Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထားဝယ်မြို့ရှိ အိုးလုပ်စျေးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၃ခုနှစ်၊ မတ်လ(၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်ကြသော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ အိုးလုပ်စျေးနှင့် စားသောက်ကုန်မျိုးစုံအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ ‌စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန် ကုန်စည်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါရှိသော ကုန်စည်များကိုသာရောင်းချနိုင်ရေးနှင့် သက်တမ်းကုန်လွန်သောကုန်စည်များကို ရောင်းချမှုမရှိစေရေးတို့အား အသိပညာပေးဆွေးနွေးခဲ့ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် အချက်အလက်များအား မိမိတို့ဌာနတွင် အသေးစိတ်မေးမြန်းဆွေးနွေးနိုင်ပါကြောင်းနှင့်း အသိပညာပေးလက်ကမ်းစာစောင်တို့ကို ဖြန့်ဝေမှုများဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၃ခုနှစ်၊ မတ်လ(၂၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်ကြသော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။   ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့်ဆေးဝါးများ စျေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိနှင့် သက်တမ်းကုန်လွန်နေသောဆေးဝါးများရောင်းချမှုရှိ/မရှိတို့အား စစ်ဆေးပါကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပေါင်မုန့်၊ ကိတ်မုန့်အမျိုးမျိုးနှင့် မုန့်ခြောက်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတက်ရောက်

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင်ဦးစီးအရာရှိသည် (၂၄-၃-၂၀၂၃) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) တွင် ကျင်းပပြုလုပ်သည့် ပေါင်မုန့်၊ ကိတ်မုန့်အမျိုးမျိုးနှင့် မုန့်ခြောက်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

    အဆိုပါသင်တန်းကို သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာလေ့ကျင့်ရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပေါ်လာစေရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေးတို့အားရည်ရွယ်၍  ဒေသနှင့် ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်တန်းပို့ချသင်ကြားပေးခြင်းဖြစ်ကြောင်း သိရပါသည်၊၊

       သင်တန်းသည်  (၁၉-၃-၂၀၂၃) ရက်နေ့မှ (၂၄-၃-၂၀၂၃) ရက်နေ့ထိ ပေါင်မုန့်၊ ကိတ်မုန့်အမျိုးမျိုးနှင့် မုန့်ခြောက်အမျိုးမျိုး၊ ငါးမုန့်၊ စာလေးခွေ၊ ကွတ်ကီးအမျိုးမျိုးပြုလုပ်နည်းကို စာတွေ့လက်တွေ့ ၅ ရက်တာသင်ကြားပေးခြင်းဖြစ်ကာ ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် အနီးအတဝိုက်ကျေးရွာများမှ သင်တန်းသား/သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

မော်လမြိုင်မြို့၊ ဘိုကုန်းဓမ္မာရုံ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၄-၃-၂၀၂၃) ရက်နေ့တွင် မော်လမြိုင်မြို့၊ ဘိုကုန်ဓမ္မာရုံ၌ ပြည်သူလူထုအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ဟောပြောဆွေးနွေးရာတွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ သိကောင်းစရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ သိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးချိုးဖောက်ခံရခြင်း (သို့မဟုတ်) စားသုံးသူနစ်နာမှုများရှိလာပါက တိုင်ကြားနိုင်သည့်နေရာ၊ တိုင်ကြားနိုင်သည့်ဖုန်းနံပါတ်၊ Website၊ Call Center အကြောင်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ပြည်သူလူထု (၃၀) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရေး လုပ်ငန်းရှင်အား အသိပညာပေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၉-၃-၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ “နေလကွာစေ့”လုပ်ငန်းရှင်ဒေါ်ခင်ဝင်းအေးအားတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါဝင်နိုင်ရေး သွားရောက်အသိပညာပေးဆွေးနွေးခဲ့ပါသည်။

