Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ငရုတ်သီး သီးနှံဆိုင်ရာ စိုက်ပျိုးထုတ်လုပ်မှု၊ စျေးနှုန်း/စျေးကွက် အခြေအနေ

         ငရုတ်သီးကိုတိုင်းဒေသကြီး/ပြည်နယ် တော်တော်များများတွင် စိုက်ပျိုးကြသည်။ ငရုတ်သီးမှာ ပူစပ်ပြီး အစာအိမ်ရောဂါရှိသူများနှင့် ူးပြင်းသော ရာသီဥတုများတွင် မစားသင့်သော်လည်း  သွေးထဲရှိ သကြားဓာတ်ကို ထိန်းပေးခြင်း၊ သွေးအတွင်းကိုလက်စရောများပြားခြင်းကို ထိန်းပေးခြင်း စသည့် ကျန်းမာရေးကို အထောက်အကူပြုမှုများလည်းရှိ၍ ဟင်းလျာများတွင် အရောင်လှပစေရန်အတွက် အမှုန့်ကြိတ်ပြီး အရောင်တင်မှုန့်အဖြစ် အသုံးပြုရန်တို့အတွက် ငရုတ်ကိုစီးပွားဖြစ် စိုက်ပျိုးကြသည်။ ငရုတ်သီးကို အစိမ်းစားသုံးရန်အတွက် ငရုတ်စိုအနေဖြင့် ထုတ်လုပ်ရောင်းချကြသကဲ့သို့ ငရုတ်ခြောက်လှန်းကာ ငရုတ်ကြမ်းမှုန့်နှင့် အရောင်တင်မှုန့်များ ပြုလုပ်ရန်အတွက် ငရုတ်ခြောက်အဖြစ် ရင့်မှည့်သည်အထိထားပြီး ဆွတ်ခူးထုတ်လုပ်ရောင်းချကြပါသည်။

          ငရုတ်သီးသီးနှံဆိုင်ရာအချက်အလက်များအနေဖြင့်  မြန်မာအမည်(ငရုတ်)၊ အင်္ဂလိပ်အမည် (CHILLI)၊ ရုက္ခအမည်     (Capsicum spp)၊ မျိုးရင်းအမည်(SOLANACEAE)ဖြစ်ပြီး၊ ငရုတ်စိုက်ပျိုးနည်းစနစ်မှာ မြေချဉ်ငံဓာတ် (၅.၅) နှင့် (၆.၈) ကြားကောင်းစွာစိုက်ပျိုးနိုင်သည်။ ချဉ်လွန်းသောမြေတွင် စိုက်ပျိုးရန် မသင့်တော်ဘဲ သဲဆန်သောမြေနှင့် မြေဆွေးမြေများတွင် ကောင်းစွာဖြစ်ထွန်းသည်။ စီးပွားဖြစ်စိုက်ပျိုးမည်ဆိုပါက မြေချဉ်ငံဓာတ်ကို သတိပြုရန် လိုအပ်သည်။ မြေအမျိုးအစားအပေါ် လိုက်၍ လိုအပ်သည့် အဟာရဓာတ်များကို သေချာထည့်သွင်းရမည် ဖြစ်သည်။ စောစီးစွာစိုက်ပျိုးခြင်းသည် ငရုတ်သီးကိုကောင်းစွာရင့်မှည့်ချိန်ပေးပြီးသားဖြစ်၍ ရောင်းဝယ်ရာတွင် အရောင်လှ၍ အရောင်းသွက်သည်။ စိုက်ပျိုးရန် ထယ်ထိုး၊ ထွန်မွှေ သုံးကြိမ်မှ လေးကြိမ်အထိ ပြုပြင်သင့်ပါသည်။ မြေကို ညှိ၍ ရေစီးရေလာကောင်းသော မြောင်းများထား၍ စိုက်ဘောင်များကို ဂရုတစိုက် ဘောင်ဖော်ပေးရသည်။ နေရောင်ကိုကောင်းစွာကြိုက်၍ အပူကိုကြိုက်သောအသီးဖြစ်သဖြင့် နေရောင်ကောင်းစွာ ရရှိရန်လိုအပ်သည်။ နေရောင်ခြည်ကောင်းစွာရရှိခြင်းနှင့် နေ့အပူချိန် မြင့်မားစွာရရှိခြင်းသည် အထွက်နှုန်းကိုတိုးတက်စေသည်။ ရေသွင်းရေထုတ် ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်လျှင် တစ်နှစ်ပတ်လုံး ဖြစ်ထွန်းသောသီးနှံဖြစ်သည်။

          မြေပြုပြင်ရာတွင် မြေကိုညက်အောင်ထယ်ထိုးထွန်မွှေပြုလုပ်ပြီး မြေကျစ်စာခဲများ ကျန်မနေ စေရန် ဂရုစိုက်ရမည် ဖြစ်သည်။ လေဝင်လေထွက်ကောင်းမွန်ပြီး ရေသွင်းရေထုတ်ကောင်းမွန်အောင် သဘာဝမြေဆွေးနှင့်ကောင်းစွာ ဆွေးမြေ့နေသည့် တိရစ္ဆာန်အညစ်အကြေးကို မစိုက်ပျိုးခင် နှစ်ပတ်ခန့်စော၍ ထည့်သွင်းရမည်။  

          ငရုတ်ပျိုးထောင်ရာတွင် မြေအမျိုးအစား၊ ငရုတ်မျိုးအပေါ်တွင်မူတည်၍ မြေဆွေး၊ နွားချေးနှင့် ဖွဲပြာအုပ်ပြီး ပျိုးထားကြပါသည်။ အပင်ရွှေ့စိုက်ရသော သီးနှံဖြစ်သည့်အလျောက် ရာသီဥတု အပေါ်မူတည်၍ ပျိုးသက်(၄၀)မှ (၄၅)ရက်အတွင်း စိုက်ခင်းထဲသို့ ပြောင်းစိုက်ရမည်ဖြစ်သည်။ စိုက်ခင်းထဲတွင် စိုက်ဘောင်များကို (၂)ပေအကျယ် ထားရှိရမည်ဖြစ်သည်။ အပူချိန် (၂၈)မှ (၃၀) ဒီဂရီ စင်တီဂရိတ်အတွင်း (၁၅) ရက်မှ ရက်(၂၀)ခန့်ကြာလျှင် အစေ့အပင်ပေါက်လာမည်ဖြစ်သည်။ မျိုးစေ့ စတင်သည်မှ ပျိုးပင်လေးများ ကောင်းကောင်းပေါက်သည်အထိ တစ်လခွဲကြာမြင့်တတ်သည်။

