Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ သောက်ရေသန့်နှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကော့ကရိတ်မြို့နယ် တာဝန်ခံ ဦးမောင်မောင်အေး ၊ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေး တို့နှင့်အတူ ( ၂၀--၂၀၂၂) ရက်နေ့ ၁၃:၃၀ နာရီမှ ၁၅:၀၀ အချိန်တွင် ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရွှေပျံလွှားမုန့်မျိုးစုံလုပ်ငန်း၊ ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘုံကျောင်းလမ်း ရှိ မိုးကြယ်စင်သောက်ရေသန့်လုပ်ငန်း၊ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ မေတ္တာလမ်းရှိ ဦးချိ (ဆိတ်ချီးခါး)လုပ်ငန်းတို့ကို ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့စစ်ဆေးရာတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက လုပ်ငန်းရှင်များအနေဖြင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းပြီး လိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ထားသော ၂/၂၀၁၉ ပါ ကုန်စည်အမျိုးအစား အလိုက် ဖော်ပြရမည့် ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြလိုက်နာဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးမှာကြားပြီး မြေပြင်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

              စားသုံးသူရေးရာဦးစီးဌာနသည် ဌာန၏မျှော်မှန်းချက်ဖြစ်သော “စားသုံးသူများလုံခြုံစိတ် ချရမှုရှိစေရန်” အတွက် ဈေးကွက်ရောက်ပြီးကုန်စည်နှင့် ဈေးကွက်မရောက်မီကုန်စည်များကို လစဉ် လျာထားချက်များချမှတ်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်းသိရပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို ဌာနသို့ ဝန်ဆောင်ခပေးရန် မလိုဘဲ စိစစ်လျှောက်ထားနိုင်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

အထူးဈေးနှုန်းဖြင့်ရောင်းချသောစက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည်(၁၁.၂.၂၀၂၂)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်ရှိ Denko(ကျောက်ဆည်)၊ စဉ့်ကိုင်မြို့နယ်ရှိ Denko(စဉ့်ကိုင်) နှင့် (၁၄-၂-၂၀၂၂)ရက်နေ့တွင် စဉ့်ကိုင်မြိုနယ် ၊ ပလိပ်ကျေးရွာရှိ Denko(ပလိပ်)နှင့် တံတားဦးမြို့နယ်ရှိ Denko(တံတားဦး) စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက နိုင်ငံတော်မှစက်သုံးဆီဈေးနှုန်းမြှင့်တက်မှုမရှိစေရေးနှင့် ဈေးနှုန်း တည်ငြိမ်မှုရှိစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသော စက်သုံးဆီကုမ္ပဏီများမှ စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ၊ ရောင်းချရာတွင် သုံးစွဲသူများအား နိုင်ငံတော်မှသတ်မှတ်ထားသည့် အထူးစျေးနှုန်းထက်ကျော်လွန်၍ မရောင်းချရန်နှင့် အချင်အတွယ်မှန်ကန်မှုရှိစေရေး အရည်အသွေးကောင်းမွန်သော စက်သုံးဆီများသာ ရောင်းချရန် အတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဖွဲ့ဖွဲ့စည်း၍ တာဝန်ပေးထားသည့်အတွက် လာရောက်စစ်ဆေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အထူးဈေးနှုန်းဖြင့်ရောင်းချနေသည့် စက်သုံးဆီများဖြစ်သော Diesel ၊ Premium Dieselများအား (၂၀)လီတာဝင်စံခွက်ဖြင့် ချင်တွယ်စစ်ဆေးပြီး မှန်ကန်မှုရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

