Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာ ဈေးကောင်းရလျက်ရှိ

          တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၂၁)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၄၉၉.၉၉)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၃၈၃၄) မက်ထရစ်တန် ရှိကြောင်း သိရှိရသည်။

          မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုး ရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ ) မျိုးသာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

         ရော်ဘာဈေးနှုန်းမှာ ယခင်နှစ်ထက် ယခုနှစ်တွင်  ဈေးကောင်း ပိုရလျက်ရှိပြီး ယခုအပတ်    (၂.၅.၂၀၂၂) မှ (၆. ၅.၂၀၂၂)အထိ ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၂၀၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၁၀ဝ နှုန်း ပေါက်ဈေး ရှိပြီး RSS-3 သည် RSS-5 ထက် အပြစ်အနာ ဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်း သိရှိရပါသည်။ ရော်ဘာကို ကော့သောင်းနှင့် ထိုင်းဖက်သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရပြီး သယ်ယူပို့ဆောင်ခ (ကားခ) တစ်ပိဿာလျှင် (၆ဝိ/-) (၇ဝိ/-)နှုန်းရှိကြောင်း စုံစမ်းသိရှိရသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးနှင့် သီဟိုစျေး အနည်းငယ် မြင့်တက်လျက်ရှိ

             ကွမ်းသီးနှင့် သီဟိုများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုး ရှိကြောင်း သိရှိရပါသည်။

              တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ယခုဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ မေ ၆ ရက်တွင်  ကွမ်းသီးအလုံး(အခွံမပါ)တစ်ပိဿာလျှင် ကျေးရွာအတွင်း ဝယ်ယူသောစျေးမှာကျပ် ၅၀၀ဝ နှုန်းရှိပြီး ရန်ကုန်စျေးကွက်သို့ တင်ပို့သောရောင်းစျေးမှာ တစ်ပိဿာလျှင် ကျပ်၅၈၀၀နှုန်း စျေးရှိနေပြီး ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။ သီဟိုစျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ကျပ် ၃၄၀ဝ ရှိပြီး  သီဟိုစေ့အချောတစ်ပိဿာလျှင် ကျပ်၂၂၅၀ဝ ရှိကြောင်း သိရှိရသည်။

             ကွမ်းသီးနှင့် သီဟိုစေ့ဈေးနှုန်းများမှာ ယခင်အပတ်နှင့် ယခုပတ်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်လည်ပတ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မြန်မာသမိုင်းဝင် ရွှေဘိုသနပ်ခါးမြို့တော်၏ သနပ်ခါးဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် သနပ်ခါးကို စီးပွားဖြစ်စိုက်ပျိုးမှုနည်းပါးသော်လည်း သနပ်ခါးရောင်းချမှုတွင် ရွှေဘိုသနပ်ခါးဟူ၍ ဈေးကွက်တွင် နာမည်ကျော်ကြားလျှက်ရှိပြီး ရွှေဘိုသနပ်ခါးသီချင်းသည်လည်း နာမည်ကျော်ကြားခဲ့ပါသည်။ (၁၉.၂.၂၀၁၉)ရက်နေ့ ၁၃၈၀ခု၊ တပို့လပြည့်နေ့တွင် မြန်မာသနပ်ခါးနေ့ပွဲတော်ကို သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ရွှေဘိုသနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် မြို့မိ၊ မြို့ဖများဖြင့် ညှိနှိုင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အဆိုပါသနပ်ခါးပွဲတော်နေ့တွင် သမိုင်းဝင်ရွှေတန်ဆာဘုရားအား သနပ်ခါးမီးပူဇော်ခြင်းနှင့် သနပ်ခါးယဉ်ကျေးမှု အသိပညာပေး စာပေဟောပြောပွဲကိုလည်း ကျင်းပခဲ့ကြပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် ရွှေဘိုမြို့ရှိ သမိုင်းဝင် ရွှေတန်ဆာဘုရား၏ တောင်ဘက်စောင်းတန်းတွင် “မြန်မာသမိုင်းဝင် သနပ်ခါးမြို့တော် မွှေးကြိုင်လန်းဆန်း ရွှေတန်ဆာသနပ်ခါးတန်း” ဟူ၍ဆိုင်းဘုတ်ထောင်ထားပြီး ရွှေဘိုသနပ်ခါးကို အမှတ်တံဆိပ်အမျိုးမျိုးရိုက်နှိပ်ကာ တစ်စုတစ်ဝေးတည်း ရောင်းချကြပါသည်။ အဆိုပါ ဘုရားစောင်းတန်းတွင် နံနက်(၇:၀၀)နာရီအချိန်မှ ညနေ(၇:၀၀)နာရီ အချိန်ထိရောင်းချကြပြီး သနပ်ခါးဆိုင်ခန်းပေါင်း (၄၇)ခန်းရှိ၍ Covid-19ကာလများ ရှိခဲ့သဖြင့် လက်ရှိတွင် (၃၆)ခန်းသာ ရောင်းချလျှက်ရှိပါသည်။