           ငရုတ်ပင်တွင် တွေ့ရတတ်သော ရောဂါပိုးများမှာ ပျပိုး၊ လှေးပိုး၊ သီးလုံးဖောက်ပိုး၊ မွှားပိုး၊ ရွက်လိပ်ပိုး၊ မြစ်ထုံးနီမတုတ်၊ ခါးရိပင်ညှိုးရောဂါ၊ အရွက်ပြောက်ရောဂါ၊ ရေစိုနာကွက်ရောဂါ၊ ပေါင်ဒါ မှုန့်ကဲ့သို့ ဖြူဖွေးသောရောဂါတို့ဖြစ်သည်။

        ငရုတ်သီး ခူးဆွတ်ရန်အတွက် ပန်းပွင့်ပြီး ခြောက်ဆယ်မှ ခြောက်ဆယ့်ငါးရက် အကြာတွင် ကောင်းစွာရင့်မှည့်ပြီဖြစ်သည်။ အချို့နိုင်ငံများတွင် စိမ်းနေဆဲအနေအထားတွင် ခူးဆွတ်ပြီးအနီရောင်ပြောင်းသည်အထိစောင့်ကြသည်။ ငရုတ်သီး အစပ်မှုန့် အမှုန့်ကြမ်းထုတ်လုပ်ရန်အတွက် အသီး ရင့်မှည့်သည်အထိထား၍ သိုလှောင်ကြသည်။  အစိုအထွက်နှုန်းတစ်ဧကလျှင် ပျမ်းမျှ ပိဿာ(၈၀၀) မှ (၉၀၀)၊ အခြောက်ပိဿာ(၃၀၀)မှ(၃၅၀) အထိထွက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးသည့် ငရုတ်သီးအမျိုးအစားများမှာ ၁၁၊ ၂၂၊ ၄၄၊ ၇၇၊ ၉၉၊ ဒီမွန်(မိုးမျှော်)စသည်တို့ စိုက်ပျိုးလေ့ရှိပါကြောင်း သိရသည်။

          ငရုတ်သီးကို အစိုအတိုင်း ရောင်းဝယ်ကြသကဲ့သို့ ငရုပ်ခြောက်ခံ၍ အမှုန့်ကြိတ်၍လည်း ရောင်းဝယ်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းရှိ သီရီလင်း၊ ဦးထွန်း၊ ဦးသန်းအေး၊ ဆင်ဆွယ်နှင့် ရွှေထီးပွဲရုံများက ငရုတ်သီးခြောက်များကို အဓိကထား ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငရုတ်သီးမှုန့်ကြိတ်စက်များအနက် စစ်ကိုင်းခရိုင်မှ ကြိတ်စက်များမှာ ငရုတ်သီးမှုန့် ကြိတ်စက် သီးသန့်မဟုတ်ဘဲ နနွင်းမှုန့်၊ ဆင်တုံးမနွယ် ၊ မဆလာ၊ ပဲမှုန့်စသည်ဖြင့် အမှုန့်ကြိတ်စက်များသာဖြစ်ပြီး အလှူအတန်းပွဲလမ်းများတွင် အငှားကြိတ်ခွဲမှုများ ပြုလုပ် ပါသည်။ မုံရွာခရိုင်အတွင်းမှ ကြိတ်စက်များအနက် ကျော်ကျော်၊ ဦးသိုင်း၊ ဦးအောင်ကြည်သိန်း၊ အောင်သပြေ၊ ရာတနာဦး၊ ငွေနားဖြူ၊ ဒေါ်သန်းဌေး၊ သီတာအောင်၊ နိုင်းနိုင်း၊ ကျော်ကျော်နိုင်၊ ဟိန်းစည်၊ အောင်ဇော်ဝင်း၊ ဦးမြင့်လွင်ထွန်း၊ ဦးဝင်းစိန်နှင့် ဒေါ်ဖြူဖြူသန့် စသည့်စက်များသည် ငရုတ်သီး သီးသန့် ကြိတ်ခွဲပါကြောင်း သိရှိရသည်။

          ငရုတ်သီးခြောက်ကုန်ကြမ်း(အတောင့်)များကို တစ်ပိဿာ(၄၈၀၀-၇၀၀၀) ကျပ်အတွင်း ဝယ်ယူရပါသည်။ ကုန်ချော(အကြမ်းမှုန်) တစ်ပိဿာလျှင်(၇၀၀၀-၈၀၀၀)ကျပ်နှုန်း၊ ကုန်ချော (အရောင် တင်မှုန့်) တစ်ပိဿာ(၇၀၀၀-၈၀၀၀)ကျပ်နှုန်း၊ အလေးချိန်ဖြင့် အရောင်းအဝယ်ပြုလုပ်ကြပြီး လှပသော packing ထုတ်ပိုးမှု ပုံစံများဖြင့် ရောင်းချကြခြင်းမရှိကြောင်း၊ ပိဿာချိန်ဖြင့်သာ အရောင်းအဝယ် ပြုလုပ်ကြကြောင်း သိရှိရသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များတွင် ငရုတ်သီး (ငရုပ်စို/ငရုပ်ခြောက်)များအား စီးပွားဖြစ်အသင့်အတင့် စိုက်ပျိုးကြပါသည်။ ငရုတ်ခြောက်များကို ရန်ကုန်၊ မန္တလေးမှဝယ်ယူပြီးတစ်ဆင့် ရောင်းချမှုများလည်းရှိကြောင်း သိရှိရသည်။ ဒေသတွင်း အသုံးပြုခြင်းသာဖြစ်ပြီး ပြည် တွင်း၊ ပြည်ပသို့ ထူးခြားတင်ပို့နိုင်ခြင်းမရှိကြောင်း လေ့လာသိရှိရသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် လယ်ယာထွက်ကုန်သီးနှံမျိုးစုံ စိုက်ပျိုးထွက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးကို ကသာ၊ စစ်ကိုင်း၊ မုံရွာနှင့် ရွှေဘိုခရိုင်များတွင် စိုက်ပျိုးထွက်ရှိပြီး စိုက်ပျိုးသူတောင်သူများ တွက်ချေကိုက်သောသီးနှံဖြစ်သည့်အပြင် ဒေသတွင်းသုံးဈေးကွက်ရှိသော သီးနှံဖြစ်ကြောင်း လေ့လာသိရှိရသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်း‌ဒေသကြီး