            အလားတူ (၁၅-၂-၂၀၂၂)ရက်နေ့တွင် ပြင်ဦးလွင်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံမှ ဦးဆောင်ပြီး ပြင်ဦးလွင်မြို့နယ်ရှိ Black Gold စက်သုံးဆီအရောင်းဆိုင်အား နိုင်ငံတော်မှ သတ်မှတ်ထားသည့် အထူးစျေးနှုန်းထက်ကျော်လွန်၍ မရောင်းချရန်နှင့် အချင်အတွယ်မှန်ကန်မှုရှိစေရေး အရည်အသွေးကောင်းမွန်သော စက်သုံးဆီများသာ ရောင်းချရန်အတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ရည်ရွယ်၍ ၂၀၂၂ခုနှစ် ဖေဖေါ်ဝါရီလ(၁၈)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် တိုင်းဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများအဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) တို့နှင့်ပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရှိ "ကုန်စုံဆိုင်များ၊ အကင်နှင့်ပင်လယ်စာများ" ရောင်းချသည့် လက်လီ/လက်ကားအရောင်းဆိုင် (၄)ဆိုင်တို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များ၊ အကင်နှင့်ပင်လယ်စာများ ရောင်းချသောဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ တားမြစ်ထားသည့် အမှတ်တံဆိပ်ပါရှိသော အသားချောင်းများ ရောင်းချမှုမရှိသည်ကို စစ်ဆေးတွေ့ရှိရသော်လည်း အသားချောင်းအများစုမှာ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသည်ကို တွေ့ရှိရသဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားမှုမရှိသည့်  ပင်လယ်စာအကင်များကို ရောင်းချ ဖြန့်ဖြူးခွင့်မရှိကြောင်း၊ ပင်လယ်စာအရန်သင့် အစားအစာများ ရောင်းချသူများအနေဖြင့် အရန်သင့်အစားအစာ အမျိုးအစားအုပ်စုတွင်ပါရှိသည့် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည် ၊ အရေအတွက်(သို့) အသားတင်ပမဏ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန် ရက်စွဲများကိုလည်း ထည့်သွင်း ဖော်ပြရမည့်အပြင်  မိမိကုန်စည်နှင့်ပတ်သက်၍လည်း ဘေးအန္တရာယ်ကင်းရှင်းမှုကို အာမခံမှု ပေးရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး  စားသောက်ကုန်ရောင်းချသူ ဆိုင်ပိုင်ရှင်များအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)၏ ထောက်ခံချက်မရှိဘဲ နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသော အသားချောင်းများ ရောင်းချခြင်းမပြုရန် ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချခြင်းမပြုရန် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေးနှင့် ပင်လယ်စာ အကင်များသည် အစားအသောက်အုပ်စု အရန်သင့်အစားအစာ အမျိုးအစား တွင်ပါဝင်ပြီး မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည် ၊ အရေအတွက် (သို့) အသားတင်ပမဏ သုံးစွဲပုံနည်းလမ်း၊ ထားသို သိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်ရက်စွဲနှင့် သက်တမ်း ကုန်ရက်စွဲများကိုလည်း ထည့်သွင်း ဖော်ပြရမည်ဖြစ်ကြောင်း၊ မိမိကုန်စည်နှင့်ပတ်သက်၍လည်း ဘေးအန္တရာယ်ကင်းရှင်းမှုကို အာမခံမှုပေးရမည် ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ၊ ကုန်စည်ကြောင့် စားသုံးသူများအနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှတိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဌာနနှင့် စားသုံးသူကာကွယ်ရေး ကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့် အချက်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 ရေသန့်လုပ်ငန်းရှင်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြလာရေး တွေ့ဆုံဆွေးနွေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်း ဒေသကြီး သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် (၂၁.၂.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကံမမြို့၊ အမှတ်(၄) စံပြရပ်ကွက်ရှိ စိုပြေစတား သောက်ရေသန့်လုပ်ငန်းသို့သွားရောက်၍ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြလာရေး အသိပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာဖော်ပြလာခြင်းဖြင့် ဈေးကွက်ပိုမိုရရှိလာမည်ဖြစ်ပြီး စားသုံးသူများမှလည်း ၎င်း တို့ဘေးကင်းလုံခြုံရေးအတွက် ကုန်အညွှန်းအမှတ်အသားကိုကြည့်၍ အလွယ်တကူရွေးချယ် ဝယ်ယူ လာနိုင်မည်ဖြစ်၍ နှစ်ဦးနှစ်ဖက်အကျိုးရှိနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ မိမိထုတ်လုပ်သည့် ကုန်စည်အပေါ် အာမခံပေးရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် ကုန်စည် များအား ဈေးကွက်အတွင်းရောင်းချခွင့် မရှိကြောင်းနှင့် အထူးသဖြင့် သောက်ရေသန့်မှာ ထိန်းချုပ် အစားအသောက်အဖြစ် အမိန့်ကြော်ငြာထုတ်ပြန်ထားရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ခွင့်ပြုချက်ရရှိမှသာလျှင် ထုတ်လုပ်ခွင့်ရှိမည်ဖြစ်ပြီး FDA၏ ထောက်ခံချက်ရယူရာတွင် လည်း မိမိတို့ဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြပေး ရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ရေသန့်စက်ရုံမှ (၂၀)လီတာဗူးများ၊ (၁)လီတာဗူးများ ထုတ်လုပ်ရာ ရေသန့်ထည့်သွင်းရန် အတွက် (၂၀)လီတာရေသန့်ဗူးခွံများအား ရန်ကုန်မြို့မှ မှာယူသုံးစွဲသော်လည်း (၁)လီတာရေသန့်ဗူးခွံ များကို ၎င်းကိုယ်ပိုင်စက်ရုံတွင် ထုတ်လုပ်ကြောင်း၊ တစ်ကြိမ်လျှင် ဗူးရေတစ်ထောင်ခန့် ထုတ်လုပ် နိုင်ပြီး မှာယူသူများရှိပါကလည်း ထုတ်လုပ်ရောင်းချပေးလျှက်ရှိရာ (၁)လီတာဗူးခွံမှာ တစ်လလျှင်ဗူးခွံ ၅ထောင်ခန့် ရောင်းချရကြောင်း၊ ကံမမြို့ပေါ် ရပ်ကွက်/ကျေးရွာများနှင့် သရက်မြို့များသို့ ဖြန့်ဖြူး ရောင်းချကြောင်း သိရှိရပါသည်။

