Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အောင်လံကုန်စည်ဒိုင်၏သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

        အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၆.၄.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၀.၄.၂၀၂၂) ရက်နေ့ အတွင်း နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းနက်(စမုံ)နှင့်ဘိုကိတ်ပြာတို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ ပဲစဉ်းငုံ(နီ)  ယခင်အပတ်(၄၃၀၀ဝိ/-) ယခုအပတ်(၄၄၅၀ဝိ/-)ဖြစ်၍ (၁၅၀ဝိ/-) ဈေးမြင့်၊ မတ်ပဲ ယခင်အပတ် (၄၄၅၀ဝိ/-) ယခုအပတ်(၄၇၀၀ဝိ/-) (၂၅၀ဝိ/-)ဈေးမြင့်၊ ကုလားပဲ(HL) ယခင်အပတ် (၄၂၅၀ဝိ/-) ယခုအပတ်(၄၅၀၀ဝိ/-) (၂၅၀ဝိ/-)ဈေးမြင့်၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၄၃၅၀ဝိ/-) ယခုအပတ်(၄၆၀၀ဝိ/-) (၂၅၀ဝိ/-)ဈေးမြင့်၊ ပဲကြီး ယခင်အပတ်(၅၇၀၀ဝိ/-) ယခုအပတ် (၅၉၀ဝဝိ/-) (၂၀၀ဝိ/-)ဈေးမြင့်၊ မြေပဲလုံးဆံနီ(၁)ပိဿာ ယခင်အပတ်(၃၄၀ဝိ/-) ယခုအပတ်(၃၄၅ဝိ/-) (5ဝိ/-) ဈေးမြင့်၊ မြေပဲလုံးဆံဖြူ ယခင်အပတ်(၃၆၀ဝိ/-) ယခုအပတ်(၃၇၀ဝိ/-) (၁၀ဝိ/-)ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းနက်(စမုံ)(၄၅ပိဿာ) (၁၈၀)အိတ်၊ နှမ်းပြာ(၉၀)အိတ်၊ နှမ်းဖြူ(၅၅)အိတ်၊ နှမ်းနီ(၅၀)အိတ်၊ ပဲစဉ်းငုံ(နီ)(၁၅၀)အိတ်၊ မတ်ပဲ(၉၅)အိတ်၊ ကုလားပဲ(HL) (၃၂၀) အိတ်၊ ကုလားပဲ (မြကြေး)(၁၉၀)အိတ်၊ ဘိုကိတ်ပြာ(၆၀)အိတ်၊ ပဲကြီး(၂၈၀)အိတ်၊ မြေပဲလုံးဆံနီ (၁၇၀)အိတ်၊ မြေပဲလုံး ဆံဖြူ(၂၂၀)အိတ်တို့ ဖြစ်ပါသည်။

            ဝါသီးနှံမှာယခင်အပတ်(၁)ပိဿာ(၁၈၅ဝိ-၁၉၅ဝိ) ယခုအပတ်(၁၈၅ဝိ-၁၉၀ဝိ)(၅ဝိ/-) ဈေးလျော့ပြီး ပိဿာချိန်(၇၀၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကုန်သည်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

ကျန်းမာရေးနှင့်ညီညွတ်သည့်ဆီလည်းထုတ်နိုင်၊ ပြည်တွင်းစားသုံးဆီဖူလုံရေးကိုလည်း အထောက်အကူပြုသည့် နေကြာ

           လူ့လောကတွင် စားရေး၊ ဝတ်ရေး၊ နေရေးသည် မရှိမဖြစ်သော အရာများဖြစပါသည်။ ၎င်းတို့အနက် စားရေးမှာ နေ့စဉ်စားသောက်နေရသဖြင့် အရေးကြီးဆုံးသောအရာဖြစ်ပါသည်။ စားရေးအတွက် ဆန်သည် မရှိမဖြစ် လိုအပ်သည့်အရာဖြစ်ပြီး စားသုံးဆီသည် ဒုတိယအရေးကြီးဆုံးဖြစ်သည်ဟု ဆိုရပါမည်။     ဆီစားသုံးရာတွင် ကျန်းမာရေးနှင့်ညီညွတ်စေရန် လူတစ်ဦးအတွက် တစ်နေ့လျှင် ၁.၈ ကျပ်သား၊ တစ်လလျှင် ၅၄ ကျပ်သားခန့်၊ တစ်နှစ်လျှင် ၆.၅ ပိဿာလိုအပ်ပါသည်။ လူတို့ စားသုံးလိုက်သော ဆီပမာဏသည် ကျန်းမာရေးနှင့်ညီညွတ်သည့်ပမာဏ ဖြစ်စေရန်လည်း လိုအပ်ပါသည်။

