Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

            အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့မှ ဇန်နဝါရီလ (၁၀)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၂၈၀၀ မှ ၃၀၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၂၀၀၀ မှ ၂၃၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၂၁၀၀ မှ ၂၄၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၃၀၀ မှ ၂၄၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၁၈၀၀ မှ ၂၀၀၀ အတွင်း၊ ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၁၀၀၀ မှ ၁၂၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၀၀၀ မှ ၁၂၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၉၀၀ မှ ၁၂၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၂၅၀၀ မှ ၃၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၂၆၀၀ မှ ၃၀၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၅၀၀ မှ ၁၈၀၀ အတွင်း၊ ဆလပ်ရွက်(စီး)ကျပ် ၂၅၀ မှ ၃၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၉၀ မှ ၁၂၀ အတွင်း၊ခရမ်းသီး(ရှည်)(လုံး)ကျပ် ၁၀၀ မှ ၁၂၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၀၀ မှ ၁၅၀ အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)(ပိဿာ) ၈၀၀ မှ ၁၀၀၀ အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)ကျပ် ၁၈၀၀ မှ ၅၀၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၅၆၀၀)ကျော်၊ ခရမ်းသီး(ရှည်)(လုံး) (၁၃၀၀၀) ကျော်၊ ဗူးသီးအလုံးပေါင်း (၇၄၀၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၆၃၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၁၅၆၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၄၈၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၇၁၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၂၂၀၀)ကျော် အသီးသီးကုန်အဝင်ရှိပြီး အချိန်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှုရှိနိုင်ပါကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး

 

ပြည်တွင်းဖြစ် ပဲကြာဆံကိုအားပေးပါ

            ပဲကြာဆံဖြင့်ချက်ပြုတ်ခြင်းဖြစ်သည့် ကြာဆံဟင်းကို အစဉ်တစိုက် နှစ်သက်စွာစားသုံးလေ့ရှိရာမှ ယခုအခါ ပဲကြာဆံသုတ်၊ ယိုးဒယားစတိုင်ပဲကြာဆံထောင်းဟူ၍ ထပ်မံစားသုံးသည့်အလေ့အထ တိုးလာသည်ကိုတွေ့ရပါသည်။ မြန်မာနိုင်ငံတွင် ဆန်ကြာဆံကို ဒေသအများစုတွင် ထုတ်လုပ်ကြသော်လည်း ပဲကြာဆံကို မုံရွာမြို့နယ်မှ အဓိကထုတ်လုပ်ပါသည်။ မုံရွာစက်မှုဇုံနှင့် မုံရွာနယ်တွင် ကြာဆံစက် (၃၄)စက်ရှိပြီး အခြားဒေသများကို တင်ပို့ရောင်းချသည့် ဒေသထွက်ကုန်တစ်ခုဖြစ်ပါသည်။ ယခင်က (၅၀)ကျပ်သားနှင့်အထက်သာထုပ်ပိုးရောင်းချကြသော်လည်း ယခုအခါစူပါမားကက်များတွင် ထိုင်းနှင့် တရုတ်နိုင်ငံမှ ကြာဆံများ ဈေးကွက်နေရာယူလာသဖြင့် အထုပ်သေးများစနစ်တကျထုပ်ပိုး၍ လည်းကောင်း၊ အရည်အသွေးမီအောင် ဂရုပြု၍လည်းကောင်း ထုတ်လုပ်လျက်ရှိကြသည်။ ပဲကြာဆံကို ပိုမိုစိတ်ဝင်စား လာကြသောစားသုံးသူများသည် ကြာဆံထုတ်လုပ်မှုအပေါ် ဂရုပြုမိလာကြပြီး မုံရွာနယ် ထွက်ကြာဆံသည် ယခင်ထက် အရောင်ကြည်လာကြောင်း၊ ကျစ်လစ်လာကြောင်း တွေ့ရသည်။ ကြာဆံစက်ရုံများတွင် ကော်မှုန့်များသုံးသည်ဟုသိရပြီး စားသုံးရန်မသင့်သည့် ကော်မှုန့်များ သုံးစွဲခြင်း ဖြစ်ပါက စားသုံးသူ ဘေးအန္တရာယ်ရှိနိုင်သဖြင့် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကို အကာ အကွယ်ပေးသည်ဟုသိရ၍ သတင်းပေးတိုင်ကြားလိုကြောင်း ပြောကြားလာသူရှိခဲ့ပါသည်။ စားသုံးသူနစ်နာ ဆုံးရှုံးသဖြင့် တိုင်ကြားမှုမဟုတ်သော်လည်း ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်ကို ဖော်ဆောင် ဖြည့်ဆည်းနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ကြာဆံစက်ပိုင်များ၊ ကုန်သည်/စက်မှုအသင်းမှ ပို့ကုန်သွင်းကုန်ဆောင်ရွက်နေသည့် ကုန်သည်ကြီးများ၊ အခြားစားသုံးသူများနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရှိဖြေကြားနိုင်သူများကို မေးမြန်းဆွေးနွေးလေ့လာခဲ့ပါသည်။

           ပဲကြာဆံထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းပဲအမျိုးအစားများမှာ ကုလားပဲ(၃၀)ရာခိုင်နှုန်း၊ ပဲစဉ်းငုံ(၃၀)ရာခိုင်နှုန်းနှင့် ပဲနီ၊ ပဲယင်းစသောပဲများကို ကျန်ရာခိုင်နှုန်းအချိုးအစားတွင် ထည့်သွင်း ထုတ်လုပ်ကြပါသည်။ ကြာဆံစက်ရုံမှထွက်ရှိသည့် ဘေးထွက်ပစ္စည်းပဲဖတ်များသည် မွေးမြူရေး လုပ်ငန်းများကို အထောက်အကူပြုလျက်ရှိပါသည်။ ကြာဆံစက်များ၏ ရေဆိုးစွန့်ပစ်မှုကြောင့် အနံ့ထွက်မှုကို ခေတ်မီရေဆိုးစွန့်ပစ်မှုစနစ်ပြောင်းလဲထားသဖြင့် အနံ့အသက်ပြဿနာ လျော့ပါးသွားခဲ့ပါသည်။ ယခင်က ပဲကြာဆံ၏အရောင်မှာ အနည်းငယ်ဝါသည့်ဘက်ရောက်နေခဲ့သည့်အတွက် အရောင်ချွတ်ဆေးသုံးရန်ပင် စဉ်းစားခဲ့ကြသည်။ လက်ရှိ မုံရွာကြာဆံစက်ရုံထုတ် ပဲကြာဆံ (၁)ပိဿာ ဈေးနှုန်းမှာ(၄၉၀၀)ကျပ်ခန့်ဖြစ်သည်။ တရုတ်နှင့် ထိုင်းမှ ကြာဆံများသည် အရောင်အလွန်ကြည် နေကာ အရောင်လှခြင်း၊ အပင်သေးခြင်း၊ ထုပ်ပိုးမှုကောင်းခြင်းတို့အပြင် ဈေးနှုန်းမှာလည်း ပြည်တွင်းကြာဆံ ဈေးနှုန်းထက် အနည်းငယ်သာများပြားသည့်အတွက် စားသုံးသူများ အကြိုက်တွေ့လာသည်။ ထို့ကြောင့် ပြည်တွင်းကြာဆံဈေးကွက်မပျောက်အောင် စက်ပိုင်များက နည်းပညာလေ့လာခဲ့ကြရာ တရုတ်နှင့် ထိုင်း ကြာဆံများသည် ကော်မှုန့်ထည့်သွင်း ထုတ်လုပ်ကြောင်း သိရှိလာရသည်။ ထို့ကြောင့် ခေတ်နှင့်အညီ နည်းပညာကိုအမီလိုက်ကာ ကော်မှုန့်ကို ပြည်ပမှတင်သွင်း၍ ထည့်သွင်းအသုံးပြုခြင်း ဖြစ်ကြောင်း၊ အချိုးအစားအနေဖြင့် (၁၀)ရာခိုင်နှုန်းခန့်သာ ထည့်သွင်းရခြင်းဖြစ်ကြောင်းသိရသည်။ အရောင်ချွတ်ဆေးသုံးစရာမလိုဘဲ အရောင်ကြည်ခြင်း၊ နန်းအဆွဲခံခြင်းတို့ကြောင့် ပြည်တွင်းဈေးကွက် ကျဆင်းမှုလျော့ပါးအောင် အထောက်အကူပြုကြောင်းသိရပါသည်။

            အဆိုပါကော်မှုန့်သည် FDA ဌာနက စိစစ်ပြီး Food Grade သတ်မှတ်ခွင့်ပြုချက်နှင့် သွင်းကုန်လိုင်စင်ဖြင့် ပြည်ပမှ တရားဝင်တင်သွင်းလာသည့် စားသုံးရန်ထုတ်လုပ်ထားသော စက်မှုစားသောက်ကုန်သုံး အစားအသောက်အမျိုးအမည် ( Pea Starch) ပဲကော်မှုန့်ဖြစ်ပါသည်။ ဆန်မှုန့်၊ ဂျုံမှုန့်၊ ပဲမှုန့်အပြင် ကော်မှုန့်ဟူ၍ ခေါက်ဆွဲကြော်၊ အသားငါးအသီးအရွက်အနှစ်ကပ်ကြော်များတွင် အသုံးပြုသည့်အလေ့အထကိုတော့ သိနေကြပြီဖြစ်ပြီး ပဲကြာဆံတွင် ထည့်သွင်းအသုံးပြုသည်ကို မသိရှိကြသေးခြင်းပင်ဖြစ်ပါသည်။ ကော်မှုန့်ဆိုတာဘယ်ကရတာလဲ၊ ပလပ်စတစ်တွေလား၊ စားသုံးရန်မသင့် ဘေးအန္တရာယ်ရှိမှာလားဟု စိုးရိမ်စိတ်ဖြင့်လေ့လာကြည့်ရပါသည်။ ကော်မှုန့်ဟု အလွယ်မြန်မာမှုပြုခေါ်ကြသောအမှုန့်များသည် ပီလောပီနံ၊ ဝဥ၊ အာလူး၊ ပဲ၊ ပြောင်း၊ ကောက်ညှင်း၊ သာကူကဲ့သို့ စားသုံးသီးနှံများမှ ထုတ်လုပ်သည့် လူလုပ်ကစီဓာတ်ပေါင်းဟုသိရသည်။ သာကူကို ထပ်မံသိရသည်မှာ ဆီအုန်းပင်၊ အုန်းပင်နှင့်ဆင်တူသည့် ဆာဂူပင်ကရသည့် သာကူစေ့ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။ ဆေးဝါးဆေးတောင့်အခွံများကိုလည်း အလားတူကော်မှုန့်ဖြင့်ပင် ထုတ်လုပ်ရခြင်းဖြစ်ပါသည်။ သံသယရှိပါက လေ့လာခြင်းသည် ကောင်းမွန်သော်လည်း အများပြည်သူ ကျန်းမာရေး အတွက်စေတနာဖြင့် သတိပေးသည်ဟုဆိုကာ အမှန်တကယ် သုတေသနပြု စမ်းသပ်ထားခြင်းမဟုတ်ဘဲ အရောင်ဆေးဆိုးတယ်၊ စားသောက်ရန်မဟုတ်သည့်ပစ္စည်းများကို သုံးတယ်ဆိုပြီး ပြည်တွင်းစားသောက်ကုန်များကို မစားရဲအောင်အထိ သတင်းဖြန့်ချိမှုများတွေ့ရှိရပါသည်။ ထိုအခါ ပြည်ပမှတင်သွင်းလာသည့် စားသောက်ကုန်များကိုသာ သံသယမရှိယုံကြည်လာပြီး ပိုမိုသုံးစွဲလာခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို လျော့ကျစေပါသည်။ စားသုံးသူများ လုံခြုံစိတ် ချရမှုရှိစေရေးအတွက် ဥပဒေများပြဌာန်း၍ သက်ဆိုင်ရာဌာနများက ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် အမျိုးသားအကျိုးစီးပွားအတွက် ပြည်တွင်းဖြစ်ကိုအားပေးပါဟု အကြံပြုလိုပါသည်။ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းချိုသာစွာသုံးစွဲနိုင်မည့် အရည်အသွေးကောင်းမွန်သော စားသောက်ကုန်များ ပိုမိုထုတ်လုပ်သုံးစွဲနိုင်စေရေး အဘက်ဘက်က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

 