          သနပ်ခါးတန်းတွင် ရောင်းချသည့်သနပ်ခါးများကို မုံရွာခရိုင်၊ အရာတော်မြို့နယ်မှ အဓိကထား၍ ဝယ်ယူရပြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ရှိ တအုံကျေးရွာ၊ အုန်းပေါက်ကျေုးရွာ၊ မောင်းတက်ကျေးရွာ၊ ကိုးပင် ကျေးရွာ၊ တမာကျေုးရွာနှင့် ခင်ဦးမြို့နယ်ရှိ ရွာသာကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ ရွာစဉ်ကျေးရွာ၊ ရှားလွင်ကျေးရွာများအပြင် ကျောက်မြောင်းမြို့မှလည်း ဝယ်ယူရရှိကြောင်းသိရှိရပါသည်။ သနပ်ခါးများဝယ်ယူမည်ဆိုပါက ပွဲစားများမှတစ်ဆင့် ချိတ်ဆက်ဝယ်ယူရကြောင်း၊ ပွဲစားများမှ သနပ်ခါးရောင်းချမည့် ခြံများကို စုံစမ်း၍ အကြောင်းပြန်ပေးကြောင်း၊ သနပ်ခါးအပွေးပေါ်မူတည်၍ ခြံပြတ်ဈေးဖြင့် ဝယ်ယူရကြောင်း၊ ဝယ်ယူပြီးသနပ်ခါးများကို ဝယ်ယူသူမှ သနပ်ခါးပင်တူးခနှင့် ကားဖြင့် သယယ်ယူပို့ဆောင်ခများ ကုန်ကျ ခံရကြောင်း၊ ယခင်ကလုပ်သားခတစ်ဦးလျှင် စရိတ်ငြိမ်း(၇၀၀ဝိ/-)ဖြင့် ဌားရမ်းကြရသော်လည်း ယခုအချိန် တွင်တစ်ဦးလျှင်(၁၀၀၀ဝိ/-)ဖြင့် ဌားရမ်းကြရကြောင်း၊ ယခင်က သနပ်ခါးခြံပြတ် သိန်း(၃၀)ကျပ်ဘိုး ဝယ်ယူပါက လုပ်သားခနှင့်ကားခအပါအဝင် (၃၂)သိန်းကျော်သာ ကုန်ကျသော်လည်း ယခုအချိန်တွင် (၃၅)သိန်းကျော်ကုန်ကျကြောင်း၊ အရာတော်မှရွှေဘိုအထိ သနပ်ခါးအပင်များသယ်ယူမည်ဆိုပါက  အပင် အကြီး/အသေးပေါ်မူတည်၍ ကားခတစ်ပင်လျှင် (၂၅ဝိ/-)မှ(၃၅ဝိ/-)ထိပေးရကြောင်း၊ ဝယ်ယူရောက်ရှိလာ သောသနပ်ခါးများကို ရေဆေးသန့်စင်ပြီး နေဖြင့်အခြောက်ခံ၍ ဈေးကွက်အတွင်း ရောင်းချကြကြောင်း၊ ရေဆေးခမှာလည်း အပင်အကြီး/အသေးအပေါ်မူတည်၍  တစ်ပင်လျှင် လုပ်သားခ(၃၀ဝိ/-)မှ(၃၅ဝိ/-)ထိ ပေးရကြောင်း သိရှိရပါသည်။

