Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

         ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ အရည်အသွေးမြင့်မားပြီး အာမခံချက်ရှိသော ကုန်စည်/ ဝန်ဆောင်မှုများ သုံးစွဲနိုင်ရေးအတွက် စားသုံးသူရေးရာကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေး ရည်ရွယ်၍ စားသုံးသူအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်လျှက်ရှိရာ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အတွင်း ဇွန်လ (၃)ရက်၊ မွန်လွဲ (၁:၀၀)နာရီ၌ အင်းမော်ငယ်အုပ်စု၊ သစ်စိန်ပင် ကျေးရွာတွင် လည်းကောင်း၊ ဇွန်လ (၈)ရက်၊ မွန်းလွဲ (၁:၀၀)နာရီ၌ ချားလျားကုန်းအုပ်စု၊ ချားလျားကုန်းကျေးရွာတွင်လည်းကောင်း၊ သဲကုန်းမြို့နယ်တာဝန်ခံမှ သက်ဆိုင်ရာမြို့နယ် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ စားသုံးသူအသိပညာပေးဆွေးနွေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ပြစ်မှုပြစ်ဒဏ်အကြောင်းစသည်တို့အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးရွာနေပြည်သူ (၁၄၇)ဦးတက်ရောက်ခဲ့ကာ စားသုံးသူ အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

              ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ အများပြည်သူတို့အနေဖြင့် စားသုံးသူရေးရာကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေး ရည်ရွယ်၍ စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြောပွဲများအား ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သပြေတောင်အုပ်စု၊ သပြေတောင်ကျေးရွာတွင် ဇွန်လ (၆) ရက်နေ့ မွန်းလွဲပိုင်းတွင်လည်းကောင်း၊ ရွာရှည်အုပ်စု၊ ရွာရှည်ကျေးရွာတွင် ဇွန်လ (၈) ရက်နေ့ နံနက်ပိုင်းတွင် လည်းကောင်း၊ အနောက်ကြို့ကုန်းအုပ်စု၊ အနောက်ကြို့ကုန်းကျေးရွာတွင် ဇွန်လ (၉) ရက်နေ့ မွန်းလွဲပိုင်းတွင်လည်းကောင်း၊ မိတ်ဖက်ဌာနဆိုင်ရာများ ပူးပေါင်း၍ စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် ပေါက်ခေါင်းမြို့နယ်တာဝန်ခံမှ စားသုံးသူတို့၏ အခွင့် အရေးများ၊ လိုက်နာရမည့်တာဝန်များနှင့် ထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်မှုနည်းလမ်းများ၊ ပြစ်မှုပြစ်ဒဏ်တို့အကြောင်းအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး ဆွေးနွေး ဟောပြောပွဲများသို့ ကျေးရွာနေပြည်သူ (၈၇) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများဟောပြော

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဖြူးမြို့နယ် အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်းပညာသင်တန်းကျောင်းတွင်ဖွင့်လှစ်သော အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၄)သို့ တက်ရောက်လျက်ရှိသော သင်တန်းသူများအား ဖြူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ပူးပေါင်း၍ သိသင့်သိထိုက်သည့်အချက်များကို သိရှိနိုင်စေရေးအတွက် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ဟောပြောခဲ့ပါသည်။

       ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး  ဒေါ်အိမာဟိန်းက ရှောင်လေဝေးဝေးမူးယစ်ဆေးခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် ရှောင်ကျဉ်ရမည့်အကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ ဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့် အကြောင်းများကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးက တိုင်းရင်းဆေးအကြောင်းနှင့် အမျိုးသမီးငယ်များကျန်းမာရေးအတွက် မီးယပ်ရောဂါကို တိုင်းရင်းဆေးပညာဖြင့် ကာကွယ်ကုသသင့်သည့်အကြောင်းတို့ကိုလည်းကောင်း ဟောပြောခဲ့ကြပါသည်။

        အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ကြီးနှင့်နည်းပြများ၊ သင်တန်းသူများ စုစုပေါင်း ၆၀ ဦး တက်ရောက်ကြောင်းနှင့် အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း အသိပညာပေးနံရံကပ်ပြဘုတ်များအား ပြသပေးရာ သင်တန်းသူများကလေ့လာမှတ်သား ကြည့်ရှု့ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)    

 

စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုအရ ပဲခူးတိုင်းဒေသကြီးအတွင်း ဈေးကွက်များတွင် ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ဇွန်လ (၉) ရက်နေ့တွင် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သဲကုန်းမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့ သွားရောက်၍ ရောင်းချနေသော စားသုံးဆီဘူးများပေါ်တွင် ရေးသားဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ယင်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဈေးဆိုင်ပိုင်ရှင်များ အနေဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုမရှိသော စားသုံးဆီများအား ဈေးကွက်အတွင်း ဝယ်ယူရောင်းချမှုမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်း စာစောင်များ ဝေငှခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                                     