နှစ်ရှည်သီးနှံပင် လက်ဖက်အကြောင်း

         လက်ဖက်ပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး တရုတ်၊ အာသံ၊ ကိုးကန့်နှင့် အင်ဒိုချိန်းနား ဟူ၍ မျိုး(၄)မျိုး ရှိရာ မြန်မာနိုင်ငံတွင် အာသံမျိုးကိုသာ အဓိကထားစိုက်ပျိုးကြပါသည်။ လက်ဖက်အဓိကစိုက်ပျိုးသောဒေသမှာ ရှမ်းပြည်နယ်ဖြစ်ပြီး ကလော၊ ပင်းတယ၊ ရွာငံ၊ ပင်လောင်း၊ ရပ်စောက်၊ ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းဆတ်၊ တာချီလိတ်၊ မိုင်းဖြတ်၊ နမ့်စန်၊ သီပေါမြို့များတွင် အများဆုံး စိုက်ပျိုးထွက်ရှိပါသည်။ ရှမ်းပြည်နယ် တောင်ပေါ်ဒေသများရှိ တောင်စောင်းများတွင် မိရိုးဖလာ စိုက်ပျိုးနည်းစနစ်အပြင် လှေကားထစ်သဖွယ်ဖြင့်လည်း စိုက်ပျိုးကြပြီး လက်ဖက်စိုက်ပျိုးချိန်မှာ မေလနှင့်ဇွန်လတို့တွင် အစေ့ချစိုက်ပျိုးနိုင်သကဲ့သို့ ပျိုးထောင်၍လည်းစိုက်ပျိုးနိုင်ပါတယ်။ လက်ဖက်တစ်ပင်နှင့်တစ်ပင် (၅ပေ မှ ၆ပေ) ခန့်ခွာစိုက်ကြပြီး (၃)နှစ်သားအရွယ်ရောက်လျှင် အရွက်နှင့်အညွှန့်များကို စတင်ခူးယူနိုင်ပြီး ၁၀၊၁၅နှစ်သက်တမ်းရှိ အပင်များမှာအကောင်းဆုံး လက်ဖက်ရွက်ကို ရရှိနိုင်ပါသည်

       လက်ဖက်ပင် စိုက်ပျိုးရာဒေသ၊ ရာသီဥတုအခြေအနေနှင့် အပင်၏သန်စွမ်းမှုပေါ်မူတည်၍ လက်ဖက်ရွက်များကို တစ်နှစ်လျှင်အကြိမ်များစွာ ခူးယူနိုင်ပါသည်။ မတ်၊ ဧပြီ၊ မေလတို့တွင်ခူးယူသော လက်ဖက်ကို ရွှေဖီဦးဟုလည်းကောင်း ဇွန်နှင့်ဇူလိုင်လတို့တွင် ခူးယူလျှင် ခါးကန်ဟုလည်းကောင်း စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ခူးယူသောလက်ဖက်ကို မိုးညွှန့်ဟုလည်းကောင်း၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် ခူးယူလျှင် နှင်းတက်ဟုလည်း‌ကောင်း အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။ လက်ဖက်ခူးရာတွင် ရွက်နုနှင့်အညွှန့်များကိုသာ ခူးယူကြပြီး လက်ဖက်ခြောက်၊ Green Tea (လက်ဖက်ခြောက်)၊ လက်ဖက်အစိုနှင့် လက်ဖက်ဆီများကို ပြုလုပ်ရောင်းချလျက်ရှိပါသည်။ ယခင်နှစ် လက်ဖက်ခြောက် တစ်ပိဿာ၏ ဈေးနှုန်းမှာ လက်ဖက်ခြောက်အမျိုးအစားပေါ်မူတည်၍ ကျပ်(၃၅၀၀ မှ ၈၀၀၀)၊ Green Tea (လက်ဖက်ခြောက်) တစ်ပိဿာ ကျပ်(၉၀၀၀ မှ ၁၅၀၀၀) ၊ လက်ဖက်အညွှန့်ကိုကြည့်၍ လက်ဖက်အစို တစ်ပိဿာ ကျပ်(၂၅၀၀ မှ ၅၀၀၀) ကျပ်နှင့် လက်ဖက်ဆီ ၁လီတာဗူး တစ်ဗူးလျှင် (၂၀၀၀)ကျပ် ရှိကြောင်းသိရှိရပါသည်။ ယခုနှစ် လက်ဖက်ဈေးနှုန်းမှာလည်း ယခင်နှစ်အတိုင်း ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းနှင့် လက်ဖက်တစ်ဧကစိုက်ပျိုးမှု ကုန်ကျစရိတ်မှာ (၉၅၅၀၀၀) ကျပ်ဖြစ်ပြီး တစ်ဧကလျှင်ပျှမ်းမျှ အထွက်နှုန်း (၃၁၀) ပိဿာ၊ တစ်ဧကဝင်ငွေ ကျပ် (၂၁၇၀၀၀၀) ရရှိကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ်တွင် လက်ဖက်စိုက်ဧကမှာ (၂၀၂၃၇၈) ရှိပြီး (၇၅၉၇၈)တန် ညီမျှပိဿာ (၄၆၅၂၈၁၀၆) ထွက်ရှိပါသည်။ ရှမ်းပြည်နယ်မှထွက်ရှိသော လက်ဖက်များကို ဒေသတွင်းအပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

        မြန်မာ့ရိုးရာယဉ်ကျေးမှုများတွင် လက်ဖက်ရွက်ကိုရေနွေးကြမ်းလိုတစ်မျိုး၊ လက်ဖက်ရည်လို တစ်ဖုံ၊ လက်ဖက်အစို(လက်ဖက်သုပ်)လိုတစ်မျိုးနှင့် လက်ဖက်နပ်စသည်ဖြင့်အမျိုးမျိုးပြုလုပ် စားသုံးနိုင်ပါသည်။ လက်ဖက်ခြောက်တွင်ပါဝင်သည့် သီအင်းဓာတ်သည် ကော်ဖီတွင်ပါဝင်သော  ကဖိန်းဓာတ်နှင့် အတူတူဖြစ်ပါသည်။ ကျန်းမာရေးကောင်းကျိုးများအနေဖြင့် အမိုင်နိုအက်ဆစ်၊ Vitamin B နှင့် Vitamin E တို့ပါဝင်သည့်အတွက် သွေးဖိအားကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်မှအဆီပိုများကိုလည်း ကျစေပါတယ်။ ထို့ကြောင့် “အသီးမှာသရက်၊ အရွက်မှာလက်ဖက်” ဆိုတဲ့အတိုင်း လက်ဖက်သည် အရေးကြီးသော ရိုးရာအစားအစာတစ်ခုဖြစ်ပြီး  ကမ္ဘာပေါ်မှလူအများစုသည် လက်ဖက်ရည်ကို အများဆုံး သောက်သုံးလျက်ရှိကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