        ရွှေဘိုမြို့ ရွှေတန်ဆာသနပ်ခါးတန်းတွင် စိန်မင်းမျိုးနှင့် နှစ်ရှည်မျိုးတို့ကိုရောင်းချကြပြီး စိန်မင်းမျိုးသည် ဈေးပိုရကြောင်း သိရှိရပါသည်။ ရောင်းချရာတွင် သနပ်ခါးအပွေးပေါ်မူတည်၍ တစ်တုံးလျှင်(၁၀ဝိ/-) မှ(၃၅၀ဝိ/-)ထိရောင်းချရကြောင်း၊ အပင်ဖြတ်များကို အချောင်းလိုက်ရောင်းချပါက တစ်ချောင်းလျှင် (၅၀၀ဝိ/-)မှ (၂၅၀၀ဝိ/-)ထိရောင်းချရပြီး တစ်ချောင်းလျှင်(၁၀)ဖြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်ဘက်မှ အဝယ်ပုံမှန်ရှိပြီး မြို့ပေါ်နှင့်အနီးဝန်ကျင်မှလည်း အဝယ်ရှိပြီး အနယ်နယ်အရပ်ရပ်သို့ ခရီးသွားသူများမှလည်း ရောင်းချရန်နှင့် အမှတ်တရလက်ဆောင်ပေးရန်အတွက် ဝယ်ယူသည်များလည်း ရှိကြောင်း သိရှိရသည်။ သနပ်ခါးကို ကုန်ကြမ်းအနေဖြင့် ရောင်းချသည့်အပြင် အသင့်လိမ်းနိုင်သည့် စက်သွေးသနပ်ခါးခဲ၊ လက်သွေးသနပ်ခါးခဲများအပြင် သနပ်ခါးအမြစ်မှုန့်၊ သနပ်ခါးအပွေးမှုန့်များလည်း ရောင်းချကြပြီး တစ်စုတစ်ဝေးတည်း ရောင်းချကြခြင်းဖြစ်သဖြင့် ဝယ်ယူသူများစိတ်ကြိုက် ရွေးချယ်၍ ဝယ်ယူနိုင်သည့် အားသာချက်များလည်းရှိကြောင်း တွေ့ရှိရပါသည်။ ဆိုင်ခန်းများအတွက် ကျသင့်သည့် လျှပ်စစ်မီတာကြေးကို ရောင်းချသည့် ဆိုင်ခန်းများမှ မျှ၍ကုန်ကျခံကြပြီး ဆိုင်ခန်းခကို ရွှေတန်ဆာဘုရားရွှေချရန်အတွက် လစဉ်သတ်မှတ်နှုန်းထားအတိုင်း လှူဒါန်းကြရသဖြင့် ကုသိုလ်လည်းရ၍ ဝမ်းလည်းသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။

          ရွှေဘိုသနပ်ခါးသည် အပူပိုင်းဒေသ၏ ရတနာတစ်ပါးဖြစ်သည့် မြန်မာသနပ်ခါးဖြစ်ပြီး သနပ်ခါးကို ချစ်ခြင်းသည်လည်း မြန်မာ့ယဉ်ကျေးမှုကိုချစ်ခြင်းဖြစ်၍ မြန်မာဆန်ဆန်သနပ်ခါးလေးဖြင့် လှနိုင်ကြစေကြောင်း ရေးသားလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့နေ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများဝယ်ယူနိုင်

              မုံရွာခရိုင် စားအုန်းဆီတင်သွင်းရောင်းချသည့်ဆီလုပ်ငန်းရှင်(၅)ဦးနှင့် စားအုန်းဆီတင်သွင်း ရောင်းချသည့် ကုမ္ပဏီများပူးပေါင်း၍ မိမိဒေသတွင်း စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ စားသုံးဆီဖူလုံမှုရှိစေရေးနှင့် စားသုံးသူပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေး ရည်ရွယ် ၍ (၄.၅.၂၀၂၂) ရက်နေ့မှ(၆.၅.၂၀၂၂)နေ့အထိ စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

