Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

GREAT Myanmar Project အစီအစဉ်ဖြင့် ရွှေဘိုပေါ်ဆန်း (G.I) ရရှိရေး ဆောင်ရွက်လျက်ရှိ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် နှစ်စဉ်ရွှေဘို ပေါ်ဆန်းစပါးများကို စိုက်ပျိုးခဲ့ရာ  ၂၀၁၂-၂၀၁၃ခုနှစ်မှစတင်၍ စိုက်ဧက(၃)သိန်းခန့်မှ (၄)သိန်း နီးပါးထိ စိုက်ပျိုးခဲ့ကြပါသည်။ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးမှုများပြီး အရည်အသွေးလည်းကောင်းသဖြင့် ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေးအတွက် ပြင်သစ်နိုင်ငံ GREAT Myanmar ၏ ထောက်ပံ့ ကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးသည့် အကျိုးဆောင်တောင်သူ ဦးကြီးများ၊ ကြိတ်ခွဲထုတ်လုပ် တင်ပို့ရောင်းချသည့် ဆန်စက်၊ ပွဲရုံ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေရန် Admin Officer (၁)ဦးနှင့် Extension Officer(၂)ဦး ခန့်အပ်ထားကြောင်း သိရှိရပါသည်။

          ယခုလက်ရှိအချိန်တွင် ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေး ဆောင်ရွက်မှုအနေဖြင့် ဧပြီလမှ မေလအတွင်း ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူ များနှင့် GREAT Myanmar မှ ခန့်အပ်ထားသည့် ဝန်ထမ်းများ ပူးပေါင်းကာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ အောင်ချမ်းသာကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ တောင့်တင်းကျေးရွာ၊ ပေါက်တုန်ကျေးရွာ၊ ဇီးကုန်းလေးကျေးရွာ၊ ပန်းတောင်းကျေးရွာနှင့် ခင်ဦးမြို့နယ်အတွင်းရှိ တပင်ကောင်းကျေးရွာများသို့ သွားရောက်ကာ (G.I)အကြောင်းသိကောင်းစရာနှင့် အကျိုး ကျေးဇူးများအကြောင်း၊ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ (G.I)ရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်နေမှုအကြောင်းများ၊ (G.I)ရရှိရေးတွင်အရေးပါသည့် ရွှေဘိုပေါ်ဆန်း အရည်အသွေးမှတ်တမ်း (BOS) Book Of Specifications ရေးဆွဲခြင်း အကြောင်းများ၊ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ယူလည်ပတ်နေသည့် အဆင့်မြင့် SATAKE မျိုးသန့်စင်စက်ရုံ Seed Center (Type-A)အကြောင်း၊ (G.I)ရရှိလာပါက ရွှေဘိုပေါ်ဆန်းစိုက်ပျိုးသည့် အကျိုးဆောင်တောင်သူ ဦးကြီးများ၊ ကြိတ်ခွဲ ထုတ်လုပ်တင်ပို့ရောင်းချသည့် ဆန်စက်၊ ပွဲရုံ၊ ကုန်သည်လုပ်ငန်းရှင်များ ရရှိလာနိုင်မည့် အကျိုးကျေးဇူးအကြောင်းနှင့် (G.I)ရရှိရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အသင်းဝင်ရန်ဖိတ်ခေါ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ဆက်လက်၍လည်း ရွှေဘိုပေါ်ဆန်း အရည်အသွေးမှတ်တမ်း (BOS) Book Of Specifications Version-0 to 1 အား ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် အတည်ပြုနိုင်ရန် Workshop ပြုလုပ်မည်ဖြစ်ကြောင်းနှင့် မကြာမီတွင် ရွှေဘိုပေါ်ဆန်း Product Logo ပြိုင်ပွဲပြုလုပ်ကာ ဆုချီးမြှင့်မည့် အစီအစဉ်များလည်းရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပေါက်မြို့နယ် (နွေ)ခရမ်းစိုက်တောင်သူများ ဈေးကွက်ကောင်း၍ အကျိုးအမြတ်ရရှိ

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပေါက်မြို့နယ် တာဝန်ခံ  ဦးကျော်စိုးသည် မေလ၊ (၁၀)ရက်၊ နံနက်(၉:၀၀)နာရီအချိန်တွင် ပေါက်မြို့နယ် ရှားတော ကျေးရွာ(နွေ)ခရမ်းစိုက် တောင်သူ ဦးမြင့်စိုးနှင့်တွေ့ဆုံပြီး စိုက်ပျိုးထွက်ရှိမှုအခြေအနေကို ကွင်းဆင်း လေ့လာမေးမြန်းခဲ့ပါသည်။

