Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး”

        မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်မှ ခရိုင်ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင်အတူ (၈-၆-၂၀၂၂)ရက်နေ့တွင် ကျောက်ဆည်မြို့၌လည်းကောင်း ၊(၉-၆-၂၀၂၂)ရက်နေ့တွင် မြစ်သားမြို့၌လည်းကောင်း ၊ (၁၀-၆-၂၀၂၂)ရက်နေ့တွင် စဉ့်ကိုင်မြို့နှင့်တံတားဦးမြို့၌လည်းကောင်း ၊ မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးက Balla Plus Plaster သည် ထုတ်လုပ်သည့်နိုင်ငံ၊ထုတ်လုပ်သည့်ကုမ္ပဏီ၊တင်သွင်း သည့်ကုမ္ပဏီ၊ဆေးဝါးမှတ်ပုံတင်အမှတ်နှင့်Import Registration No.(IR)များဖော်ပြထားခြင်းမရှိဘဲ စျေးကွက်အတွင်းရောင်းချလျှက်ရှိသောကြောင့်တရားဝင်အခွန်အခများပေးသွင်း၍ တင်သွင်းရောင်းချနေသည့်ကုမ္ပဏီများအနေဖြင့် အကျိုးစီးပွားထိခိုက်နစ်နာမှုများကြုံတွေ့နေရသဖြင့် စိစစ်အရေးယူပေးပါရန် တင်ပြလာမှုအရ မိမိတို့အဖွဲ့အနေဖြင့်လာရောက်ခြင်းဖြစ်ကြောင်း၊ဆေးဆိုင်များအနေဖြင့် တရားဝင်မှတ်ပုံတင်ထားသော အိမ်သုံးဆေးဝါးများကိုသာ ရောင်းချရန်လိုကြောင်း ပြောကြားခဲ့ပြီး  တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် Balla Plus Plaster များအား ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံပိုလျှံထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အသင်း အဖွဲ့များတွေ့ဆုံဆွေးနွေး

             ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံပိုလျှံထုတ်လုပ်နိုင်ရေးအတွက် ကရင်ပြည်နယ် စားသုံးဆီဖူလုံရေးကော်မတီဥက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် (၁၆-၆-၂၀၂၂) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်ကုန်သည်ကြီးများနှင့်စားသုံးဆီလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

           တွေ့ဆုံပွဲအခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားရာတွင် ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံရုံသာမက ပိုလျှံထုတ်လုပ်နိုင်စေရေးအတွက် Supply Chain တစ်ခုလုံးတွင် ပါဝင်သောအသင်းအဖွဲ့များ၊ စိုက်ပျိုးထုတ်လုပ်သောတောင်သူများ၊ ဆီကြိတ်ခွဲထုတ်လုပ်တင်ပို့ရောင်းချသူများ သက်ဆိုင်ရာကဏ္ဍအသီးသီးမှပါဝင်သူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း၊ မိမိတို့ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီနှင့်ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ ပဲပုတ်နှင့်နေကြာများကို တိုးချဲ့စိုက်ပျိုးခြင်း၊ ထွက်ရှိလာသောကုန်ကြမ်းကို ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့်ဆီစက်များ ထပ်မံတည်ဆောက်ခြင်း၊ ဈေးနှုန်း/ဈေးကွက်တည်ငြိမ်စေရေးအတွက် ကုန်စည်ဒိုင်များဖွင့်လှစ်နိုင်ရေး၊ မျှတသည့်ဈေးနှုန်းနှင့် ဖြန့်ဖြူးမည့်ဈေးကွက်ဖြစ်ပေါ်လာရေးအတွက်လည်း အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆီနှင့်ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုး၍ စားသုံးဆီပိုမိုထုတ်လုပ်ခြင်းအားဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတတ်လာမည်ဖြစ်ပြီး၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများဖြစ်ပေါ်လာကာ ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံရုံသာမက ပိုလျှံထုတ်လုပ်နိုင်လာမည် ဖြစ်ပါကြောင်း၊ သို့ပါ၍ သက်ဆိုင်ရာဌာနများမှ စိုက်ပျိုးနည်းပညာ၊ ဈေးနှုန်း/ဈေးကွက် သတင်းအချက်အလက်နှင့် လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ဖြစ်ပါကြောင်း၊ တက်ရောက်လာသောဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များမှ လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးရန်ဖြစ်ပါကြောင်း ပြောကြားပါသည်။  

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကရင်ပြည်နယ်အတွင်း စားသုံးဆီလိုအပ်ချက်နှင့် စားသုံးပိုလျှံအခြေအနေများကိုလည်းကောင်း၊ ဈေးနှုန်း/ဈေးကွက်အခြေအနေများကိုလည်းကောင်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် စားဆီတို့အား ပြည်ပ သို့တင်ပို့ရာတွင် ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများအဖြစ် ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသောသတင်းလွှာအားလည်းကောင်း၊ ကရင်ပြည်နယ်အတွင်း ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များဖွဲ့စည်းထားရှိမှုနှင့် အသင်းဖြစ်ပေါ်တိုးတတ်မှုအခြေအနေများကိုလည်းကောင်း၊ အကျယ်တဝင့် ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပါသည်။