ရှမ်းတောင်မှ နှင်းဆီပန်းများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိ

           ရှမ်းပြည်နယ် (တောင်ပိုင်း)မှ နှင်းဆီပန်းများကို တောင်ကြီးမြို့နယ် ရွှေညောင်၊ တောင်လေးလုံး၊ ပင်းတယမြို့နယ် မိုင်းအင်၊ မိုင်းလီကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး အများအားဖြင့် မိရိုးဖလာနည်းဖြင့် စိုက်ပျိုးကြကြောင်း၊ Green House အနေဖြင့်လည်း စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် အပင်ခြောက်ထောင်ခန့်ဝင်ဆံ့ကြောင်းဟု သိရှိရပါသည်။

          နှင်းဆီပန်းများကို အမျိုးအစားစုံလင်စွာ စိုက်ပျိုးလျက်ရှိကြပြီး အဓိကအနေဖြင့် ချိုချဉ်၊ ရေမွှေး၊ တရုတ်နီ၊ ဂျပန်နီ၊ အဖြူစသည့်အမျိုးများ စိုက်ပျိုးလျက်ရှိပါသည်၊ စိုက်ပျိုးထွက်ရှိလာသော နှင်းဆီပန်းများကို ရန်ကုန်၊ မော်လမြိုင်၊ မြဝတီ၊ မူဆယ်သို့ အများဆုံးတင်ပို့လျက်ရှိပြီး သယ်ယူပို့ဆောင်ရာတွင်လည်း အပွင့်(၁၀၀)ဝင်ဆံ့သော ဝါးသေတ္တာများဖြင့် တင်ပို့လျက်ရှိပါသည်၊ ဈေးနှုန်းအနေဖြင့် ဝါးသေတ္တာတစ်လုံး၏ လက်လီပေါက်ဈေးမှာ ကျပ်(၁၃၀၀၀ဝိ/- မှ ၁၅၀၀၀ဝိ/-) အထိရှိပါသည်၊ လက်ရှိအချိန်အတွင်း ဈေးကွက်တွင်နှင်းဆီပန်းတစ်ပွင့်လျှင် ကျပ်(၁၀ဝိ/- မှ၁၅ဝိ/-) ပေါက်ဈေးအထိရှိကြောင်း သိရှိရပါသည်၊ နှင်းဆီပန်းကို ရှမ်းတောင်တွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးလျက်ရှိပြီး အထွက်များသည့် မိုးရာသီတွင် အကျိုးအမြတ်ရရှိမှုနည်းပါးသော်လည်း အထွက်နည်းသော ဆောင်းရာသီတွင် ဈေးကောင်းရရှိလေ့ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

၁၂.၁.၂၀၂၂

ဝယ်သူ မျှော်နေသည့် ဒေသထွက် ရွှေဖရုံသီး

       မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတွင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူများအနေဖြင့် လယ်ယာမြေများတွင် သီးနှံ၊ သီးထပ်၊ သီးညှပ် စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခြင်းကို အဓိကဆောင်ရွက်လျက်ရှိကြပါသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ ဝမ်ကောင်းကျေးရွာ၊ ကော့ခွယ်ကျေးရွာ၊ လော့ငိုးကျေးရွာ၊ နမ့်ကစ်ကျေးရွာ၊ ဝမ်တုန်ကျေးရွာ၊ ဝိန်းကျိုင်းကျေးရွာတို့တွင် မိုးရာသီကုန်ဆုံး၍ စပါးရိတ်သိမ်းပြီးထားရှိသော လယ်ယာမြေများပေါ်တွင် သီးနှံ၊ သီးထပ်အနေဖြင့် စိုက်ပျိုးပြီးကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကာ ဧပြီလတွင် ဆွတ်ခူးရောင်းချကြ သည်။

          မိုင်းယောင်းမြို့နယ်ရှိ ရွှေဖရုံသီးအဓိကစိုက်ပျိုးသော တောင်သူတစ်ဦးအား  တွေ့ဆုံမေးမြန်းရာ ယခင်နှစ်တွင် စိုက်ဧက(၃၀၀)ကျော်ခန့် စိုက်ပျိုး၍ တစ်ကီလိုလျှင် (၈၀၀/-) ကျပ်နှုန်းရရှိခဲ့ကြောင်း ယခုနှစ်တွင် ဧက (၄၀၀)ကျော်ခန့် စိုက်ပျိုးခဲ့ပြီး ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် (၇၅၀၀၀၀/-)ကျပ် ကုန်ကျကြောင်း တစ်ဧကအထွက်နှုန်း (၆) တန်ခန့်ထွက်ရှိရာ ယခုနှစ်တွင် ယခင်နှစ်များထက် အထွက်နှုန်းပိုမိုများပြားလာနိုင်သည်ဟု ခန့်မှန်းကြောင်း၊ မကြာခင်ရွှေဖရုံသီးများ ဆွတ်ခူးရောင်းချမည့်ရာသီ ရောက်ရှိတော့မည်ဖြစ်သော်လည်း လက်ရှိကာလအခြေအနေများကြောင့် ဈေးကောင်းပေးဝယ်မည့်သူ မရှိမည်ကိုစိုးရိမ်နေကြောင်း ရွှေဖရုံသီးစိုက်ပျိုးသည့်တောင်သူများထံမှ  စုံစမ်းသိရှိရပါသည်။

          ဒေသထွက်ရွှေဖရုံသီးများကို စိုက်ပျိုးရေးတောင်သူများအနေဖြင့် နိုင်ငံတော်သို့ ပေးသင့်ပေးထိုက်သော အခွန်အခများပေးသွင်းကြပြီး တင်ပို့မှုအနေဖြင့် ကုန်သွယ်မှုသတင်းအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တန်ချိန် (၁၁၂၉) တန်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တန်ချိန် (၂၃၆၆) တန်ချိန်ထိ မိုင်းယောင်းမြို့၊ မိုင်းယုမြို့နယ်ခွဲ အထူးဒေသ(၄)မှတဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျိုင်းဟုန်မြို့သို့ အများဆုံး တရားဝင်တင်ပို့ရောင်းချကြပါသည်။ ယခုအခါ (၁၉-၇-၂၀၂၁)ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်နိုင်ငံသို့ အဝင်/ထွက်များ ပိတ်ထားသည်ဟု သိရှိရသည့်အတွက် ဆွတ်ခူးရောင်းချချိန်ရောက်မည့် ဧပြီလတွင် မည်ကဲ့သို့အခြေအနေဖြစ်ပေါ်မည်ကို မသိရှိနိုင်သည့်အတွက် စိုးရိမ်လျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