       စိုပြေစတား သောက်ရေသန့်လုပ်ငန်း၏ ကုန်အမှတ်တံဆိပ်များအား မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် (၂/၂၀၁၉)နှင့် ကိုက်ညီမှုရှိ/မရှိ စီစစ် ဆောင်ရွက်ပေးနိုင်ရန်အတွက် ကုန်အမှတ်တံဆိပ် နမူနာ(၃)ခုအားရယူခဲ့ပြီး မိမိတို့ဌာနမှ လိုအပ် သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(မကွေး)

မန္တလေးတိုင်းဒေသကြီး၌ ဆေးနှင့်ဆေးပစ္စည်းများဈေးနှုန်းတည်ငြိမ်လျက်ရှိ

        ကုန်စည်ကူးသန်းရေးတွင် Covid-19 ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် Covid-19 တတိယလှိုင်းဖြစ်ပွားစဉ်မှ ယခုချိန်ထိ Covid-19 ကာကွယ်ကုသဆေးဝါး(၃၄)မျိုး၏ ဈေးနှုန်းအခြေအနေများနှင့် ဈေးကွက်အခြေအနေများအား နေ့စဉ်ခရိုင်များမှ စာရင်းများကောက်ယူခြင်း ဆောင်ရွက်လျက်ရှိရာ ဆေးပစ္စည်း(၃၄)မျိုးမှာ ဈေးနှုန်းများ တည်ငြိမ်လျှက်ရှိပြီး ဆေးဆိုင်များအနေဖြင့် စားသုံးသူလိုအပ်ချက် ပြည့်မီအောင် ရောင်းချပေးပို့နိုင်ကြောင်း၊မန္တလေးတိုင်းဒေသကြီးအတွင်း ဆေးဆိုင်ဖွင့်လှစ်မှု(၉၀%)ရှိကြောင်း၊ ဝယ်ယူမှုအများဆုံး ဆေးများမှာ Paracetamol Table 500mg,Orazine, Cevit,Biogesic,Broncheshနှင့် Enoxa Parin In Jection ဆေးများဖြစ်ကြောင်း၊ ဆေးပစ္စည်းများအား ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ရောင်းချစေရေးအတွက် နေ့စဉ် နံနက် ၁၀:၀၀နာရီမှ နေ့လည် ၁၂:၀၀ နာရီထိ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါသည်။