CP ပြောင်းဖူးစိုက်ပျိုး တောင်သူများဝင်ငွေတိုး

          ပြောင်းဖူးကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးလျှက်ရှိသည်ကို တွေ့ရှိရပြီး မြေတစ်ဧကကို ပြောင်းဖူးစေ့ မျိုးစေ့ ၁ ထုပ်စိုက်ပျိုးရပြီး ပြောင်းမျိုးစေ့အများအပြားရှိသော်လည်း ၆၂၁၊ ၆၂၅၊ ၃၃၉ မျိုးကိုသာ အများဆုံးစိုက်ပျိုးလျက်ရှိပါကြောင်း၊ မျိုးစေ့ ၁ထုပ်လျှင် ကျပ် ၄၆၀၀၀ မှ ၅၈၀၀၀ ထိပေး ဝယ်ရပါကြောင်း၊ ယခုအခါ ထွန်စက်ကြီးများဖြင့် တစ်နာရီလျှင်  ကျပ် ၃၀၀၀၀ နှုန်းဖြင့် ထွန်ယက်နေပါကြောင်း၊ စိုက်ပျိုးပြီး အပင်ပေါက် ၁ လကျော်လျှင် ပိုးသတ်ဆေး၊ အပင်ဖြစ်ဆေး၊ ဆေးဖျန်းပေးရကြောင်း၊ တစ်ဧကလျှင် မြေဆီ ၂ အိတ်နှုန်းနှင့် မြေဆီ ၁ အိတ်လျှင်  ကျပ်၇၀,၀၀၀ မှ  ၈၀,၀၀၀ ပေးရ၍  မြေတစ်ဧက စိုက်ပျိုးလျှင် အပြီးအစီး ၅ သိန်းဝန်းကျင်ခန့်ကုန်ကျကြောင်း၊ ပြောင်းဖူးကို ရာသီမရွေး ရေတင်စိုက်ပျိုးနိုင်ပြီး စစိုက်ပျိုးချိန်မှသည် ရိတ်သိမ်းချိန်ထိ ရေ ၅ ကြိမ်တင်ပေးရပါကြောင်း၊ နွေရာသီစိုက်လျှင် ရက် ၁၀၀ ကြာပြီး ရေ ၅ ကြိမ် တင်ပေးရကြောင်း၊ ဆောင်းရာသီ စိုက်ပျိုးလျှင် ရက်ပေါင်း ၁၁၀ မှ ၁၂၀ ထိကြာပြီး ရေ ၃ ကြိမ်သာတင်ပေးရကြောင်း၊ စတင်စိုက်ပျိုးချိန်မှာ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင်  စိုက်ပျိုးကြပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင်  ရိတ်သိမ်းရကြောင်း၊ ဆောင်းရာသီစိုက်ပျိုးလျှင် အမြတ်ပိုမိုရရှိကြောင်း၊ ပြောင်းဖူးစေ့ ၁တင်းကို ကျပ် ၁၂၀၀၀ ကျော်မှ ၁၅၀၀၀ ကျော်ရောင်းချရကြောင်း၊   ပြောင်းဖူးစေ့ ၁ တင်းလျှင် ၁၈ ပိသာရှိပြီး  ဆောင်းရာသီစိုက် တစ်ဧကအထွက်နှုန်းမှာ တင်း ၁၀၀ ထွက်ရှိ၍ နွေရာသီတွင် တင်း ၇၀ မှ ၈၀ ဝန်းကျင်ခန့်သာ ထွက်ရှိကြောင်း၊ ပြောင်းဖူးစေ့များကို ဒေသခံပွဲရုံများသို့ ရောင်းချခြင်း၊ မုံရွာပွဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျရောင်းချခြင်းများရှိကြောင်း၊  တောင်သူအချို့မှာ ယခင်နှစ်က ပြောင်းဖူးကို ၃/၄ ဧကစိုက်ပျိုးကြသော်လည်း  ယခုနှစ်တွင် ဓာတ်ဆီဈေး များတက်လာခြင်း၊ မြေဆီဈေးတက်လာခြင်းကြောင့် စိုက်ဧကနည်းလာပြီး  တပိုင်တနိုင် ၁/၂ ဧက ဝန်းကျင် ခန့်စိုက်ပျိုးလျက်ရှိ‌ကြောင်း၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ပြောင်းဖူးဈေးသည် စိုက်ပျိုးသူများနည်းပါးလာသည့်အတွက် ယခုနှစ်တွင် ဈေးမြင့်တက်လာပြီး  တောင်သူများ စိုက်ဧကနည်းသော်လည်း အမြတ်ပိုမိုရကြောင်း၊ ပြောင်းဖူးစေ့ကို မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ကြက်စာနှင့် ငုံးစာများအဖြစ် အသုံးပြုကြကြောင်း၊  ဈေးပေါ်မူတည်သော်လည်း အရှုံးမရှိဘဲ အောင်မြင်ဖြစ်ထွန်းပါက အမြတ်အစွန်း ပို၍ ရရှိခဲ့ကြောင်း၊ တစ်ဧကစိုက်ပျိုးလျှင် ယခုနှစ်ဈေးနှုန်းဖြင့် ကျပ် ၂၀ သိန်း ခန့် အမြတ်ရရှိကြောင်း ပြောင်းဖူးစိုက်ပျိုးသူ ဘုမ္ပနိုးကျေးရွာ တောင်သူ ဦးမြသိန်းထံမှ သိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)

