Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မေလပထမပတ်အတွင်း စက်သုံးဆီဈေးနှုန်းအနည်းငယ် မြှင့်တက်လျက်ရှိ

         လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များပုံမှန်ရောင်းချလျက်ရှိပြီး စက်သုံးဆီဈေးနှုန်းများမှာ မေလပထမပတ်အတွင်း ဒီဇယ်ရိုးရိုးတစ် လီတာကို (၂၄၇၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၂၅၁၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၂၁၂၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၂၆၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် ဧပြီလစတုတ္ထပတ်အတွင်း ဒီဇယ်ရိုးရိုးတစ်လီတာကို (၂၄၂၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို(၂၄၆၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၀၈၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၂၂၀) ကျပ်သာရှိခဲ့ပြီး ယခုမေလပထမပတ် နှင့် ယခင် ဧပြီလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်ရိုးရိုး တစ်လီ တာကို (၅၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၅၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၄၀) ကျပ်နှင့်ဓါတ်ဆီ (95) တစ်လီတာ ကို(၄၅)ကျပ် ကွာဟလျက်ရှိပြီး ဈေးနှုန်းအနည်းငယ် မြှင့်တက် လျှက်ရှိပါကြောင်း တွေ့ရပြီး ယခင် ဧပြီလစတုတ္ထပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်နေခြင်းမှာ လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် သယ်ယူစရိတ် အနည်းငယ် မြှင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

DOCA(ကယား)

လွိုင်ကော် ဈေးကွက်အတွင်း ကြက်ဥ‌ဈေးနှုန်းမြှင့်တက်

         လွိုင်ကော်မြို့ ဈေးကွက်အတွင်းတွင် အခြားဒေသများမှ အများဆုံးဝင်ရောက်လာသော အခြေခံစားကုန်များနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်များ ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားလျှက်ရှိရာ ဧပြီလ စတုတ္တပတ်အတွင်း အခြေခံစားကုန်ဖြစ်သည့်  ကြက်ဥဈေးနှုန်း မှာ အလုံးသေးတစ်လုံးလျှင် (၁၄၀)ကျပ်၊ အလုံးကြီးတစ်လုံးလျှင်(၁၅၀)ကျပ် ဖြစ်ပြီး မေလပထမပတ်တွင် ကြက်ဥဈေးအလုံးသေး တစ်လုံးလျှင်(၁၇၀)ကျပ် ၊အလုံးကြီးတစ်လုံးလျှင် (၁၈၀)ကျပ် ဈေးအထိမြှင့် တက်လျှက်ရှိရာ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်လျှင် ကြက်ဥအလုံး သေးတစ်လုံးလျှင်  (၃၀)ကျပ်နှင့်  အလုံးကြီးတစ်လုံးလျှင် (၃၀)ကျပ်  နှုန်းပိုမို ဈေးနှုန်း မြှင့်တက်လာသည်ကိုတွေ့ရပြီး ထိုသို့ဈေးနှုန်း မြှင့်တက်ရခြင်းမှာ  လွိုင်ကော်ဈေးကွက် အတွင်းရှိ ကြက်ဥများမှာ တောင်ကြီးဘက်မှ ဝင်လာသော ကြက်ဥများဖြစ်ကြောင်း၊ လွိုင်ကော်ရှိ မွေးမြူရေးခြံများမှာ ကြက်စာဝယ်ယူမူ အခက်အခဲများကြောင့် ကြက်ခြံလုပ်ငန်းများ ရပ်ဆိုင်ထား၍ ဒေသအတွင်း ကြက်ဥထွက်ရှိမူမရှိသဖြင့်  ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်ဟု ကြက်မွေးမြူရေးနှင့် ကြက်ဥရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိသည်။

DOCA(ကယား)