                   မုံရွာမြို့ပေါ်ရှိ ရပ်ကွက်၊ ဈေး လက်လီဆိုင်များအား တစ်ဦးလျှင် ပေပါ(၁)လုံးနှုန်းဖြင့် ရောင်းချပေးသည့်အပြင် ခရိုင်အတွင်းစားသုံးသူပြည်သူများအား တစ်ဦးလျှင် အများဆုံး (၅)ပိဿာ အထိသာ ခွဲတမ်းအဖြစ်ရောင်းချပေးခြင်းဖြစ်ကြောင်း၊  လက်ရှိစားအုန်းဆီပြင်ပပေါက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၉၀၀) ကျပ်ပေါက်ဈေးရှိသော်လည်း ယခုရောင်းချမှုမှာ တစ်ပိဿာလျှင် (၆၃၀၀) ကျပ်ဖြင့် ရောင်းချပေးနိုင်ခဲ့သောကြောင့် တစ်ပိဿာလျှင် (၁၀၀၀)ကျပ် သက်သာကြောင်း၊ ပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာရောင်းချပေးခြင်းအတွက် ဝမ်းသာကြကြောင်း၊ ခရိုင်အသင်း ဝင်ကျန်လုပ်ငန်းရှင်များအနေဖြင့်လည်း စားအုန်းဆီတင်သွင်းရောင်းချသည့်ကုမ္ပဏီများသို့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ချိတ်ဆက်၍ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးစီစဉ်နေကြကြောင်း၊ လုပ်ငန်းရှင်တစ်ဦးလျှင် စားအုန်းဆီပေပါ (၁၅) လုံးမှ(၂၀) လုံးထိ နေ့စဉ်ရောင်းချပေးလျှက်ရှိကြောင်း စားအုန်းဆီတင်သွင်းရောင်းချသည့် ဆီလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်၊သွင်းကုန် တင်ပို့နိုင်မှုအခြေအနေ

             မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်း၏ ၂၀၂၂ ခုနှစ်၊ ဧပြီလ တတိယပတ်တွင် လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့် ကွမ်းသီး (၂၀.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၀၂၀)၊   စက်မှုကုန်ချောအနေဖြင့် စီးကရက်(၄၂.၉၉၄)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၂၄၇)၊ အခြား ပစ္စည်းအနေဖြင့် နန့်ဖာလုံကုန်စုံတန်ဖိုး အမေရိကန်ဒေါ်လာသန်း (၀.၀၁၆) တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် တင်သွင်းနိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

          ၂၀၂၂ ခုနှစ်၊ ဧပြီလ စတုတ္တပတ်တွင် လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့် မက်မွန်သီး (၅.၁၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၀၀၁)၊ စက်မှုကုန်ချောအနေဖြင့် စီးကရက် (၇၃.၃၄၄)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၃၄၃)၊ အခြားပစ္စည်းအနေဖြင့် နန့်ဖာလုံကုန်စုံ တန်ဖိုးအမေရိကန် ဒေါ်လာသန်း(၀.၁၄၇)တင်ပို့နိုင်ခဲ့ကြောင်းသိရှိရသည်။ လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဓာတ်မြေသြဇာ (၂၀၀.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လားသန်း(၀.၁၀၀)၊ ဂျုံမှုန့် (၁၀၀.၀၀၀)တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာသန်း(၀.၀၅၀)တင်သွင်းနိုင်ခဲ့ပြီး လူသုံးကုန်ပစ္စည်းဖြစ်သည့် စာရေးကိရိယာ (၁.၄၃၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၀၀၂)တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် တမူးနယ်စပ်ကုန်သွယ်ရေးခန်းအနေဖြင့် ပို့ကုန်(၁၅.၄၅၀)တန်၊ အမေရိကန် ဒေါ်လာသန်း(၀.၂၀၈)ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်(၃၀၁.၄၃၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၁၅၂)ပိုမိုတင်သွင်းနိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၊ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မြောင်မြို့နယ်၏ ဆီထွက်သီးနှံ မြေပဲအကြောင်း တစေ့တစောင်း

              မြောင်မြို့နယ်သည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် မြစ်နှစ်မြစ်ကြားတွင် တည်ရှိပြီး မြို့နယ်၏သုံးပုံတစ်ပုံမှာမြစ်ရေဝင်ဒေသများဖြစ်၍ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ အများဆုံးစိုက်ပျိုးသော မြို့တစ်မြို့ဖြစ်ပါသည်။၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မိုး/ဆောင်းသီးနှံစိုက်ဧက ၂ သောင်း ၃ ထောင်ကျော် ရှိပြီး မိုး/ဆောင်း မြေပဲစိုက်ဧက ၃၃၆၁၂ စိုက်ပျိုးပါသည်။