ငရုတ်စိုက်တောင်သူများတွက်ချေကိုက်နေ

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ငရုတ်ကို စီးပွားဖြစ် စိုက်ပျိုးလျှက်ရှိသည်ကို တွေ့ရှိရပါသည်။        မြေတစ်ဧကလျှင် ငရုတ်မျိုးစေ့ ၉ ထုတ် စိုက်ပျိုးရပြီး ငရုတ်အမျိုးအစားများစွာရှိသော်လည်း တောင်သူအများစု စိုက်ပျိုးသောမျိုးစေ့များမှာ ဒီမွန်၊ သာမို၊ မောင်တိန်နှင့် အောက်ဆွဲမျိုးများကိုသာ အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း မျိုးစေ့တစ်ထုပ်လျှင်  ကျပ်၉၈၀၀မှ ၁၀၀၀၀ နှုန်းပေးဝယ်ရကြောင်း၊ ကျန်မျိုးစေ့များသည် မျိုးသာကွာပြီး ဈေးနှုန်းက အတူတူပင်ဖြစ်ကြောင်း၊ ငရုတ်မျိုးစေ့ကို ပျိုးထုပ်ထဲထည့်ပြီး ၁လသားရလျှင် မြေကြီးထဲချစိုက်ပျိုးပြီး တစ်ဧကစိုက်ပျိုးရေးကုန်ကျစရိတ် အပြီးအစီး ၄ သိန်းဝန်းကျင်ကုန်ကျကြောင်း၊ ငရုတ်ကို များသောအားဖြင့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီး ပိုးသတ်ဆေး၊ စုတ်စားပိုးနိုင်တဲ့ဆေး၊ မှိုသတ်ဆေး၊ သြဘာ၊ ဒီမွန်စတဲ့ ပိုးသတ်ဆေးများကို ရက်ခြား၍ ဖျန်းပေးရကြောင်း၊ စတင်စိုက်ပျိုးပြီးချိန်မှစ ၁၅ ရက်တစ်ခါဖျန်း ပေးရပါကြောင်း၊ စိုက်ပျိုးပြီး ၂ လ ကြာလျှင် အသီးခူးစွတ်ရကြောင်း၊ ငရုတ်သီးကို ၂ ပတ်လျှင် တစ်ကြိမမ် စွတ်ခူးပေးရကြောင်း၊  ရေမဝင်သောနေရာများတွင် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဆောင်းရာသီမှ စတင်စိုက်ပျိုးပါက တစ်နှစ်ပတ်လုံးခူးစွတ်ရကြောင်း၊ စိုက်ပျိုးလျှင် အကောင်းဆုံးမျိုးမှာ ဒီမွန်နှင့်သာမို မျိုးပင်ဖြစ်ကြောင်း၊ ငရုတ် တစ်ဧကလျှင် အစို ပိဿာ ၈၀ဝ၀ ကျော်ထွက်ရှိကြောင်း၊ မောင်တိန်နှင့် ဒီမွန်မှာ ၁ပိဿာလျှင် ၈၀ဝကျပ်မှ ၉၀ဝကျပ် ရောင်းရပြီး၊ သာမိုငရုတ်မှာ ကျပ် ၁၆၀၀ မှ ၁၈၀၀ထိ ရောင်းချရပြီး၊ အခြောက် တစ်ပိသာလျှင် ကျပ် ၃၀ဝ၀ မှ ၃၅၀၀ ထိရောင်းချရကြောင်း၊ အစို ၄ပိဿာ လှန်းရင် ၁ပိဿာတင်ကြောင်း၊ ငရုတ်စိုက်ခင်းတစ်ဧက လူးငှား ၁၀ ဦး မိန်းကလေး တမနက်၁၅၀ဝ ကျပ်နှုန်း ဖြင့်ငှား၍ စွတ်ခူးရကြောင်း၊ ပိုးဖျက်ပါက အရှုံးပေါ်ပြီး အောင်မြင်ဖြစ်ထွန်းလျှင် တစ်ဧကကို သိန်း ၂၀ မှ ၂၅ ဝန်းကျင်ခန့် အမြတ်ရရှိခဲ့ကြောင်း၊ ငရုတ်ကို ခူးစွတ်ချိန်တွင် ငရုတ်ပွဲစားများမှ စိုက်ခင်းအထိ လာရောက်သယ်ယူကြောင်း၊ ၎င်းမှာတဆင့် မုံရွာ၊ မန္တလေးမြို့များသို့ တိုက်ရိုက်ရောင်းချကြောင်း ငရုတ်စိုက်ပျိုးသူထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ရွှေဘိုခရိုင်၊ ကလေးခရိုင်၊ ကသာခရိုင် များတွင် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် စပါး/ဆန်ဈေးအေးနေခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ယခင်အပတ်က ရန်ကုန်သို့အိတ်ရေ ၃၃၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၀၆၀၀ ၊ မကွေးသို့ အိတ်ရေ ၅၀၀၊ နေပြည်တော် သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၀၀၀၊  စုစုပေါင်းအိတ်ရေ (၉၅၁၀၀)အိတ်၊ တန်အားဖြင့် (၄၇၅၅) စီးထွက်ခဲ့ပြီး၊ ယခုအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၁၆၀၀၊ မကွေး သို့ အိတ်ရေ ၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၅၀၀၊ စုစုပေါင်းအိတ်ရေ (၉၉၁၀၀) အိတ်၊ တန်အားဖြင့်(၄၉၅၅)စီးထွက်ခဲ့သည့်အတွက်  ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၄၀၀၀)၊ တန်အားဖြင့် (၂၀၀) ပိုမိုစီးထွက်ခဲ့ပါသည်။

        မုံရွာမြို့၏ ဇန်နဝါရီလ (နောက်ဆုံး)ပတ်တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(စပါး) (ဟောင်း)တင်း၁၀၀လျှင် ကျပ်(၁၆၀၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၅၅၀၀၀၊ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်)တင်း၁၀၀လျှင် ကျပ်(၁၁၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၄၄၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀၀လျှင် ၁၂၈၀၀၀၀၊ ဧရာမင်း(ဆန်)(ဟောင်း)၂၄ ပြည်ပါ တစ်အိတ် ကျပ် ၅၃၀၀၀၊ ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀လျှင် ၉၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ ပြည်ပါ တစ်အိတ် ကျပ် ၃၉၀၀၀၊ ရေဦး ပေါ်ဆန်း (စပါး)(ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၁၄၀၀၀၀၀၊ ပေါ်ဆန်း(ဆန်)(ဟောင်း) တစ်အိတ်လျှင်ကျပ် ၅၂၀၀၀၊ ရေဦး ပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၀၅၀၀၀၀၊ ပေါ်ဆန်း(ဆန်)(သစ်) တစ်အိတ်လျှင်ကျပ် ၄၂၀၀၀၊ ရေဦး ဧရာမင်း (စပါး)(ဟောင်း) တင်း၁၀၀ လျှင် ၁၂၀၀၀၀၀၊ ဧရာမင်း(ဆန်)(ဟောင်း)၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၅၀၀၀၊ ရေဦး ဧရာမင်း (စပါး)(သစ်) တင်း၁၀၀ လျှင် ၉၅၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည်ပါ တစ်အိတ် ကျပ် ၃၆၀၀၀၊ ကလေးမြို့မှ ဧည့်မထ(စပါး)(ဟောင်း) တင်း၁၀၀ လျှင် ၈၉၀၀၀၀၊ ဧည့်မထ(ဆန်)‌(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၃၀၀၀၀၊ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ၆၅၀၀၀၀၊ ဧည့်မထ(ဆန်)‌(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၂၃၀၀၀၊ ငစိန်(စပါး) (ဟောင်း)တင်း  ၁၀၀ လျှင်  ၇၈၀၀၀၀ ၊ ငစိန်(ဆန်)(‌ဟောင်း)၂၄ပြည်ပါတစ်အိတ်မှာ ၂၈၀၀၀၊ ငစိန်(စပါး) (သစ်)တင်း  ၁၀၀ လျှင်  ၆၅၀၀၀၀ ၊ ငစိန်(ဆန်)(‌သစ်)၂၄ပြည်ပါတစ်အိတ်မှာ ၂၃၀၀၀၊ ဧရာမင်း (စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၃၉၀၀၀၊ ဧရာမင်း (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၇၂၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၂၉၀၀၀၊ ကောလင်းမြို့နယ်မှ မှော်ဘီ(၂)(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ်၆၅၀၀၀၀၊ မှော်ဘီ(၂)ဆန်(သစ်) ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၂၄၀၀၀၊ ဆင်းဧကရီ(၃)(စပါး)(သစ်) တင်း၁၀၀ လျှင် ကျပ် ၅၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန်(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၂၂၀၀၀၊ ဧရာမင်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၇၅၀၀၀၀၊ ဧရာမင်းဆန်(သစ်) ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၂၉၀၀၀ ရှိပြီး မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁၁၀၀၀၀၀၊  ဧရာမင်းဆန်(ဟောင်း)၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၆၀၀၀၊ ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၉၂၀၀၀၀၊  ဧရာမင်း(ဆန်) (သစ်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၃၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင် ပိတ်ထားသော်လည်း Online စနစ်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရပါသည်။ ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေး နှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ် ၄၀၀၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၄၃၀၀၊ မတ်ပဲ တစ်တင်းကျပ် ၄၃၅၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းကျပ် ၄၂၅၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၄၀၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၄၅၆၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၄၅၃၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