                 စိုက်တောင်သူမှ ပြောကြားရာတွင် ပေါက်မြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံထား၍ လုပ်ကိုင်သောဒေသဖြစ်ကြောင်း၊ နှစ်စဉ် ကြက်သွန်နီ/အဖြူ၊ စပါး၊ မြေပဲ၊ အာလူး၊ ကုလားပဲတို့ကို အဓိကသီးနှံအဖြစ်စိုက်ပျိုးကြောင်း၊ ယခုနှစ်ရှားတောကျေးရွာတွင် စိုက်တောင်သူများသည် (မိုး) စပါးခင်းကျွတ်စိုက်ခင်းများတွင် (နွေ)ခရမ်းစိုက်ခင်းများကို (သီးထပ်)အဖြစ် စိုက်ပျိုးကြကြောင်း၊ စိုက်တောင်သူ(၅၀)ဦးခန့်ရှိကြောင်း၊ စိုက်ဧကအနေဖြင့် (၁)ဧကအထိ စိုက်ပျိုးတောင်သူ နည်းပါးပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးသော တောင်သူများပြားကြောင်း၊ (နွေ)ခရမ်းသီးကို စိုက်ပျိုးရာတွင် မိမိ ဒေသစိုက်ခင်းထွက် ခရမ်းသီးမှ မျိုးစေ့ပြန်ယူပြီး ပျိုးခင်းလုပ်၍ စိုက်ပျိုးကြောင်း၊ (ပြောင်)အစိမ်းသီးနှင့်(အဖြူကြား)အစိမ်းသီး နှစ်မျိုးရှိကြောင်း၊ ရှားတောကျေးရွာရှိ စိုက်တောင်သူများမှာ ယခုနှစ်တွင် အလုံးကြီးထွားပြီး အထွက်ကောင်းသော (အဖြူကြား)ခရမ်းသီးမျိုးကိုသာ စိုက်ပျိုးကြောင်း၊ သိရှိရပါသည်။

              (နွေ)ခရမ်းစိုက်တောင်သူ ဦးမြင့်စိုးမှာ ယခုနှစ်တွင် (၁)ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ အောက်တိုဘာလတွင် ခရမ်းမျိုးစေ့များကို ပျိုးခုံပြုလုပ်ပြီး စတင်ပျိုးကြောင်း၊ (၁)လခွဲခန့်အကြာတွင် ပျိုးပင်များကိုနုတ်ပြီး မိုးစပါးများရိတ်သိမ်းပြီး မြေအစိုဓါတ်မပြယ်သေးသော မြေများကို ပြန်လည်ပြုပြင်ပြီး လယ်ကွက်အတွင်းသို့ ခရမ်းပင်များကို စတင်စိုက်ပျိုးကြောင်း၊ ခရမ်းသီး(အဖြူကြား)မျိုး ကိုစိုက်ပျိုးထားရှိကြောင်း၊ (၁)ဧကလျှင်ပျိုးပင်(၂၅၀၀)ခန့်ကို အလုပ်သမား(၁၀)ဦးခန့်ဖြင့် စိုက်ပျိုးကြောင်း၊ နိုဝင်ဘာလလယ်တွင် စတင်စိုက်ပျိုးပြီး ရေအကြိမ်ကြိမ်သွင်းပြီးစိုက်ပျိုးရသောသီးနှံဖြစ်၍ ဇွန်လအထိအသီးများ ဆွတ်ခူးရ၍ စိုက်ပင်သက်တမ်း(၈)လခန့်ကြာမြင့်ကြောင်း၊ ခရမ်းပင်များကို ကြိုးတန်း၍ စိုက်ပျိုးပြီး ပင်ကြားတန်းကြား(၂)ပေခန့်ကွာကြောင်း၊ စိုက်ပျိုးပြီး(၁)လခန့်အကြာတွင် ပေါင်းမြက်ရှင်းလင်းပြီး အပင်ခြေသို့ မြေဆွပေးခြင်း၊ သွင်းအားစု မြေဆီ၊ အာမိုများထည့်၍ အပင်ကြီးထွားရန် ဆေးဖြန်းခြင်းဖြစ်ကြောင်း၊ (နွေ)ခရမ်းစိုက်ခင်းဖြစ်၍ ရေကိုအဓိကထား၍ စိုက်ပျိုးရသောကြောင့် (၁)ဧကလျှင် ရေ(၁၀)ကြိမ်ခန့် ပေးသွင်းရကြောင်း၊ ကိုယ်ပိုင်ရေတွင်း/စက် ရှိပြီး ရေသွင်းရာတွင်လည်း အလုပ်သမားငှားရမ်းခြင်းမရှိဘဲ မိသားစုဝင်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်၍ ရေသွင်းစရိတ်သက်သာကြောင်း၊ စိုက်ပျိုးချိန်မှစပြီး အသီးဆွတ်ခူးပြီးချိန်အထိ အလုပ်သမား (၁၀၀)ဦးခန့်ကို တစ်မနက်လျှင်(၂၀၀၀)ကျပ်နှုန်းဖြင့် ငှားရမ်းအသုံးပြုရကြောင်း သိရှိရပါသည်။