မြင်းခြံခရိုင်ဆောင်းကြက်သွန်နီ စိုက်ပျိုးရိတ်သိမ်းထွက်ရှိမှုနှင့် ဈေးကွက်ခြေအနေ

                ဆောင်းကြက်သွန်နီ(နွေပင်လေး)ကို ၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာလ၊ဒီဇင်ဘာနှင့်ဇန္နဝါရီ လဆန်းတို့တွင် စိုက်ပျိုးကြပြီး စိုက်ပျိုးသက်တမ်း ရက် ၉၀ ၊ ၁၀၀ တွင်ရိတ်သိမ်းကြသည်ဟု သိရှိရပါသည်။ဆောင်းကြက်သွန်နီ(နွေပင်လေး) မစိုက်ပျိုးမီ ရက် (၄၀၊၄၅) အလိုမှစ၍ ကြိုတင်၍ ၃ ပေ x ၄၀ ၊ ၃ ပေ x ၅၀ ပေ နှင့် ၃ ပေ x ၆၀ ပေ အကျယ်ဘောင်များခတ်ကာ မြေဆွေးချ၊မျိုးစေ့ချ၍ ပျိုးပင်ပေါက်များရအောင် ရေလောင်းပေါင်းသင် ပြုစုပျိုးထောင်ရသည်ဟု သိရှိရပါသည်။ ၎င်းမှ ပျိုးပင် ရက် ၄၀ ၊ ၅၀ သက်တမ်းအရောက်တွင် စိုက်ပျိုးရန်ပြုပြင်ထားသည့်မြေကွက်အတွင်းသို့ ပြောင်းရွှေ့ စိုက်ပျိုးကြပါသည်။ မိုးကြက်သွန်နီ၊ဆောင်းကြက်သွန်နီ ရာသီအမှန်စိုက်ပျိုးခြင်းကို ဒေသအခေါ်အဝေါ်အရ တော်(၂)တော်အမီ စိုက်ပျိုးကြရသည်လို့လဲ အစွဲပြုမှတ်သားထားကြပါကြောင်း မိုးကြက်သွန်နီဆိုလျှင် တော်သလင်းလနှင့် ဆောင်းကြက်သွန်နီ(နွေပင်လေး)ဆိုလျှင် နတ်တော် လတွင် စိုက်ပျိုးကြပါသည်။ မြင်းခြံခရိုင်အနေဖြင့် ဆောင်းကြက်သွန်နီ(နွေပင်လေး) စိုက်ဧက ၂၀၃၆၆ ဧက စိုက်ပျိုး ခဲ့ပြီး ၂၀၃၂၉ ဧက ရိတ်သိမ်းနိုင်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် နေရာအနှံ့မုန်တိုင်းငယ် ဖြတ်ကျော်ဝင်ရောက်ခဲ့သည့်အတွက် မြင်းခြံခရိုင် ၊ တောင်သာမြို့ ဆင်းတဲဝ ချောင်းစပ်၊ချောင်း ဘေးတလျှောက် ရေလွှမ်းမိုးခဲ့သည့်အတွက် စိုက်ပျိုးဧက (၃၆) ဧကနှင့် မြင်းခြံ (၁) ဧက ရေနစ်မြုပ် ပျက်စီခဲ့သည့်အတွက် (၃၇) ဧကလျော့နည်း ရိတ်သိမ်းခဲ့ရသည်ဟု သက်ဆိုင်ရာဌာနမှ ‌လေ့လာသိရှိ ရပါသည်။ ဆောင်းကြက်သွန်နီ(နွေပင်လေး)ကို မြို့နယ်အလိုက် စိုက်ပျိုးရိတ် သိမ်းထွက်ရှိမှုအနေ ဖြင့်မြင်းခြံမြို့နယ်တွင် စိုက်ပျိုးမှု ၈၆၀၀ ဧက နှင့် ရိတ်သိမ်းပြီးဧက ၈၅၉၉ ဧက ၊ တောင်သာမြို့နယ်တွင် စိုက်ပျိုးမှု ၉၂၂၄ ဧက နှင့် ရိတ်သိမ်းပြီးဧက ၉၁၈၈ ဧက ၊ နွားထိုးကြီးမြို့နယ်တွင် စိုက်ပျိုးမှု ၁၅၀၆ ဧက နှင့် ရိတ်သိမ်းဧက ၁၅၀၆ ဧကနှင့် ငါန်းဇွန်မြို့နယ်တွင် စိုက်ပျိုးပြီးဧက ၁၀၃၆ ဧကနှင့် ရိတ်သိမ်းပြီးဧက ၁၀၃၆ ဧကရှိပြီး (၁) ဧက ပျမ်းမျှအထွက်ပိဿာ ၃၄၅၄.၃၀ ပိဿာထွက်ရှိခဲ့သဖြင့် မြင်းခြံခရိုင်အနေဖြင့် ၇၀၂၂၂၅၁၆ ပိဿာ ထွက်ရှိကြောင်း သိရှိရပါသည်။ စိုက်ပျိုးထွက်ရှိသော ဆောင်းကြက်သွန်နီ(နွေပင်လေး)များအား ဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် မြင်းခြံခရိုင် ၊ မြင်းခြံကုန်စည်ဒိုင် ကုန်အဝင်အနေဖြင့် သင်္ကြန် အခါပြီး ၁၉-၄-၂၀၂၂ ရက်နေ့တွင် ကုန်ချိန် ၆၅၀၀၀ ပိဿာ ခန့်ဝင်ရောက်ခဲ့ပြီး ဈေးနှုန်းအနေဖြင့် ကြက်သွန်အရည်အသွေးနှင့်အကြီး ၊ အသေးအပေါ်မူတည်၍ တစ်ပိဿာ ၂၅၀ ၊ ၃၀၀ ၊ ၃၅၀ ၊ ၄၀၀ ၊ ၄၅၀ ကျပ် နှင့် အမြင့်ဆုံးဈေး ၆၅၀ ကျပ် ပေါက်ဈေးရှိကြောင်းသိရှိရပါသည်။ သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ပြီးကာလအနေဖြင့် ဈေးနှုန်းအပြောင်းအလဲမရှိ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားမှုအရ သိရှိရပါသည်။

