစ်ပေသည်။ သူ၏ အရသာမှာလည်း အဆိမ့်အရသာ ရှိသောကြောင့် စားလို့အလွန်ကောင်းသော မြန်မာ့ရိုးရာမုန့် ဖြစ်ပေသည်။ အရပ်ဒေသ ကွဲပြီး နှမ်းမနဲ၊ ယာကုထမင်းလို့ အခေါ်ဓလေ့ကွဲပြားပါသေးသည်။ အချို့ Online ပေါ်တွင် ထမနဲ၊ ယာကု စသည့် မုန့်များပြုလုပ်၍ ရောင်းချသူများရှိရာ စားသုံးသူများအနေဖြင့် ကြိုတင်မှာယူနိုင်ပြီး လွယ်ကူသက်သာစွာ ဝယ်ယူသုံးဆောင်နိုင်ပါသည်။ ဈေးနှုန်းအနေဖြင့် တစ်ဗူး (၁၅၀ဝိ/- ၂၀၀ဝိ/- ၃၀၀ဝိ/-) စသဖြင့် ဗူးအကြီး အသေးပေါ်မူတည်၍ ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ထို့ကြောင့် ငွေနှင်းစိုပြီး အအေးပိုတဲ့ တပို့တွဲလလေးမှာ ထမနဲကိုတော့ မြင်ယောင်မိမှာ အသေချာပါပဲ။ မြန်မာ့ ရိုးရာဓလေ့တွေနဲ့ ပြည့်နက်နေတဲ့ ဆယ်နှစ်လ ရာသီထဲမှာမှ ဒီတပို့တွဲလလေးမှာ ထမနဲပြိုင်ပွဲတွေနဲ့ စည်းကား သိုက်မြိုက်စွာ ကျင်းပနေပြီး အလှူအတန်းများဖြင့်လည်း ရှိနေမှာဖြစ်တဲ့အတွက် ကျက်သရေရှိနေမှာ အမှန်ပင် ဖြစ်ပါတော့သည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