      (နွေ)ခရမ်းများစိုက်ပျိုးပြီး (၂)လခွဲအကြာတွင် အပွင့်များစတင်ပွင့်ပြီး (၃)လခွဲခန့်အကြာတွင် အသီးများစတင်ဆွတ်ခူးရကြောင်း၊ (၁)ဧကလျှင် အကန့်(၃)ကန့်ခွဲ၍ အလှည့်ကျဆွတ်ခူးကြောင်း၊ တစ်လလျှင်(၁၀)ကြိမ်ခန့် ဆွတ်ခူးရကြောင်း၊ တစ်ကြိမ်ခူးလျှင်(၁)ကန့်လျှင် ပိဿာ(၁၀၀/၁၅၀/၂၀၀) အထိ ဆွတ်ခူးရကြောင်း၊ ခရမ်းပင်တစ်ပင်လျှင် ပျမ်းမျှ(၃)ပိဿာမှ(၄)ပိဿာအထိ ထွက်ရှိကြောင်း၊ (၁)ဧကလျှင် ခရမ်းပျိုးပင်(၂၅၀၀)ခန့်စိုက်ပျိုး၍ သီးနှံအထွက်နှုန်းမှာ ပိဿာ(၄၀၀၀ မှ ၆၀၀၀)အထိ အမျိုးမျိုးကွဲပြားထွက်ရှိကြောင်း၊ စိုက်တောင်သူများအနေဖြင့် စိုက်ပျိုးမြေအနေအထားနှင့် သွင်းအားစု အမျိုးမျိုးသုံးစွဲပုံမတူညီခြင်းကြောင့် အထွက်နှုန်းမှာလည်း မတူညီကြောင်း၊ ရင်းနှီးမတည်ငွေပိုမိုထည့်နိုင်သော တောင်သူများသည် မိမိစိုက်ခင်းအား ပိုမိုကောင်းမွန်အောင် ပြုလုပ်ဆောင်ရွက်နိုင်၍ အထွက်နှုန်းကောင်းမွန်ကြောင်း၊ ယခုနှစ်တွင် စိုက်တောင်သူ ဦးမြင့်စိုးသည် (၁)ဧကလျှင် ပိဿာ (၆၀၀၀)ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် သီးနှံပေါ်စအချိန်တွင် (၃၀၀)ကျပ်မှ (၈၀၀)ကျပ်အထိ ဈေးအမျိုးမျိုးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုအချိန်တွင် ဈေးအနည်းငယ် ကျဆင်းသွားပြီး ဖောက်သည်လက်ကားဈေး တစ်ပိဿာလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ စိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် အကျိုးအမြတ်များစွာရရှိသော်လည်း ယခင်နှစ် ခရမ်းသီး တစ်ပိဿာလျှင် (၂၀၀/၃၀၀)ကျပ် ဈေးသာရ၍ ကုန်ကျစရိတ်များပြားပြီး ဝင်ငွေနည်းပါး၍ အရှုံးပေါ်ခဲ့ကြောင်း၊ စိုက်ခင်းမှထွက်ရှိသော ခရမ်းသီးများကို ပေါက်မြို့နယ်ဒေသတွင်းနှင့် ပခုက္ကူ၊ ကမ္မ၊ မြစ်ခြေမြို့များသို့ တင်ပို့ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။

            (၁)ဧကကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခ၊ အလုပ်သမားငှားရမ်းခ၊ သွင်းအားစုအမျိုးမျိုး ဝယ်ယူခ စုစုပေါင်းကုန်ကျစရိတ်(၉)သိန်းခန့် ကုန်ကျခဲ့ကြောင်း၊ ဝင်ငွေအနေဖြင့် ခရမ်းသီးပိဿာ (၆၀၀၀)ခန့် ထွက်ရှိပြီး တစ်ပိဿာလျှင်ပျမ်းမျှ(၄၀၀)ကျပ်နှုန်းဖြင့် ရောင်းချခဲ့ရ၍ ကျပ်(၂၄) သိန်းခန့် ရရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၁၅)ခန့် ရရှိကြောင်း သိရှိရပါသည်။