လိမ္မော်သီးများ ဈေးကောင်းရရှိနေ

             လိမ္မော်သီးသည် အေးမြသောရာသီဥတုတွင် စိုက်ပျိုးဖြစ်ထွန်းသည့်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ရွာငံ၊ရပ်စောက်၊ပင်းတယနှင့် မိုင်းကိုင်မြို့နယ်များ၌ အများအပြားစိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် လိမ္မော်သီး (၁၀၉၉၆)ဧကစိုက်ပျိုးပြီး (၂၁၀၇၈၀) တန် စိုက်ပျိုးထွက်ရှိပြီး၊  လိမ္မော်သီးတစ်ပင်လျှင် တစ်နှစ်အသီးထွက်ရှိမှုနှုန်းမှာ (၁၀)ပိဿာမှ (၁၂)ပိဿာခန့်အထိ ထွက်ရှိပြီး ဒေသတွင်းစားသုံးမှုဖူလုံသည့်အပြင် မြန်မာနိုင်ငံအနှံ့အပြားသို့ တောင်ကြီးမြို့နှင့် အောင်ပန်းမြို့တို့ရှိ ပွဲရုံများမှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

              ရှမ်းပြည်နယ်(တောင်ပိုင်း)မှထွက်ရှိသော လိမ္မော်သီးလက်ရှိဈေးနှုန်းမှာ တစ်ပိဿာလျှင် (ပွဲရုံဈေး) (၁၇၀၀)ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ဈေးကွက်၌အရောင်းအဝယ် ပြုလုပ်လျက်ရှိပါသည်။ ယခင်နှစ်က လိမ္မော်သီးတစ်ပိဿာ ကျပ်(၈၀၀-၁၀၀၀)ရရှိရာမှ ယခုနှစ်တွင် တစ်ပိဿာ ကျပ်(၁၇၀၀-၂၀၀၀)ထိ ဈေးကောင်းရရှိခဲ့သဖြင့် တောင်သူများအတွက် အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။ လိမ္မော်သီးအရွယ်အစားအလိုက် ဈေးနှုန်းကွာခြားမှုရှိပြီး တစ်ပိဿာလျှင် (၁၉)လုံးမှ (၂၀)လုံးပါအရွယ်အစားရှိ လိမ္မော်သီးဈေးနှုန်းမှာ (၁၄၀၀)ကျပ်၊ (၁၄)လုံးမှ (၁၅)လုံးပါ အရွယ်အစား တစ်ပိဿာလျှင် (၁၇၀၀)ကျပ်နှင့် (၁၂)လုံးမှ (၁၃)လုံးပါ အရွယ်အစားတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် အရွယ်အစားအပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရှိရပါသည်။ လိမ္မော်သီးသည် နှစ်စဉ် နိုဝင်ဘာလတွင် စတင်ထွက်ပေါ်ပြီး ဇန်နဝါရီလတွင် ကုန်ဆုံးကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

ပြည်တွင်းစျေးကွက်ကောင်းရရှိနေသည့် ပဲခူးသကြားစက်များ

              မြန်မာနိုင်ငံ၏ ပထဝီအနေအထား ၊ ရာသီဥတု ၊ ရေမြေတောတောင်တည်ရှိမှုများ ပေါ်မူတည်၍ ကြံစိုက်ပျိုးထွက်ရှိမှုများလည်း ကွာခြားလျှက်ရှိပါသည်။ ပဲခူးတိုင်းဒေသကြီးသည် ဆန်၊ စပါး၊ ပဲမျိုးစုံအပြင် စက်မှုသီးနှံဖြစ်သော ကြံသီးနှံကိုလည်း စိုက်ပျိုးထုတ်လုပ်သော တိုင်းဒေသကြီးတစ်ခုဖြစ်ပါသည်။ စိုက်ဧကအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ခင်းသစ် (၃၂၇၃၂) ဧက ၊ လမိုင်း (၁၅၂၃၆)ဧက ၊ စုစုပေါင်း (၄၇၉၆၈)ဧက စိုက်ပျိုး၍  ပြည်ခရိုင်တွင်   ပျှမ်းမျှအထွက်နှုန်း တစ်ဧကလျှင် (၂၂) တန်ရှိသောကြောင့် ကြံတန်ချိန်ပေါင်း (၇၁၄၆၂၈) ထွက်ရှိရန်လျာထားပြီး တောင်ငူခရိုင်တွင် ပျှမ်းမျှ အထွက်နှုန်း(၂၂.၇၇) တန်ထွက်ရှိ၍ ကြံတန်ချိန်ပေါင်း (၃၆၁၄၅၂)တန်ထွက်ရှိရန် လျာထားကြောင်း သိရှိရသည်။

             ပဲခူးတိုင်းဒေသကြီးတွင် ကြံစိုက်ပျိုးသကဲ့သို့ သကြားစက်များလည်း ကြိတ်ခွဲလည်ပတ်လျက်ရှိရာ ပြည်ခရိုင် ၊ ပေါက်ခေါင်းမြို့နယ်တွင် အင်းငါးခွသကြားစက်၊ ပြည်မြို့နယ်တွင် နဝဒေးသကြားစက်၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ဗောဓိကုန်းသကြားစက် ၊ ရေတာရှည်မြို့နယ်တွင် အောင်ချမ်းသာသကြားစက်နှင့် မြို့လှသကြားစက် ၊ ဖြူးမြို့နယ်တွင် ဇေယျဝတီသကြားစက်တို့ တည်ရှိပါသည်။

ကြံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

             ပဲခူးတိုင်းဒေသကြီးအတွင်း ကြံစိုက်ပျိုးသီးနှံကို ပြည်ခရိုင်ရှိ မြို့နယ်(၆)မြို့နယ်နှင့် တောင်ငူခရိုင်ရှိ  မြို့နယ် (၅)မြို့နယ်တွင်  အဓိကထား စိုက်ပျိုးလျက်ရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စိုက်ဧကပေါင်း (၄၇၉၆၈) ဧက စိုက်ပျိုးပြီး စုစုပေါင်း ၁၀၈၀၂၄၆တန် ထွက်ရှိကြောင်း သိရှိရပါသည်။