          ဂျုံဖြူသန့်တစ်တင်း ကျပ် ၃၀၀၀၀၊ ဂျုံထွက်တိုး တစ်တင်းကျပ် ၂၈၃၀၀၊  ပဲကြီး(သစ်) တစ်တင်း ကျပ် ၆၅၀၀၀၊ ပဲနီလုံး ရိုးရိုး တစ်တင်းကျပ် ၄၄၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၄၂၇၀၀၊  ပဲပုတ်စေ့ တစ်တင်း ကျပ် ၅၃၀၀၀၊ ထောပတ်ပဲ(သစ်) တစ်တင်းကျပ် ၃၄၀၀၀၊  မြေထောက်ပဲ တစ်တင်းကျပ် ၄၈၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်း ကျပ် ၁၂၅၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်းများမှာ နှမ်းညိုတစ်တင်းကျပ် ၄၁၀၀၀၊ နှမ်းနက်တစ်တင်းကျပ် ၆၃၀၀၀-၇၀၀၀၀၊ နှမ်းဖြူ တစ်တင်းကျပ် ၄၈၀၀၀-၅၀၀၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ်၂၈၅၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာကျပ် ၃၃၀၀၊ ပဲဖတ်တစ်ပိဿာကျပ် ၁၄၉၀၊ နှမ်းဖတ် တစ်ပိဿာကျပ် ၁၂၀၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၉၆၀ ဈေးနှုန်းအသီးသီး ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

         ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းများမှာ အနည်းငယ်ဈေး တက်လာပြီး၊ ဆီထွက်သီးနှံ ဈေးနှုန်းများဖြစ်သော မြေပဲဆံနှင့် နှမ်းသီးနှံ ဈေးနှုန်းများ အနည်းဈေးတက်လာကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

ဈေးကွက်အသင့်နှင့်လူကြိုက်များသော မြေထောက်ပဲ ဇုံသတ်မှတ်တိုးချဲ့စိုက်ပျိုးသင့်

        စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်တွင် တည်ရှိသော ကသာခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်များတွင် မြေထောက်ပဲသီးနှံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ ၂၀၂၂-ခုနှစ် ကသာခရိုင်တွင်း မြေထောက်ပဲ စိုက်ဧကမှာ (၃၉၃၅၂)ဧကခန့်ရှိကြောင်း သိရှိရသည်။

     မြေထောက်ပဲစိုက်တောင်သူများ၏ ပြောကြားချက်အရ မြေထောက်ပဲစိုက်ရာတွင် တစ်ဧက မျိုးတစ်တင်းခွဲခန့် စိုက်ပျိုးရပြီး အထွက်တင်းအနေဖြင့် ပျှမ်းမျှ (၂၆)တင်းမှ (၃၀)တင်းခန့် ထွက်ကြောင်း၊ တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်(၄)သိန်းရှိပြီး သီးနှံပေါ်ချိန် အစိုတစ်တင်းလျှင်(၂၅၀၀၀)ကျပ် ရှိကြောင်း၊ အခြောက်ခံရောင်းပါက တစ်တင်းလျှင်(၄၅၀၀၀)ကျပ်မှ (၅၀၀၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ အစိုအနေဖြင့် ရောင်းပါက လတ်တလော ငွေကြေးအဆင်ပြေသော်လည်း အကျိုးအမြတ်နည်းပြီး အခြောက်ခံရောင်းပါက တစ်ဧက ကျပ်(၈၅၀၀၀၀)ခန့် အကျိုးအမြတ်ကျန်ကြောင်းနှင့် ယခုအခါ တရုတ်နှစ်သစ်ကူးပွဲတော်အမှီ မြေထောက်ပဲများကို မန္တလေးမြို့မှတစ်ဆင့် တရုတ်နယ်စပ်သို့ တင်ပို့မှုများ ရှိနေသောကြောင့် ကသာခရိုင်ထွက် မြေထောက်ပဲ အစို/အခြောက်များကိုလည်း မန္တလေးပွဲရုံများသို့ တင်ပို့ရောင်းချမှုများ ရှိနေကြောင်း တောင်သူများထံမှ သိရသည်။

        မြေထောက်ပဲသီးနှံသည် ဈေးကွက်ရှာစရာမလိုဘဲ ဝယ်လက်အသင့်ရှိသော သီးနှံဖြစ်သည့်အပြင် လူကြိုက်များသော ပဲသီးနှံတစ်မျိုးဖြစ်သည်။ သို့သော် မြေထောက်ပဲသည် နေရာဒေသမရွေး စိုက်ပျိုးနိုင်သော သီးနှံမဟုတ်ဘဲ စိုက်ပျိုးမြေရွေးသော သီးနှံဖြစ်သည်။ ထို့ကြောင့် ဈေးကွက်အသင့် ရှိပြီး လူကြိုက်များသော မြေထောက်ပဲသီးနှံအား ရေမြေနှင့်ကိုက်ညီသည့် ကသာခရိုင်ကဲ့သို့သော ဒေသတွင် မြေထောက်ပဲဇုံသတ်မှတ်ပြီး တွန်းအားပေးတိုးချဲ့စိုက်ပျိုးသင့်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

“မိတ္ထီလာမြို့တွင် စားသုံးသူများအား စားအုန်းဆီကို သက်သာသော စျေးနှုန်းဖြင့်ရောင်းချပေး”

