ကျောင်းကျန်းမာရေးဆိုင်ရာ သင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး
နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းရှိ မနောဟဒယခန်းမတွင် ဆရာ/ဆရာမ (၃၃၅)ဦးအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းတွင် ဖွင့်လှစ်သော ကျောင်းကျန်းမာရေးဆိုင်ရာသင်တန်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးအေးသန့်က ကျောင်းကျန်းမာရေးဆိုင်ရာအကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူးက ဆရာ/ဆရာမများအား အမှာစကားပြောကြားခြင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက ကျောင်းအခြေပြု ရှေးဦးသူနာပြုစောင့်ရှောက်မှုအကြောင်းဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးခင်မောင်ထွန်းက စားသုံးသူကာကွယ်ရေးဥပဒေအားလည်းကောင်း၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေက ကုန်ညွှန်းအမှတ်အသားဆိုင်ရာအကြောင်းအားလည်းကောင်း၊ ကျန်းမာရေးမှူးက ကျောင်းတွင်းအစားအစာ အန္တရာယ်ကင်းဝေးစေရေးအကြောင်းအားလည်းကောင်း၊ သွားဆရာဝန် ဒေါက်တာဖြိုးထက်က သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်းအားလည်းကောင်း၊ ဒေါ်သင်းသင်းဌေး (အမျိုးသမီးကျန်းမာရေးဌာန)က အာဟာရအခြေအနေတွက်ချက်မှုကို ဆန်းစစ်ဆွေးနွေးခြင်း၊ ကျောင်းကျန်းမာရေး မှတ်တမ်းသုံးစွဲခြင်းအခြေအနေများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)