DOCA(မန္တလေး)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသထွက် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်း/ဈေးကွက် အခြေအနေ

             မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတွင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအနေဖြင့် လယ်ယာမြေများတွင် သီးနှံသီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခြင်းကို အဓိကဆောင်ရွက်လျက်ရှိကြပါသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊  မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲတို့တွင်လည်း မိုးရာသီကုန်ဆုံးချိန် စပါးရိတ်သိမ်းပြီးထား‌သော လယ်ယာမြေများပေါ်တွင် သီးနှံသီးထပ်၊ သီးညှပ်အနေဖြင့် ကြက်သွန်ဖြူ (ရှမ်းခွံနီ) ကို စိုက်ပျိုးကြပြီး နှစ်စဉ်မတ်လ၊ ဧပြီလတို့တွင် ရိတ်သိမ်းကြသည်။

            မြန်မာနိုင်ငံတွင်အများဆုံးစိုက်ပျိုးကြသော ကြက်သွန်ဖြူမျိုး (၃)မျိုးရှိသည်။ ၎င်းတို့မှာ ရှမ်းခွံနီမျိုး၊ ရှမ်းခွံဖြူမျိုးနှင့် တရုတ်မျိုး (ကြူကုတ်)တို့ ဖြစ်ကြသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့ နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲတို့တွင် စိုက်ပျိုးသောကြက်သွန်နီမျိုးမှာ ရှမ်းခွံနီမျိုးဖြစ်သည်။ မိုင်းတုံမြို့ နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲတို့သည် ယခုနှစ်တွင် ကြက်သွန်ဖြူစိုက်ဧကပေါင်း (၁၄၅၅)ဧကရှိခဲ့ပြီး ဧပြီလ တတိယပတ်အထိ (၁၄၀၀)ဧကရိတ်သိမ်းပြီး ဖြစ်ကြောင်းသိရပါသည်။

           ကြက်သွန်ဖြူ(ရှမ်းခွံနီ)ကို စပါးရိတ်သိမ်းပြီးသော လယ်မြေများတွင် မြေပြုပြင်၍ စိုက်ပျိုးကြသည်။ စပါးရိတ်သိမ်းပြီး မြေအစိုဓာတ်မပျောက်ခင် ရိုးပျက်များကို ခုတ်ဖြတ်ရပါသည်။ ထို့နောက် (၁၀)ပေခြား ရေသွင်းမြောင်းများတူးကာ ဘောင်ပြုလုပ်ပေးရသည်။ ပြုလုပ်ထားသော မြေဘောင်များကိုရေသွင်းကာ စက်ဖြင့်မြေဖွပေးပြီး ကြက်သွန်ဖြူအမွှာများကို ထိုးစိုက်ကာစိုက်ပျိုးကြသည်။ စိုက်ပျိုးပြီးသော မြေဘောင်များကို ကောက်ရိုးများဖြင့် မထူမပါးဖုံးအုပ်ပေးရသည်။

           စိုက်ပျိုးထားသော ကြက်သွန်ဖြူဘောင်များကို (၇)ရက်ခြား တစ်ကြိမ်ခန့် ရေသွင်းပေးရသည်။ အပင်ပေါက်များကြီးထွားလာပါက ရွက်ဖြန်းအားဆေးကို ရေသွင်းပြီးတစ်ပတ်တစ်ကြိမ် (သို့မဟုတ်) နှစ်ပတ်တစ်ကြိမ်အပင်၏ လိုအပ်ချက်အလိုက် ဖြန်းပေးရပါသည်။ ကြက်သွန်ဖြူ (ရှမ်းခွံနီ)တစ်ဧက၏ စိုက်ပျိုးကုန်ကျစရိတ်မှာ (၁၈)သိန်းခန့်ရှိပြီး အထွက်နှုန်းမှာတစ်ဧက (၁.၇၁၆)တန်ခန့် ထွက်ရှိသည်ဟု မိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

