Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

စားသုံးသူရေးရာဦးစီးဌာန၊  မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးတို့တွင် ဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၂၂.၆.၂၀၂၂ မှ ၂၄.၆.၂၀၂၂ထိ) (၃) ရက်ကြာ တပြိုင်နက် ဖွင့်လှစ်သွားမည်ဟု သိရှိရသည်။

          အဆိုပါသင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။  ဘာသာရပ်များအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် ရုံးလုပ်ငန်းလက်စွဲဘာသာရပ်များ၊ IT ဘာသာရပ်၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဘာသာရပ်၊ စားသုံးသူကာကွယ်ရေးဥပဒေသိကောင်းစရာများဘာသာရပ်၊ ငွေစာရင်းဘာသာရပ်၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲဘာသာရပ်၊ စီမံရေးရာဘာသာရပ်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာဘာသာရပ်၊ သတင်း/ဆောင်းပါးရေးသားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများဘာသာရပ်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ သိကောင်းစရာများဘာသာရပ်၊ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့်ပတ်သက်၍ သိကောင်းစရာများဘာသာရပ်တို့အား ပို့ချသွားမည် ဖြစ်ပါသည်။

          အဆိုပါ သင်တန်းများကို သင်တန်းနည်းပြ (၁၀) ဦးနှင့် သင်တန်းသား/သင်တန်းသူ (၃၃) ဦးတို့ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

                                                                                                                                                 

 

စီးပွားရေးဆိုင်ရာအလုပ်သင် သင်တန်းသား/သင်တန်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          National Enlightenment Institute –NEI နှင့် မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော “စီးပွားရေးဆိုင်ရာ အလုပ်သင်အစီအစဉ် (အပတ်စဉ်-၂) သင်တန်းသား/သူများ၏ လုပ်ငန်းအတွေ့အကြုံများတင်ပြခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀.၆.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့ Hotel KS ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ သင်တန်းဆင်းပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးနယ်ပယ်သို့ ဝင်ရောက်ကြမည့် သင်တန်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

            ထိုသို့ ဟောပြောရာတွင် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် ၊ ဝန်ဆောင်မှုအသုံးပြုရာတွင် စားသုံးသူနစ်နာမှုဖြစ်ပေါ်လာပါက စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါသင်တန်းဆင်းပွဲသို့  စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ သတင်းသား/သူများ (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)

မြေပုံမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း

          ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ဦးခရိုင် မြေပုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၅-၆-၂၀၂၂)ရက်နေ့တွင် မြေပုံမြို့ပေါ်ရှိ ဆေးဆိုင်များ၌ရောင်းချလျက်ရှိသည့် ဆေးဝါးနှင့်ဆေးဝါးပစ္စည်းများအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မြို့နယ်ထွေအုပ်၊ ကျန်းမာရေးနှင့်မြို့နယ်စည်ပင်ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

         ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးရောင်းချမှု၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/ မရှိနှင့် Bella Plus Plaster ၊ ရသေ့ဆေး(သို့)ထိုင်းတိုင်းရင်းဆေးရောင်းချမှုရှိ/မရှိ ကိုအဓိကထား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ Bella Plus Plaster မှာ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registeration No.(IR) များ ဖော်ပြခြင်းမရှိဘဲ ဈေးကွက်အတွင်းရောင်းချလျက်ရှိနေခြင်း၊ရသေ့ဆေး(သို့) ထိုင်းတိုင်းရင်းဆေ မှာ ထိုင်းနိုင်ငံမှ သုံးစွဲရန်မသင့်သည့်ဆေးဝါးအဖြစ်ထုတ်ပြန်ထားခြင်းနှင့် မြန်မာနိုင်ငံတွင်လည်း ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိဘဲ Online ပေါ်တွင် ရောင်းချနေသည့်အတွက် သုံးစွဲသူမိဘပြည်သူ များဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရေးနှင့် မိမိတို့မြို့နယ်ဈေးကွက်အတွင်းရောင်းချခြင်းမရှိစေရေးစိစစ်ဆောင်ရွက်ခဲ့ရာ ဆေးဝါး(၂)မျိုးလုံးမှာ ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ဆေးဝါးရောင်းချသည့်ဆေးဆိုင်လုပ်ငန်းရှင်များကို တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးနှင့် ဆေးပစ္စည်းများကိုသာရောင်းချစေရေး အသိပညာပေးဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ရသေ့ဆေး(သို့)ဗိန်းတောဆေးရောင်းချမှု ရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

        ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်နှင့်ဝန်ထမ်းများသည် ၂၁.၆.၂၀၂၂ရက်နေ့တွင် မိုးညှင်းမြို့အတွင်းရှိ ဆေးဆိုင်များသို့ သွားရောက်၍ ထိုင်းနိုင်ငံထုတ် ရသေ့ဆေး (သို့) တိုင်းရင်းဆေးသည် မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားမှုမရှိခြင်း၊ ဘေးအန္တရာယ်ဖြစ်စေသည့် တိုင်းရင်းဆေးဖြစ်ခြင်းနှင့် ဘေးဥပဒ်ဖြစ်စေသောပစ္စည်းများ တရားမဝင်တင်သွင်းရောင်းချခြင်းဖြစ်သဖြင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ထိုင်းနိုင်ငံထုတ်ရသေ့ဆေး (သို့) တိုင်းရင်းဆေးအား မိုးညှင်းမြို့ပေါ်ရှိဆေးဆိုင်များတွင် ရောင်းချမှုမရှိပါကြောင်း းစိစစ်တွေ့ရှိရပြီး ရောင်းချသူများအနေဖြင့် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် တရားဝင်မှတ်ပုံတင်ထားသော တိုင်းရင်းဆေးဝါးများကိုသာရောင်းချရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များပြည့်စုံသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချကြရန် အသိပေးခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ကချင်)

ဇီးကုန်းမြို့နယ်တွင် စိုက်ပျိုးရေး မွေးမြူရေး ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

           ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊  သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တာဝန်ခံသည် စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးရေး အသိပညာပေး ဆွေးနွေးပွဲများအား (၁၆.၆.၂၀၂၂) ရက်နေ့ နံနက် (၁၀ : ၀၀) နာရီတွင် ချောင်းစောက်အုပ်စု   ပေါက်တောလေးကျေးရွာမှ   တောင်သူ ၉၀ ဦးအားလည်းကောင်း ၊ နေ့လည် (၁ : ၀၀) နာရီအချိန်တွင် ချောင်းကမ်းအုပ်စု၊ ချောင်းကမ်းကြီးကျေးရွာရှိ တောင်သူ ၅၀ ဦးအားလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်အဖွဲ့ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်မှ ကြီးကြပ်၍ ဌာနဆိုင်ရာ ပေါင်းစုံအဖွဲ့တို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့သည်။

          ထိုသို့ ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်များ၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသနဆိုင်ရာ ကိစ္စရပ်များ ၊ စားသုံးဆီများ ပိုမိုသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များနှင့် လျော့ချသုံးစွဲနိုင်ရေး ဒေသအလိုက် ဆီထွက်သီးနှံများ ရွေးချယ်စိုက်ပျိုးကြခြင်းဖြင့် အရည်အသွေးမီ စားသုံးဆီများ သုံးစွဲလာနိုင်မည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

နတ်တလင်းမြို့နယ် စည်ပင်အပြင်ဘက်တန်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သိန်း၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၇.၆.၂၀၂၂) ရက်နေ့တွင် သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ် စည်ပင်အပြင်ဘက် ရန်ကုန်-ပြည် ကားလမ်းဘေးရှိ စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များဖြစ်သော လပ်တီးဇုန်၊ ယွန်းယွန်း၊ ဖြိုးမောက်ပြည့်စုံဆီအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။