          မိုးမြေပဲကို ဇူလိုင်လ တတိယပတ်တွင် အများဆုံးစိုက်ပျိုးကြပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်ထွက်ပေါ်ပါသည်။ ဆောင်းမြေပဲကို အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လများတွင် သီးနှံများ ထွက်ပေါ်ပါသည်။ မိုးမြေပဲစိုက်တောင်သူများအနေဖြင့် ပဲစဉ်းငုံသီးနှံကိုသီးညှပ်အဖြစ် စိုက်ပျိုးကြ၍  မြေပဲနှင့် ပဲစဉ်းငုံ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်သည် ကျပ်၄၉၆၀၀ဝိ/- ကုန်ကျပြီး၊ တစ်ဧက အထွက်နှုန်းမှာ မိုးမြေပဲ (လုံးဆံ) ၁၃တင်းခန့်ထွက်ပြီး၊ ပဲစဉ်းငုံသီးနှံသည် တစ်ဧက ၈ တင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။

          တစ်ဧကအကျိုးအမြတ်အနေဖြင့် မြေပဲဆံတစ်တင်းလျှင် သီးနှံစတင်ထွက်ပေါ်ချိန်တွင်  ၄၆ဝဝဝိ/- နှုန်းဖြင့် ၅၉၈ဝဝဝိ/-၊ ပဲစဉ်းငုံ တစ်တင်းလျှင် ၄၂ဝဝဝိ/-နှုန်းဖြင့် ၃၃၆ဝဝဝိ/-၊ စုစုပေါင်း ဝင်ငွေ ၉၃၄ဝဝဝိ/- ဝင်ငွေရရှိနိုင်သဖြင့် အသားတင်အကျိုးအမြတ် ၄၃၈ဝဝဝိ/-ရရှိနိုင်ပါသည်။ ဆောင်းမြေပဲသည် မိုးမြေပဲထက် တစ်ဧကကုန်ကျစရိတ်ပိုမိုကုန်ကျပြီး အထွက်နှုန်းပိုမိုထွက်ရှိ ပါသည်။ ဆောင်းမြေပဲ တစ်ဧကကုန်ကျစရိတ်သည် ၆၁၅ဝဝဝိ/-ခန့်ကုန်ကျပြီး၊ အထွက်နှုန်းမှာ မြေပဲ လုံးဆံ(ပျမ်းမျှ) ၂၅ တင်းခန့်ထွက်ရှိ၍ လက်ရှိသီးနှံပေါက်ဈေးမှာ တစ်တင်း ၅၇ဝဝဝိ/- ဖြစ်သောကြောင့်  ဝင်ငွေ ၁၄၂၅ဝဝဝိ/-ရရှိ၍ အသားတင်အကျိုးအမြတ် ၈၁ဝဝဝဝိ/-ရရှိနိုင်ပါသည်။

          ယခုနှစ်မြေပဲ၊ ပဲစဉ်းငုံစိုက်တောင်သူများအနေဖြင့် ယခင်နှစ်ထက် လုပ်အားခ၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီဈေးနှုန်းများ ကြီးမြင့်ခဲ့သော်လည်း သီးနှံထွက်ပေါ်ချိန်တွင် ဈေးကောင်းရသဖြင့်  ယခင်နှစ်ထက် အကျိုးအမြတ်ပိုမိုရရှိကြောင်း မရိုးကုန်းကျေးရွာရှိ တောင်သူ ဦးအောင်ဆန်းဦး၊ ဦးဆန်းထွန်းဦး၊ ဦးခင်ဝင်း၊ ဦးသန်းဇော်တို့ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

            ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ မေလ ပထမပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ အနည်းငယ် တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဧပြီလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၅၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၆၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၄၀၀၀၊ တန်အားဖြင့် ၅၂၀၀တန် စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၂၅၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၀၅၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၇၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၀၀၀၊ ပခုက္ကူသို့ အိတ်ရေ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၀၀၀၀၀ ၊ တန်အားဖြင့် ၅၀၀၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ် ရေ ၂၀၀၊ တန်အားဖြင့် ၁၀တန် လျော့၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ မေလ ပထမဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၁၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၃၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း ထုတ်ပြန်ကြေညာ

