ဝဥပင်သည် Araceae (ခေါ်) ပိန်းပင်မျိုးရင်းဖြစ်သည်။မြန်မာနိုင်ငံတွင် ဝဥပင်သည် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်နှင့်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများရှိ သစ်ရိပ်၊ ဝါးရိပ်ကောင်းသော၊ အစိုဓါတ်ကောင်းသည့်နေရာများတွင် သဘာဝအလျောက် အမြောက်အမြားပေါက်ရောက်လျက်ရှိသည်။ ယခင်က သဘာဝအလျောက် ပေါက်ရောက်သော ဝဥများကိုတူးဖော်ခဲ့ရာမှ ယခုအခါ ပြည်ပဝယ်လိုအားကောင်းလာသဖြင့် စိုက်ခင်းများဖြင့် စနစ်တကျစိုက်ပျိုးလာကြပြီး ပြည်ပတင်ပို့မှုများလည်း များပြားလျက်ရှိကာ နိုင်ငံခြား ဝင်ငွေရှာဖွေပေးလျက် ရှိပါသည်။
ဝဥ၏ မူရင်းဒေသသည် အရှေ့တောင်အာရှဖြစ်ပြီး အပူပိုင်းအာရှနှင့် အာဖရိကဒေသများတွင် သဘာဝအလျောက်ပေါက်ရောက်သည်။ အဆိုပါ ဝဥသည် မျိုးရင်း Araceae၊ မျိုးစုသည် Amorphophallus ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Amorphophallus Companulatus ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Elephant Foot Yam (or) White Yam (or) Telingo ဟုခေါ်သည်။
ဝဥသည် အပူပိုင်းဒေသသီးနှံဖြစ်သည်နှင့် အညီစိုစွတ်ပြီး ပူနွေးသောရာသီဥတု အခြေအနေ လိုအပ်သည်။ မိုးရွာသွန်းမှုမျှတပါက ဝဥအထွက်နှုန်းကောင်းစေပါသည်။
ဝဥစိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးမည့်မြေအား ထယ်တစ်လွှာ၊ ထွန်နှစ်လွှာဝင်ပြီး မြေပြုပြင်ရသည်။ ထို့နောက် စိုက်တန်း၊ စိုက်ကျင်းများ ပြုပြင်ပေးရပါသည်။ ပင်ကြား၊ တန်းကြားနှင့် တစ်ဧကအပင်အရေအတွက်အနေဖြင့် တန်းကြားလေးပေ၊ ပင်ကြားနှစ်ပေ စိုက်ပျိုးပါက တစ်ဧက ၅၄၄၅ ပင်အနည်းဆုံးဝင်ဆံ့နိုင်အောင် စိုက်ပျိုးသင့်သည်။ ဝဥကို စနစ်တကျစိုက်ခင်းများအဖြစ် ဧကများစွာ စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက မျိုးဥများလုံလောက်စွာရရှိအောင် စနစ်တကျစီမံ ဆောင်ရွက်ရန်လိုအပ်ပါသည်။ ဝဥကို နည်းလမ်းအမျိုးမျိုးဖြင့် စိုက်ပျိုးလျက်ရှိရာ ကျေးလက်ဒေသမှ စိုက်ပျိုးနည်းတစ်နည်းမှာ ဝဥမျိုးဥများကို စိုက်ပျိုးရန် စိုက်ကျင်းပြင်ရာတွင် စိုက်ကျင်းအတွင်း မြေမွ၊ပေါင်းမြက်ကောက်ခြင်း ပြုလုပ်ပြီး အပေါ်ယံ ဝဥကို မြေဖုံးမိရုံဖုံးပြီး စိုက်ပျိုးရပါသည်။ မြေတွင်လွန်စွာ နက်အောင်မြှုပ်၍ မစိုက်ပျိုးသင့်ပါ။ မြေချစိုက်ပျိုးခြင်းကို မြန်မာနိုင်ငံရာသီဥတုအရ မိုးဦးရာသီ မေလမှ စတင်၍ စိုက်ပျိုးသင့်ပါသည်။
မွန်ပြည်နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝဥစိုက်ဧက (၄၉၄) ဧက၊ ရိတ်သိမ်းဧက (၄၉၄) ဧကရှိခဲ့ပြီး ထွက်ရှိမှု (၈၅၄) တန်ထွက်ရှိခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ တွင် စိုက်ဧက (၅၀၄) ဧက၊ ရိတ်သိမ်းဧက (၅၀၄) ဧကရှိပြီး ထွက်ရှိမှုတန်ချိန် (၈၇၀) တန် ထွက်ရှိခဲ့ကြောင်း၊ မွန်ပြည်နယ်တွင် ဝဥအခြောက်ခံစက်ရုံ (၆) ရုံ ရှိပြီး တစ်ရက်လျှင် ဝဥအခြောက်ခံစွမ်းအား ပမာဏပေါ် မူတည်ပြီး စက်ရုံတစ်ရုံလျှင် ပျမ်းမျှ ၂၀-၂၅ တန်နီးပါးအခြောက်ခံနိုင်ပြီး တစ်နှစ်လျှင် တန်ချိန် ၄၀၀၀ ခန့် ထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။ ဈေးနှုန်း အနေဖြင့် ဝဥအစို တစ်ပိဿာလျှင် (၈၀၀-၁၀၀၀) ကျပ်ခန့်ပေးဝယ်ရပြီး အခြောက် တစ်ပိဿာလျှင် (၅၀၀၀-၇၀၀၀) ကျပ်ရရှိပြီး ကုန်ကြမ်းများကို မွန်၊ ကရင်၊ တနင်္သာရီတို့မှ ရရှိကြောင်း သိရှိရသည်။