   ဆွေးနွေးရာတွင် ပွင့်ဖြူမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များ၊ စီမံခန့်ခွဲ့ရေးနည်းလမ်းအရ အရေးယူခြင်းနှင့်တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းဆွေးနွေးခဲ့ပြီး  လုပ်ငန်းရှင်များအား မိမိတို့ထုတ်လုပ်သောကုန်စည်မျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ(၂/၂၀၁၉)ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြလျောက်ထားနိုင်ပါကြောင်း၊ စားသုံးသူများအား ကုန်အညွှန်းအမှတ်အသားဖော်ပြပေးခြင်းဖြင့် မိမိတို့၏ကုန်စည်များအား အာမခံချက်အပြည်အဝပေးနိုင်မည်ဖြစ်ပါကြောင်း ယနေ့ခေတ်စားသုံးသူများသည် အသိပညာကြွယ်ဝလာပြီဖြစ်သဖြင့် ကုန်အညွှန်းအမှတ်အသားများကိုကြည့်ရှုပြီးမှ ဝယ်ယူစားသုံးခြင်းနှင့်သုံးစွဲနေတတ်ခြင်းတို့ကြောင့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာမဖြစ်မနေထည့်သွင်းဖော်ပြပေးမည်ဆိုလျှင် မိမိ၏ကုန်စည်များအား စားသုံးသူများယုံကြည်မှုရရှိလာပြီး  အကျိုးစီးပွားများပိုမိုရရှိလာမည်ဖြစ်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာ၌ ကျင်းပသည့် တောင်သူစုပေါင်းရောင်းချပွဲသို့ ကွင်းဆင်းလေ့လာခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် (၂၁-၃-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့၊ လယ်ကိုင်းကျေးရွာ၌ “တိုင်းတောင်သူဖွံ့ဖြိုးရေး”အဖွဲ့က ဦးဆောင်ကျင်းပသည့် သီးနှံစုပေါင်းရောင်းချပွဲသို့ သွားရောက်ကွင်းဆင်း၍ လေ့လာဆွေးနွေးခဲ့ပါသည်။

