လိမေ္မာ်သည် နိုင်ငံအများစုတွင် ငှက်ပျောနှင့်ပန်းသီးပြီးနောက် အများဆုံးစိုက်ပျိုးကြသော ရှောက်မျိုးရင်းဝင်အပင်တစ်မျိုးဖြစ်တယ်လို့ သိရှိရပါတယ်။ လိမ္မော်သီးမျိုးစိတ် အများအပြားရှိသည့် အနက် ထင်ရှားတဲ့လိမ္မော်မျိုးသုံးမျိုးရှိပါတယ်။ ပထမတစ်မျိုးမှာ အချိုမျိုး၊ ဒုတိယတစ်မျိုးမှာ ကမ္ဗလာသီးခေါ် လိမ္မော်သီး အငယ်စားဖြစ်ပြီး တတိယတစ်မျိုးမှာ လိမ္မော်ယိုပြုလုပ်ရတဲ့ အခါးမျိုးတို့ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံတွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်၊ ထူးလိမ္မော်ခြံ ၊ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ရပ်စောက်၊ ရွာငံ၊ ပင်လောင်း၊ ကလောမြို့နယ် ပလောင်တောင်ကျေးရွာနှင့် ကျောက်တလုံးကြီးမြို့ ထီခေါင်းကျေးရွာစသည်တို့တွင် လိမ္မော်ပင်များ စိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံမှထွက်သောလိမ္မော်သီးတွေဟာ အငယ်စားမျိုးဖြစ်၍ လိမ္မော်သီးနှင့် ကမ္ဗလာသီးဟူ၍ နှစ်မျိုး နှစ်စားရှိပါတယ်။ လိမ္မော်သီးဟု အများခေါ်နေကြတဲ့အသီးမှာ လိမ္မော်ခွံပွမျိုး ဖြစ်ပြီး ကမ္ဗလာသီးမှာ ခွံကျစ်မျိုးဖြစ်ပါတယ်။ လိမ္မော်ပင် စိုက်ပျိုးရာတွင် အရေးကြီးဆုံးမှာ ရာသီဥတု ဖြစ်ပါတယ်။ ရေမြေရာသီဥတုသည် အပင်ဖြစ်ထွန်းမှု၊ အသီး အပွင့်ဖြစ်ထွန်းမှု၊ ပိုးမွှားရောဂါ ဒဏ်ခံ နိုင်မှုတို့တွင် စိုက်ပျိုးသည့်မျိုးထက် အဓိကကျပါတယ်။ စီးပွားဖြစ် စိုက်ပျိုးလိုလျှင် ရေမြေရာသီဥတု ကိုက်ညီသောမျိုးကို ရှာ၍သော်လည်းကောင်း၊ စိုက်ပျိုးလိုသော မျိုး နှင့်ကိုက်ညီသော ရေမြေရာသီ ဥတုကို ရှာ၍သော်လည်းကောင်း စိုက်ပျိုးသင့်ပါတယ်။
လိမ္မော်ကို ဖေဖော်ဝါရီလနှင့် မတ်လတွင် ပျိုးထောင်ပြီး ဇူလိုင်လနှင့် ဩဂုတ်လများတွင် ပင်မစိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးကြပါတယ်။ အောက်တိုဘာလနှင့် ဒီဇင်ဘာလများတွင် ထွက်ရှိပါ တယ်။ နှစ်ရှည်သီးနှံဖြစ်၍ စတင်အသီးခူးပြီးသည့်နှစ်မှစ၍ နောက် ၄ နှစ် (သို့) ၅ နှစ်အထိ ခူးဆွတ် နိုင်ပါတယ်။ မျိုး၊ စိုက်ပျိုးတဲ့ ရာသီဥတု၊ အပင်ထိန်းသိမ်း ပြုစုနိုင်မှု၊ မြေဩဇာ ကျွေးမှုတို့အပေါ် မူတည်ပြီး သက်တမ်းကွာခြားပါတယ်။ လိမ္မော်ပင်ကို စီးပွားရေးဖြစ် သက်တမ်းနှစ် ၂၀ မှ ၂၅ အထိ စိုက်ပျိုးလျက်ရှိပါတယ်။ လိမ္မော်ပင်သည် ပူအိုက်သော ရာသီဥတုတွင်လည်းကောင်း၊ ချမ်းအေးသော ရာသီဥတုတွင်လည်းကောင်း ပေါက်ရောက်နိုင်သော်လည်း ပူအိုက်သောရာသီဥတုရှိသည့်ဒေသတို့မှ ရရှိတဲ့ လိမ္မော်သီးတို့မှာ အနံ့/ အရသာ/ အသွေးအရောင်မှစ၍ အနည်းငယ်ချွတ်ယွင်းပျက်ပြယ် တတ်သောကြောင့် ချမ်းအေးသောရာသီဥတုရှိတဲ့ဒေသတို့သည် လိမ္မော်ပင်စိုက်ပျိုးရန် အသင့် လျော်ဆုံးဖြစ်ပါတယ်။