ဈေးကစားပါက အရေးယူမည်

နေပြည်တော် မေ 7

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စားအုန်းဆီ ဈေးနှုန်းများ တည်ငြိမ်နေပြီး တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် FOB ဈေးနှုန်းများ အပေါ် အခြေခံ၍ တွက်ချက်မှုအရ ၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်နေ့ မှ မေလ ၁၅ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ ယခင်ရက်သတ္တပတ်နည်းတူ  စားအုန်းဆီ တစ်ပိဿာလျှင် ၆၀၂၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

              ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

              အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www .doca .gov .mm နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်းစဉ်

 

အောင်လံကုန်စည်ဒိုင်၏သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

              အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၂၈.၄.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၄.၅.၂၀၂၂) ရက်နေ့ အတွင်း နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းနက်(စမုံ)၊ နှမ်းပြာတို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ)  ယခင်အပတ်(၄၂၀၀ဝိ/-) ယခုအပတ်(၄၂၈၀ဝိ/-)(၈၀ဝိ/-) ဈေးမြင့်၊ ကုလားပဲ(HL) ယခင်အပတ်(၄၄၅၀ဝိ/-) ယခုအပတ်(၄၄၃၀ဝိ/-) (၂၀ဝိ/-)ဈေးလျော့၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၄၄၈၀ဝိ/-) ယခုအပတ်(၄၅၃၀ဝိ/-) (၅၀ဝိ/-)ဈေးမြင့်၊ ပဲကြီး ယခင်အပတ်(၆၃၀၀ဝိ/-) ယခုအပတ်(၆၄၀ဝဝိ/-) (၁၀၀ဝိ/-)ဈေးမြင့်၊ မြေပဲလုံးဆံဖြူ ယခင်အပတ်(၃၉၅ဝိ/-)ယခုအပတ်(၄၀၀ဝိ/-) (၅ဝိ/-)ဈေးမြင့်၊ မတ်ပဲယခင်ပတ်(၄၆၅၀ဝိ/-) ယခုအပတ်(၄၆၀၀ဝိ/-) (၅၀ဝိ/-) ဈေးလျော့၊ မြေပဲလုံးဆံ(နီ)မှာ ယခင်အပတ်ဈေးနှုန်း အတိုင်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းပြာ(၁၂၀)အိတ်၊ နှမ်းနက်(စမုံ)(၃၈၀)အိတ်၊ နှမ်းဖြူ(၇၀)အိတ်၊ နှမ်းနီ(၁၀၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၄၈၀)အိတ်၊ ကုလားပဲ(HL)(၆၀၀)အိတ်၊ ကုလားပဲ (မြကြေး)(၄၅၀)အိတ်၊ ပဲကြီး(၅၅၀)အိတ်၊ မတ်ပဲ (၁၈၀)အိတ်၊ မြေပဲလုံးဆံဖြူ(၇၀၀)အိတ်၊ မြေပဲလုံးဆံ(နီ) (၃၂၀)အိတ်တို့ ဖြစ်ပါသည်။

            ဝါသီးနှံဈေးကွက်အနေဖြင့် အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၂၈.၄.၂၀၂၂) ယခုအပတ် (၄.၅.၂၀၂၂) နေ့အတွင်း အရောင်းအဝယ်မရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆေးရွက်ကြီး စိုက်ပျိုးထွက်ရှိမှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ဝါဝါကြည်သည် (၄.၅.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတတ်စေရေးအတွက် ပခုက္ကူမြို့နယ်၊ မြင်ဝင်းကျေးရွာ စိုက်တောင်သူ ဦးထွန်းဇော်ဝင်းအား ဆေးရွက်ကြီး စိုက်ပျိုးထွက်ရှိမှု အခြေအနေကို ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