         စားသုံးဆီတွင် မပြည့်ဝဆီများ၊ ပြည့်ဝဆီများနှင့် အသွင်ပြောင်းဆီများဟူ၍ အမျိုးအစား (၃)မျိုးရှိပါသည်။ မပြည့်ဝဆီတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ငါးမှရသော အဆီများ ပါဝင်ပြီး ကျန်းမာရေးအတွက် သင့်တင်စွာစားသုံးသင့်သော ဆီများဖြစ်ပါသည်။ ပြည့်ဝဆီတွင် စားအုန်းဆီနှင့် တိရစ္ဆာန်မှရသောအဆီများ ပါဝင်ပြီး တတ်နိုင်သမျှ လျှော့ချစားသုံးသင့်သည့် ဆီများဖြစ်ပါသည်။ အသွင်ပြောင်းဆီသည် အသင့်စားအစားအစာများတွင် ပါဝင်သည့်ဆီများ ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် စားသုံးဆီအမျိုးမျိုးကို သုံးစွဲလျက်ရှိသည့်အနက် အများဆုံးစားသုံးသည့် ဆီအမျိုးအစားမှာ ပြည့်ဝဆီတွင် ပါဝင်သည့်စားအုန်းဆီဖြစ်ပါသည်။

       မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံနိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ဆန်၊ ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံစိုက်ပျိုးမှုသည် စိုက်ဧက ၈.၁ သန်းကျော် (စုစုပေါင်း စိုက်ပျိုးဧရိယာ၏ ၁၆ ရာခိုင်နှုန်း)ရှိပြီး ပြည်တွင်းစိုက်ပျိုးသီးနှံများ အနက် တတိယအများဆုံး စိုက်ပျိုးသီးနှံဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ဆီထွက်သီးနှံများတွင် မြေပဲ၊ နှမ်း၊ နေကြာတို့သည် မိုးရော ဆောင်းပါ စိုက်ပျိုးဖြစ်ထွန်းသည့် သီးနှံများဖြစ်သည်။ ၎င်းတို့အနက် မြေပဲသည် ထုတ်လုပ်မှုစရိတ် မြင့်မားသည်။ မျိုးစေ့မှမျိုး ပြန်လည်ရရှိသောအချိုးညံ့သည်။ နှမ်းသည် ထုတ်လုပ်မှုစရိတ်သက်သာသည်။ မျိုးစေ့မှ မျိုးစေ့ ပြန်လည်ရရှိသောအချိုး မညံ့ပါ။ နေကြာမှာမူ ထုတ်လုပ်မှုစရိတ်လည်း သက်သာသည်။ မျိုးစေ့မှမျိုးစေ့ ပြန်လည်ရရှိသောအချိုးမှာလည်း အထူး ကောင်းမွန်သည်။ ဘာပဲစိုက်စိုက် နေကြာညှပ်စိုက်ဆိုသကဲ့သို့ သီးသန့်၊ သီးထပ်၊ သီးညှပ်စိုက်ပျိုး နိုင်ပါသည်။ စိုက်ပျိုးထုတ်လုပ်မှု စရိတ်နည်းပါးခြင်း၊ အပျက်အစီးနည်းခြင်း၊ အထွက်နှုန်းကောင်းမွန် ခြင်းနှင့် ဆီထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် အထောက် အကူ ပြုနိုင်သည့် သီးနှံ ဖြစ်ပါသည်။

        နေကြာပင်ကို မြေသားနက်၍ မွပြီး မြေဆီအာဟာရ ထက်သန်သောမြေနှင့် နုန်းမြေတွင် စိုက်ပျိုးနိုင်ပါသည်။ ရေစိမ့်အားကောင်းပြီး ရေမ၀ပ်သော မြေဖြစ်ရမည်။ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းမြေဆွေးတို့တွင် ကောင်းစွာဖြစ်ထွန်းပါသည်။ သဲမြေသန့်သန့်၊ ရွှံ့ဆွေးမြေနှင့် ကျောက်စရစ် မြေမျိုးတွင် မဖြစ်ထွန်းပါ။ မိုးခေါင်ခြင်းကိုခံနိုင်ပြီး မိုးများပြီး ရေဝပ်သည့်ဒဏ်ကို မခံနိုင်သဖြင့်  မိုးများသည့်ဒေသများတွင် မိုးနှောင်းနှင့် ဆောင်းဦးရာသီများတွင် စိုက်ပျိုးသင့်ပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်း၊ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်မြေနှင့် မြစ်ဝကျွန်းပေါ်ဒေသများပါမကျန် စိုက်ပျိုးနိုင်ပါသည်။