လိမ္မော်ကို ရေကောင်းစွာ စီးဆင်းသော မြေပွနှင့် နုန်းဆန်သည့်မြေများသည် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သော်လည်း ရေဝပ်သောမြေ၊ စိမ့်ကိုင်သောမြေတို့တွင် အပင်မဖြစ်ထွန်းနိုင်ပါ။ သို့ရာတွင် မြေဖွာခြင်း၊ စေးခြင်းတို့ကို နွားချေး၊ သစ်ဆွေးမြေဩဇာထည့်ပေးခြင်းတို့ဖြင့် ပြုပြင်နိုင်ပါ တယ်။ အပင်အသီးဖြစ်ထွန်းမှုအတွက် နေ့ညပျမ်းမျှအပူချိန် ၅၅ ဒီဂရီဖာရင်ဟိုက်၊ ၁၂.၈ ဒီဂရီစင်တီ ဂရိတ်နှင့် အများဆုံး အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်၊ ၃၇.၈ ဒီဂရီစင်တီဂရိတ်ခန့် လိုအပ်ပြီး ပျမ်းမျှ အပူချိန် ၇၀ ဒီဂရီဖာရင်ဟိုက်၊ ၂၁.၁ ဒီဂရီစင်တီဂရိတ်မှ ၉၀ ဒီဂရီဖာရင်ဟိုက်၊ ၃၂.၂ ဒီဂရီစင်တီ ဂရိတ်အတွင်း စိုက်ပျိုးရန် သင့်တော်ပါတယ်။ မြေဆီလွှာအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ရှိ သော ခြောက်သွေ့သောရာသီဥတုသည် အပင်၏အမြစ်ကြီးထွားမှုအတွက် ကောင်းမွန်ပြီး သီးနှံ ကြီးထွားမှု အကောင်းဆုံးဖြစ်ရန်ဆိုပါက ခြောက်သွေ့ပြီး ၇၅ စင်တီမီတာမှ ၂၅၀ စင်တီမီတာအတွင်း ရှိသော မိုးရေချိန်နည်းပါးသည့်နွေရာသီသည် အသင့်တော်ဆုံးအခြေအနေဖြစ်ပါတယ်။ သီးနှံအထွက် ကောင်း မွန်ရန်အတွက် သီးနှံကြီးထွားစဉ် ကာလတလျှောက်လုံး ကောင်းမွန်သောအပူချိန်ကို ထိန်းသိမ်းရန် လိုအပ်ပြီး အပူချိန်မလုံလောက်လျှင် အသီးမချိုခြင်း၊ တာရှည်အပူချိန် မလုံလောက်လျှင် အသီးရင့် မှည့်မှု ပုံမှန်မဖြစ်နိုင်ခြင်း၊ တာရှည်စွာအပူချိန်များနေလျှင်လည်း အသီးမသီးနိုင်ခြင်း၊ ပူပြင်းခြောက် သွေ့သောရာသီတွင် အသီးများ နေလောင်တတ်ခြင်းတို့ ဖြစ်တတ်ပါသည်။ ရေခဲမှတ် အောက်တွင် ၃ နာရီ ၄ နာရီသာခံနိုင်သောကြောင့် ဆောင်းတွင်း အအေးဒဏ်ခံနိုင်စေရန်အတွက် ၃ လခန့် ကြိုတင်ပြီး နိုင်ထရိုဂျင်ပါသော မြေဩဇာများကို မထည့်သင့်ပါ။ အပူချိန်နှင့် အစိုဓါတ်တို့အပေါ် မူတည်၍ အပင်ကြီးထွားခြင်း၊ အသီးကြီးခြင်း၊ အသီးပုံစံပြောင်းခြင်း၊ အသီး၏ အနံ့/ အရသာ ပြောင်း ခြင်း၊ အသီးအရည်ရွမ်းခြင်း၊ အသီးခွံ နူးညံ့ချောမွတ်ခြင်း၊ အသီးအခွံ ထူခြင်း/ ပါးခြင်းတို့ ဖြစ်ပေါ်သော ကြောင့် ပူပြီးစိုစွတ်သောနေရာတွင် အပင်ပိုမိုဖြစ်ထွန်းပါသည်။ သီးနှံ အကြီးစား (သို့) စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မည်ဟု ရည်ရွယ်ပါက မြေဆီလွှာ၏ သင့်တော်မှုနှင့် စိုက်ပျိုးဖြစ်ထွန်းနိုင်မှုတို့ကို သိရှိနိုင်ရန် မြေဆီလွှာစမ်းသပ်ချက်လုပ်ဆောင်သင့်ပါတယ်။