          ၎င်းစက်သုံးဆီအရောင်းဆိုင်များအား ရည်ညွှန်းဈေးနှုန်းထက် (လျော့နည်း/ပိုမို) ရောင်းချခြင်း  ရှိ/မရှိ ၊ စက်သုံးဆီအမျိုးအစားအလိုက် ရောင်းချသည့် ဈေးနှုန်းများ ၊ အကန့်အသတ်ဖြင့် ရောင်းချမှု ရှိ/မရှိ ၊ နေ့စဉ် ပုံမှန်ရောင်းချခြင်း ရှိ/မရှိ ၊ သတ်မှတ်ထားသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်း ရှိ/မရှိ ၊ စက်သုံးဆီ ဘောက်ဆာယာဉ်များ ရောက်ရှိမှု ရှိ/မရှိ တို့ကို ဆီဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

 

စက်သုံးဆီအရောင်းဆိုင်များနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

            ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးအဖွဲ့နှင့်အတူ ဇွန်လ (၁၆၊၁၇) ရက်နေ့များတွင် မြို့နယ်စည်ပင်သာယာနယ်နမိတ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီချင်တွယ်ပြည့်ဝမှုရှိမရှိ၊ ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှုရှိမရှိနှင့် စက်သုံးဆီလက်ကျန်အခြေအနေများအား သွားရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

          ၎င်းနောက် (၂၀.၆.၂၀၂၂) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင်လည်း မြို့နယ်တရားမဝင်ကုန်ပစ္စည်း တားဆီးအရေးယူနိုင်ရေးအထူးအဖွဲ့ဖြင့် ဓာတ်မြေဩဇာအရောင်းဆိုင်များတွင်လည်း အမိုနီယံနိုက်ထရိတ်ဓာတ်မြေဩဇာများ သိုလှောင်ဖြန့်ဖြူးရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့်တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက် (၁/၂/၃) အတွင်းရှိကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          စစ်ဆေးရေးမှူးများနှင့်တာဝန်ရှိသူများသည် ကုန်စုံဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ကုန်ပစ္စည်းများနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ပိတ်ပင်ထားသောကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၉) ပါ “စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ”၊ အခန်း (၁၀) ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”နှင့် အခန်း (၁၈) ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခြင်းများနှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်များ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုသင်တန်း ကြို့ပင်ကောက်မြို့နယ် ကျေးရွာအုပ်စု (၃) စုမှ ကျေးရွာ (၃) ရွာသို့ ဌာနပေါင်းစုံ ဟောပြောပွဲ

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် (၆.၆.၂၀၂၂) နေ့နှင့် ၁၆.၆.၂၀၂၂ နေ့များ၌ ကျေးရွာအုပ်စု ၃ အုပ်စုမှ ကျေးရွာ ၃ ရွာရှိ ဘုန်းတော်ကြီးကျောင်းများတွင် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု သင်တန်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဌာနပေါင်းစုံ (၈) ဌာန ပူးပေါင်း၍ တောင်သူ (၁၁၀) ဦးအား ဒုဦးစီးမှူး ဒေါ်အေးအေးမွန်နှင့် ဝန်ထမ်းတစ်ဦးက စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

          တက်ရောက်လာသော တောင်သူများအား စားသုံးသူရေးရာဦးစီးဌာနမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သမိုင်းကြောင်း ၊ စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံ ၊ ဌာန၏ မျှော်မှန်းချက် ၊ ရည်မှန်းချက်များအကြောင်း ၊ စားသုံးသူကာကွယ်ရေးဉပဒေပါ အကြောင်း အရာများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူပြည်သူများ ဝယ်ယူသုံးစွဲသော ကုန်ပစ္စည်းတိုင်းတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည့် အချက်များအား နမူနာပစ္စည်းများနှင့် အတူ ရှင်းလင်း၍ ပြသပေးခဲ့ပြီး လိုက်နာမှုမရှိသည့် လုပ်ငန်းရှင်များအားလည်း အရေးယူမှု အပိုင်းများကို ထည့်သွင်းပြောကြားခဲ့ပါသည်။