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသောစျေးနှုန်းဖြင့် စားသုံးဆီများ ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ (၁၇) သန်းဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို (၁၇.၁.၂၀၂၂)ရက် (တနင်္လာနေ့)မှ စတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ လက်ကားရောင်းချပေးသူများသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

          ယခုအခါ မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာမြို့နယ်မှ စားအုန်းဆီ ပီပါ (၃၀၀) ခွဲတမ်းရရှိခဲ့ရာ အဆိုပါ စာအုန်းဆီများအား မိတ္ထီလာမြို့ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ် (၃၄) ဦးမှ သတ်မှတ်စျေးနှုန်း တစ်ပိဿာလျှင် (၄၅၀၀)ကျပ်နှုန်းဖြင့် (၂၃.၁.၂၀၂၂) ရက်နေ့တွင် ပြည်သူများ အခက်အခဲမရှိစေရေးအတွက် ဆီဆိုင်(၃၃)ဆိုင်မှ တပြိုင်နက် ရောင်းချပေးလျက်ရှိပါသည်။

          မိတ္ထီလာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဆီလုပ်ငန်းရှင်ကိုယ်စားလှယ်များမှ စားအုန်းဆီများအား ပြည်သူလက်ဝယ်သို့ သတ်မှတ်စျေးနှုန်းများဖြင့် အမှန်တကယ်ရောင်းချခြင်းရှိ/မရှိ၊ အလေးချိန်၊ အခြင်အတွယ် မှန်ကန်မှုရှိ/မရှိ ကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် (၂၃.၁.၂၀၂၂) ရက်နေ့တွင် မိတ္ထီလာမြို့ စျေးများအတွင်း စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဦးသန်းစိုးနှင့်ဝန်ထမ်းများ၊ မိတ္ထီလာဆီကုန်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးညွှန်လှိုင်နှင့်အဖွဲ့ဝင်များပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး

တောင်သူအကြိုက် စူပါ နှံကောက်စိုက်

           ပြည်ထောင်စုနယ်မြေတွင် ဥတ္တရခရိုင်နှင့် ဒက္ခိဏခရိုင်ဟူ၍ ခရိုင်(၂)ခုရှိပါသည်။ ဥတ္တရခရိုင်တွင် တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့ပါဝင်ပြီး ဒက္ခိဏခရိုင်တွင် ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ ပါဝင်ပါသည်။

          ၂၀၂၁-၂၀၂၂ခုနှစ် နွေစပါးစိုက်ရာသီတွင် ဥတ္တရခရိုင်(၄)မြို့ နယ်တွင် (၈၂၉၀)ဧက၊ ဒက္ခိဏ ခရိုင်(၄)မြို့နယ်တွင် (၁၈၀၉၀)ဧက စိုက်ပျိုးရန်လျာထားသတ်မှတ်ထားပြီး ပြည်ထောင်စုနယ်မြေအတွင်း နွေစပါးစိုက်ဧက စုစုပေါင်း (၂၆၃၈၀)ဧက စိုက်ပျိုးရန်လျားထားသတ်မှတ်ထားပြီး ဆည်ရေပေးဝေနိုင်မှုနှင့် ရေရရှိမှုအပေါ်မူတည်၍ နွေစပါး စိုက်ပျိုးနိုင်မည်ဖြစ်ပြီး ဆည်မြောင်းဦးစီးဌာနအနေဖြင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့မှ စတင်၍ ငလိုက်ဆည်ရေသောက်ဧရိယာ ရေပေးဝေနိုင်မှုရှိပြီး ဇန်နဝါရီလကုန်နှင့် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စိုက်ပျိုးရန်အတွက် တောင်သူများအနေဖြင့် မြေယာပြင်ဆင်ခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          နွေစပါးစိုက်တောင်သူများသည် အထွက်နှုန်းကောင်းပြီး တောင်သူတွက်ခြေကိုက်မည့် စပါးမျိုးဖြစ်သည့် သက်တမ်းရက် (၁၀၅/၁၁၀)သာရှိ၍ သွင်းအားစု သင့်တင့်မျှတရုံသာသုံးပြီး ရေ/မိုး အဆင်ပြေလျှင် တစ်ဧက စပါးတင်း(၁၂၀)မှ (၁၅၀)အထိ ထွက်ရှိသည့် ထိုင်းနှံကောက်စပါးမျိုးကို ယခုအခါ ပိုမိုစိုက်ပျိုးထုတ်လုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ယခင်နှစ် နွေစပါးစိုက်ပျိုး ရာသီတွင် မနောသုခ၊ ပုလဲသွယ်၊ ရွှေတိုး၊ ရွှေသွယ်ရင်း၊ ထိုင်းကောက်၊ နယူးဧရာ စပါးမျိုးများ စိုက်ပျိုးထုတ်လုပ်ခဲ့သော်လည်း သက်တမ်းရက်(၁၂၀)နှင့်အထက် ကျော်လွန်ခြင်း၊ သွင်းအားစု ပိုမို အသုံးပြုရခြင်း၊ ရာသီဥတုနှင့် အပူဒဏ်၊ ရေငတ်ဒဏ် ခံနိုင်မှုအားနည်းခြင်းကြောင့် ပိုးမွှားရောဂါ ကျရောက်တတ်သဖြင့် ပုံမှန်အထွက်နှုန်းတစ်ဧက (၇၀)မှ (၉၀)တင်းအထိ ထွက်ရှိသော်လည်း  ၎င်းအောက် အထွက်နှုန်း လျော့နည်းနိုင်သဖြင့် ယခုအခါတွင် တောင်သူတွက်ခြေကိုက်သည့် စူပါနှံကောက်စပါးမျိုးများ အများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

          ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာ နွေစပါးစိုက်ပျိုးထုတ်လုပ်သည့် တောင်သူဦးစောမောင်(၄)ဧက၊ ပြူတွင်းကျေးရွာ ဦးဘိုနီ (၃)ဧကနှင့် သရက်ကုန်းကျေးရွာ တောင်သူဦးကုလား (၈)ဧက စိုက်ပျိုးထားရှိသည့် နွေစပါးစိုက် တောင်သူများနှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် ယခုနှစ်နွေစပါးရာသီမှာ စူပါနှံကောက် (သို့)ထိုင်းနှံကောက် စပါးမျိုးကို စိုက်ပျိုးထားကြောင်း၊ စပါးမျိုးများအား ရေဆင်းစိုက်ပျိုးရေးဌာနမှ ဝယ်ယူရရှိပြီး မျိုးတစ်တင်းလျှင် (၁၀၀၀၀)ကျပ်နှင့် တစ်ဧက(၂)တင်းနှုန်း ကြဲသားပက်စိုက်ပျိုးထားခြင်း၊ ကြဲပက်ပြီး(၅)ရက်မှ (၁၅) ရက်အတွင်း ပေါင်းသတ်ဆေးဖြန်းခြင်း၊ (၄၅)ရက်သားအရွယ်မှစတင် မြေသြဇာပက်ဖြန်းခြင်း၊ ပိုးမွှားကာကွယ်ဆေးပက်ဖြန်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနှံကောက်(သို့)စူပါနှံကောက်ဆန်ကို ပြည်တွင်းစားသုံးမှုတွင်သာမက တရုတ်ဈေးကွက် အဝယ်လိုက်ခြင်းတို့ကြောင့် ရွေးချယ်စိုက်ပျိုးရကြောင်း၊ အခြားစပါးမျိုးများဖြစ်သည့် မနောသုခ၊ ပုလဲ သွယ်၊ ရွှေတိုး၊ ရွှေသွယ်ရင်းများ စိုက်ပျိုးရာတွင် အထွက်နှုန်းတင်း(၈၀/၉၀)ဝန်ကျင်တွင်သာရှိပြီး သွင်းအားစု ပိုမိုသုံးစွဲရခြင်းတို့ကြောင့် အထွက်ကောင်းသည့် ထိုင်းနှံကောက်(သို့)စူပါနှံကောက်စပါးမျိုးများ ရွေးချယ်စိုက်ပျိုးထားကြောင်း ၎င်းတို့မှ ပြောကြားခဲ့ပါသည်။

          တောင်သူလယ်သမားများအနေဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်နိုင်မှုကြောင့် ကျေးလက်တောရွာနေသူများ အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမိုများပြားလာစေခြင်း၊ ပြည်တွင်းစားသုံးမှုပိုလျှံ သည့်အပြင် ပြည်ပတင်ပို့မှု မြှင့်တင်နိုင်ခြင်းကြောင့် ပြည်ပဝင်ငွေတိုးပွားလာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်လာနိုင်မည်ဖြစ်၍ နွေစပါးစိုက်ပျိုးထုတ်လုပ်မှု ပိုမိုအားကောင်းလာစေရန်အတွက် အထွက်ကောင်းသည့် မျိုးကောင်းမျိုးသန့်များ ရှာဖွေဖော်ထုတ်၍ စိုက်ပျိုးသင့်ပါကြောင်းကို “ တောင်သူ အကြိုက် စူပါ နှံကောက်စိုက်” ဟု ခေါင်းစဉ်စာသားဖြင့် အကြံပြုတင်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပြည်ထောင်စုနယ်မြေ

ပွဲစားကျင့်ဝတ်

          ကျွန်တော်တို့နေထိုင်တဲ့ အောင်ပန်းမြို့ကလေးဟာ မြန်မာနိုင်ငံဒေသ အတော်များများကို စားဖိုဆောင်သီးနှံ၊ ကုန်စိမ်းသီးနံနှင့် ထောပတ်သီး၊ လိမ္မော်သီးကဲ့သို့ ဈေးကွက်ဝင်သီးနှံများ ဂျုံ၊ ပြောင်း၊ ပဲပုတ်၊ ပဲစဉ်းငုံကဲ့သို့ စက်မှုကုန်ကြမ်းသီးနှံများ စတင်စီးဆင်းရာမြို့ဖြစ်သည့်အတွက် သီးနှံအစုံ ရောင်းဝယ်မှုဈေးကွက် လျင်မြန်ချောမွေ့စေရန် ပွဲစားဆိုသည့် ရောင်းဝယ်ဖောက်ကားမှုဖြင့် စီးပွားရှာသူများ လုပ်ကိုင်ဆောင်ရွက်မှု အထူးအရေးကြီးလှသည်။

          ပွဲစားဟုဆိုရာတွင် တောပွဲစား (အဝယ်တော်)၊ ကြားပွဲစား (လမ်းလျှောက်ပွဲစား)၊ အထိုင်ပွဲစား (ပွဲရုံပိုင်ရှင်)၊ နယ်ပွဲစား (ကုန်စည်ဖြန့်ဖြူးသူ)၊ ဗန်းပွဲစား (ဈေးဗန်းခင်းဈေးသည်) ဟူ၍ အရပ်သုံးဈေးကွက်သုံးစကားများဖြင့် ခေါ်ဝေါ်သုံးစွဲကြသည်။

         အဓိက စိုက်ပျိုးထုတ်လုပ်သူ တောင်သူထံမှ  ဗန်းပွဲစားခေါ် ဈေးသည် ထိုမှတစ်ဆင့် စားသုံးသူလက်ဝယ်ရောက်သည်အထိ သန့်ရှင်းလတ်ဆတ်ပြီး ဓာတုဓါတ်ကြွင်း ကင်းစင်သော ဘေးအန္တရာယ်ကင်းစင်သော ကုန်စည်ဖြစ်ရန်မှာ ထုတ်လုပ်မှု၊ သိုလှောင်မှု၊ သယ်ယူမှု၊ ကိုင်တွယ်ထုပ်ပိုးမှု၊ လုပ်ငန်းစဉ်တိုင်းတွင် ကျင့်ဝတ်စည်းကမ်း စေတနာပါမှသာ အရောင်းဝယ်ဈေးကွက်တစ်ခုလုံး  ကွင်းဆက်မပျက် အဆင်ပြေချောမွေ့မှာဖြစ်ပါသည်။