မြန်မာနိုင်ငံတွင် လိမ္မော်သီးသည် မျိုးနှင့် ရာသီဥတုပေါ်မူတည်ပြီး အောက်တိုဘာလမှ ဒီဇင်ဘာလအထိ အသီးများကို စတင်ဆွတ်ခူးကြပါတယ်။ အသီးခွံသည် ရာသီဥတုအေးလျှင် အဝါဖျော့၊ အဝါရင့်ရောင်ရှိလာသဖြင့် အသီးမှည့်/ မမှည့် ခွဲခြားရန် လွယ်ကူသည်။ အရသာကို စားကြည့်ခြင်းဖြင့်သာ ဆုံးဖြတ်၍ ရနိုင်တယ်လို့ သိရှိရပါတယ်။ အသီးခူးရာတွင် တစ်လုံးချင်း စနစ်တကျခူးမှသာ အပင်လည်းမနာ၊ အသီးလည်းမနာပဲ ဈေးကောင်းရနိုင်သောကြောင့် စနစ်တကျ ခူးဆွတ်ပြီး ခြင်းကြားများတွင်ထည့်၍ ထိခိုက်မှုမရှိအောင် ကိုင်တွယ်ခြင်း၊ သယ်ယူခြင်းများကို ပြုလုပ်သင့်ပါတယ်။
ဒေသတွင်း လိမ္မော်သီးကို ၁ ပိဿာလျှင် (ကြီး) ၁၈၀ဝ ကျပ်၊ (လတ်) ၁၂၀ဝကျပ် မှ ၁၅ဝဝကျပ်၊ (သေး) ၁၀၀ဝကျပ် တို့ဖြင့် အသီးအရွယ်အစားအပေါ်မူတည်၍ ၁၀၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိ ရောင်းချကြပြီး ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင် စသည့် မြို့များသို့ အများဆုံး တင်ပို့ကြပါတယ်။ လောလောဆယ်အနေနဲ့ကတော့ COVID – 19 ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလဖြစ်နေတာကြောင့် ယခင်နှစ်များထက် ဈေးကွက်ကန့်သတ်ချက်များနေပါတယ်။ ဒေသလိမ္မော်သီးကို ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိသော်လည်း ပြည်ပမှလိမ္မော်သီးတင်သွင်းမှုများ ရှိနေတာကြောင့် ဒေသအသီးများ ဈေးနှုန်း တည်ငြိမ်ခြင်းမရှိကြောင်း သိရပါတယ်။
ရှမ်းပြည်နယ်(တောင်ပိုင်း)အနေနဲ့ ၂၀၁၉ - ၂၀၂၀ ခုနှစ်တွင် စိုက်ဧက ၁၁၀၆၂ ၊ ရိတ်ဧက ၉၆၂၂ ရှိပြီး ၁၁၆၁၃၈၆၄၈ စုစုပေါင်းထွက်ရှိပါတယ်။ တစ်ဧကအထွက်နှုန်းမှာတော့ ၁၂၀၇၀.၁၂ စိုက်ပျိုး ထွက်ရှိကာ ပထမနှစ် စတင်စိုက်ပျိုးသည့်အချိန် တစ်ဧကကုန်ကျ စရိတ်မှာ ၁၂၀၀၀၀ဝိ/-၊ တစ်ဧက ဝင်ငွေ ၉၆၀၀၀ဝိ/- ရှိပြီး၊ တစ်ဧကအကျိုးအမြတ်အနေနဲ့ (-)၂၄၀၀၀ဝိ/- ဆုံးရှုံးပြီး၊ နောက်နှစ်များ တွင် ကုန်ကျစရိတ်နည်းပါးလာကာ အနည်းငယ်အကျိုးအမြတ်ရရှိလာပါတယ်။ နှစ်ရှည်သီးနှံဖြစ်သည့် အလျောက်တစ်နှစ်နဲ့တစ်နှစ်မှာ တစ်ဧကကုန်ကျစရိတ် ကွာခြားမှုအနည်းငယ်ရှိတယ်လို့ သိရပါ တယ်။