          စားသုံးသူအခွင့်အရေးများ နစ်နာမှုရှိလျှင် ( Consumer  Information and Complaint Center) များနှင့် Consumer Call Center သို့လည်းကောင်း   တိုင်ကြားနိုင်ပါကြောင်းနှင့် ၎င်းအပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော  www.doca.gov.mm ထဲသို့ ဝင်ရောက် တိုင်ကြားနိုင်ပါကြောင်း ပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဘူးသွပ်ပုလင်းသွပ် ဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရန် လိုအပ်

         နေ့စဉ်ကြော်လှော်ချက်ပြုတ်သော မီးဖိုချောင်အခြေခံစားသောက်ကုန်များထဲတွင် ဆီသည်မပါမဖြစ်သောကုန်စည်ဖြစ်သည့်အလျောက် ဈေးကွက်အတွင်း၌ ဆီအမျိုးမျိုးကို အလေးချိန်များချင်တွယ်၍ လည်းကောင်း၊ ပုလင်း/ဘူးများတွင်သွပ်သွင်း၍ လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ရောင်းချကြပါသည်။ ဈေးကွက်အတွင်းရောင်းချမှုအများဆုံးဆီများမှာ မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ ၊ နေကြာဆီနှင့် စားအုန်းဆီများဖြစ်ပြီး ဖွဲနုဆီ၊ ဝါစေ့ဆီ၊ ပြောင်းဆီနှင့် ပဲနှမ်းဆီများကိုလည်း ရောင်းချခြင်းများရှိပါသည်။  ယင်းဆီများထဲတွင် စားအုန်းဆီသည် စားသောက်ဆိုင်များ၊ အကြော်ဆိုင်များတွင်အသုံးပြုမှုများပြားသောကြောင့် ဈေးကွက်တွင်ကျယ်လျက်ရှိသည်။  

       ဈေးကွက်အတွင်း ကုန်အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိရာ အချို့သောစားသုံးဆီများသည် ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil , Cooking Oil ) ဟုသာ ဖော်ပြထားခြင်းများရှိသည်။ ယင်းဖော်ပြချက်သည် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များအရ ကုန်စည်တစ်ခုခု၏အမျိုးအမည်မဟုတ်ပဲ ယေဘုယျဆန်သည့်အမျိုးအမည်သာဖြစ်သောကြောင့် စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေရန်အတွက် ကုန်စည်အမျိုးအမည်နှင့် အသားတင်ပမာဏနှင့်အရွယ်အစား (မြန်မာ့အလေးချိန်ယူနစ် ဖြစ်သော ပိဿာ ၊ ကျပ်သားဖြင့်)တို့အား  မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil , Cooking Oil ) များ၌  ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များကိုလည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ  ညွှန်ကြားချက်ထုတ်ပြန်သည့်နေ့မှ (၆)လ ပြည့်မြောက်သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက် အာဏာသက်ရောက်သည့်နေ့မှစတင်၍ စားသုံးသူကာကွယ်ရေးဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားချက်တွင်ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။ လက္ကားပင်ရင်းဒိုင်ကြီးများအနေဖြင့် ယင်းညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်သကဲ့သို့ တစ်ဆင့်ပြန်လည်ဖြန့်ဖြူးရောင်းချသောဆိုင်ငယ်များ ၊ ရပ်ကွက်လက်လီဆိုင်များအနေဖြင့်လည်း မိမိတို့ရောင်းချသောကုန်စည်၏ သတင်းအချက်အလက်များကိုသိရှိရန် လိုအပ်လှပေသည်။ သတင်းအချက်အလက်များကိုမသိရှိခြင်းကြောင့် ညွှန်ကြားချက်နှင့်မညီသောကုန်စည်များကို ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်မိပါက ကုန်စည်လက်ဝယ်တွင်ရှိသောသူများသာ နစ်နာဆုံးရှုံးရသည်ဖြစ်သောကြောင့် ကုန်စည်ရောင်းချသူများအနေဖြင့် မိမိတို့ရောင်းချသော ကုန်စည်နှင့်ပတ်သက်သော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတင်းအချက်အလက်များကိုသိရှိရန်နှင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပေးရေးသားဖော်ပြလိုက်ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