       နေကြာစိုက်ပျိုးရာတွင် မြေကို သုံးသွားလင်ဗန်းထယ်နှင့် ထိုးပေးပြီး ၁၆ သွား ထွန်နှင့် နှစ်စပ်သုံးစပ် မွှေပေးရပါမည်။ စိုက်ဘောင်များဖော်၍ မျိုးစေ့များကို မြေအနက် ၂ လက်မ အထက် ပို၍မနက်စေပဲ မျိုးစေ့ချပေးရပါမည်။ တစ်ကျင်းလျှင် အစေ့ လေးငါးစေ့ခန့်ချပေးပြီး လေးငါးရက်အတွင်း အပင်ပေါက်များထွက်လာပါမည်။ အပင်ပေါက်မှ အရွက်များထွက်လာသည့်အခါ အကောင်းဆုံးအပင်ကို ချန်ထားပြီး ကျန်အပင်တွေကို နှုတ်ပေးရပါမည်။ အပင်သက်တမ်းတစ်လျှောက် ရေလိုအပ်မှု မရှိစေရန်နှင့် ရေပေးသွင်းနိုင်ပါက အဖူး ၇၅ % ၀င်ချိန်နှင့် ပန်း ၇၅ % ၀င်ချိန် ရေပေးသွင်းရမည်ဖြစ်ပြီး ရေပေးသွင်းချိန်တွင် ရေမ၀ပ်စေရန် အရေးကြီးပါသည်။ အဖူးအကင်းများ စဝင်သည့် အပင်ရက် ၃၀ မှ ၄၀ တွင်း ပေါင်းလိုက်ခြင်း၊ ဘောင်တင်ခြင်းတို့ကို ပြုလုပ်ပေးပါမည်။

        သီးထပ်စိုက်ပျိုးခြင်းမှာ ပထမသီးနှံရိတ်သိမ်းအပြီးတွင် ဒုတိယသီးနှံကို အဆိုပါမြေကွက် ပေါ်တွင် စိုက်ပျိုးခြင်းဖြစ်ပါသည်။ မိုးသီးနှံများရိတ်သိမ်းပြီးချိန်တွင် မြေလပ်မထားဘဲ လက်ကျန် မြေတွင်းအစိုဓာတ်ကို အကျိုးရှိစွာ အသုံးချသောအားဖြင့်လည်းကောင်း၊ မိုးနှောင်းမိုးကို မျှော်ကိုး သော အနေဖြင့်လည်းကောင်း နေကြာသီးနှံကို စိုက်ပျိုးနိုင်ပါသည်။ သီးညှပ်စိုက်ပျိုးခြင်းမှာ နေကြာ ချည်း သီးသန့်စိုက်ပျိုးခြင်းမပြုဘဲ အခြားယာသီးနှံတစ်မျိုးမျိုးနှင့် တစ်ချိန်တည်း တစ်ပြိုင်တည်း စိုက်ပျိုးခြင်းမျိုးဖြစ်သည်။ သီးနှံနှစ်မျိုးလုံးကို ကြဲပက်ကာ သီးရောစိုက်ပျိုးနိုင်သည်။

          နေကြာအထွက်တိုးရန်အတွက် စိုက်ပျိုးသည့်မျိုးသည် မျိုးသန့်ဖြစ်ဖို့ လိုအပ်ပါသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပြုဖေါ်ထုတ်ထားသည့် ရေဆင်းစပ်မျိုးနေကြာ-၁ နှင့် ဆင်းရွှေကြာ-၂ မျိုးတို့ကို စိုက်ပျိုးနိုင်ပါသည်။

           ရေဆင်းစပ်မျိုးနေကြာ-၁ သည် အသက်ရက်မှာ ၈၀ မှ ၈၅ ရက်နှင့် ရိတ်သိမ်းနိုင်ပါသည်။ အပင်အရပ်မှာ ၄ ပေမှ ၅ ပေခန့်ရရှိပြီး အပွင့်အချင်းမှာ ၅ လက်မမှ ၉ လက်မအထိဖြစ်ပါသည်။ တစ်ပွင့်ပါအောင်စေ့ ၅၀၀ မှ ၉၀၀ အထိရှိသည်။ မျိုးအောင်မြင်မှုရာခိုင်နှုန်း ၉၀ မှ ၉၅ ရာခိုင် နှုန်းဖြစ်သည်။ အစေ့တွင် ဆီပါဝင်မှုမှာ ၄၈ မှ ၅၁ ရာခိုင်နှုန်းဖြစ်ပြီး ဆီထွက်နိုင်မှုမှာ အစေ့တစ်တင်း မှ ဆီ ၄ ပိဿာမှ ၄.၅ ပိဿာ အထိထွက်နိုင်သည်။ ထူးခြားချက်မှာ အပင်ယိုင်လဲမှုဒဏ်နှင့် နေကြာရွက်ခြောက်ရောဂါဒဏ်ကို ခံနိုင်သည်။ နေရာဒေသမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ တစ်ဧကလျှင် ၅၅ တင်းမှ တင်း ၆၀ အထိထွက်ရှိနိုင်ကြောင်း သိရပါသည်။