              နွေခရမ်းစိုက်ခင်းများကို နှစ်စဉ်မပြတ်စိုက်ပျိုးကြောင်း၊ ယခင်နှစ်က သီးနှံပေါ်စအချိန်တွင် ခရမ်းသီးဈေးကွက်မရှိ၍ အရှုံးပေါ်ခဲ့ကြောင်း၊ အရှုံးပေါ်သောနှစ်များတွင် သီးနှံပေါ်ပြီး(၂)လခန့် အကြာတွင် တောင်သူများအနေဖြင့် ခရမ်းပင်များအား ဓါးဖြင့်ခုတ်၍ ရှင်းလင်းပြီး မြေပြန်လည် ပြုပြင်၍ မြေပဲသီးနှံကို အစားထိုး၍ စိုက်ပျိုးကြောင်း၊ မြေပဲကို ရာသီမရွေးစိုက်ပျိုးကြောင်း၊ ယခုနှစ် တွင် နွေခရမ်းစိုက်တောင်သူများ အနေဖြင့် သီးနှံအထွက်ကောင်းပြီး ဝယ်လိုအားကောင်း၍ ဈေးနှုန်း ဈေးကွက်ကောင်းမွန်သောကြောင့် အကျိုးအမြတ်များစွာရရှိကြောင်း၊ နွေခရမ်းစိုက်ပျိုးခြင်းဖြင့် စိုက်တောင်သူများ၊ အလုပ်သမားများ၊ ကုန်စိမ်းသီးနှံ၊ ဈေးသည်ပွဲစားများ အလုပ်အကိုင် အခွင့်အလမ်းများစွာရရှိ၍ အဓိကသီးနှံအဖြစ် နွေခရမ်းစိုက်ခင်းများကို နှစ်စဉ်မပြတ် တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(မကွေး)

မော်လမြိုင်မြို့၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၁.၅.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ မြိုင်သာယာရပ်ကွက်ရှိ “ ဝင်း” မုန့်တိုက်သို့ သွားရောက်၍ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေးအတွက် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူပြည်သူများ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြရေး၊ ဓာတုဆေးဝါးများ သုံးစွဲမှုမရှိစေရေးနှင့် သန့်ရှင်းလတ်ဆတ်သော  အစားအသောက်များကို စနစ်တကျ ထုတ်လုပ်နိုင်စေရေးတို့အတွက် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ “ဝင်း”မုန့်တိုက်မှာ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ အတည်ပြုချက်ရယူပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြ၍ ထုတ်လုပ် ရောင်းချသဖြင့် စားသုံးသူများ ယုံကြည်စိတ်ချစွာပိုမို၍ ဝယ်ယူစားသုံးမှုများလာကြောင်း သိရှိရပါသည်။

DOCA(မွန်)

မင်းဘူး(စကု)မြို့နယ်အတွင်း “မိုးနှမ်း” စတင်စိုက်ပျိုးလျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း မေလ(၉)ရက်နေ့နှင့် (၁၀)ရက်နေ့များတွင် မိုးနှမ်းများစတင်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

         မင်းဘူး(စကု)မြို့နယ်၌ မိုးသီးနှံအဖြစ် နှမ်းကို အဓိကအားထား စိုက်ပျိုးကြပြီး ပဲတီစိမ်း၊ မြေပဲ၊ ပြောင်း၊ ဝါ၊ နေကြာနှင့်မိုးစပါးတို့ကိုလည်း စိုက်ပျိုးကြကြောင်း၊ နှမ်းစိုက်ပျိုးရာတွင် တစ်ဧကကိုနှမ်းမျိုးစေ့တစ်ပြည်ခန့် ကုန်ကျကာစိုက်ပျိုးပြီး နှမ်းပေါင်းနှုတ်၊ ကြားတိုက်၊ ဘောင်တင်ဆောင်ရွက်ပြီးချိန် တစ်လခွဲကြာလျှင် အပွင့်လိုက်အသီးအစပြုကြောင်း၊ နှမ်းမျိုးစေ့နှင့် စိုက်နည်းစနစ်အပေါ်မူတည်၍ စိုက်ပျိုးပြီးချိန် ရက်ပေါင်း(၉၀)နှင့်(၁၀၀)ကြားတွင် စတင် နှုတ်သိမ်းရပြီး အသီးကောင်းလျှင် တစ်ဧကပျမ်းမျှအထွက်နှုန်း(၅)တင်းမှ (၁၀)တင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။