လက်ရှိအချိန်တွင်လိမ္မော်သီးထွက်သည့် ရာသီချိန်ဖြစ်သော်လည်း ပြည်ပမှ တင်သွင်းလာ သည့် လိမ္မော်သီးများ ဈေးကွက်တွင်နေရာယူလူကြိုက်များလာခြင်းကြောင့် ဒေသတွင်းလိမ္မော်သီးများ ဝယ်လိုအားနည်းနေကြောင်း သိရပါတယ်။ ယခင်က ကုန်စည်များ ပုံမှန်စီးဆင်းနေသော်လည်း COVID – 19 ကပ်ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေး အစီအမံများကြောင့် ဈေးကွက်အခြေအနေမှာ အရင်ထက်အကန့်အသတ်ရှိနေတယ်လို့ သိရှိရပါတယ်။ ပြည်ပမှ ပျားလိမ္မော်များ၊ လိမ္မော်သီးများနှင့် အခြားသစ်သီးဝလံများ တင်သွင်းလာခြင်း၊ စီးပွားရေးလုပ်ငန်းရှင် များကလည်း မြေလွတ်မြေရိုင်းများဖော်ထုတ်၍ ပျားလိမ္မော်သီးများ စိုက်ပျိုးလာခြင်း၊ ရာသီပေါ်ချိန် အတွင်းသာရောင်းချခြင်းနှင့် တောင်သူများသည်လည်းလိမ္မော်သီးနှံထက် အကျိုးအမြတ်၊ အလားအလာပိုရှိသော အခြားသီးနှံများ အစားထိုးစိုက်ပျိုးထားကြခြင်းကြောင့် စီးပွားဖြစ်လိမ္မော်စိုက်ပျိုးမှု နည်းပါးလာ ပါတယ်။
နှစ်ရှည်သီးနှံဖြစ်သော်လည်း နှစ်စဉ်ပြုစုထိန်းသိမ်းစရိတ် ကြီးမားခြင်း၊ ရေသွင်းပေးနိုင်မှသာ အသီးထွက် အားကောင်းခြင်း၊ ဂရုတစိုက်ပြုစုနိုင်မှသာ အသီးရရှိနိုင်ခြင်း၊ အပင်သက်တမ်း( ၇ )နှစ် ( ၈ ) နှစ် အရွယ်ရောက်ချိန်တွင် သီးအားကျဆင်းခြင်း/ လုံးဝအသီးမထွက်ခြင်း၊ ကိုင်းခြောက်ရောဂါ ဖြစ်ဖြင်း၊ မှိုရောဂါများခြင်းတို့ကြောင့် စိုက်ဧကမှာ တိုးတက်လာခြင်းမရှိဘဲ နည်းပညာလိုအပ်ချက် များကြောင့် လိမ္မော်တန်ချိန်မှာလည်း ထွက်သင့်သလောက်မထွက်ခြင်းများနှင့် ကြုံတွေ့နေရတယ်လို့ သိရှိရပါတယ်။ သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာများ လိုအပ်တဲ့ လိမ္မော်ပင်များသည် အခြားသီးနှံများ ထက် ရောဂါကျရောက်မှုများခြင်းတို့ကြောင့် ရွက်ဖျန်းမြေဩဇာ၊ ရွက်ဖျန်းပိုးသတ်ဆေး၊ ရွက်ဖျန်း မှိုသတ်ဆေးတို့ကို ပိုမိုအသုံးပြုပေးရပြီး ဓါတုဆေးသုံးစွဲမှုများပြားခြင်းကြောင့် ပြည်ပသို့ တင်ပို့သည့် အခါမှာ အခက်တွေ့နိုင်တာကြောင့် ရှမ်းပြည်နယ်မှာ အခြားထုတ်ကုန်တွေလိုပဲ လိမ္မော်သီးကို ဩဂဲနစ်နည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ သဘာဝနည်းနဲ့ စနစ်တကျစိုက်ပျိုးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီထုတ်လုပ်နိုင်မှသာ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချ နိုင်မှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ရှမ်းပြည်နယ်(တောင်ကြီး)