ဝဥ၏ ရေတွင်ပျော်ဝင်နိုင်သော အမျှင်ဓါတ်သည် အစာခြေစနစ်ကို အထောက်အကူပြုပါသည်။ ဝဥတွင်ပါဝင်သော Glucomannan ဓါတ်သည် ကိုယ်တွင်းသကြားဓါတ်ပမာဏကို ထိန်းညှိပေးနိုင်ပြီး ဆီးချိုရောဂါမဖြစ်နိုင်အောင် ကာကွယ်ပေးပါသည်။
ဝဥမှ ထုတ်လုပ်လျှက်ရှိသော ထုတ်ကုန်များမှာ စားသောက်ကုန်များအနေဖြင့် အသင့်စား အသားတု၊ ဂျယ်လီအမျိုးမျိုး၊ ခေါက်ဆွဲအမျိုးမျိုး၊ ဂျုံမှုန့်အစားထိုး ဝဥအမှုန့်အဖြစ် အသုံးပြုခြင်း၊ စက်မှုကုန်ကြမ်းအနေဖြင့် ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ စာရေးကိရိယာများတွင် အသုံးပြုသော ကော်ပြုလုပ်ခြင်း၊ အလှကုန်ပစ္စည်းများတွင် မျက်နှာပေါင်းတင်ဆေး ကော်ရည်အဖြစ် ပြုလုပ်သုံးစွဲခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်းအနေဖြင့် အခြောက်ခံပြီး ဝဥ (သို့) အမြစ်တွင် Glucomannan ၄၀% ပါဝင်သည့်အတွက် ကိုယ်အလေးချိန် လျော့ကျစေခြင်း၊ သိုင်းရွိုက်ကုသခြင်း၊ သွေးတိုးရောဂါကုသခြင်း စသည့် ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုခြင်း၊ ဝဥအခြောက်ကို ကြိတ်ခွဲရာတွင် ဂျုံမှုန့်ကဲ့သို့ ပေါ့ပါးသည့် အမှုန့်နှင့် သကြားကဲ့သို့ လေးသည့် Man-Non များ ရရှိပြီး ပေါ့ပါးသည့် ဝဥအမှုန့်များကို တိရိစ္ဆာန်အစာအဖြစ် အသုံးပြုခြင်း၊ ဂျပန်နိုင်ငံတွင် အမှုန့်ပြုလုပ်၍ ကော်ပြန့်၊ ခေါက်ဆွဲ၊ ဖိလစ်ပိုင်နိုင်ငံတွင် ပေါင်မုန့်၊ အရက်၊ ဝိုင် ချက်လုပ်ခြင်း၊ တရုတ်နိုင်ငံတွင် အစားအစာ၊ ခေါက်ဆွဲ၊ အသားတုနှင့် မုန့်များပြုလုပ်ခြင်းတို့တွင် ထည့်သွင်းအသုံးပြုကြပြီး ကိုလက်စထရောကျဆေး၊ အဆီကျဆေးများ ဖော်စပ်ရာတွင်လည်း အသုံးပြုကြကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံထွက် ဝဥများကို တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့က အဓိကဝယ်ယူနေပြီး တရုတ်နိုင်ငံသို့ တင်ပို့သည့် ဝဥများကို မန္တလေးဈေးကွက်သို့လည်းကောင်း၊ ဂျပန်နိုင်ငံသို့ တင်ပို့မည့် ဝဥများကို ရန်ကုန်ဈေးကွက်သို့လည်းကောင်း တင်ပို့ရောင်းချကြောင်း သိရှိရသည်။ ဝဥတွင် ကျန်းမာရေး ကောင်းကျိုးများနှင့် အသုံးချမှုအများအပြားရှိသော်လည်း မြန်မာနိုင်ငံ၌ သုံးစွဲမှုမများသေးသည်ကို တွေ့ရှိရသည်။ ပြည်ပတင်ပို့မှုတွင် တရုတ်သို့ ၈၅ % နှင့် ဂျပန်နိုင်ငံသို့ ၁၅ % အသီးသီးတင်ပို့လျက်ရှိကြောင်း သိရှိရသည်။
ဝဥစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်ကောင်းမွန်ရန်အတွက် အသင်းအဖွဲ့၊ အစုအဖွဲ့များဖြင့် စုပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပို့ကုန်အလားအလာရှိသော ဝဥ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်မြင်လာစေရန်အတွက် ဝဥစိုက်ပျိုးထုတ်လုပ်မှုနည်းပညာများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ သွင်းအားစုများ၊ စိုက်ဧကတိုးချဲ့နိုင်ရေးဆောင်ရွက်ပေးမည့်အစီအစဉ်များ၊ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းမြှင့်တင်ရေးအတွက် ဘက်ပေါင်းစုံမှ အကူအညီပေးမှုများဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ဝဥကို လက်ရှိ အခြေအနေတွင် ဝဥခြောက်ကုန်ကြမ်းအဖြစ်သာတင်ပို့နိုင်ပြီး အမှုန့်ကြိတ်ခြင်း၊ အဆင့်ခွဲခြားခြင်းကဲ့သို့ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါသည်။ နည်းပညာအားနည်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ဧကတိုးချဲ့နိုင်မှု အခက်အခဲများကြောင့် အလားအလာကောင်းသော သီးနှံထုတ်လုပ်မှုဖြစ်သော်လည်း ပို့ကုန်မြှင့်တင်နိုင်မှုအနေဖြင့် အားနည်းနေသေးကြောင်း သိရှိရပါသည်။
ပြည်တွင်းဈေးကွက်ခိုင်မာစေရန် ပြည်တွင်းစားသုံးမှုများပြားလာအောင် လုပ်ဆောင်ရန်လိုအပ်ပါသည်။ ပြည်တွင်းစားသုံးမှုများလာခြင်းသည် စိုက်ပျိုးထုတ်လုပ်မှု ရေရှည်တည်တံ့ရေးအတွက် အထောက်အပံ့ကောင်းတစ်ရပ်ပင်ဖြစ်ရာ စားသုံးမှုများလာအောင် ဆောင်ရွက်ကြရပေမည်။ ဝဥမှုန့်၊ ဝဥတုံ၊ အသားတု၊ ဆေးဝါးစသည်တို့ကို ထုတ်လုပ်၍ပြည်တွင်းဈေးကွက် ဖန်တီးရမည် ဖြစ်သည်။ ထို့ပြင် အခြားသော လူသုံးကုန်ပစ္စည်းများ၊ အလှကုန်များစသဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်သည်အထိ ပြုလုပ်ဆောင်ရွက်သင့်ပါသည်။ ဂျပန်နှင့် တရုတ်နိုင်ငံမှ ဝယ်လိုအားကောင်းသော ဝဥကို အရည်အသွေးမြင့် နိုင်ငံခြားပို့ကုန်အဖြစ် တင်ပို့နိုင်ရန် အစိုးရဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအနေဖြင့် အစီအစဉ်ချမှတ်ကာ ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဈေးကွက်ဝင်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သီးနှံအလိုက် အသင်းအဖွဲ့များ၊ အစုအဖွဲ့များ၊ ကုန်စည်ဒိုင်များဖွဲ့စည်းဆောင်ရွက်ခြင်း၊ စွန့်ဦးတီထွင်ဆောင်ရွက်လိုသူများကို တိုးချဲ့စည်းရုံးဖွဲ့စည်းပြီး (Private Public Partnership) ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်း၊ Contract Farming စနစ်များ တန်ဖိုးမြှင့် ထုတ်ကုန်များ ဆောင်ရွက်နိုင်ရေးအားပေးမြှင့်တင်ခြင်း၊ အသေးစား၊ အလတ်စား စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး၊ အရင်းအနှီးရရှိရေးပေါင်းစပ်ဆောင်ရွက်ခြင်း၊ တန်ဖိုးမြှင့် ကုန်ထုတ်လုပ်မှုနည်းပညာဆိုင်ရာ သင်တန်းပို့ချမှုများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ နှင့်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကြရမည်ဖြစ်ပါသည်။
ပြည်ပပို့ကုန်မြှင့်တင်ရေး အလားအလာကောင်းသော ဈေးကွက်အကြိုက် အရည်အသွေးမီထုတ်ကုန်များ၊ စိုက်ပျိုးသီးနှံထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်သက်ဆိုင်သူများအားလုံးမှ စုပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် ကမ္ဘာ့ဝဥဈေးကွက်တွင် မြန်မာနိုင်ငံထွက် ဝဥများနေရာရကာ ဈေးကွက်ပိုင်ဆိုင်လာနိုင်မည် ဖြစ်ပါကြောင်း အကြံပြုရေးသားလိုပါသည်။
DOCA(မွန်)