       မြေကြီးအစိုအခြောက်ပေါ်မူတည်ပြီး (မိုးနှမ်း)စမုံနက် နှမ်းမျိုးကို(၅)ဧကအတွင်း နှမ်းမျိုး (၁၀)ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးစေ့တစ်ပြည်ကို(၅၀၀၀)ကျပ်နှုန်းနှင့် တစ်တင်း(၈၀၀၀၀)ကျပ် ပေး၍ဝယ်ယူရကြောင်း၊ နှမ်းမျိုးကို တောင်သူအချင်းချင်းဝယ်ပြီး ပြန်စိုက်ပျိုးရကြောင်း၊ နှမ်း စတင်စိုက်ပျိုးချိန်တွင် အလုပ်သမားအခက်အခဲမရှိသော်လည်း နှမ်းပေါင်းနှုတ်ချိန် အလုပ်သမား ရှားပါးကြောင်းသိရှိရပါသည်။ကမ်းနီကျေးရွာတွင် ခန့်မှန်းဧက(၁၅၀)ခန့်ရှိပြီး ထွန်ယှက် (ကြောင်းဆွဲ)စနစ်ဖြင့် အများဆုံးစိုက်ပျိုးကြပြီး ရာသီဥတုမှန်လျှင်(၅)ဧကကို ပျမ်းမျှ (၂၅) တင်း မှတင်း(၃၀)ကြား ထွက်ရှိနိုင်ကြောင်းလေ့လာချက်အရ ကမ်းနီကျေးရွာမှ တောင်သူ ဦးကျော်ဆန်းဝင်းထံမှ သိရှိရပါသည်။

          မင်းဘူး(စကု)မြို့နယ်အတွင်းရှိကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း မိုးကောင်းသဖြင့် မိုးသီးနှံများတစ်နယ်လုံး စိုက်ပျိုးလျက်ရှိကြောင်း ဒေသတွင်းစားသုံးဆီဖူလုံစေရေး ဆီထွက်သီးနှံအဖြစ် မိုးနှမ်းကိုဧကပေါင်း (၅၈၇၀၀)ကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။

DOCA(မကွေး)

 

ကျိုင်းတုံဈေးကွက်တွင် စိန်တလုံးသရက်သီးများ အရောင်းအဝယ်ဖြစ်

          ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ မိတ္ထီလာမြို့နယ်မှ စိန်တလုံးသရက်သီးများ သင်္ကြန်ကာလပြီးနောက်ပိုင်း စတင်ဝင်ရောက်လာခဲ့ပြီး ယခုမေလတွင် အများဆုံးဝင်ရောက်ကာ တစ်ရက်လျှင် ခြင်းပေါင်း (၁၂၀) မှ (၁၅၀)ထိ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ သရက်သီးတစ်ခြင်းလျှင် ပိဿာ (၃၀)ခန့်ရှိပြီး မိတ္ထီလာမြို့မှ ကျိုင်းတုံမြို့သို့ သရက်သီး (၁)ခြင်း သယ်ယူပို့ဆောင်ခ ကျပ် (၁) သောင်းကျော်ခန့်ရှိပါသည်။ သရက်သီး (၁)ခြင်းတွင် အလုံးရေအလိုက် ပျမ်းမျှ (၁၂၀)လုံးမှ (၁၈၀)လုံးခန့် ပါဝင်ပြီး အသီးအရွယ်အစားပေါ်မူတည်၍ ဆိုဒ် (၄)မျိုးခွဲကာ ရောင်းချရကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရသည်။

       စိန်တလုံးသရက်သီးဈေးနှုန်းမှာ အသီးအရွယ်အစားပေါ်မူတည်၍ အကြီး (၆၀၀)ကျပ်၊ အလတ် (၅၀၀)ကျပ်၊ အသေး (၄၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။   ဈေးကွက်အတွင်း ရာသီ အစားအစာဖြစ်သော စိန်တလုံးသရက်သီးများသည် ကျိုင်းတုံမြို့ပေါ်တွင် အရောင်းအဝယ်သွက် လျက်ရှိသည့်အပြင် ကျိုင်းတုံမြို့နယ်အနီးတဝိုက်  ပတ်ဝန်းကျင်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