တောင်ငူမြို့ အထက(၄)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးမင်းဇော်နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူမြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းနှင့်အတူ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့၊  အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများအား မိမိတို့ဌာနအလိုက် သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူမြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ မူးယစ်ဆေးဝါးများ၏ဆိုးကျိုးနှင့် ရှောင်ကြဉ်ရမည့်အကြောင်းများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူအခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခြင်းများနှင့် ဌာနက ညှိနှိုင်းဖြေရှင်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးမင်းဇော်က ကုန်စည်များဝယ်ယူရာတွင် ဖတ်ရှုသင့်သည့်ကုန်အညွှန်း အမှတ်အသားများကိုလည်းကောင်း ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

          ဟောပြောပွဲသို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ (၁၂၀) ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)    

 

ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် EM ဘိုကာချီ မြေဆွေး၊ မြေဩဇာ စမ်းသပ်ပြုလုပ်ပုံအား ကွင်းဆင်းလေ့လာ          

            ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သဲကုန်းမြို့နယ်တာဝန်ခံ ဦးခင်မောင်ထွန်းနှင့်ဝန်ထမ်းအဖွဲ့သည် (၈.၆.၂၀၂၂)ရက်နေ့ နေ့လည်(၁:၃၀)အချိန်တွင် သဲကုန်းမြို့နယ် ချားလျားကုန်းအုပ်စု၊ ချားလျားကုန်းကျေးရွာတွင် EM ဘိုကာချီ မြေဆွေး၊ မြေဩဇာပြုလုပ်နေမှုအား ကွင်းဆင်းလေ့လာခဲ့ပါသည်။ ထိုသို့လေ့လာရာ၌  EM ဘိုကာချီ မြေဆွေး၊ မြေဩဇာပြုလုပ်ပုံအဆင့်ဆင့်အား စိတ်ပါဝင်စားသူတောင်သူ (၃၅)ဦးခန့်အား တာဝန်ရှိသူများက လက်တွေ့စမ်းသပ်သရုပ်ပြရာတွင် ဝါးကပ် (၄)ချပ်ကို လေးဘက်လေးတန်ကာရံပြီး ကောက်ရိုး(၇)ခြင်း၊ နွားချေး(၃)တင်း၊ ဖွဲနု(၁)တင်းတို့ကိုဖြန့်ခင်းပြီး အပေါ်တွင် EM အရည်ကိုဖြန်းပေးရပါသည်။ ထိုသို့ တစ်ထပ်ခြင်းဖြန့်ခင်း၍ EM အရည်ပက်ဖြန်းပြီး လိုသလောက်အမြင့်ထား၍ EM ဘိုကာချီ မြေဆွေး၊ မြေဩဇာပြုလုပ်ရပါသည်။ ထိုသို့ပြုလုပ် ထားသော မြေဩဇာကို (၁)လမှ (၃)လထားပြီးမှ မြေဩဇာအဖြစ် စတင်အသုံးပြု၍ရကြောင်း သိရှိရပါသည်။

          ထိုသို့ ကိုယ်ပိုင်မြေဩဇာများပြုလုပ်ခြင်းဖြင့် သွင်းအားစုများစျေးကောင်းနေချိန်တွင် တောင်သူများအတွက် ပိုမိုထိရောက်မည်ဖြစ်ပါသည်။ တောင်သူများအဖို့ ကိုယ်တိုင်ပြုလုပ်သည့်  EM ဘိုကာချီ မြေဆွေး၊ မြေဩဇာများကို အသုံးပြုခြင်းဖြင့် သွင်းအားစုဘက်တွင် ကုန်ကျစရိတ်များ သက်သာလာပြီး အကျိုးအမြတ်များလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ပဲခူး)

 

ဖြူးမြို့ ပြန်/ဆက်ဦးစီးဌာနစာဖတ်ဝိုင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

        ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့်စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေဝါသနာရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

          မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနက ဆောင်ရွက်ပေးနေမှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဦးစားပေးဖတ်ရှုရန်လိုအပ်ပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခြင်းများကို ရှင်းလင်းပြောကြားပါသည်။

           ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်တာဝန်ခံက ပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ စာပေဝါသနာရှင် ၁၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)    

 

ဖြူးမြို့တွင် စားသုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်လေ့လာစောင့်ကြည့်ခြင်း

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့်ဝန်ထမ်းများသည် ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့ စည်ပင်သာယာဈေးအတွင်း စားသုံးဆီများရောင်းချလျက်ရှိသည့်ကုန်စုံဆိုင်များသို့ သွားရောက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကိုလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ နှင့်အညီ ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြရန် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်လေ့လာခဲ့ပါသည်။