          ဆင်းရွှေကြာ-၂ မျိုးသည် အသက် ၈၀ ရက် မှ ၈၅ ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။ အပင် အမြင့်မှာ ၄ ပေ မှ ၄.၅ ပေဖြစ်သည်။ အပွင့်အချင်းမှာ ၅ လက်မမှ ၈ လက်မအထိရှိသည်။ အစေ့ တွင်ဆီပါဝင်မှုမှာ ၄၀ မှ ၅၀ ရာခိုင်နှုန်းဖြစ်သည်။ တစ်ဧကလျှင် နေကြာစေ့ တင်း ၃၀ မှ ၄၅ တင်း ထွက်နိုင်သည်။ ထူးခြားသည်မှာ ယိုင်လဲမှုဒဏ်ခံနိုင်ပြီး ရွက်ခြောက်ရောဂါဒဏ်ခံနိုင်ရည် ရှိကြောင်း သိရပါသည်။

           သရေစာအဖြစ် လူအများစု နှစ်နှစ်ခြိုက်ခြိုက် စားသုံးလေ့ရှိသည့် နေကြာစေ့သည် အခြား သော သာမန်သရေစာများကဲ့သို့ မဟုတ်ဘဲ ခန္ဓာကိုယ် အလှအပအတွက်ရော ကျန်းမာရေး အတွက် ပါ အကျိုးပြုကြောင်း သိရှိရပါသည်။ လေ့လာချက်များအရ နေကြာစေ့သည် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ မကြာခဏ ဝမ်းချုပ်တတ်သူများအနေဖြင့် တနေ့လျှင် နေကြာစေ့ လက်တဆုပ်ခန့် ပုံမှန်စားသုံပေး ခြင်းက ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါသည်။ နေကြာစေ့တွင် ပါဝင်သော Vitamin-C၊ Vitamin-E နှင့် phytosterols ဓာတ်များသည် ခန္ဓာကိုယ်အတွက် မလိုအပ်သည့် ကိုလက်စထရောများကို လျော့ကျစေသောကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါအပြင် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေနှင့် လေဖြတ်နိုင်ခြေတို့ကို လျော့နည်းစေသည်။

            နေကြာစေ့တွင်ပါဝင်သော Amino acid, Magnesium နှင့် Calcium ဓာတ်များသည် အာရုံကြောစနစ်ကိုကောင်းမွန်စေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါ သည်။ နေကြာစေ့မှာပါဝင်သော သတ္တုဓာတ်များသည် ညဘက်တွင်နှစ်ခြိုက်စွာ အိပ်ပျော်စေပါသည်။ နေကြာစေ့တွင် သွေးတွင်းက မကောင်းသည့် ကိုလက်စထရောများကို လျော့ကျစေသည့် fatty acid ပါဝင်သဖြင့် ကိုယ်အလေးချိန်လျှော့ချနေသူများအတွက် အထူးသင့်တော်ပါသည်။ နေကြာစေ့တွင် ပါဝင်သည့် ဗီတာမင်နှင့် သတ္တုဓာတ်တွေများသည် အသားအရေပေါ်ရှိ ဆဲလ်များကို ဖယ်ရှားပေးနိုင် ပြီး အသားအရေကို ကြည်လင်ဝင်းပစေနိုင်ပါသည်။ နေကြာစေ့တွင် ပါဝင်သော ပရိုတင်းဓာတ်သည်လည်း ဆံသားကို အားဖြည့်ပေးနိုင်သောကြောင့် ဆံသားနှစ်ခွဖြစ်ခြင်းနှင့် ခြောက်သွေ့ကြမ်းတမ်းခြင်းများကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရပါသည်။

         နေကြာစေ့မှ ဆီကြိတ်ခွဲထွက်ရှိသည့် နေကြာဆီသည် မပြည့်ဝဆီအမျိုးအစားတွင် ပါဝင်ပါသဖြင့် လူတို့ကျန်းမာရေးအတွက် သင့်လျော်သော စားသုံးဆီတစ်မျိုးဖြစ်ပါသည်။ နေကြာစေ့သည် နေပူထဲတွင်နေရသော နေကြာပန်းပွင့်၏ အစေ့ဖြစ်သဖြင့် မှိုတက်နိုင်ချေ အလားအလာအလွန်နည်းပါသည်။ သို့ဖြစ်ပါ၍ နေကြာဆီသည် အာဖလာတောက်ဆင်မှိုဆိပ်အတွက် စိုးရိမ်စရာမလိုပါ။ နေကြာဆီတွင် Vitamin E နှင့် Vitamin K တို့ ကြွယ်ဝစွာပါရှိပါသည်။  နေကြာဆီတွင် ပါဝင်သည့် Fatty Acid မှာ စိုက်ပျိုးရန် အသုံးပြုသည့် နေကြာမျိုးစေ့၊ စိုက်ပျိုးသည့်နေရာဒေသ၊ ရာသီဥတု၊ ရိတ်သိမ်းသည့်အချိန်နှင့် ဆီထုတ်သည့်နည်းစနစ်တွေပေါ်မူတည်ပြီး ပြောင်းလဲမှုရှိကြောင်း သိရှိရပါသည်။

