Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတခရိုင် တရားမဝင်ကုန်စည်အား ရှောင်တခင် ကွင်းဆင်းစိစစ်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင်(၁၁.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်၌  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အခွန့်ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည်  တယ်လီဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များတွင် တရားမဝင်တင်သွင်းလာသောကုန်စည်များ ရောင်းချနေမှုရှိ/မရှိရှောင်တခင် ကွင်းဆင်း စိစစ်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစိစစ်ခဲ့ရာတွင် ဟင်္သာတမြို့နယ်ရှိ တရားမဝင်တင်သွင်းလာသော တယ်လီဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးနှင့် လိုင်စင်မဲ့ ရောင်းချခြင်း၊ တရားမဝင်(သယ်ဆောင်/သိုလှောင်)ခြင်း မရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား တရားဝင်တင်သွင်းလာသော ကုန်စည်များကိုသာရောင်းချရေး၊ သွင်းကုန်ညွှန်ကြားလွှာပါ ကုန်စည်စာရင်းအတိုင်း တင်သွင်းရောင်းချရေးကိုလည်း ဆွေးနွေးအသိပေးခဲ့ပြီး  မြို့ပေါ်ရပ်ကွက်ရှိ မော်တော်ဆိုင်ကယ် အရောင်းဆိုင်(၅)ဆိုင်နှင့် တယ်လီဖုန်းနှင့်ဆက်စပ်ပစ္စည်းများ အရောင်းဆိုင်(၅)ဆိုင်တို့ကို ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စိုက်ပျိုးသီးနှံ တိုးတက် ထုတ်လုပ်မှု မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား အောင်မြင့်စွာကျင်းပပြီးစီး

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်မှ ဒုဦးစီးမှူး ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ (၁၅.၆.၂၀၂၂)နေ့တွင် ကျင်းပပြုလုပ်သော စိုက်ပျိုးရေးသီးနှံ တိုးတက်ထုတ်လုပ်မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဒုဦးစီးမှူး ဒေါ်ချိုမီဇင်က မိမိတို့ ဝန်ကြီးဌာနမှ  စားအုန်းဆီ ပြည်တွင်းသို့တင်သွင်းနေမှုနှင့် တောင်သူများ စိုက်ပျိုးရာမှ ထွက်ရှိလာမည့် ပြည်တွင်းစားဆီများ ထွက်ပေါ်လာချိန်တွင် ဖြစ်ပေါ်လာမည့် ဈေးကွက်အခြေအနေများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူတောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည် ဆွေးနွေးပြောကြားခဲ့‌ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်ရောက်ပြီးကုန်စည်နှင့် ဈေးကွက်မရောက်မီကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စစ်ဆေးရေးမှူးသည် စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းနှင့်အတူ ဇွန်(၁၅)ရက် နေ့နံနက်( ၁၀:၀၀ ) နာရီတွင်မုန့်မျိုး စုံဆိုင်နှင့် စတိုးဆိုင်များအား ပြည်တွင်း၌ထုတ်လုပ်သောကုန်စည်များ၊ ပြည်ပမှတင်သွင်းသော ကုန်စည်များနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ (သို့မဟုတ်) ဈေးကွက်ရောက်ပြီးကုန်စည်ကို ဘေးအန္တရာယ်ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်အညွှန်း အမှတ်အသားတွင် ဖော်ပြရမည့် အချက်များပါဝင်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါဆိုင်များအား စစ်ဆေးရာတွင် စတိုးဆိုင်၌ အိုင်အိုးဒင်းဆားထုပ်ပေါ်တွင် မြန်မာစာသားမပါရှိဘဲ ထိုင်းဘာသာစာသားများ ဖော်ပြထားသဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များအား လိုက်နာဆောင်ရွက်နိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူပြည်သူများတစ်စုံတစ်ရာအန္တရာယ်ဖြစ်ပေါ်ပါက နစ်နာမှုရှိနိုင်သဖြင့် ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ပေးရန် သတိပေးခဲ့ပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီသို့ တင်ပြ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

တရားမဝင်ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့သည်(၁၅.၆.၂၀၂၂)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်၌ ဟင်္သာတမြို့၊ လယ်တော်စစ်ဆေးရေးဂိတ်တွင် တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း ရှိ/မရှိကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခြင်းသည် ဒေသတွင်းရှိ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဈေးကွက်တွင် မျှတစွာ ယှဉ်ပြိုင်ရပ်တည်နိုင်ပြီး၊ စားသုံးသူများအား ကာကွယ်ပေးနိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများ၏ အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင့် ဒေသတွင်း ထိခိုက်မှုမရှိစေရေး ရည်ရွယ်၍ စစ်ဆေးခြင်းဖြစ်ပြီး မော်တော်ဆိုင်ကယ်များ၊ ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များနှင့် ဆီဘောက်ဆာယာဉ်များတွင် တင်ဆောင်လာသော ကုန်စည်နှင့် ကုန်ပို့လွှာများ ကိုက်ညီမှု ရှိ/မရှိစစ်ဆေးပြီး စုစုပေါင်းမော်တော်ယာဉ် (၃၁)စီးအားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကုန်ပစ္စည်းများ တရားဝင်လုပ်ထုံးလုပ်နည်းနှင့် တင်သွင်းရောင်းချမှုရှိ/မရှိ ပူးပေါင်း စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်ဖြင့် ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဇွန်လ(၁၂)ရက်နေ့တွင် ဖျာပုံမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာ အရောင်းဆိုင်များ၊ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များ၊ တယ်လီဖုန်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ အရောင်းဆိုင်များစစ်ဆေးရာ၌ ဓါတ်မြေဩဇာ အရောင်းဆိုင်တွင် အမိုနီယမ်နိုက်ထရိတ်များအား ဓါတ်မြေဩဇာများနှင့်ရောနှော၍ တင်သွင်းသိုလှောင်ရောင်းချခြင်းရှိ/မရှိနှင့် မော်တော်ဆိုင်ကယ်အရောင်းဆိုင်များ၊ တယ်လီဖုန်းအရောင်းဆိုင်များတွင် ရောင်းချသည့် ကုန်ပစ္စည်းများ တရားဝင်လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