        ကျိုင်းတုံမြို့၏ မြေလွတ်မြေရိုင်းများပေါ်တွင် ဒေသခံတောင်သူဦးကြီးများအနေဖြင့် သက်ဆိုင်ရာဦးစီးဌာနများနှင့် ပူးပေါင်းအကြံဉာဏ်များရယူ၍ စိန်တလုံးသရက်သီးများကို နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးပါက နှစ်ရှည်သီးနှံဖြစ်သောကြောင့် တောင်သူဦးကြီးများ နှစ်စဉ်အကျိုးအမြတ် ခံစားရမည်ဖြစ်ကြောင်းနှင့် စားသုံးသူများလည်း ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

            အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၅.၅.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၁၁.၅.၂၀၂၂) ရက်နေ့အတွင်း နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းပြာတို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ နှမ်းစမုံနက်မှာ ယခင်အပတ် (၁၈၀၀၀ဝိ/-) ယခုအပတ် (၁၇၅၀၀ဝိ/-) (၅၀၀ဝိ/-)ဈေးလျော့၊ ပဲစဉ်းငုံ(နီ)  ယခင်အပတ် (၄၂၈၀ဝိ/-) ယခုအပတ်(၄၂၅၀ဝိ/-) (၃၀ဝိ/-)ဈေးလျော့၊ မတ်ပဲယခင်အပတ်(၄၆၀၀ဝိ/-) ယခုအပတ် (၄၅၅၀ဝိ/-) (၅၀ဝိ/-) ဈေးလျော့၊ မြေပဲလုံးဆံဖြူ ယခင်အပတ်(၄၀၀ဝိ/-) ယခုအပတ်(၃၉၅ဝိ/-) (၅ဝိ/-) ဈေးလျော့၊ ကုလားပဲ(HL) ယခင်အပတ်(၄၄၃၀ဝိ/-) ယခုအပတ်(၄၆၀၀ဝိ/-) (၁၇၀ဝိ/-)ဈေးမြင့်၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၄၅၃၀ဝိ/-) ယခုအပတ်(၄၆၀၀ဝိ/-) (၇၀ဝိ/-)ဈေးမြင့်၊ ပဲကြီး ယခင်အပတ်(၆၄၀၀ဝိ/-) ယခုအပတ် (၆၅၀ဝဝိ/-) (၁၀၀ဝိ/-)ဈေးမြင့်ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းပြာ(2၂၀)အိတ်၊ နှမ်းနက်(စမုံ) (၄၃၀)အိတ်၊ နှမ်းဖြူ(၉၅)အိတ်၊ နှမ်းနီ(၂၀၀)အိတ်၊ ပဲစဉ်းငုံ(နီ)(၄၅၀)အိတ်၊ ကုလားပဲ(HL) (၁၃၅၀) အိတ်၊ ကုလားပဲ (မြကြေး)(၉၅၀)အိတ်၊ ပဲကြီး(၇၃၀) အိတ်၊ မတ်ပဲ (၃၉၀)အိတ်၊ မြေပဲလုံးဆံဖြူ (၇၂၀) အိတ်တို့ ဖြစ်ပါသည်။

            ဝါသီးနှံဈေးကွက်အနေဖြင့် အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၅.၅.၂၀၂၂) ယခုအပတ် (၁၁.၅.၂၀၂၂) နေ့အတွင်း အရောင်းအဝယ်မရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အလားအလာကောင်းတဲ့ အမယ်သစ် ပို့ကုန် Hass ထောပတ်

              ကယားပြည်နယ်တွင် စပါး ၊ ပြောင်းသီးနှံများကို အဓိက စိုက်ပျိုးလျှက်ရှိပြီး နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်သည့် ထောပတ်သီးနှံကိုလည်း တိုးချဲ့ စိုက်ပျိုးလာရာ လွိုင်ကော်မြို့နယ်၊ အိုင်စန့်ကျေးရွာတွင် Hass ထောပတ်မျိုး စိုက်ဧက (၁၀၀) ခန့် ရှိပြီး အဆိုပါ Hass ထောပတ်မျိုးသည် နယူးဇီလန်မျိုး ဖြစ်ပြီး ပျိုးပင် (၁) ပင် လျှင် (၁၅၀၀၀) ကျပ်နှုန်း ရှိ၍ စတင် စိုက်ပျိုးချိန်မှ (၃)နှစ် ရှိလျှင် အသီးစသီးကြောင်း၊ တစ်ဧကလျှင် အပင် (၁၀၀) ခန့် စိုက်ပျိုးနိုင်ပြီး တစ်ဧက ကုန်ကျစရိတ်မှာ (၂၂) သိန်းခန့် ကုန်ကျစရိတ်ရှိကြောင်း၊ ထောပတ်ဈေးနှုန်းမှာ ယခင်နှစ် တစ်ကီလို လျှင်(၆၀၀၀) ကျပ်ဈေးရှိပြီး ၊ ထိုင်းသို့ ကီလို(၅၀၀)ခန့် တစ်နိုင်တစ်ပိုင် တင်ပို့နိုင်ခဲ့ကြောင်း ၊ ယခုနှစ် ဈေးနှုန်းမှာလည်း တစ်ကီလိုလျှင် (၆၀၀၀) ကျပ်ဈေးရှိကြောင်း ၊ ယခုနှစ် ထောပတ်သီး ရာသီချိန်တွင် အမေရိကန်မှ တစ်ကီလို (၈) ဒေါ်လာရသဖြင့် အမေရိကန်သို့လည်း ကီလို (၂၀၀၀)ခန့် တင်ပို့မည့် အစီအစဉ်ရှိကြောင်း ၊ ထောပတ် စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