          နေကြာဆီသည် အရေပြားအစိုဓါတ်ကို ထိန်းသိမ်းပေးသဖြင့် အရေပြားမွဲခြောက်ခြောက် ဖြစ်နေသူများ နေကြာဆီကို ပုံမှန်စားသုံးပေးခြင်း သို့မဟုတ် အရေပြားပေါ်မှာ လိမ်းပေးခြင်းဖြင့်  အရေပြားကို စိုပြည်လှပစေပါသည်။ နေကြာဆီတွင် Vitamin E ကြွယ်ဝစွာပါရှိသဖြင့် နေရောင်ခြည်ကြောင့် အရေပြားအိုမင်းခြင်း၊ ပါးရေတွန့်ခြင်းများမှ ကာကွယ်ပေးပါသည်။ အရေပြားမှာဖြစ်တဲ့ တင်းတိပ်၊ မှဲ့ခြောက်၊ ဝက်ခြံတွေကို သက်သာပျောက်ကင်းစေပါသည်။ အရေပြားရောင်ရမ်းခြင်း၊ အရေပြားကြမ်းတမ်းခြင်း၊ အနာဖြစ်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်တဲ့ သတ္တိရှိပါသည်။

          နေကြာဆီတွင် ပါဝင်သည့် Omega-6, Fatty Acid, Gamma-Linolenic နှင့် Acid Alpha-Linolenic တို့သည် ဆံပင်ကို နူးညံ့ပျော့ပျောင်းစေခြင်း၊ ဆံပင်ပေါက်နှုန်းမြန်စေခြင်း၊ ဆံပင်ကျွတ်ခြင်းကို သက်သာစေခြင်း  စသည့်အကျိုးကျေးဇူးတွေကို ရရှိစေပါသဖြင့် ဆံပင်မွဲခြောက်ခြောက်ဖြစ်နေသူများ၊ ကြွပ်ဆတ်သူများနှင့် ဆံပင်ကျွတ်သူများအနေဖြင့် နေကြာဆီအခြေခံသည့် လိမ်းဆေးတွေကို အသုံးပြုနိုင်သည်။

         နေကြာဆီတွင် ပါဝင်သော မပြည့်ဝဆီများသည် HDL ခေါ် ကောင်းသောအဆီများကို များပြားစေသောကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါများကို ကာကွယ်ပေးပါသည်။ Vitamin E များကလည်း နှလုံး၏လုပ်ငန်းဆောင်တာများ ကောင်းမွန်စေရန် ကူညီပေးပါသည်။ အထူးသဖြင့် Omega-9 ဖြစ်သည့် Oleic Acid ကြွယ်ဝစွာ ပါဝင်သည့် နေကြာဆီ သည် နှလုံးနဲ့သွေးကြော ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ကြောင်း သိရှိရပါသည်။

       နေကြာဆီတွင် အခြားမိုက်ခရို အာဟာရဓာတ်များလည်း ကြွယ်ဝစွာပါဝင်နေသဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါသည်။ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့နည်းစေပါသည်။ အစာချေဖျက်မှုစနစ်ကို ကောင်းစေသဖြင့် အာဟာရဓာတ်များ ပိုမိုစုပ်ယူနိုင်စေရန် အားပေးပါသည်။ ဆီတွင်ပျော်ဝင်သည့် ဗီတာမင်များဖြစ်သည့် Vitamin A၊ Vitamin D၊ Vitamin E နှင့် Vitamin K များ၏ စုပ်ယူမှုကို အားပေးသဖြင့် ခုခံအားစနစ် တိုးတက်စေရန် အထောက်အကူပြုပါသည်။

      နေကြာဆီကို စားသုံးဆီအဖြစ် အသုံးပြုသကဲ့သို့ အလှကုန်ပစ္စည်းများတွင်လည်း အသုံးပြုကြောင်း သိရပါသည်။ နေကြာကြိတ်ဖတ်ကို တိရစ္ဆာန်အစာ အဖြစ်လည်းကောင်း၊ Organic စိုက်ပျိုးရေးသုံး မြေဩဇာအဖြစ်လည်းကောင်း အသုံးပြုနိုင်ပါသည်။ နေကြာပင်၏ ပင်စည်တွင် Potassium နှင့် Phosphorus များ ပါဝင်နေသဖြင့် ဓါတ်မြေဩဇာအဖြစ် ထုတ်လုပ်နိုင်ကြောင်း၊ ခြောက်သွေ့သော နေကြာပင်၏ ပင်စည်များမှ လောင်စာဆီထုတ်ယူနိုင်ကြောင်းလည်း သိရပါသည်။