          စိုက်တောင်သူမှာ (၁)ဧကခန့်စိုက်ပျိုးထားရှိပြီး မိမိတို့အနေဖြင့် မိရိုးဖလာနှစ်စဉ်မပျက် စိုက်ပျိုးကြောင်း ဆေးရွက်ကြီးအား တော်သလင်းလတွင် စတင်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင် ရှေးဦးစွာ စိုက်ပျိုးမြေအား (၁)အိတ်လျှင် (၈၀၀၀၀)ကျပ်နှုန်း ဖြင့် မြေဆီ(၂)အိတ်နှင့် နွားချေး Faw ကား(၁)စီးလျှင် (၆၅၀၀၀)ကျပ်ဖြင့် နွားချေး(၂)စီးတို့အား ဝယ်ယူကျဲပက်ပြီး ထွန်စက်ဖြင့် တစ်နာရီ (၃၀၀၀၀)ကျပ်နှုန်းဖြင့် တစ်နာရီခွဲကြာ ခုတ်မောင်းရကြောင်း၊ စက်ခုတ်ပြီးမြေပေါ်တွင် နွားရှဉ်းဖြင့် (၁)မနက်လျှင်(၁၃၀၀၀)ကျပ်ဖြင့် (၃)မနက်ထွန်ရပြီး တန်ကြားပင်ကြား (၂)တောင်အကွာ မြောင်းများဆွဲ၍ ဆေးရွက်ကြီးပင် တစ်ပင်လျှင်(၁၀)ကျပ်ဖြင့် ပျိုးပင်(၇၀၀၀)ခန့်အား တစ်ဧကအတွက် စိုက်ပျိုးကြောင်း၊ ကွမ်းစားဆေး(ဗမာဆေး)ကိုသာ စိုက်ပျိုးကြောင်း သိရှိရပါသည်။

          စိုက်ပျိုးမြေမှာကုန်းပိုင်းဖြစ်၍ မိုးရွာသွန်းမှုအခြေအနေကိုလိုက်၍ ရေသွင်းရကြောင်း၊ ယခုနှစ်တွင် ရေ(၄)ကြိမ်သာသွင်းကြောင်း၊ ရေ(၁)ကြိမ်သွင်းလျှင် (၁)နာရီ(၆၀၀၀)ကျပ်နှုန်းဖြင့် (၈)နာရီသွင်းရပြီး အလုပ်သမား(၃)ဦးအား (၁)ဦးလျှင်(၆၀၀၀)ကျပ်နှုန်းဖြင့် ငှားရမ်းရကြောင်း၊ စိုက်ပျိုးပြီး ဆေးရွက်ကြီးပင်(၁)ပင်အား အရွက်(၉)ရွက်ခန့်သာထားရှိပြီး (၉)ရွက်ပြည့်လျှင် အရွက်သားများထူစေရန်နှင့် အရည်အသွေးပြည့်ဝစေရန်အတွက် ထိပ်ဖူးကိုချိုးနှိမ်ရကြောင်း၊ ဆေးရွက်ကြီးပင်အား စိုက်ပျိုးပြီး(၄)လပြည့်လျှင် ရိတ်သိမ်းကြောင်း၊ ရိတ်သိမ်းပြီးသော ဆေးရွက်များ၏ အလယ်ကျောရိုးအားထု၍ နေလှန်းရာတွင် ပြာသိုလတွင်လှန်းပါက(၃)ရက်၊ တပို့တွဲလတွင် လှန်းပါက(၄)ရက် နေလှန်းရကြောင်း၊ နေလှန်းပြီး ဆေးရွက်ခြောက်များအားထပ်ပြီး နှီးဖြင့်ယက်ထားသော ပုတ်များဖြင့်ထည့်၍ သိမ်းဆည်းထားကြောင်း၊ ယခုနှစ်တွင် ဆေးရွက်ကိုသာ ရိတ်သိမ်းပြီး ဆေးရိုး(၁)ပိဿာလျှင်(၃၀၀)ကျပ်သာ ဈေးနှုန်းရှိသောကြောင့် ဆေးရိုးခုတ်ရာတွင် ကုန်ကျစရိတ်များ၍ ဆေးရိုးများအား မခုတ်ဘဲ စိုက်ခင်းအတွင်းထားရှိပြီး မိုးဦးကျချိန်တွင် ထယ်ဖြင့် မြေလှန်၍ မြေဆွေးအဖြစ်ရရှိကြောင်း သိရှိရပါ သည်။