 

လက်ပံတန်းမြို့နယ်တွင် နွေစပါးများ လှိုင်လှိုင်ပေါပြီ

             ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရီုင် ၊ လက်ပံတန်းမြို့နယ်တွင် ယခုအခါ နွေစပါးများ လှိုင်လှိုင်ပေါ်နေပြီ ဖြစ်ပါသည်။ လက်ပံတန်းမြို့နယ်အနေဖြင့် နွေစပါးစိုက်ဧက (၁၂၇၉၄)ရှိပြီး ရတနာတိုး ၊ သုခစပါးမျိုးများ အစိုက်အများဆုံး ပျှမ်းမျှ အထွက်နှုန်း (၈၅)တင်းနှုန်းခန့် ထွက်ရှိကြောင်း ၊ တစ်ဧက ကုန်ကျစရိတ်မှာ (၄၀၀၀၀၀/-) ကျပ်ကျော်ခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀/-)ကျပ်ကျော် ရရှိကြောင်း ၊ နွေစပါး ပေါင်(၅) တင်း (၁၀၀)လျှင် (၇၇၀၀၀၀/-) ကျပ်စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်းနှင့် နွေ ဆန်သစ်ပေါက်စျေးနှုန်းမှာ တစ်အိတ်လျှင် (၂၉၀၀၀/-) ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ နွေစပါးဈေးကွက်

               ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် နိုင်ငံတော်၏ဝမ်းစာ မဟာဗျူဟာကျသော စပါးသီးနှံကို မိုးစပါးနှင့် နွေစပါး နှစ်ရာသီစိုက်ပျိုးကြပါသည်။ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် တောင်ငူမြို့နယ်၏ နွေစပါးစိုက်ပျိုးမှုဧက ၁၆၅၃၇ စိုက်ပျိုးထားရာ တစ်ဧက ပျမ်းမျှ ၈၅ တင်း ထွက် ရှိပါက စပါးတင်း တစ်ဆယ့်လေးသိန်းခန့် ထွက်ရှိလာနိုင်ပါသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက် နေ့တွင် နွေစပါးစိုက်ပျိုးရန် ခပေါင်းဆည်၊ ပသိဆည်၊ ကမ်းနီဆည်နှင့် ကရင်ချောင်းမြစ်ရေတင် စီမံကိန်းများမှ စိုက်ပျိုးရေစတင်လွှတ်ပေးခဲ့ပြီး နွေစပါးများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ ဧပြီလ ၂၅ ရက်နေ့အထိ ၉၇၉ ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။

              နွေစပါးစိုက်ပျိုးထားသော စပါးများမှာ ထိုင်းနှံကောက်၊ ရတနာတိုး၊ နယူးဧရာ၊ ရက် ၉၀ စပါးများဖြစ်ပါသည်။ နွေရာသီတွင် ထိုင်းနှံကောက်စပါးသည် ရာသီဥတုနှင့် ကိုက်ညီပြီး အထွက်ကောင်းသောကြောင့် အများဆုံးစိုက်ပျိုးကြသည်ဟု သိရပါသည်။ ထိုင်းနှံကောက် အထွက်နှုန်းမှာ တစ်ဧကလျှင် ၈၅ တင်းခန့်အနည်းဆုံးရှိပြီး မြေကောင်း၊ သွင်းအားစုကောင်းသောနေရာများတွင် ၉၅ တင်းမှ တင်း ၁၀၀ အထိ ထွက်ရှိကြောင်း သိရပါသည်။