   အဆိုပါစုပေါင်းရောင်းချပွဲတွင် တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့နှင့် Good Brother ကုမ္ပဏီတို့ပူးပေါင်း၍ သီးနှံများကိုဝယ်ယူပါကြောင်း၊ ထိုသို့ဝယ်ယူရာတွင် အဖျင်းအမှော်၊ ဖုံသဲခဲ၊ လုံးပိန်၊ လုံးညှပ်ပါဝင်မှုပေါ်မူတည်၍ ကုလားပဲ (929) (၁၉)ပိဿာတစ်တင်းလျှင် ဈေးနှုန်းအနေဖြင့် (A)အဆင့်ထိပ်စကို ကျပ် (၇၀၀၀၀)ဖြင့်လည်းကောင်း (B) အဆင့်ကို ကျပ်(၆၉၅၀၀)ဖြင့်လည်းကောင်း ဝယ်ယူပါကြောင်း၊ ကတ္တားအချိန်အတွယ်အနေဖြင့်လည်း တောင်သူများစိတ်ကြိုက် ကတ္တားဖြင့်ဝယ်ယူပါကြောင်း၊ မိမိတို့ဝယ်ယူနေသော ယခုလက်ရှိကတ္တားများအားလည်း အချိန်မရွေးအစစ်ဆေးခံနိုင်ပါကြောင်း၊ ကတ္တားတစ်ဆွဲလျှင် (၃၀.၅)ပိဿာချိန်တွယ်ပါကြောင်း၊ တစ်ဆွဲချင်းချိန်တွယ်၍  စုစုပေါင်းရရှိလာသောပိဿာများအား တင်း၊ ပြည်၊ ပုံး မည်မျှရသည်အထိ ပြောင်းလဲပေး၍ဝယ်ယူပါကြောင်း၊ တစ်ဆွဲလျှင် ပီနံအိတ်ခွံတစ်တင်းခွဲအိတ်အတွက်အား (၁၂)ကျပ်ခွဲသားတောင်းပါကြောင်း၊ ထိုသို့အချိန်အတွယ်များအား ကျေနပ်ပါက ငွေစာရင်းတွင် ငွေလက်ခံရရှိမှာဖြစ်ပါကြောင်း၊ ငွေစာရင်းတွင်လည်း အမှားအယွင်းမရှိအောင်ဆောင်ရွက်နေပါကြောင်း၊ တစ်ခါတစ်ရံ မိမိတို့ဘက်မှသော်လည်းကောင်း၊ တောင်သူများဘက်မှသော်လည်းကောင်း၊ ငွေပိုရခြင်း၊ ငွေလိုရခြင်းများရှိခဲ့ပါကလည်း ကွန်ပျူတာထဲတွင် ထည့်သွင်းထားခြင်းဖြစ်ပါသောကြောင့်  မည်သည့်နေ့ရက်၌ဖြစ်စေကာမူ ဘောင်ချာစာရွက်နှင့် တောင်းသူဘက်က ပြသနိုင် လျှင် ဖြေရှင်းပေးပါကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့်လည်း ကုမ္ပဏီနှင့်စတင်စာချုပ်စဉ်ကတည်းကပင် အဝယ်စင်တာများ၏ ဒေသပေါက်ဈေးထက် (A) အဆင့်ထိပ်စ (၁၉)ပိဿာတစ်တင်းလျှင် ဒေသပေါက်ဈေးထက် ကျပ်(၈၀၀)ပိုပေးရန်နှင့် (B)အဆင့်ဆိုလျှင် ဒေသပေါက်ဈေးထက် ကျပ်(၃၀၀)ပိုပေး၍ (C) အဆင့်ဆိုလျှင် ဒေသပေါက်ဈေးအတိုင်း ဝယ်ယူပေးပါမည်ဟု စာချုပ်ထားပါကြောင်း၊ စာချုပ်ထားသည့်အတိုင်းလည်း ဝယ်ယူနေပါကြောင်း၊ ဈေးနှုန်းများကိုလည်း နံနက်(၀၈:၀၀)နာရီအချိန်တွင် မင်းဘူး၊ ပွင့်ဖြူ၊ စလင်း အဝယ်စင်တာများက နေ့စဉ်တင်ပေးရပါကြောင်း၊ (၄-၃-၂၀၂၃)ရက်နေ့မှစတင်၍ ဝယ်ယူရာတွင် (၂၁-၃-၂၀၂၃) ရက်နေ့အထိ စုစုပေါင်းတင်းပေါင်း(၈၅၀၀)ခန့်ဝယ်ယူရရှိပြီးဖြစ်ပါကြောင်း၊ (၄-၄-၂၀၂၃)ရက်နေ့အထိ (၁)လတိတိ ဖွင့်လှစ်ဝယ်ယူမည်ဖြစ်ပါကြောင်း၊ မိမိတို့စင်တာတွင် လာရောက်ရောင်းချပါက တောင်သူများသည် ပွဲရုံ၊ ပွဲခ၊ အလုပ်သမားခများသက်သာမည်ဖြစ်ပါကြောင်း၊ တိုင်းတောင်သူ အဖွဲ့ကဦးဆောင်၍ အပူပိုင်းဒေသနှင့် မြစ်ဝကျွန်းပေါ်ဒေသ စိုက်ပျိုးရေးနှင့်အသက်မွေးဝမ်းကျောင်းစီမံကိန်း၊ (ALLADZ) ကလည်း ကျေးရွာအတွင်းရှိ (၅)ဧကအောက်တောင်သူငယ်များကိုလည်း အလုပ်သမားခများပံ့ပိုးပေးထားပါကြောင်း၊ ၎င်းတောင်သူများကလည်း မိမိတို့စင်တာတွင် လာရောက်ရောင်းချရမည်ဖြစ်ပါကြောင်း၊ တစ်နေ့ချင်းတစ်နေ့ဝယ်ယူရရှိသော ကုလားပဲများကို မကွေးမြို့ရှိ Good Brother ကုမ္ပဏီမှ ဂိုဒေါင်များသို့ နေ့စဉ်တင်ပို့ပါကြောင်း၊ မိမိတို့သည် တောင်သူများဘဝပိုမိုမြင့်မားလာပြီး မိမိစိုက်ပျိုးထွက်ရှိသည့်အတိုင်း အပြည့်အဝခံစားရရှိစေမည့် တောင်သူအကျိုးပြုအဖွဲ့ဖြစ်ပါကြောင်းကို တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့တွင် တွဲဖက်အတွင်းရေးမှူးနှင့် ပွင့်ဖြူမြို့နယ်တွင် တောင်သူဖွံ့ဖြိုးရေးအဖွဲ့၏ဥက္ကဋ္ဌဖြစ်သူ ဦးအောင်မြင့်ထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)