တောင်ငူမြို့ အထက(၁)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

        စားသုံးသူရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ သိသင့်သိထိုက်သည့်အသိပညာဗဟုသုတများ သိရှိနိုင်ရန်အတွက် အသိပညာပေးဟောပြောပွဲကို (၁၆.၆.၂၀၂၂)ရက်နေ့တွင် တောင်ငူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

       အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူမြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် မူးယစ်ဆေးဝါးအန္တရာယ်များကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများဖြစ်သော စားသုံးသူအခွင့်အရေးများ၊ စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ရွက်ချက်များ၊ ကုန်စည်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားဖတ်ရှုသင့်သည်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကိုလည်းကောင်း ဟောပြောခဲ့ကြပြီး ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၅၀ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ Golden Bean ပဲစပ်ဆီဖြန့်ဖြူးသည့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးမင်းဇော်နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် ဇွန်လ ၁၆ ရက် နံနက်ပိုင်းက တောင်ငူ မြို့၊ အမှတ် ၂၁ ရပ်ကွက်၊ နတ်သျှင်နောင်လမ်းရှိ Golden Bean အမှတ်တံဆိပ် စားသုံးဆီများဖြန့်ဖြူးသည့် STMN Co.Ltd သို့ သွားရောက်ပြီး မန်နေဂျာ ဦးသောင်းထွန်းနှင့်တွေ့ဆုံ၍ ဈေးကွက်စောင့်ကြည့်လေ့လာခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       Golden Bean အမှတ်တံဆိပ် စားသုံးဆီများကို ရန်ကုန်မြို့တွင်ထုတ်လုပ်ပြီး တောင်ငူမြို့ရှိ ကုမ္ပဏီရုံးခွဲတွင် ဖြန့်ဖြူခြင်း ဖြစ်ပါသည်။ စားအုန်းဆီ ၈၀%၊ မြေပဲဆီ ၁၀% နှင့် နေကြာဆီ ၁၀% ပါဝင်ကြောင်း ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြချက်အရ သိရှိရပါသည်။ ၎င်းဆီတွင် ဖော်ပြ ထားသောကုန်အညွှန်းအမှတ်အသားသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ နှင့်အညီဖော်ပြရန်လိုအပ်နေသေးကြောင်း တွေ့ရှိရပါသဖြင့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန် အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ကျွဲပွဲနှင့် ညောင်ခြေထောက်ဒေသများရှိ Lucky, လှရတနာ(ညောင်ခြေထောက်)၊ Diamond, ဖြိုးဝေကျော်နှင့် လှရတနာ(မြေစီး)များသို့ သွားရောက်၍ ဈေးနှုန်းနှင့်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အချို့ဆိုင်များ၌ ဆီဘောက်ဆာယာဉ်များရောက်ရှိပြီး အချို့ဆိုင်များတွင် ဆီဘောက်ဆာများမှာထားပြီးကြောင်း သက်ဆိုင်ရာဆိုင်တာဝန်ခံများက တင်ပြပါသည်။ ၎င်းဆိုင်များ၌ စက်သုံးဆီရောင်းချရမှုမှာ ပုံမှန်အတိုင်းရှိကြောင်းနှင့် ရောင်းဈေးမှာလည်း ရည်ညွှန်းဈေးနှင့်ကွာခြားချက်မရှိကြောင်း တွေ့ရှိရပါသည်။ မြို့နယ်တာဝန်ခံက သက်ဆိုင်ရာဌာနဆိုင်ရာများက သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချရေးနှင့် စားသုံးသူစိတ်ကျေနပ်မှုရှိစေရန် ဝန်ဆောင်မှုပေးရေးများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ် သာဂရဈေးတွင် စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် သာဂရမြို့ ဈေးတာဝန်ခံနှင့်အတူ ဇွန်လ ၁၆ ရက် နံနက်ပိုင်းက သာဂရမြို့ စည်ပင်သာယာဈေးအတွင်း စားသုံးဆီများရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များသို့ သွားရောက်၍ စားသုံးဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       သာဂရမြို့ စည်ပင်သာယာဈေးအတွင်း ရောင်းချသောစားသုံးဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရသော်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို လိုက်နာဆောင်ရွက်မှု အားနည်းနေကြောင်း တွေ့ရှိရပါသဖြင့် ယင်းညွှန်ကြားချက်သည် ယခုလ ၂၀ ရက်နေ့တွင် အာဏာတည်မည်ဖြစ်ပါသဖြင့် လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့ အထက(၁)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် ဌာနဆိုင်ရာများအလိုက် သိသင့်သိထိုက်သည်များအား အသိပညာပေးဟောပြောခြင်းကို ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

      ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး  ဒေါ်အိမာဟိန်းက စာဖတ်ခြင်းအကျိုးကျေးဇူး၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် ရှောင်ကျဉ်ရမည့်အကြောင်းများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ ဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့် အကြောင်းများကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများကိုလည်းကောင်း ဟောပြောခဲ့ကြပါသည်။

       ဟောပြောပွဲသို့ ဆရာဆရာမနှင့်ကျောင်းသားကျောင်းသူ ၂၇၀ ဦးတက်ရောက်ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