DOCA(မန္တလေး)

စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရေး အသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း‌‌‌ဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၆.၂.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ ပွင့်ဖြူမြို့ပေါ်ရှိ စားသုံးဆီ ရောင်းချဖြန့်ဖြူးလျက်ရှိသော လုပ်ငန်းရှင်(၅)ဦးအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းအသိပေးဆွေးနွေးခဲ့ပါသည်။

         အဆိုပါ ကွင်းဆင်းအသိပေး ဆောင်ရွက်ရာတွင် ယခုအခါ ဈေးကွက်အတွင်းရှိ စားသုံးဆီများ အနက် အချို့သော စားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil)ဟု ဖော်ပြပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိရာ အဆိုပါဖော်ပြချက်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်အရ ကုန်စည်တစ်ခု၏ အမျိုးအမည်မဟုတ်သည့်အပြင် ပင်ရင်းပါဝင် ပစ္စည်းကို အခြေခံဖော်ပြထားခြင်းမရှိသော ယေဘုယျဆန်သည့် အမျိုးအမည်တစ်ခုသာ ဖြစ်၍ စားသုံးသူများ ထင်ယောင်ထင်မှားဖြစ်စေသောကြောင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီး ဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှ ညွှန်းကြားချက်အမှတ်(၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထားသည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို “မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ” ဖော်ပြရမည် ဖြစ်ပြီး အသားတင်ပမာဏကိုဖော်ပြရာတွင် ပိဿာ/ကျပ်သားဖြင့် ဖော်ပြပေးရမည်ဖြစ်ကြောင်း၊ (၂၀.၁၂.၂၀၂၁)ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး (၆)လပြည့်မြောက်သည့်နေ့ (၂၁.၆.၂၀၂၂) ရက်နေ့တွင် စားသုံးဆီများတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြထားခြင်း မရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေး ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

        ထို့အပြင် အမှတ်တံဆိပ်ပါ စားသုံးဆီများကို ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်လိုက် သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကျန်းမာရေးဦးစီးဌာန(FDA)ထောက်ခံချက်ပါရှိသော စားသုံးဆီများကိုသာ ရောင်းချဖြန့်ဖြူးသွားရန် အသိပေးဆွေးနွေးခဲ့ပါသည်။ ထိုသို့ စီးပွားရေးလုပ်ငန်း ရှင်များသို့ ကွင်းဆင်းအသိပေးဆွေးနွေးခြင်းများဖြင့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထုတ်လုပ်လာမည်ဖြစ်သည့်အတွက် စားသုံးသူများအနေဖြင့် ဘေးကင်းလုံခြုံသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးလာနိုင်မည်ဖြစ်ပြီး ယုံကြည်စိတ်ချရမှု ပိုမိုရရှိလာစေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)

Mini Mark သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

              ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် တောင်ငူမြို့နယ် ကေတုမတီမြို့ အုပ်ချုပ်ရေးမှူးရုံး၊ ကေတုမတီရဲတပ်ဖွဲစခန်းနှင့် ကေတုမတီမြို့ ကျန်းမာရေးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နေ့လည်ပိုင်းက တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ Soe San Mini Mark သို့သွားရောက်ပြီး ဆိုင်ခန်းများအတွင်း ရောင်းချနေသော ကုန်ပစ္စည်းများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ၊ မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

             စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်က ဦးမြင့်သူသည် Mini Mark မှ တာဝန်ရှိသူများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့ကို ရှင်းလင်းဆွေးနွေးပြီး ညွှန်ကြားချက်များနှင့် မြန်မာဘာသာဖြင့် ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များအား ရောင်းချခြင်းမပြုရန်၊ စားသုံးသူ စိတ်ကျေနပ်မှုရှိစေသော ဝန်ဆောင်မှုများပေးရန် အကြံပြုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