           ယခုနှစ် တာချီလိတ်ကြက်သွန်ဖြူအဝယ်ဒိုင်များသည် ကြက်သွန်ဖြူ (ရှမ်းခွံနီ)အသစ် တစ်ကီလိုကို (၂၀၀၀)ကျပ်မှစတင်၍ ဈေးဖွင့်ဝယ်ယူနေပါသည်။ ယခင်နှစ်က ကြက်သွန်ဖြူ (ရှမ်းခွံနီ)အသစ် စပေါ်ချိန်တွင်တစ်ကီလို (၁၉၀၀)ကျပ်ဈေးရရှိပြီး နောက်ပိုင်းကာလများတွင် တစ်ကီလို (၂၁၀၀)ကျပ် အထိ ဈေးပေါက်ခဲ့ကြောင်း ဟောင်လိတ်ကြက်သွန်ဖြူအဝယ်ဒိုင် (တာချီလိတ်မြို့)မှ သိရှိရပါသည်။

          ယခုနှစ် ကြက်သွန်စိုက်တောင်သူများသည် စိုက်ပျိုးစရိတ်နှင့်သယ်ယူစရိတ်နုတ်ပြီး တစ်ဧကအကျိုး အမြတ် (၁၄)သိန်းခန့် ရရှိနေပါသည်။

          ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒေသထွက် ကြက်သွန်ဖြူများကို ဒေသတွင်း စားသုံးရန်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရန် အဓိကထားစိုက်ပျိုးကြသည်။ တာချီလိတ်အဝယ်ဒိုင်များမှ ဝယ်ယူထားသော ကြက်သွန်ဖြူများကို ပြန်လည်သန့်စင်ပြီးမှ ထိုင်းနိုင်ငံသို့တင်ပို့ကြသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထိုင်းနိုင်ငံသို့ တာချီလိတ် (မယ်ယန်း)ကုန်သွယ်ရေးစခန်းမှ တင်ပို့သော ကြက်သွန်ဖြူတန်ချိန် (၅၈၈၂)တန်တင်ပို့ခဲ့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ (၅.၁၈၁)သန်းရှိခဲ့သည်ဟု ကုန်သွယ်ရေးဦးစီးဌာနမှ သိရှိရပါသည်။

          ထိုကြောင့် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့်‌ တောင်သူများအနေနှင့် ဝင်ငွေရရှိကာ အဆင်ပြေနေပြီး နိုင်ငံတော်အနေနှင့်လည်း နိုင်ငံခြားငွေတဖက်တလမ်းမှရရှိနေပါသည်။ သို့ဖြင့်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲဒေသရှိ ကြက်သွန်ဖြူစိုက်တောင်သူများသည် ယခုနှစ်ကြက်သွန်ဖြူ (ရှမ်းခွံနီ)စပေါ်ချိန်တွင် ဈေးကောင်းရရှိကာ အကျိုးအမြတ်များရရှိ နေပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

ရော်ဘာကြိတ်ခွဲသန့်စင်စက်ရုံသို့ ကွင်းဆင်းလေ့လာခြင်း

              ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂.၅.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ ကောင်တိုင်းလိ (Kaung Tai Le) ရော်ဘာကြိတ်ခွဲသန့်စင်စက်ရုံသို့သွားရောက်၍ ရော်ဘာ ကြိတ်ခွဲသန့်စင်မှုနှင့် ရော်ဘာဈေးနှုန်း/ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းလေ့လာခဲ့ပါသည်။

          တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရော်ဘာစိုက်ဧက (၁၇၈၆၇)ရှိပြီး အထွက်နှုန်းမှာ တစ်ဧကကီလို (၂၇၀)ခန့်ထွက်ရှိသည်ဟု သိရပါသည်။ ကောင်တိုင်းလိ (Kaung Tai Le) ရော်ဘာ ကြိတ်ခွဲသန့်စင်စက်ရုံသည် မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုဒေသမှထွက်ရှိသော ရော်ဘာအကြမ်းခဲ များကိုဝယ်ယူ၍ ပြန်လည်ကြိတ်ခွဲသန့်စင်ပြီး မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့အထူး(၄)ဒေသမှတဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ အဓိကတင်ပို့ရောင်းချကြောင်း စက်ရုံမန်နေဂျာဦးခမ်းဒီနွဲ့ ထံမှ သိရှိရပါသည်။