ကြံစိုက်တောင်သူများ၏ တစ်ဧကအပေါ် အကျိုးအမြတ်

            ကြံစိုက်တောင်သူများသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကြံ (၁)ဧကကုန်ကျစရိတ်အနေဖြင့် (၇)သိန်းဝန်းကျင်ခန့် ကုန်ကျလျက်ရှိပြီး ကြံ(၁)တန် စက်ရုံအရောက်ဝယ်စျေးမှာ ခင်းသစ်ကြံ ၄၀၀၀ဝိ-/ ကျပ် ၊ လမိုင်းကြံ ၃၆၀၀ဝိ-/ ကျပ်ဖြင့် ဝယ်ယူကြောင်း သိရှိရပါသည်။ ကြံစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ကြံတစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ သွင်းအားစုများ စျေးမြင့်ခြင်း၊ ထွန်ယက်ခစျေး ကြီးမြင့်လာခြင်းတို့ကြောင့် ခုတ်သိမ်းပြီးစက်အရောက် ကုန်ကျစရိတ်မှာ တစ်ဧကလျှင် (၇၅၀၀၀၀ - ၈၀၀၀၀၀)ကျပ် ကုန်ကျသည်ကို သိရှိရပြီး ကြံတစ်တန်စက်အရောက် ပေးချေမှုနှုန်းမှာ (၅၄၀၀၀-၅၅၀၀၀)ကျပ် ရရှိသည့်အတွက် ကြံတစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်း (၂၂)တန်ခန့်ထွက်ရှိပါက တစ်ဧကဝင်ငွေအဖြစ် ( ၁၁၈၈၀၀၀-၁၂၁၀၀၀၀)ကျပ်ခန့်ရရှိပြီး  တစ်ဧကလျှင် (၃၈၀၀၀၀)ကျပ်မှ (၄၀၂၀၀၀)အထိ အကျိုးအမြတ်ရရှိ၍ အထွက်နှုန်းနှင့် အရည်အသွေးပေါ် မူတည်၍ အကျိုးအမြတ်ကွာခြားမှုရှိကြောင်း သိရှိရပါသည်။

သကြားစက်များ၏ သကြားထုတ်လုပ်နိုင်မှုအခြေအနေ

            တောင်ငူခရိုင်  ၊ ရေတာရှည်မြို့နယ်ရှိ ( Delicious Company ) သကြားစက်သည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကြံတန်ချိန် (၅)သောင်းဝယ်ယူရန်လျာထားပြီး သကြားတန်ချိန် (၅၀၀၀)တန်ထွက်ရှိရန် လျာထားကြောင်း၊  မြို့လှရှိ ( Gate Way )သကြားစက်သည် ကြံတန်ချိန် (၇၀၀၀၀) တန် လျာထားဝယ်ယူ၍ သကြားတန်ချိန် (၇၀၀၀)တန်ခန့်ထုတ်လုပ်ရန် လျာထားကြောင်း ၊  အုတ်တွင်းမြို့ ဗောဓိကုန်းသကြားစက်သည် ကြံတန်ချိန် (၈၀၀၀၀)တန်ဝယ်ယူရန် လျာထား၍ သကြားတန်ချိန် (၈၀၀၀)ခန့်ထုတ်လုပ်ရန် လျာထားကြောင်း၊  ဖြူးမြို့နယ် ဇေယျဝတီသကြားစက်သည် ကြံတန်ချိန် (၃၀၀၀၀) တန်လျာထားဝယ်ယူပြီး သကြားတန်ချိန်(၃၀၀၀)ခန့် ထုတ်လုပ်ရန် လျာထားလျက်ရှိကြောင်း သိရှိရပါသည်။ ပြည်ခရိုင်ရှိ နဝဒေးသကြားစက်သည် ယိုးဒယားကုမ္ပဏီဖြစ်သည့် စူးတက်ကုမ္ပဏီမှ ပိုင်ဆိုင်ပြီး ကြံတန်ချိန် (၂၃၀၀၀၀) ခန့်ကြိတ်ခွဲရန်လျာထားပြီး သကြားတန်ချိန် (၂၃၁၀၀)တန် ထုတ်လုပ်ရန် လျာထားလျက်ရှိကြောင်း၊  အင်ငါးခွ သကြားစက်သည် မြန်မာ့ဦးပိုင်လီမိတက်မှ ပိုင်ဆိုင်ပြီး ကြံတန်ချိန် (၁၅၀၀၀၀) ကြိတ်ခွဲရန်လျာထားပြီး သကြားတန်ချိန်ပေါင်း (၁၅၃၅၀) ထုတ်လုပ်ရန် လျာထားလျက်ရှိကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအနေဖြင့် သကြားတန်ချိန်ပေါင်း (၆၁၄၅၀)ခန့် ထုတ်လုပ်နိုင်မည် ဖြစ်ပါကြောင်းသိရှိရပါသည်။

ကြံ၊ သကြားစျေးနှုန်းစျေးကွက်အခြေအနေ

         တောင်ငူခရိုင် ၊ ရေတာရှည် (Delicious Company) သကြားစက်သည် ဒေသအတွင်းသို့ ဖြန့်ဖြူးမှုမရှိဘဲ စက်ရုံပိုင် စူပါကော်ဖီမစ် ထုတ်ကုန်အတွက်သာ အသုံးပြုလျက်ရှိပြီး မြို့လှ  (Gate Way) သကြားစက်သည် ဒေသအတွင်းနှင့် မန္တလေးတိုင်းဒေသကြီးသို့ စက်ရုံစျေး သကြား(၁)ပိဿာလျှင် (၁၆၀၀) ကျပ်ဖြင့် ရောင်းချဖြန့်ဖြူးကြောင်း သိရှိရပါသည်။ အုတ်တွင်းမြို့ (ဗောဓိကုန်း) သကြားစက်သည် ရန်ကုန်တိုင်းဒေသကြီးသို့ တင်ပို့ပြီး ရိုးရိုးသကြားမှ ပြန်လည်သန့်စင်ပြီး အဆင့်မြင့် သကြားဖြူ (၁)ပိဿာလျှင် (၂၀၀၀)ကျပ် ဖြန့်ဖြူးရောင်းချကြောင်းသိရှိရပြီး ဖြူးမြို့နယ် (ဇေယျဝတီ)သကြားစက်သည် ရိုးရိုးသကြားဖြူအား (၁)ပိဿာလျှင် (၁၆၀၀) ကျပ်ဖြင့် ဒေသတွင်း အနည်းငယ်သာ ရောင်းချပြီး အရက်ချက်စက်ရုံ၌သာ အသုံးပြုလျက်ရှိကြောင်းသိရှိရပါသည်။ ပြည်ခရိုင်၌ ထွက်ရှိသော သကြားများအား ပြည်တွင်းစျေးကွက်၌သာ အများဆုံးရောင်းချ၍ သကြား (၁)ပိဿာ လျှင် (၁၈၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