          ထို့နောက် တက်ရောက်လာကြသော ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ စိုက်ပျိုးတောင်သူများက လက်တွေ့မြေပြင်ဆောင်ရွက်မှုအခြေအနေများနှင့် လိုအပ်သည့် အခက်အခဲအခြေအနေများကို တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့်အခြေအနေများ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ စိုက်ပျိုးထုတ်လုပ်သူများ၊ ဖိတ်ကြားထားသောလုပ်ငန်းရှင်များ စုစုပေါင်း လူဦးရေ (၃၅) ယောက် တက်ရောက်၍ အခမ်းအနားကို (၁၆:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်းသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

                  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၇.၆.၂၀၂၂)ရက်နေ့၊ နေ့(၂:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း၊ ရုံးခန်းမတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး အပါအဝင် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

                ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနအကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းများ ပေါ်ပေါက်လာရခြင်းအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များက လိုက်နာရမည့်တာဝန်များ အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့၏ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် လုပ်ဆောင်ချက်များကွဲပြားပုံအကြောင်း၊ ပြည်သူများ အနေဖြင့် မိမိတို့ရွေးချယ် အသုံးပြုလိုက်သောကုန်စည်ကြောင့်ဖြစ်စေ၊ ဝန်ဆောင်မှုကြောင့် ဖြစ်စေ ထိခိုက်နစ်နာမှုများရှိပါက မိမိတို့၏စားသုံးသူအခွင့်အရေးကို အဆုံးရှုံးမခံဘဲတိုင်ကြား ကြစေလိုကြောင်း၊ ပြည်သူအားလုံးကို တိုင်ကြားသည့်အလေ့အကျင့်များရှိစေလိုကြောင်း၊ တိုင်ကြားရုံသာမက မိမိတို့ဘက်မှလည်း လိုက်နာရမည့်တာဝန်များကို လိုက်နာကြရန်လိုအပ် ကြောင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကြောင့် တိုင်ကြားလာ သော ကိစ္စရပ်များအားလည်း ဌာနမှညှိနှိုင်းပေးသဖြင့် အဆင်ပြေသွားသည့်အမှုကိစ္စများ များစွာ ရှိပါကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်၍ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့် အရေးရှိပါကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝန်ထမ်းများမှ စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များကို မေးမြန်းခြင်း၊  ပြန်လည်ဖြေကြားခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာ

စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ဇွန်လ ၁၇ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်၌ လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းဘေးရှိ “ထွန်းသစ်စ” စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ၎င်းစက်သုံဆီဆိုင်တွင် စက်သုံးဆီများကို ရန်ကုန်မှ စက်သုံးဆီယာဉ်များဖြင့် ပုံမှန်ဝင်ရောက်လျက်ရှိပြီး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီများကို ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချနေကြောင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ် ပမာဏနှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိခြင်းတို့ကို စစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာ ပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စစ်ဆေးရေးအရာရှိ တာဝန်များအကြောင်း Talk Show အောင်မြင်စွာကျင်းပပြီးစီး

       ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးနှင့် မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၈.၆.၂၀၂၂)နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Commumity Center ခန်းမတွင် Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့ပါသည်။

           အဆိုပါ Talk Show အစီအစဉ်တွင် မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်တင်သူဇာလှိုင်မှ စတင်၍ မိတ်ဆက်၍ Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

           စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များမှ စစ်ဆေးရေးအရာသည် တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးရန်(သို့) ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် (သို့) ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးနိုင်ရန် ဈေးကွက်အတွင်းမှ ပပျောက်စေရန် အလို့ငှာ ကုန်စည်နှင့် ဝန်ဆောင်မှု စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသည့်အကြောင်းနှင့် စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များမှ လုပ်ဆောင်ရမည့် (၁၁)ချက်ကို စားသုံးသူများနှင့် လုပ်ငန်းရှင် ပြည်သူများသိရှိအောင် ဝေမျှဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီးသည်ဇွန်လ(စတုတ္တ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများဖြစ်သော ကသာခရိုင်တွင် ဈေးအနည်းငယ်တက်နေပြီး၊ မုံရွာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင် ဈေးအနည်းငယ်ကျနေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဇွန်လ(စတုတ္တပတ်)တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန် များမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၁၅၅၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၅၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၀၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၄၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၁၃၅၀၀၀၀၊ ပေါ်ဆန်း(ဆန်) တစ်အိတ်လျှင်ကျပ် ၅၂၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၉၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ် အိတ်  ၄၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၂၇၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၈၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၂၆၅၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၃၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၈၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၃၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၇၀၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၀၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၉၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၄၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

           မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၅၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၂၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၄၅၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၅၅၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၈၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၃၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

         ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၉၅၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၃၇၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၄၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၄၈၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

           စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြားတိုင်း ဒေသကြီးများသို့ ဇွန်လ(တတိယ)ပတ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀၊ မန္တလေးသို့ အိတ် ရေ ၃၉၂၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ် ရေ ၆၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၆၅၀၀၊ စုစုပေါင်းအိတ်ရေ (၉၂၂၀၀) အိတ်၊ တန်အားဖြင့် (၄၆၁၀) စီးထွက်ခဲ့ပြီး၊ ယခု ဇွန်လ(စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန် စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၀၅၀၀၊ မန္တလေးသို့ အိတ် ရေ ၃၉၇၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၉၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၆၅၀၀၊ စုစုပေါင်းအိတ်ရေ (၉၃၇၀၀) အိတ်၊ တန်အားဖြင့် (၄၆၈၅) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ် လျှင် ယခုပတ်တွင် အိတ်ရေ (၁၅၀၀)တန်အားဖြင့် (၇၅) ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။                                                                                                                                                           

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဆန်စက်လုပ်ငန်းရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေး

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်မှ မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်နှင့်ဝန်ထမ်းများသည် (၁၆.၆.၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီ အချိန်တွင် ရေကြည်မြို့၊ စိမ်းလဲ့ရေကြည်ခန်းမတွင် ဆန်စက်လုပ်ငန်းရှင် (၁၄)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်၊၊

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသလိုကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်လည်း ကုန်စည်တံဆိပ်အမှတ်အသား၊ ကုန်စည်အမျိုးအမည်၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေး ဉပဒေပါ သတ်မှတ်ချက်များနှင့်အညီ အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း အသိပေး ဆွေးနွေးခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

ဘုတလင်ဂျူပီတာဂျင်း၊ လက်ဘက် လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

             စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအား ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် လုပ်ငန်းရှင်များအား မိမိတို့ထုတ်လုပ်သော ကုန်စည်များ၏ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပြည့်စုံမှန်ကန်မှုရှိစေရေး အစဉ်တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။

            ထိုသို့ တွန်းအားပေးဆောင်ရွက်မှုကြောင့် (၁၇.၆.၂၀၂၂)ရက်နေ့၊ နံနက် (၁၁:၀၀) အချိန်တွင်  မုံရွာခရိုင်ဦးစီးမှူးရုံးသို့ ဘုတလင်မြို့၊ မြဝတီရပ်ကွပ်ရှိ “ဂျူပီတာ” ဂျင်း၊ လက်ဘက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်မှ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်  ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပြည့်စုံမှန်ကန်မှုရှိစေရေး လာရောက်မေးမြန်းခဲ့ပြီး ဌာနမှလည်း စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ်  စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြရန်နှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားလိုပါက မူပိုင်ခွင့်ဦးစီးဌာန (ရုံးချုပ်)သို့ လျှောက်ထားပေးမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားကာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် အသုတ်မြို့မဈေးကြီးအတွင်း FDA မှတားမြစ်ထားသော ဆေးဝါးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် တာဝန်ခံဒေါ်ချယ်ရီမြင့်နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းပါဝင် ၍ (၁၇.၆.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် အသုတ်မြို့မဈေးကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်း ရောင်းချသော အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ပါသည်၊၊ အသုတ်မြို့မဈေးကြီး အတွင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၈)ဆိုင်တွင် FDA မှတားမြစ်ထားသော ဆေးဝါးများ ရောင်းချခြင်းမရှိစေရန်နှင့် တရားဝင်ရောင်းချခွင့် လိုင်စင်မှတ်ပုံတင်မရှိပဲ မရောင်းချရန် ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများအပေါ်တွင် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No( IR ) များ ဖော်ပြပါရှိသည့် ဆေးနှင့်ဆေးပစ္စည်းများကိုသာ ဈေးကွက်အတွင်းရောင်းချခွင့်ရှိကြောင်း ကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

 

လေးမျက်နှာမြို့နယ် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကညင်တိုင်းအုပ်စု၊ တုံးတောကျေးရွာ၊ ဓမ္မာရုံ၌ (၁၆.၆.၂၀၂၂) ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် စားသုံးသူပြည်သူ (၄၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါ သည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးမှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ်(၉/၂၀၂၂)ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ ဥပဒေတွင်ပါရှိသော စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊  စားသုံးသူနစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) များအား ဖွင့်လှစ်ထားရှိမှုအခြေအနေများနှင့် တိုင်ကြားနိုင်သောနည်းလမ်းများအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