           ကောင်တိုင်းလိ (Kaung Tai Le) ရော်ဘာကြိတ်ခွဲသန့်စင်စက်ရုံတွင် ရော်ဘာအကြမ်းခဲ အတုံးများကို ဖုန်သဲခဲအမှိုက်များကိုဖယ်ရှားရန် စက်ဖြင့်အကြိမ်ကြိမ်ကြိတ်ခွဲ ဆေးကြောသန့်စင်ကာ နောက်ဆုံးအဆင့်အနေဖြင့် ရော်ဘာအတွင်း ရေပါဝင်မှုအနည်းဆုံးဖြစ်ရန် စက်ဖြင့်ညှစ်၍သန့်စင် သော ရော်ဘာအပြားများ ရရှိရန်ပြုလုပ်ကြောင်း၊ စက်ရုံသည် ရော်ဘာကြိတ်ခွဲသန့်စင်စက်(၈)လုံး၊ လုပ်သားအင်အား(၁၄)ဦးဖြင့် တစ်ရက်လျှင် ရော်ဘာအကြမ်းတန်(၃၀)ခန့် ကြိတ်ခွဲသန့်စင်ပေးနိုင်ကြောင်း၊ ရော်ဘာအကြမ်းခဲ (၁၀)တန်ကို ကြိတ်ခွဲသန့်စင်လိုက်ပါက ရော်ဘာပြား (၆.၅)တန်မှ (၇)တန်ထိသာ ပြန်လည်ရရှိကြောင်း သိရှိရပါသည်။

            အဆိုပါစက်ရုံသည် ယခင်နှစ်က ရော်ဘာစိုက်တောင်သူများထံမှ ရော်ဘာအကြမ်းအသစ် တစ်ကီလိုကို (၁၄၅၀)ကျပ်၊ ရော်ဘာအကြမ်းအဟောင်းတစ်ကီလိုကို (၂၄၀၀)ကျပ်ဖြင့် ဝယ်ယူကာ ပြန်လည်ကြိတ်ခွဲသန့်စင်ပြီး နိုင်ငံတော်သို့ပေးသင့်ပေးထိုက်သော အခွန်အခများပေးဆောင်၍ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စက်ရုံအနေဖြင့် တရုတ်နိုင်ငံသို့ သန့်စင်ပြီးရော်ဘာတန်ချိန် (၂၀၀၀)ကျော်တင်ပို့နိုင်ခဲ့ပါသည်။ ယခုနှစ်တွင်လည်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုများ ပြန်လည်ဖွင့်လှစ်ပါကတင်ပို့နိုင်ရန် ရော်ဘာကြိတ်သား တန် (၁၀၀၀)ခန့် ဝယ်ယူကြိတ်ခွဲသန့်စင်ထားပြီး ဖြစ်ကြောင်းသိရှိရပါသည်။

           သို့ဖြစ်ပါ၍ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ ကောင်တိုင်းလိ (Kaung Tai Le) ရော်ဘာ ကြိတ်ခွဲသန့်စင်စက်ရုံသည် မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုဒေသမှထွက်ရှိသော ရော်ဘာကုန်ကြမ်းများကိုဝယ်ယူပြီး ပြန်လည်ကြိတ်ခွဲသန့်စင်ကာ တရုတ်နိုင်ငံသို့တင်ပို့ခြင်းဖြင့် ဒေသခံရော်ဘာစိုက် တောင်သူများ ရော်ဘာကုန်ကြမ်းများ ရောင်းချရာတွင်လွယ်ကူခြင်း၊ ဈေးမှန်ရရှိခြင်း၊ ဒေသခံလုပ်သားများ အလုပ်အကိုင်ရရှိခြင်းနှင့် နိုင်ငံတော်အတွက် အခွန်အခများရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိကာ ရော်ဘာစိုက်တောင်သူများနှင့် ရော်ဘာကြိတ်ခွဲသန့်စင်စက်ရုံပါ နှစ်ဦးနှစ်ဖက်အဆင်ပြေ နေပါကြောင်း ကွင်းဆင်းလေ့လာခဲ့မှုများအားရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)

ပြည်မြို့တွင် စပါးဆန်ဈေးအနည်းငယ်မြင့်

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ဧပြီလဆန်းပိုင်းတွင် စပါးဆန်ဈေးများငြိမ်နေပြီး ဧပြီလနောက်ဆုံးပတ်တွင် စပါးဈေးဆန်ဈေးများ အနည်းငယ် မြင့်တက်လာခဲ့ပါသည်။