              ယခုနှစ် နွေစပါးစိုက်ပျိုးချိန်တွင် မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ လုပ်သားခနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် တစ်ဧကစိုက်ပျိုးစရိတ် မြင့်တက်လာကြောင်း၊ ယခင်နှစ် က စက်ရိတ်ခမှာ တစ်ဧက ၅၀၀၀၀ ကျပ်ပေးရပြီး ယခုနှစ်တွင် ၇၅၀၀၀ ကျပ်ပေးရကြောင်း၊ ဧပြီလ ၂၈ ရက်နေ့က စပါးဈေးမှာ ကွင်းဈေး ၈၀၀၀၀၀ ကျပ်ရှိကြောင်း၊ အစိုဓါတ် ၂၂ ရာခိုင်နှုန်း ကျော်လွန်နေသည့်အတွက် တစ်တင်းကို ၁၅ ပိဿာသတ်မှတ်၍ ဝယ်ယူကြောင်း၊ ယခင်နှစ်က စပါးတင်း ၁၀၀ လျှင် ၅၆၀၀၀၀ ကျပ်သာရှိရာ ယခုနှစ်တွင် လက်ရှိ အရောင်းအဝယ်ဖြစ်နေသည့် ၈၀၀၀၀၀ ကျပ်အတိုင်း ဖြစ်နေပါက အရှုံးမရှိပါကြောင်း နွေစပါးစိုက်ပျိုးသူ ကြံတောကျေးရွာမှ တောင်သူ ဦးသက်လွင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

 

ဖြူးမြို့ ဝါးနှင့် ဆက်စပ်ပစ္စည်းဈေးကွက်

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့၊ တာခြားရပ်ရှိ ဝါး၊ ဝါးနှင့် ဆက်စပ်ပစ္စည်းများ ၊ တောင်ထန်းရောင်းဝယ်ရေးဆိုင်တွင် ဝါးဈေးကွက်အနေဖြင့် ကြက်သောင်းဝါး ၁ လုံးလျှင် ၁၂၀၀ကျပ်နှုန်း၊ တင်းဝါး (ဝါးလတ်) ၁လုံးလျှင် ၆၀၀ ကျပ်နှုန်းနှင့် အရှင်ဝါး ၁ လုံးလျှင် ၂၃၀၀ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။ ဝါးဖြင့်ပြုလုပ်ရသော ဝါး၏ဆက်စပ်ပစ္စည်းများဖြစ်သည့် မြက်ခြင်း ၁ ခြင်းလျှင် ၁၅၀၀ ကျပ်နှုန်းနှင့် ဝါးထရံမှာ ၁ တောင်ပတ်လည်လျှင် ၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျှက်ရှိပါသည်။

              ဈေးကွက်ကွာဟမှုအနေဖြင့် ယခင် လနှင့်ယခုလ ဝါး ၁ လုံးလျှင် အမျိုးအစား အလိုက် ၂၀၀ ကျပ်နှင့် ၃၀၀ ကျပ်ကြားကွာဟလျှက် ရှိပါသည်။ ထိုသို့ဈေးနှုန်း ကွာဟရခြင်းမှာ စက်သုံးဆီဈေးကြီးမြင့်ခြင်းနှင့် လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

           တောင်ထန်းရောင်းဝယ်မှုအနေဖြင့် တောင်ထန်းအပျစ်အကြီး ၁၀၀ ပျစ်လျှင် ၃၄၀၀၀ ကျပ်နှင့် အသေးအပျစ် ၁၀၀လျှင် ၂၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျှက်ရှိပါသည်။ တောင်ထန်းဈေးနှုန်း ကွာခြားချက်အနေဖြင့် ယခင်ရာသီချိန်ကာလတွင် တောင်ထန်းအပျစ် အကြီး ၁၀၀ လျှင် ၂၅၀၀၀ ကျပ်နှုန်းနှင့်  အသေး ၁၀၀ လျှင် ၁၂၀၀၀ ကျပ်နှုန်းသာ ရောင်းချရပါသည်။ ယခင်နှစ်နှင့် ယခုနှစ် ရာသီချိန် ဈေးနှုန်းကွာခြားရခြင်းမှာ စက်သုံးဆီဈေးနှုန်း ကြီးမြင့်ခြင်းကြောင့် ဖြစ်ပါသည်။

              ဝါး၊ ဝါးနှင့်ဆက်စပ်ပစ္စည်း၊ တောင်ထန်းများ ဈေးနှုန်းအနည်းငယ် မြင့်တက်မှုရှိသော်လည်း မကြာမီ မိုးဦးကာလ ကျရောက်တော့မည်ဖြစ်သောကြောင့် အရောင်းအဝယ်သွက်လျှက်ရှိကြောင်း ဝါးဆိုင်ပိုင်ရှင် ဦးသီဟ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း