ရွှေဘိုပေါ်ဆန်း G.I ရရှိရေး ဆောင်ရွက်မှု သမိုင်းမှတ်တိုင်များ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ နှစ်စဉ်မိုးစပါးစိုက်ပျိုးရာသီတွင် ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးမှုများပြီး အရည်အသွေးလည်းကောင်းသဖြင့် ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေးအတွက် ပြင်သစ်နိုင်ငံ AFD(France Development Agency)၏ ထောက်ပံ့ကူညီမှုဖြင့် Recognition and Promotion of Geographical indication in Cambodia, Lao PDR and Myanmar (မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဒေသဆိုင်ရာအညွှန်းများကို အသိအမှတ်ပြုခြင်းနှင့် မြှင့်တင်ခြင်းစီမံကိန်း)ကို GRET Myanmarအဖွဲ့အစည်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။  ယခုလက်ရှိအချိန်တွင် ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေး ဆောင်ရွက်မှုအနေဖြင့် ရွှေဘိုမြို့ ဦးအောင်မြတ်လမ်းနှင့် ရွှေချက်သိုဘုရားလမ်းထောင့်၊ အနောက်ဈေးရပ်၊ အမှတ်(၄)နယ်မြေတွင် ဌားရမ်းထားသည့် ရွှေဘိုပေါ်ဆန်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရုံးတွင် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှတာဝန်ရှိသူများနှင့်  (G.I)ပညာရှင်များ အပတ်စဉ်သောကြာနေ့တိုင်း Zoomဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်ခြင်း၊ ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေးတွင် အဓိကအရေးပါသည့် ရွှေဘိုပေါ်ဆန်းအရည်အသွေးမှတ်တမ်း (BOS) Book Of Specifications Version-0 မှ Version-1သို့ အဆင့်ဆင့်အတည်ပြုသတ်မှတ်ခဲ့ပြီး   Final Version သို့တိုးမြှင့်သတ်မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို လည်း ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးဖြစ်သည့်အပြင် ယခုလက်ရှိအချိန်တွင် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအနေဖြင့် တောင်သူများ ဓါတ်မြေဩဇာဝယ်ယူရသည့် ကုန်ကျစရိတ်လျော့ချနိုင်ရန်နှင့် မြေဆီလွှာဂုဏ်သတ္တိကောင်းမွန်စေရန်အတွက်  သဘာဝမြေဩဇာ လက်တွေ့ပြုလုပ်ခြင်းသင်တန်းများကို ရွှေဘိုမြို့နယ်ရှိ ပေါက်တုံကျေးရွာနှင့် လိပ်ချင်းကျေး ရွာများတွင် ဆောင်ရွက်ခြင်းနှင့် ရွှေဘိုပေါ်ဆန်း (G.I)ရရှိရေး တောင်သူပညာပေး ဟောပြောခြင်း၊ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ ယခင်ကရေးဆွဲပြီးသော သင်းဖွဲ့စည်းမျဉ်းကို စနစ်တကျရှိ၍ ပြည့်စုံခိုင်မာတောင့်တင်းစေရန် ပြင်သစ်နိုင်ငံ AFD၏အကူအညီဖြင့် အသင်းသားများဖြင့် ပွင့်လင်းမြင်သာစွာညှိနှိုင်းဆွေးနွေးခြင်းနှင့် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၏ Working Groupသည် ရွှေဘိုပေါ်ဆန်းဈေးကွက်နှင့်အရောင်းမြှင့်တင်ရေး (Marketing and Promotion) နှင့် ဘိုပေါ်ဆန်း(Product Logo)ရေးဆွဲနိုင်ရေးတို့အတွက် (G.I) Projectမှ ချိတ်ဆက်ပေးသော BRIDGEအဖွဲ့သားများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကံမမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းသည် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၌ (၁၇-၃-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များသိရှိစေရန်အတွက် ဌာနကပြဋ္ဌာန်းထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ၏ အခန်း(၁)မှ စားသုံးသူကာကွယ်ရေး၊ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်၊ ဝန်ဆောင်မှုတို့၏ အဓိပ္ပါယ်များနှင့် အခန်း(၂)မှ ဥပဒေ၏ရည်ရွယ်ချက်များကို Online မှတစ်ဆင့်သိရှိစေရန် (Talk Show)ဖြင့် ဟောပြောဆွေးနွေးမှုဆောင်ရွက်ခဲ့ပါသည်။