        စပါး/ဆန်ဈေးနှုန်းများအနေဖြင့် ဧပြီလဆန်းပိုင်းတွင် ဧည့်မထ (ရိုးရိုး) (၄၆)ပေါင် တင်း(၁၀၀) လျှင် ၇၆၀၀၀၀ကျပ်၊ တောင်ပျံစပါး(၄၆)ပေါင် တင်း(၁၀၀)လျှင် ၁၁၀၀၀၀၀ကျပ်ဈေးဖြစ်ခဲ့ပြီး ဆန်ဈေး များမှာ ကရင်မဆန် တစ်အိတ်လျှင် ၂၄၅၀၀ကျပ်၊ အင်းမရဲဘော် တစ်အိတ်လျှင် ၂၉၅၀၀ ကျပ်၊ မှော်ဘီဆန် တစ်အိတ်လျှင် ၃၃၀၀၀ကျပ်၊ ရတနာတိုးဆန် တစ်အိတ်လျှင် ၂၆၅၀၀ကျပ်၊ မနောသုခ တစ်အိတ်လျှင် ၂၇၅၀၀ကျပ်၊ နတ်တလင်းတောင်ပျံတစ်အိတ်လျှင် ၅၁၀၀၀ကျပ်နှင့် ကျော်ဇေယျ ဆန်တစ်အိတ်လျှင် ၂၆၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

        ဧပြီလနောက်ဆုံးပတ်တွင် ဧည့်မထ(ရိုးရိုး) (၄၆)ပေါင် တင်း(၁၀၀)လျှင် ၈၀၀၀၀၀ကျပ်ဖြင့် ဧပြီလဆန်းပိုင်းနှင့် နှိုင်းယှဉ်လျှင် ၂၀၀၀၀ကျပ်ခန့် ဈေးမြင့်လာခဲ့ပါသည်။ တောင်ပျံစပါးဈေးမှာ ၁၁၀၀၀၀၀ကျပ်ဖြင့် ယခင်ဧပြီလဆန်းပိုင်းကအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရပါသည်။ ဧပြီနောက် ဆုံးပတ်ရှိ ဆန်ဈေးများမှာ အင်းမရဲဘော်တစ်အိတ်လျှင် ၃၃၀၀၀ကျပ်၊ မှော်ဘီတစ်အိတ်လျှင် ၃၃၀၀၀ကျပ်၊ ကျော်ဇေယျဆန်တစ်အိတ်လျှင် ၂၇၀၀၀ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် ၂၆၂၀၀ကျပ် ဖြင့် ဈေးအနည်းငယ်မြင့်တက်လာသည်ကို တွေ့ရပါသည်။ ဆန်ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ မိုးစပါးလက်ကျန်နည်းပါးခြင်း၊ စိုက်ပျိုးရာတွင် ဓါတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်ခြင်းတို့ကြောင့် သွင်းအားစုများလျော့နည်း သုံးစွဲရသည့်အတွက်ယခင်နှစ်မိုးစပါးတွင်လည်း အထွက်နည်းခဲ့ခြင်း၊ ဆန်ထွက်အောက်တန်းမရရှိခြင်းနှင့် ယခုနွေစပါးများ စတင်ထွက်ပေါ်ပြီဖြစ်သော်လည်း အရည်အသွေး ကျဆင်းခြင်း၊ တိရိစ္ဆာန်အစာအဖြစ် ဆန်ကွဲနှင့် လုံးတီးဆန်များကို ပိုမိုဝယ်ယူ သုံးစွဲလာခြင်း ဆန်ကွဲ ဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ ဆန်ဈေးလည်းမြင့်တက်လာခြင်း၊ မီးပြတ်လပ်သည့်အတွက် ဆန်ကြိတ်ထွက်မှုလျော့နည်းသွားခြင်း၊ Export ဆန်တင်ပို့မှု ရှိနေသည့်အတွက် အဝယ်လိုက်နေ ခြင်းကြောင့် ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတသည့်အတွက် ဆန်ဈေးများ မြင့်တက် နေရခြင်း ဖြစ်ကြောင်းသိရပါသည်။ ဆန်စီးဆင်းမှု အနေဖြင့် ကရင်မဆန်နှင့် မနောသုခဆန်များကို အခြားတိုင်းများသို့ တင်ပို့မှု့ရှိပြီး အခြားဆန်များကို ခရိုင်အတွင်းရှိ စားသုံးရန်အတွက် ဖြန့်ဖြူး ရောင်းချမှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့ရှိ စားအုန်းဆီဈေးကွက်

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် စားအုန်းဆီဈေးများ ဆက်လက် မြင့်တက်လာခဲ့ပါသည်။ ယခင်သင်္ကြန်မတိုင်မှီကာလက စားအုန်းဆီတစ်ပိဿာလျှင် ၅၉၀၀-၆၁၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သင်္ကြန်ကျော်ကာလတွင် တစ်ပိဿာလျှင် ၆၀၀၀-၆၁၀၀ ကျပ်မှ ၆၅၀၀-၆၈၀၀ ကျပ်ထိ ဈေးပြန်မြင့်လာပြီး ယခုဧပြီလနောက်ဆုံးပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် ၇၀၀၀-၇၂၀၀ကျပ်ထိ ဈေးဆက်လက်မြင့်တက်လာခဲ့ပါသည်။