အသင့်စားအစားအစာများအား ဈေးကွက်စောင့်ကြည်စစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ ရန်ကုန်-မန္တလေးလမ်းရှိ ကုန်စုံဆိုင်ကြီးများတွင် ရောင်းချလျှက်ရှိသော ကြက်အူချောင်းနှင့် ငါးသေတ္တာများတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ၊ မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

           ရေတာရှည်မြို့ ရန်ကုန်-မန္တလေးလမ်းရှိ ကုန်စုံဆိုင်ကြီးများတွင် ရောင်းချသော ဒေါ်စိန် အမှတ်တံဆိပ်၊ ပန်းကမ္ဘာ အမှတ်တံဆိပ်၊ ရွှေမုံရွာ အမှတ်တံဆိပ်နှင့် CP အမှတ်တံဆိပ် ကြက်အူချောင်းများနှင့် Three Lady Cooks အမှတ်တံဆိပ်၊ OK/A1 အမှတ်တံဆိပ်နှင့် Ready အမှတ်တံဆိပ် ငါးသေတ္တာများတွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

          မြို့နယ်တာဝန်ခံသည် မြန်မာဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားထားသည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များအား ရောင်းချခြင်းမပြုရန် ဆွေးနွေးအကြံပြုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

စက်ရုံများနှင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကေတုမတီမြို့အုပ်ချုပ်ရေးမှူးရုံးနှင့် ကေတုမတီမြို့ ကျန်းမာရေးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ ပွင့်ဖြူအထည်ချုပ်စက်ရုံ၊ ရွှေလီဝါးတူစက်ရုံနှင့် ပန်းကမ္ဘာစက္ကူစက်ရုံများသို့ သွား ရောက်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စက်ရုံများလည်ပတ်ရေးနှင့် သက်ဆိုင်ရာဌာနများအလိုက် ထုတ်ပြန်ထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရောင်းချရေးတို့ကို စစ်ဆေးကြည့်ရှုပြီး ဌာနဆိုင်ရာများအလိုက် လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးပါသည်။

              စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့်ပြဌာန်းချက်များကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူစိတ်ကျေနပ်မှုရှိရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရေးလုပ်ငန်းရှင်များအား မှာကြားပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံဦးမြင့်သူနှင့် ပူးပေါင်းအဖွဲ့သည် ကေတုမတီမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကုန်စည်များ လုံခြုံစိတ်ချမှုရှိစေရေး စောင့်ကြည့်စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ရွှေတောင်မြို့ရှိ ကုန်မျိုးစုံဆိုင်များသို့ (၇.၂.၂၀၂၂) နေ့တွင်လည်းကောင်း၊ ပြည်မြို့နယ်ရှိ ပေါင်းတလည်မြို့ပေါ်ကုန်မျိုးစုံဆိုင်များသို့ (၈.၂.၂၀၂၂) နေ့တွင်လည်းကောင်း၊ သဲကုန်းမြို့နယ်ရှိ ဆင်မြီးဆွဲစည်ပင်သာယာဈေးသို့ (၉.၂.၂၀၂၂) နေ့တွင်လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံများဦးဆောင်၍ မြို့နယ်ဈေးကွက် စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ မြို့ပေါ်ကုန်မျိုးစုံဆိုင်များနှင့် ဈေးအတွင်းရောင်းချလျှက်ရှိသော ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူပြည်သူများ ကုန်စည်များကို ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြမှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကို ဦးစားပေးရောင်းချကြရန်၊ သက်ဆိုင်ရာ အစိုးရဌာနများမှ တားမြစ်ထားသော ကုန်စည်များအား ရောင်းချခြင်းမပြုကြရန်၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်စေမည့် သက်တမ်းလွန်ကုန်စည်များအား သွယ်ဝိုက်ရောင်းချခြင်းများ ရှောင်ကြဉ်ကြရန် လုပ်ငန်းရှင်များသို့ အသိပေးပြောကြားခဲ့ကြောင်းနှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