         ဆေးရွက်ကြီး(၁)ဧက၏ စိုက်ပျိုးကုန်ကျစရိတ်မှာ မြေပြုပြင်ရန် စက်ဖိုး၊ နွားရှဉ်းခ၊ သွင်းအားစုနှင့်နွားချေးဖိုး၊ ပိုးသတ်ဆေးဖိုး၊ အလုပ်သမားငှားရမ်းခစသည့် စုစုပေါင်းကုန်ကျစရိတ်မှာ (၉)သိန်းဝန်းကျင်ခန့်ရှိကြောင်း၊ယခင်နှစ်တွင် (၁)ပိဿာလျှင်(၁၆၅၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် (၁)ပိဿာလျှင် ပျမ်းမျှ(၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချရမည်ဆိုလျှင် ဝင်ငွေအနေဖြင့် (၁)ဧကစိုက်ပျိုးလျှင် ပိဿာချိန်(၇၀၀)ထွက်ရှိ၍ ကျပ်(၁၄)သိန်းဝန်းကျင်ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၅)သိန်းခန့် ရရှိမည်ဖြစ်ကြောင်း၊ ကျွန်းမြေပေါ်တွင် စိုက်ပျိုးပါက (၁)ဧကလျှင် ပိဿာ(၉၀၀)ခန့်ထွက်ရှိပြီး အကျိုးအမြတ်ပိုမိုရရှိကြောင်း တောင်သူ၏ပြောကြားချက်အရ သိရပါသည်။ ယခုနှစ်တွင် ဆေးရွက်ကြီးများကို စိုက်တောင်သူမှ ရောင်းချခြင်းမရှိသေးဘဲ မိမိအိမ်တွင် သိုလှောင်သိမ်းဆည်းထားကြောင်း၊ ဆေးရွက်ကြီးများအား ပခုက္ကူမြို့ပေါ်ရှိဆေးလိပ်ခုံပိုင်ရှင် လုပ်ငန်းရှင်များမှ ကျေးရွာအထိ လာရောက်ဝယ်ယူခြင်းဖြစ်ကြောင်း သိရှိရပါသည်။

         ဆေးရွက်ကြီးသည် မြန်မာလူမျိုးများအနေဖြင့် သုံးစွဲမှုနည်းပါးသော်လည်း လူတိုင်းအတွက် အသုံးဝင်သော ကျန်းမာရေးဆေးဘက်ဝင်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း၊ ပြည်တွင်းဆေးလိပ်ခုံလုပ်ငန်းတွင်လည်း သုံးစွဲမှုများကြောင်း၊ ခန္ဓာကိုယ်ယားယံခြင်းများဖြစ်ပေါ်ပါက ပိုးသတ်ဆေးအဖြစ် ဆေးရွက်ကြီးအရည်များကို သုတ်လိမ်းရာတွင်အသုံးပြုကြောင်း၊ ဆေးရွက်ကြီးကို နှစ်စဉ်မပျက် စိုက်ပျိုးခဲ့ရာတွင် ယခင်နှစ်များက ဆေးလိပ်စက်ရုံများလည်ပတ်ခြင်းရှိခဲ့၍ တောင်သူများမှထွက်ရှိသော ဆေးရွက်ကြီးနှင့်ဆေးရိုးများကို ဝယ်လိုအား၊ ရောင်းလိုအားကောင်း၍ ဈေးကောင်းရရှိခဲ့ပြီး ယခုနှစ်တွင် မိမိတို့ထွက်ကုန်များအား ဆေးလိပ်ခုံလုပ်ငန်းများနည်းပါးသွား၍ ကုန်ကြမ်းအဖြစ် သုံးစွဲမှုနည်းခြင်းကြောင့် ဝယ်လိုအားနည်း၍ ဈေးကွက်မရှိကြောင်း စိုက်တောင်သူများအနေဖြင့် ယခင်နှစ်များထက် စိုက်ဧကများလျော့နည်းသွားကြောင်း၊ မိမိတို့စိုက်ပျိုးထွက်ကုန် ဆေးရွက်ကြီးများကို ဝယ်ယူရောင်းချ ဖြန့်ဖြူးပေးမည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များရှိပါက နှစ်စဉ်မပျက် တိုးချဲ့ စိုက်ပျိုးသွားမည်ဟု စိုက်တောင်သူ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း