     ယခင် ကိုဗစ်ကာလ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစ၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းမှလည်း စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် တစ်ပိဿာလျှင် ၃၈၅၀ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး ယခုအခါ ၎င်းအသင်းမှပဲ တစ်ပိဿာလျှင် ၅၆၅၀ ကျပ် ဈေးဖြင့် (၁၆၅၀၀)ပိဿာကို ရောင်းချပေးခဲ့၍ ၁၃ ကြိမ်တိုင်တိုင် သက်သာဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ကုန်စည်ဒိုင်ပဲဈေးကွက်

           ပြည်ကုန်စည်ဒိုင်တွင် ဧပြီလပထမပတ် မတ်ပဲတစ်တင်းလျှင် ၄၇၅၀၀၊ ၄၈၀၀၀ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ရန်ကုန်အဝယ်နှင့် လှောင်သမားများ အဝယ်ရှိသဖြင့် တစ်ရက်လျှင် အိတ် ၃၀၀/၄၀၀ခန့် အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။ ဒုတိယပတ်တွင်  ပဲတစ်တင်းကို ၄၈၀၀၀- ၄၈၇၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ကောင်းလျှက်ရှိပြီး တစ်ရက်လျှင် အိတ်၄၀၀/၄၅၀ ခန့် ရန်ကုန် ဝယ်လက်အဝယ်ရှိပါသည်။ သင်္ကြန်ပြီးစကာလတွင် ပဲတစ်တင်းကို ၄၈၀၀၀၊ ၄၈၅၀၀၊ ၄၈၇၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်အနည်းငယ်သာရှိပြီး တစ်ရက်အိတ် ၁၀၀/၂၀၀ ခန့်သာ အရောင်းအဝယ်  ဖြစ်ပါသည်။

          ပဲစင်းငုံသီးနှံမှာ ဧပြီလအစတွင်  ပိဿာ ၂၀ ဝင်ပဲတစ်တင်းကို ၄၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ဧပြီလ ဒုတိယပတ်တွင် ပဲတစ်တင်း ၄၃၅၀၀ကျပ်ခန့် ဈေးကျလာပြီး တစ်ရက်ကို အိတ် ၂၀၀/၃၀၀ ခန့် ရန်ကုန်ဝယ်လက်အဝယ်ရှိခဲ့ပါသည်။ ပဲအဝင်လည်းနည်းလာပြီး လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ သင်္ကြန်ပြီးစတွင်  ပဲစင်းငုံဈေးကျလာပြီး ပဲတစ်တင်းကို ၄၂၅၀၀ ကျပ်ဖြင့် ပဲအဝယ်အနည်းငယ်သာရှိပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်လျှင် အိတ် ၁၀၀/၁၅၀ ခန့်သာ  အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်၏ ကုလားပဲသီးနှံဈေးမှာ ဧပြီလပထမပတ်တွင်  ကုလားပဲ (HL) တစ်တင်းကို ၄၃၅၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၄၄၅၀၀ကျပ် ဖြင့် ခွဲစက်သမားနှင့် ရန်ကုန် အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၇၀၀/၈၀၀ ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင်  ကုလားပဲ (HL) တစ်တင်းကို ၄၄၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၄၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၆၀၀/၇၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဧပြီလ တတိယပတ်တွင် ကုလားပဲဈေးမြင့်လာပြီး ကုလားပဲ (HL) တစ်တင်းကို ၄၅၅၀၀-၄၆၀၀၀ကျပ် ၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၄၆၂၀၀ကျပ် ဖြင့်အဝယ်ရှိခဲ့ပြီး တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့်သာ ခွဲစက်သမားများဖြင့် မြို့တွင်းရောင်းဝယ်မှု ရှိခဲ့ပါသည်။

          ပဲကြီးသီးနှံဈေးမှာ ဧပြီလ ပထမပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၆၀၀၀၀ကျပ်၊ ပဲကြီး (အာမဲ) တစ်တင်းကို ၅၅၀၀၀ကျပ် ဖြစ်ခဲ့ပြီး ပဲကြော်သမားများနှင့် ရန်ကုန်အဝယ်ရှိခဲ့ရာ တစ်ရက် ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပထမပတ်အတိုင်း ပဲကြီးဈေး အေးလျှက် ရှိပါသည်။ ဧပြီလ တတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၆၂၀၀၀ကျပ်၊ ပဲကြီး(ကမ်းနား) တစ်တင်းကို ၅၉၀၀၀ကျပ်ဖြင့် ဈေးမြင့်လာခဲ့ပြီး ပဲကြော်သမားနှင့် ရန်ကုန် အဝယ်ရှိသဖြင့် တစ်ရက်လျှင် အိတ် ၂၀၀/၃၀၀ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်၏ ဘိုကိတ်သီးနှံဈေးမှာ ဧပြီလပထမပတ်တွင် ၃၅၀၀၀၊ ၃၅၅၀၀ကျပ် ဈေးဖြင့် အရောင်းအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၄၀/၅၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဒုတိယ ပတ်တွင် ဘိုကိတ်ဈေးအေးနေခဲ့ပါသည်။ ဧပြီလ သင်္ကြန်ပြီးစတွင် ပဲတစ်တင်းကို ၃၅၅၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၄၀/၅၀ခန့် အဝယ်ရှိခဲ့ပါသည်။