       တောင်သူဦးကြီးများအနေဖြင့် မိမိတို့နိုင်ငံ၏ ရာသီဥတု ရေမြေသဘာဝနှင့် အထူးသင့်လျော်ပြီး စိုက်ပျိုးရန်လည်း လွယ်ကူသည့် နေကြာကို တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ပြည်တွင်း စားသုံးဆီဖူလုံမှုကို အထောက်အကူပြုစေမည့်အပြင် ကျန်းမာရေးနှင့် သင့်လျော်သည့် စားသုံးဆီကိုလည်း အလွယ်တကူ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများ စားသုံးနိုင်ရေးအတွက် နေကြာစိုက်ပျိုးရေးကို တိုးချဲ့ ဆောင်ရွက်နိုင်ကြပါရန် တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

                                               

(၂၅.၃.၂၀၂၂)ရက်နေ့မှ (၁.၅.၂၀၂၂) ရက်နေ့အထိ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အပတ်စဉ် ရည်ညွှန်းဈေးနှုန်းသတင်း

စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ  (၂၅.၃.၂၀၂၂)ရက်နေ့မှ (၁.၅.၂၀၂၂) ရက်နေ့အထိ အပတ်စဉ် ရည်ညွှန်းဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

တောင်ထန်းများ ဈေးကောင်းရရှိ

                   ဘီးလင်းမြို့နယ်ဒေသထွက်တောင်ထန်းများကို နေ့စဉ် ပဲခူးတိုင်းဒေသကြီးဘက်သို့တင်ပို့ရောင်းချ လျှက်ရှိရာ ယခုနှစ်ရာသီတွင် ယခင်နှစ်ထက်ဈေးနှုန်း ပိုမိုရရှိလာကြောင်းသိရှိရပါသည်။ တောင်ထန်းကို အိမ်ခေါင်မိုး မိုးရန်နှင့် လယ်တဲများအမိုးပြုလုပ်ရန်အသုံးပြုလျှက်ရှိပါသည်။ ယခင်နှစ် တောင်ထန်းရာသီ ထွက်ရှိချိန် ဖေဖော်ဝါရီ၊မတ်လ များတွင် တောင်ထန်းဈေးနှုန်းမှာ ကဒ်(၁၀၀)လျှင် ၆၅၀၀ကျပ်မှ ၇၀၀၀ ထိဈေးရရှိ၍ မိုးရာသီရောက်ရှိခါနီးအချိန်တွင် ဈေးအမြင့်ဆုံးရရှိတတ်ပြီး  ဧပြီလတွင်  တောင်ထန်း ကဒ်(၁၀၀)လျှင် ၁၀၀၀၀ ကျပ်ထိဈေးနှုန်းရရှိခဲ့ပါသည်။ ယခုနှစ် တောင်ထန်းရာသီ ထွက်ရှိချိန် ဖေဖော်ဝါရီ၊မတ်လ များတွင် တောင်ထန်းဈေးနှုန်းမှာ ကဒ်(၁၀၀)လျှင် ၈၀၀၀ကျပ်မှ ၉၀၀၀ထိ ဈေးရရှိကာ မိုးရာသီဈေးအမြင့်ဆုံး ရရှိချိန်ဧပြီလတွင်  တောင်ထန်း ကဒ် (၁၀၀)လျှင် ၂၀၀၀၀ ကျပ်ထိ‌  အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်ဘိလပ်မြေနှင့်ဓါတ်မြေဩဇာဈေးကွက်

           မော်လမြိုင်မြို့၌ ယခုလဧပြီတတိယအပတ်တွင်ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ ဈေးမှာ  ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၁၀၃၀၀၊ ဆင်(ထိုင်း) ကျပ် ၁၀၅၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ်၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းတက်လာပြီး အရောင်းအဝယ်အေးနေကြောင်း သိရှိရသည်။

              အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၉၂၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၈၅၄၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၉၃၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ်၅၅၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ်၉၉၀၀၀၊ ရှိခဲ့ပြီး ယခုပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၀၅၉၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၀၈၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၀၂၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ်၆၂၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ်၉၆၀၀၀၊ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မွန်)

 

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်တွင် ထွက်ရှိနေသော ရှမ်းပန်းဖြူများဈေးကောင်းရရှိနေ

         မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ထွက်ရှိနေသော ရှမ်းပန်းဖြူများ၏ ယခုလက်ရှိပေါက်ဈေးမှာ စိုက်ခင်းအတွင်းမှာပင် တစ်ပွင့်လျှင် (၁၀၀) ကျပ်ရရှိနေကြောင်း သိရှိရသည်။ ဘီးလင်းမြို့နယ်တွင် ပန်းအများဆုံးစိုက်ပျိုးကြသည့်ရွာများဖြစ်သော ရွှေလှေ၊ ညောင်ပုလ္လင်၊ လိပ်ခုံး၊ မုသင် စသည့်ရွာများတွင် ပန်းစိုက်ပျိုးဧက (၇၀) ဧကခန့်ရှိပြီး အချို့သောရွာများတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။ စိုက်ပျိုးမြေတစ်ဧကလျှင် ပျိုးပင်အရေအတွက် (၄) သိန်းခန့်ဝင်ဆံ့ပြီး ပျိုးပင်တစ်ပင်၏ တန်ဖိုးမှာ (၇) ကျပ်ရှိပြီး တစ်ဧကကုန်ကျစရိတ်မှာ သိန်း (၉၀) ကျပ်ခန့်ကုန်ကျပြီး တစ်ဧကထွက်နှုန်းမှာ ၆၀ ကျော် ထွက်ရှိပါက အဆင်ပြေကြောင်း သိရှိရသည်။ ရှမ်းပန်းဖြူသည် တစ်ပင်လျှင် ခေါင်ပွင့်တစ်ပွင့်    သာထားရပြီး ကျန်အဖူးများအား ချွေပေးရသည်။ စိုက်ပျိုးချိန်မှစတင်၍ (၃) လဝန်းကျင်ခန့်တွင် စပေါ်ကြောင်း သိရှိရသည်။ အဆိုပါပန်းများကို ရန်ကုန်၊ မော်လမြိုင်၊ ဘားအံ မြို့များရှိ ပန်းဒိုင်များသို့ တင်ပို့ပြီး ယခုနှစ်တွင် ပန်းစိုက်တောင်သူများ အနေဖြင့် အကျိုးအမြတ်ဖြစ်ထွန်း ကြောင်း သိရှိရသည်။

DOCA(မွန်)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

             ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဧပြီလ တတိယပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ အနည်းငယ် တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဧပြီလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၂၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၁၆၀၀၊ တန်အားဖြင့် ၅၀၈၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၈၀၀၀၊ မန္တလေးသို့ အိတ်ရေ ၆၂၆၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၅၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၇၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၅၀၀၊ပခုက္ကူသို့ အိတ်ရေ၁၃၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၄၁၉၀၀ ၊ တန်အားဖြင့် ၇၀၉၅တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၂၀၁၅၊ တန်အားဖြင့် ၁၀၀.၇၅တန် ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဧပြီလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ်၁၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၅၃၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျင် ကျပ်၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သီးနှံပေါ်ချိန် ဈေးကောင်းရသည့် မြောင်ပဲကြီးသီးနှံ

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြောင်မြို့နယ်သည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် မြစ်နှစ်စီးကြားတွင် တည်ရှိပြီး မြို့နယ်၏ သုံးပုံတစ်ပုံမှာ မြစ်ရေဝင်ဒေသများဖြစ်၍ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ အများဆုံးစိုက်ပျိုးသောမြို့တစ်မြို့  ဖြစ်ပါသည်။ မြို့နယ်၏ ဆောင်းသီးနှံ စိုက်ဧက (၁) သိန်းကျော်ရှိပြီး ပဲကြီးစိုက်ဧကမှာ (၁) ထောင် ကျော်ရှိပါသည်။

          ပဲကြီးသီးနှံ စိုက်ပျိုးရာတွင် မြစ်ရေကျချိန် အောက်တိုဘာလအတွင်းတွင် အများဆုံး စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် သီးနှံများ စတင်ထွက်ရှိပါသည်။ ပဲကြီးသီးနှံအနေဖြင့် အခြားသီးနှံများနှင့် နှိုင်းယှဉ်လျှင် ပိုးအလွန်ကြိုက်သောကြောင့် စိုက်ပျိုးပြီးအပင် (၁၅) ရက်သားမှ စတင်၍ မိမိစိုက်ခင်း ပိုးကျရောက်မှုကို လေ့လာ၍ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အားဆေးများကို (၁၀/၁၅) ရက်တစ်ကြိမ် အပတ်စဉ် ဆေးဖျန်းပေးရပါသည်။

          ပိုးမွှားများသည် မျိုးပွားခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် လရောင်ကိုအမှီပြု၍ မျိုးပွားခြင်း အကောင်းဆုံးအချိန်ဖြစ်သည့်အတွက် ပိုးသတ်ဆေးဖျန်းရာတွင် လပြည့်မရောက်မီရှေ့ ၇ ရက်အတွင်းနှင့် လပြည့်ပြီးနောက်( လပြည့်ကျော်) ၇ ရက်အတွင်း ဆေးပက်ဖျန်းပါက ပို၍ထိရောက်စေကြောင်း သိရှိရပါသည်။ ပဲကြီးပန်းပွင့်ချိန်မှစ၍ အသီးအပွင့်အားတိုးဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ခူးဆွတ်ချိန်အထိ အပတ်စဉ်တစ်ဧကလျှင် ၅ ကြိမ် မှ ၇ ကြိမ် အထိ ဆေးပက်ဖျန်းခြင်းအလုပ်ကို ဆောင်ရွက်ရပါသည်။  

          ပဲကြီးတစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် (၂၆၀၀၀ဝိ/-) ခန့် ရှိပြီး၊ တစ်ဧကလျှင် ပျမ်းမျှ ၁၀ တင်းခန့် ထွက်ရှိရာ သီးနှံစတင်ထွက်ရှိချိန်တွင် တစ်တင်းဈေးနှုန်းမှာ ၇၅၀၀ဝိ/- ရှိပြီး၊ ယခုလက်ရှိ ဈေးနှုန်းမှာတစ်တင်းလျှင် ၅၂၀၀ဝိ/- ဖြင့် ရောင်းချရပြီး တစ်ဧကဝင်ငွေ ၅၂၀၀၀ဝိ/- ရရှိ၍ အသားတင်အကျိုးအမြတ်သည် ကုန်ကျစရိတ်ထက်  ထက်ဝက်အကျိုးအမြတ် ရရှိကြောင်း၊ ထွက်ရှိသည့် ပဲကြီးသီးနှံများကို မြို့နယ်အတွင်းနှင့် မုံရွာမြို့၊ မန္တလေးမြို့များရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ပဲကြီးစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးနှင့်သီဟိုစျေး တည်ငြိမ်လျက်ရှိ

          ကွမ်းသီးနှင့် သီဟိုတို့းသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုး ရှိကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ယခုဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ ကွမ်းသီးအလုံး တစ်ပိဿာလျှင် (၅၃၀ဝိ/-)နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်း တစ်ပိဿာ လျှင် (၅၅၀ဝိ/-)နှုန်း ပေါက်ဈေး ရှိကြောင်းသိရှိရပြီး သီဟိုစေ့စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် (၃၁၀ဝိ/-)ကျပ်ရှိပြီး  သီဟိုစေ့အချော တစ်ပိဿာလျှင် (၂၂၀၀ဝိ/)ကျပ်ရှိကြောင်း သိရှိရပါသည်။ ကွမ်းသီးနှင့် သီဟိုစေ့ဈေးနှုန်းများမှာ ယခုအပတ်နှင့် ယခင်ပတ်နှိုင်းယှဉ်လျှင် ဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်မှာ ပုံမှန်လည်ပတ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

အုတ်တွင်းမြို့နယ်က စိန်တလုံးသရက်သီးဈေးကွက်

             ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ အမြန်လမ်းမိုင်တိုင်အမှတ် ၁၃၂/၃ ၊ လမ်းမအနောက် ဖက်တွင် စိန်တလုံးသရက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ ယခုအခါ အသီးများပေါ်နေပြီ ဖြစ်ပါသည်။ စိန်တလုံးသရက်သီးမျိုးများကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ် ကျေးရွာတွင် သွားရောက်ဝယ်ယူပြီး အပင်သက် ၅ နှစ် တွင် အသီးစသီးကြောင်း သိရပါသည်။ အသီးစသီးခါစက တစ်ပင်လျှင် အလုံး ၂၀ မှ ၃၀ အထိသာသီးပြီး အပင်သက်တမ်းရင့်လျှင် အလုံး ၈၀ မှ ၁၀၀ အထိသီးကြောင်း သိရှိရပါသည်။

              အသီးတိုင်းကို အိပ်စွပ်ပေးရပါသည်။ ယခင်နှစ်က အစွပ်အိတ် တစ်အိတ်လျှင် ၃၅ ကျပ် ပေးရပြီး ယခုနှစ်တွင် ၄၅ ကျပ်ပေးရကြောင်း သိရပါသည်။ အုတ်တွင်းမြို့နယ်မှထွက်ရှိသည့် သရက်သီးများကို ဒေသတွင်းနှင့် ရန်ကုန်မြို့ သီရီမင်္ဂလာဈေးသို့ တင်ပို့ရောင်းချရကြောင်း သိရပါသည်။

              ယခင်နှစ်က စိန်တလုံးသရက်သီး အကြီး တစ်လုံးလျှင် ၇၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၅၀၀ ကျပ်၊ အသေးတစ်လုံးလျှင် ၃၀၀ ကျပ် ရောင်းချရပြီး ယခုနှစ်တွင်မူ အကြီးတစ်လုံးလျှင် ၁၀၀၀ ကျပ်၊ အလတ်တစ်လုံးလျှင် ၇၀၀ ကျပ်နှင့် အသေးတစ်လုံးလျှင် ၅၀၀ ကျပ် ရောင်းချရကြောင်း စိန်တလုံးသရက်ခြံပိုင်ရှင် ဦးဝင်းသိန်းထွန်းထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း