သုံးသပ်တွေ့ရှိချက်

            ကြံစိုက်ဧကများ၏ တစ်ဧကအထွက်နှုန်းလျော့နည်းလာခြင်း၊ တစ်ဧက ထုတ်လုပ်မှုကုန်ကျစရိတ်များ ကြီးမြင့်ခြင်း၊ သကြားစက်သို့ တင်ပို့ရာတွင် (၂)ရက်မှ (၃)ရက်အထိ ကြန့်ကြာနေသဖြင့် ကြံများအရည်အသွေးကျဆင်း၍ အလေးချိန်လျော့နည်းခြင်း ၊ မိမိမြို့နယ်အတွင်းရှိ စက်ရုံသို့သယ်ပို့  ရောင်းချလိုသော်လည်း အခြားစက်ရုံများသို့ သွားရောက်ရောင်းချရ၍ သယ်ယူစရိတ်ပိုမို ကုန်ကျနေခြင်း၊  ကြံစျေးမကောင်းခြင်းတို့ကြောင့် ယခင်နှစ်ကထက် ကြံဧကလျော့၍ စိုက်ပျိုး လာကြောင်းကို လေ့လာတွေ့ရှိရပါသည်။

          ကြံစိုက်တောင်သူများ အထွက်တိုးလာစေရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပေးသော မျိုးကောင်းမျိုးသန့်ကြံမျိုးများကို အသုံးပြုသင့်ပြီး ယင်းဌာနမှ ထုတ်ပြန်ထားသော စိုက်ပျိုးရေးနည်းစနစ်များဖြင့်  စိုက်ပျိုးသင့်ခြင်း  အခြားနိုင်ငံများတွင် စိုက်နည်းစနစ်များ အားကောင်းခြင်းကြောင့် တစ်ဧကလျှင် တန် ( ၄၀) ၊ တန်(၆၀) အထိထွက်ရှိနေပြီး မြန်မာနိုင်ငံတွင် လက်ရှိ ကြံတစ်ဧကလျှင် တန်(၂၀) ခန့်သာ ထွက်ရှိနေသေးသည့်အတွက် စိုက်နည်းစနစ်များ အားနည်းနေခြင်း၊ တစ်ဧက ကုန်ကျစရိတ်မြင့်မားနေမှုအတွက် အထွက်နှုန်းတိုးမြှင့်ခြင်းဖြင့် ကုန်ကျစရိတ်ကို လျော့ချနိုင်သကဲ့သို့ သွင်းအားစုများ စျေးနှုန်းသက်သာစွာဖြင့် ရရှိနိုင်ရေး ထွန်ယက်ခများ သက်သာစေရေးတို့အတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ ပံ့ပိုးကူညီ ဆောင်ရွက်စေခြင်း ၊ အရည်အသွေးမြှင့် သန့်စင်သကြားထုတ်လုပ်နိုင်မှု နည်းပါးသေးသည့်အတွက် လက်ရှိ သကြားစက်များအား ရင်းနှီးမြှပ်နှံ၍ ခေတ်မီ သကြားစက်များ အသွင်ပြောင်းလဲစေခြင်း ၊ ကြံသီးနှံသည် ဘက်စုံသုံး စက်မှုကုန်ကြမ်းသီးနှံဖြစ်ပြီး အဓိကထွက်ကုန် သကြားအပြင် ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိသော တင်လဲရည်ကို အရက်ချက်လုပ်ခြင်း၊ အီသနောချက်၍ ကားတွင်ထည့်မောင်းနိုင်သော စွမ်းအင်ထုတ်လုပ်၍ ရနိုင်ပါက ပြည်ပမှ တင်သွင်းသော ဓာတ်ဆီ ၊ ဒီဇယ်ဆီ အတွက် နိုင်ငံခြားငွေ ပေးသွင်းရမှု သက်သာစေခြင်း၊ ကြံကြိတ်ဖတ်မှတစ်ဆင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်၍ ရခြင်း ၊ ကြံမြှုပ်ချေး နှင့် ကြံစိုက်ကွင်းမှ ခုတ်သိမ်းပြီးသော ကြံသီးနှံအကြွင်းအကျန်များအား ဇီဝလောင်စာဆီ ၊ သဘာဝမြေသြဇာ ၊ စက္ကူ ၊ ဘုတ်ပြား၊ အသုံးအဆောင်ပစ္စည်း၊ အဆောက်အဦ ပစ္စည်းများတွင် ထုတ်လုပ်သုံးစွဲနိုင်သည့်အတွက် တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ပါက နိုင်ငံစီးပွား ရေးတွင် များစွာအထောက်အကူပြုပြီး ကြံစိုက်တောင်သူများနှင့် လုပ်ငန်းရှင်များ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ သကြားထုတ်လုပ်မှုများတိုးတက်လာပါက နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုတန်ဖိုးများ တိုးတက်လာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာခြင်း ၊ ကြံသီးနှံ၏ ဘေးထွက်ပစ္စည်းများမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပါက နိုင်ငံတော်၏ အဓိကစီးပွားရေးကဏ္ဍတစ်ခုဖြစ်သော သွင်းကုန်အတွက် နိုင်ငံခြား ငွေပေးချေရမှုများ လျော့နည်းလာနိုင်သည့်အတွက် နိုင်ငံတိုးတက်ရာတွင် များစွာအထောက်အကူပြုပြီး အခြားနိုင်ငံ၏ သွင်းအားစုများအား မှီခိုရယူမှု နည်းပါးသွားမည်ဖြစ်သည်နှင့်အညီ ကြံစိုက်တောင်သူများ၏ လူနေမှုဘဝသည်လည်း မြင့်မားလာမည်ဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

 

 

 

 