       ဆက်လက်၍ ကံမမြို့ပေါ်ရှိ ဈေးကွက်များအတွင်း ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များအား ဘေးကင်းလုံခြံစိတ်ချမှုရှိစေရေးအတွက် နံနက် (၁၀:၀၀) နာရီအချိန်တွင် သရက်ခရိုင်၊ အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သော မိတ်ဖက်ဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကံမမြို့ပေါ်ရပ်ကွက်(၂/၃/၄)ရှိ ဆေးဝါးရောင်းချနေသော ဆေးဆိုင်(၄)ဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC No. မပါရှိသည့် Parbisure အမည်နှင့် ဆေးဝါးများတရားမဝင်ရောင်းချနေမှုရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများမပြည့်စုံသည့်ကုန်စည်များအား ဈေးကွက်အတွင်းရောင်းနေမှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက ဆေးဆိုင်များတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများအား ရောင်းချခြင်းမပြုကြရန်၊ ရောင်းချသူလုပ်ငန်းများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အုပ်စု(၈)အုပ်စုတွင်ပါရှိသောအချက်များအား ပြည့်စုံ မှန်ကန်စွာပါရှိသည့်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့် ဖော်ပြပါရှိသော ဆေးဝါးများသာရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားပြီး ဥပဒေလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

စားသုံးကုန်စည်ဖြစ်စေ၊ လူသုံးကုန်စည်ဖြစ်စေ စားသုံးသူပြည်သူများကို ဘေးအန္တရာယ်ဖြစ်ပေါ်မှု မရှိစေရန်ရည်ရွယ်၍ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ ဆေးဆိုင်များ၊ ကုန်စုံဆိုင်များအား ဈေးကွက် စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)၊ ဦးသိန်းအောင်(ကြီး/ရေး)၊ ဒေါ်ထားမဲင်းဇိန် (ရုံးအကူ)နှင့် မြို့နယ်စည်ပင်သာယာအဖွဲ့မှ ဦးဟုန်းကီးထွန်း(အငယ်တန်းအင်ဂျင်နီယာ)တို့သည် ၂၀၂၃ခုနှစ်၊ မတ်လ ၂၃ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။

    ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် အာဆီယံဒေသအတွင်းတွေ့ရှိသော တားမြစ်ဓာတုပစ္စည်းများပါဝင်သည့် အလှကုန်ပစ္စည်း(၃၅)မျိုးသည် ကျန်းမားရေးဝန်ကြီးဌာနက သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများအဖြစ် ကြေညာထားသည့်အတွက်   ဈေးကွက်အတွင်း ရှိ/မရှိ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC No. မပါရှိသည့် ဂျာမနီနိုင်ငံထုတ် (Parbisure) အမည်ဖြင့် ဆေးဝါးရောင်းချနေမှုများ ဈေးကွက်အတွင်း ရှိ/မရှိတို့ကို စစ်ဆေးခြင်းနှင့် သက်တမ်းလွန်စားသုံးကုန်ပစ္စည်းများကို သိမ်းဆည်းခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကုန်စုံဆိုင်ရောင်းချသူများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနက အများပြည်သူအပေါ် ဘေးအန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသည့်ကုန်ပစ္စည်းများကို မှာယူတင်သွင်းရောင်းချခြင်းမပြုရန် ရှင်းလင်းမှာကြားခဲ့ပါသည်။

DOCA(ချင်း)

 

 

 

 

ချောက်မြို့နယ်၊ ကြီးနီစံပြကျေးရွာ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြော

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ မြို့နယ်ဦးစီးမှူးသည် ကြီးနီစံပြကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၌ (၁၈-၃-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနက ကျင်းပသော ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများဟောပြောပွဲ၌  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခဲ့ပါသည်။

       အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်မှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာများနှင့် အွန်လိုင်းဝန်ဆောင်မှုများတွင် လိမ်လည်မှုမခံရစေရေး သတိပြုရမည့်အချက်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ချောက်မြို့၊ မူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းမမဝင်းက ကလေးသူငယ်များ၏ အခွင့်အရေးနှင့်ဥပဒေအကြောင်းများအားလည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