          စားတော်ပဲ (ကျွန်း)သီးနှံမှာ ဧပြီလအစတွင် ပဲတစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ပြီး၊ ဒုတိယပတ်တွင် ပဲတစ်တင်းကို ၈၃၀၀၀ကျပ် ဈေးဖြစ်ခဲ့ပါသည်။ တတိယပတ်တွင် ပဲတစ် တင်းကို ၈၆၀၀၀၊ ၈၇၀၀၀ကျပ်ဖြင့် ဈေးမြင့်လာခဲ့ပြီး အရောင်းအဝယ်မှာ တစ်ရက်ကို အိတ် ၂၀/၂၅သာ မြို့တွင်းရောင်းဝယ်မှုရှိခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်၏  အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေမှာ သင်္ကြန်ပိတ်ရက်များကြောင့် အရောင်းအဝယ်မှာ အေးနေခဲ့ပြီး ဈေးနှုန်းအနေဖြင့် ယခင်လကဈေးမှာ ပိုကောင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့နယ်ရှိ နွေစပါးဈေးကွက်ဈေးနှုန်းအခြေအနေ

             ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် သာယာဝတီမြို့နယ်တွင် နွေစပါးစိုက်ပျိုးနေမှု ၊ တစ်ဧက ကုန်ကျစရိတ်များနှင့်ပတ်သက်၍ အင်းရွာအုပ်စု ကျေးရွာသို့ သွားရောက်၍  နွေစပါးစိုက်ပျိုးသည့် တောင်သူများနှင့် (၂၂.၄.၂၀၂၂) ရက်နေ့တွင် တွေ့ဆုံခဲ့ပါသည်။

            သာယာဝတီခရိုင်အနေဖြင့် နွေစပါးစိုက်ဧကမှာ (၇၉၀၀၃) ဧကရှိပြီး သာယာဝတီမြို့နယ်အနေဖြင့် (၃၇၃၂၇) ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ နွေစပါးစိုက်ပျိုးသည့် တောင်သူများမှ ယခုကာလ နွေစပါး ၅၂ ပေါင်တစ်တင်းလျှင် (၇၁၀၀) ကျပ်ဈေးနှုန်းဖြင့် ကွင်းအရောက်ငွေချေစနစ်ဖြင့် ပွဲစားကုန်သည်များမှ ဝယ်ယူလျှက်ရှိကြောင်းနှင့်  မိမိတို့အနေဖြင့်လည်း ကွင်းထိအရောက်လာရောက်ဝယ်ယူခြင်းကို ပိုမိုနှစ်သက်ကြောင်း ၊ ယခုကာလသယ်ပို့ခများ ဈေးနှုန်းမြင့်မားပါသဖြင့် စပါးဘိုးငွေ အသားတင် ကျန်ရှိကြောင်း သိရှိရပါသည်။ တစ်ဧက စိုက်ပျိုးလျှင် (၅၀၀၀၀၀)ခန့်ကုန်ကျပြီး ဝင်ငွေအနေဖြင့် (၈၅၂၀၀၀)ခန့်ရရှိသဖြင့် အကျိုးအမြတ်မှာ (၃၅၂၀၀၀) ခန့် ကျန်ရှိပါသည်။ ယခုနှစ်တွင် နွေစပါးအစိုဓါတ် ၁၈ %ရှိပြီး တစ်ဧကလျှင် (၁၂၀)တင်း နှုန်းခန့် ထွက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

၂.၅.၂၀၂၂ ရက်နေ့ မှ ၈.၅.၂၀၂၂ ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ် တွက်ချက်မှုစာရင်း

၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်နေ့ မှ မေလ ၈ ရက်နေ့ အထိ လက်ကားရည်ညွှန်းဈေးနှုန်းထုတ်ပြန်မှုအပေါ် ဒေသအလိုက် စားအုန်းဆီ တစ်ပိဿာ ကုန်ကျစရိတ် တွက်ချက်မှုစာရင်းအား အောက်ပါ .pdf file တွင် ဝင်‌ရောက်ဖတ်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း