       ဖြူးမြို့ စည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော အမှတ်တံဆိပ်ပါ စားသုံးဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို လိုက်နာမှုအားနည်းသေးကြောင်း တွေ့ရှိရပါသဖြင့် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ သည် ယခုဇွန်လ ၂၀ ရက်နေ့တွင် အာဏာတည်မည်ဖြစ်ပါသဖြင့် လုပ်ငန်းရှင်များအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)    

                       

ရေတာရှည်မြို့တွင် စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များသို့ သွားရောက်၍ စက်သုံးဆီရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပါသည်။

          မြို့နယ်တာဝန်ခံသည် ရေတာရှည်မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များအနက်မှ အောင်မေတ္တာ၊ ဟန်ဝင်းအောင်၊ Petro-K, Petro-7, Kyaw San နှင့် Pyae စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာဆိုင်တာဝန်ခံများက ရောင်းချရမှု အခြေအနေ၊ ဆီဘောက်ဆာယာဉ်ရောက်ရှိမှု၊ လက်ကျန်အခြေအနေနှင့်ဈေးနှုန်းများကို ရှင်းလင်းတင်ပြပါသည်။

           ရေတာရှည်မြို့နယ်ရှိ စက်သုံးဆီဆိုင်အများစုတွင် ဆီဘောက်ဆာယာဉ်များ ရောက်ရှိပြီးဖြစ်ကြောင်းနှင့် အချို့ဆိုင်များတွင် ဆီဘောက်ဆာယာဉ်မရောက်ရှိသေးသော်လည်း မှာယူထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်း စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအကြောင်း သိကောင်းစရာများဟောပြော

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးကျော်ဝင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ဇွန် ၁၁ ရက်နေ့က တောင်ငူမြို့နယ်အတွင်းရှိ ရွှေလေးအင်း၊ မိုးကောင်း၊ ဆိပ်ဖူးတောင်နှင့် ဒိုးသောင် ကျေးရွာများရှိ တောင်သူလယ်သမားများအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားပါသည်။

                        မြို့နယ်တာဝန်ခံပါဝင်သော ပူးပေါင်းအဖွဲ့သည် နံနက် ၉:၃၀ နာရီတွင် ရွှေလေးအင်းကျေးရွာဓမ္မာရုံ၌ တောင်သူလယ်သမား ၄၅ ဦးအား လည်းကောင်း၊  နံနက် ၁၁ နာရီတွင် မိုးကောင်းကျေးရွာဓမ္မာရုံ၌ တောင်သူလယ်သမား ၂၅ ဦးအား လည်းကောင်း၊  မွန်းလွဲ ၁ နာရီတွင် ဆိပ်ဖူးတောင်ကျေးရွာဓမ္မာရုံ၌ တောင်သူလယ်သမား ၂၀ ဦးအား လည်းကောင်း၊  မွန်းလွဲ ၂:၃၀ နာရီတွင် ဒိုးသောင်ကျေးရွာ ဓမ္မာရုံ၌ တောင်သူလယ်သမား ၄၅ ဦးအား လည်းကောင်း တွေ့ဆုံပြီး သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် တောင်သူလယ်သမားအကျိုးပြုဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားကြပါသည်။

                        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံဦးမြင့်သူက စားသုံးသူအခွင့်အရေးနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများမဖြစ်စေရေးအတွက် ဆောင်ရွက်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်အကြောင်းများကို လည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက်  ဈေးနှုန်းဈေးကွက်သတင်းများ၊ သီးနှံများ၏စိုက်အောင်ထွက် စားသုံးပိုလျှံသတင်းအချက်အလက်များ ရယူစုဆောင်း၍ တင်ပြဆောင်ရွက်ပေးသည့်အခြေအနေများ၊ သီးနှံအစုအဖွဲ့များဖွဲ့စည်း၍ စုပေါင်းဆောင်ရွက်သည့်အလေ့အထများရှိစေရေးအတွက် ဆောင်ရွက်ပေးသည့် အခြေအနေများကို လည်းကောင်း၊ ကျန်းမာရေးဌာနက အကြံပြုထားသည့် လူတစ်ဦးစားသုံးသင့်သည့် ဆီပမာဏထက်ကျော်လွန်၍ စားသုံးခြင်းမပြုခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့်အပြင် မိသားစုစီးပွားရေးကိုလည်း အထောက်အကူပြုမည့်အခြေအနေများ၊ နေကြာတိုးချဲ့စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့်စားသုံးဆီများကို စားရမည့်အပြင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက်လည်း အထောက်အကူပြုမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