ရှမ်း(တောင်)သို့ ဆောင်းကြက်သွန်နီများစတင်ဝင်ရောက်လာ

       ရှမ်းပြည်နယ်(တောင်ကြီး)ဈေးကွက်သို့ ဆောင်းကြက်သွန်နီအသစ်များ စတင်ဝင်ရောက်လျက်ရှိပါသည်။ ကြက်သွန်နီကို ရှမ်း(တောင်)တွင် စိုက်ပျိုးဖြစ်ထွန်းမှုနည်းသဖြင့် စိုက်ဧကအနည်းငယ်သာ စိုက်ပျိုးမှုရှိပါသည်။ ပြည်နယ်၏ စားသုံးမှုလိုအပ်ချက်အရ ပြည်မမှ ထွက်ရှိသော ကြက်သွန်နီများကို တင်သွင်းသုံးစွဲရပါသည်။ ပြည်မမှထွက်ရှိသော ကြက်သွန်နီနှင့် ရှမ်းပြည်နယ်မှထွက်သော ကြက်သွန်နီမှာ အရသာကွာခြားမှုရှိတယ်လို့ သိရှိရပါသည်။ ပြည်မကြက်သွန်နီများမှာ တာရှည်အထားခံပြီး ဒေသကြက်သွန်နီများမှာ အစိုဓာတ်များပြီး တာရှည်အထားမခံကြောင်း၊ ပြည်မဘက်မှထွက်ရှိသော ကြက်သွန်နီမှာ အရသာ ပိုချိုပြီး အထားလဲပိုခံတာကြောင့် အိမ်ထောင်ရှင်မများက အိမ်တွင်းသုံးရန်အတွက် ပိုမိုနှစ်သက် ကြကြောင်း သိရှိရပါသည်။ ရှမ်း(တောင်)မှ ထွက်ရှိသည့်ကြက်သွန်နီမှာ ဥအရွယ်အစားအနည်းငယ် ပိုကြီးလို့ဆိုင်သုံးသမားများက ကြိုက်ကြတယ်လို့လည်းသိရှိရပါသည်။ပြည်မထွက်ကြက်သွန်နီများ မှာ(၁၀)ပိဿာဝင်တစ်အိတ်လျှင် ဈေးနှုန်း(၁၀၀၀ဝိ-)ရှိပြီး တစ်ပိဿာဈေးနှုန်းမှာ အကြီး၊ အသေးပေါ်မူတည်ပြီး ကျပ်(၁၂၀ဝိ-)မှ(၁၃၀ဝိ-) ဈေးရှိပါသည်။ရှမ်းပြည်နယ်(ရပ်စောက်)မှ ထွက်သောကြက်သွန်နီမှာ တစ်ပိဿာလျှင် ကျပ်(၁၃၀ဝိ-)ဈေးရှိပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

ရွာငံမြို့ရှိ ကော်ဖီစိုက်တောင်သူများ ဈေးကောင်းရရှိ

           ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ရွာငံ၊ ပင်းတယ၊ ပင်လောင်း၊ ရပ်စောက် စသောမြို့များသည် ကော်ဖီစိုက်ပျိုးရာဒေသများဖြစ်သည့်အနက် ရွာငံမြို့နယ်သည် ကော်ဖီအဓိက စိုက်ပျိုးသောဒေသဖြစ်ပါသည်။ ရွာငံမြို့မှ ထွက်ရှိသော ကော်ဖီသည် အဆင့်မြင့်တန်းဝင်သော ကော်ဖီအမျိုး အစားဖြစ်၍ ပြည်တွင်းသာမက ပြည်ပနိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ထိုင်ဝမ်နှင့် အမေရိကန်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ယခင်နှစ်တွင် သီးစိမ်း တစ်ပိဿာလျှင် (၇၅၀)ကျပ်မှ (၈၀၀)ကျပ်အထိသာရှိခဲ့ပြီး ယခုနှစ် လက်ရှိစတင်ထွက်ပေါ်ချိန်တွင် သီးစိမ်း တစ်ပိဿာလျှင် (၁၈၀၀)ကျပ်အထိရှိလာပြီး ကော်ဖီသီး အမှည့်(ရှယ်) တစ်ပိဿာ ဈေးနှုန်းမှာ (၂၀၀၀)ကျပ်မှ (၂၂၀၀)ကျပ် အထိမြင့်တက်လာကြောင်းသိရှိရပါသည်။ ယခုနှစ်ထွက် ကော်ဖီစေ့များကို အခွံချွတ်ပြီး (ရိုးရိုး) တစ်ပိဿာလျှင် (၅၅၀၀)ကျပ်မှ (၆၀၀၀)ကျပ်၊ အခွံချွတ်ပြီး (ရှယ်) တစ်ပိဿာလျှင် (၉၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ် အထိရှိကြောင်းနှင့် ကော်ဖီစေ့လှော်ပြီးသား ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၀၀၀၀)ကျော်အထိ ရရှိနေကြောင်း သိရပါသည်။ ကော်ဖီသီးများကို အစို(၅)ပိဿာ အခြောက်ခံလျှင် အခြောက်(၁)ပိဿာ ရရှိကြောင်း၊ အခြောက်(၁)ပိဿာကို ပထမအခွံခွာလိုက်လျှင် အဆံ(၈၀)ကျပ်သား ရရှိကြောင်းနှင့် အဆံ(၁)ပိဿာ လှော်လိုက်လျှင် (၁)ကီလိုဂရမ် ရရှိကြောင်း သိရှိရပါသည်။

          ယခုနှစ်တွင် ရွာငံဒေသမှထွက်ရှိသော ကော်ဖီစေ့များကို ထိုင်းနိုင်ငံမှ အများဆုံးဝယ်ယူလျက် ရှိကြောင်းနှင့်  အခြားဒေသနှင့် ရေမြေရာသီဥတုတူသော်လည်း ရွာငံဒေသထွက်ကော်ဖီသည် အထွက်နှုန်းတိုးပြီး အရည်အသွေးကောင်းမွန်သောကြောင့် နာမည်ကောင်းဖြင့် ကျော်ကြားလျက်ရှိပြီး ပြည်တွင်း ဈေးကွက်တွင်သာမက ကမ္ဘာ့ဈေးကွက်အထိ ထိုးဖောက်ကျယ်ပြန့်လာသောကြောင့် ကော်ဖီစိုက်တောင်သူများ ဝင်ငွေတိုးလာပြီး နိုင်ငံ့စီးပွားရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

စားသုံးသူ‌ရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

၁၈.၁.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၁၈.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း