          တောပွဲစား (အဝယ်တော်) ဆိုရာတွင် ရောင်းဝယ်မှုစနစ် တိုးတက်ဖို့ တောင်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသူများဖြစ်သည်။ မိမိရောင်းဝယ်မည့် သီးနှံအရည်အသွေး မြင့်မားစေရန်အတွက် တောင်သူများ၏ လိုအပ်ချက်များကို လေ့လာချိတ်ဆက် ဆောင်ရွက်သင့်သည်။ မည်သည့် မျိုးရင့်ကဖြင့် အရည်အသွေးနှင့် အထွက်နှုန်းကောင်းသည်။ ထို့ကြောင့် ရွေးချယ်စိုက်သင့်သည့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ ဆွေးနွေးအကြံပေးသင့်သည်။ (ဥပမာ- ထောပတ်စိုက်တောင်သူများ ဈေးကွက်ပွင့်လန်းလာကြောင်း ကိုင်းကူး၊ ကိုင်းဆက်စနစ်ဖြင့် စိုက်ပျိုးသင့်ကြောင်း နံနက်ပိုင်း ပန်းပွင့်သည် A တိုက် ထောပတ်မျိုးနှင့် ညနေပိုင်း ပန်းပွင့်သည် B တိုက် ထောပတ်မျိုးကို A တိုက် နှစ်တန်းကြား B တိုက် နှစ်တန်းကြား အကွာအဝေး မည်သို့စိုက်သင့်ကြောင်း ထိုသို့ စိုက်ပျိုးပါက ဈေးကွက်ဝင် အထွက်နှုန်းကောင်း ထောပတ်သီးရရှိမည်ဖြစ်ကြောင်း မည်သို့ခူးဆွတ်ပါက အလေအလွင့်နည်းမည်ဖြစ်ကြောင်း အကြံဉာဏ်ပေးရမည်။ သီးနှံများအတွက် စွမ်းအားစုများ သုံးစွဲရာတွင်လည်း မိမိရော စားသုံးသူပါ ဘေးဥပါဒ်ကင်းစင်စေရန် ကိုင်တွယ်သုံးစွဲပုံ မျှဝေပေးသင့်သည်။ ဈေးကွက်သဘောတရားများအရ မည်သည့်ရာသီတွင် မည်သည့် သီးနှံစိုက်သင့်ကြောင်း သတင်းပေး နိုင်ရမည်။ အချို့သီးနှံများ ချိန်တွယ်ရာတွင် အလေအလွင့် အဖြတ်အတောက်များရှိသဖြင့် ၎င်းသဘာဝများ အလေးထားရမည်။ ထိုကဲ့သို့သော မိမိ၏ချိတ်ဆက်ဆောင်ရွက်မှုများကြောင့် စံချိန်စံညွှန်းနှင့် ကိုက်ညီသော အရည်အသွေးဖြင့် ကုန်စည်များအထွက်တိုးလာမည်ဖြစ်သည်။ ထုတ်လုပ်မှုတိုးတက် လာမည်ဖြစ်သည်။ သို့မှသာ မိမိအတွက်လည်း အရည်အသွေးမြင့် ကုန်စည်များဝယ်ယူနိုင်မည်ဖြစ်သည်။ အရောင်းအဝယ် ကျွမ်းကျင်ရုံသာမက တောင်သူဘဝ တိုးတက်ရေး အလေးထားဆောင်ရွက်သင့်ပါသည်။

          ကြားပွဲစား (လမ်းလျှောက်ပွဲစား) ဟူသည် ငွေရင်းနည်းနည်းနှင့် ရင်းနှီးလုပ်ကိုင်ပြီး ဈေးကွက်အခြေအနေအရ ဈေးနှုန်းကုန်စည်ထွက်ရာအရပ်နှင့် ကုန်စည်ဝယ်လိုသူအကြား ဈေးနှုန်း၊ ကုန်ချိန်၊ ကုန်စည်ပေါ်တွင် အမြတ်ယူ၍ လက်လွဲရောင်းချမှုများဖြစ်သည်။ ကုန်စည်များကို သိုလှောင်မှုမရှိဘဲ တောင်သူနှင့် ပွဲရုံများမှ ဈေးမြတ်ဝယ်ယူပြီး နယ်မြို့များမှ ဗန်းပွဲစား ဈေးဗန်းသည်များနှင့် ချိတ်ဆက် တင်ပို့သူများဖြစ်သည်။ ထို့ကြောင့် နယ်မှ ဗန်းဈေးသည်များမှ သီးနှံအရည်အသွေးနိမ့်ပါးမှု၊ ကြာရှည် မခံမှုတို့ကြောင့် အရှုံးပေါ်ရသည်။ ငွေကြေးပြဿနာများ၊ သီးနှံအရည်အသွေးပြဿနာများ မကြာခဏ ကြုံရတတ်သည်။ ထိုသို့သော သီးနှံများကို ဝယ်ယူစားသုံးသူများမှာလည်း  မရှိလို့သာ ဝယ်စားဈေးက မြင့်သား ရောဂါခပ်များများဖြစ်နေမည်။ စားသုံးသူအတွက် ဘေးဥပါဒ်နှင့် ကျန်းမာရေးလုံခြုံမှုအတွက် ရင်မအေးဖြစ်နေရမည်။

       အထိုင်ပွဲစားနှင့် နယ်ပွဲစား၊ ပွဲရုံပိုင်ရှင်များသည် တောပွဲစားမှတစ်ဆင့် တက်လာခဲ့သူများ ဖြစ်သည်။ ပွဲရုံပိုင်ရှင်များအနေဖြင့် ကုန်စည်သိုလှောင်မှုစနစ်၊ ထုတ်ပိုးသယ်ယူမှုစနစ် ကျွမ်းကျင်ပိုင်နိုင်ဖို့လိုသည်။ တောပွဲစား (အဝယ်တော်) ရဲ့ စည်းရုံးမှု၊ ကျွမ်းကျင်မှုကြောင့် မိမိလက်ဝယ်ရောက်လာသည့် ကုန်စည်ကို ဈေးနှုန်း၊ဈေးကွက် သဘောအရ သိုလှောင်ရမည်ဖြစ်သည်။ ရှမ်းပြည်နယ်တွင် အအေးခန်း သိုလှောင်ရုံများ တန်ဖိုးမြင့်ကုန်ထုတ်ရန် အခြောက်ခံစက်ရုံများ တည်ရှိနေပြီဖြစ်သည်။ အအေးခန်း သိုလှောင်ရုံများတွင် သိုလှောင်ပြီး အမြင့်ဈေးရောက်ခါမှ သီးနှံရောင်းပြီး အမြတ်အစွန်းရှာသူများ ဖြစ်လာပြီဖြစ်သည်။ ထိုသို့ သိုလှောင်သူပွဲစားများအနေဖြင့် မိမိသိုလှောင်ရုံအကျယ်အဝန်းပေါ်မူတည်၍ စီမံခန့်ခွဲရမည်။ ကုန်ချိန်  တစ်သောင်းဆန့်လျှင် ရှစ်ထောင်လောက် လျှော့ပေါ့သိုလှောင်ရမည်။ ဥပမာ- ခရမ်းချဉ်ဆိုလျှင် လျှော့ပေါ့ သိုလှောင်ပါက လေဝင်လေထွက်ကောင်းပြီး အပူချိန်မရှိသဖြင့် သီးနှံ၏ မူလအရည်အသွေးမပျက် ပိုမိုတောက်ပလာပြီ နယ်ပွဲစားမှ ဈေးရောင်းသူ ဗန်းပွဲစားအထိ အရည်အသွေး တာရှည်ခံသည်။ ထိုမှသာ ဈေးရောင်းသူများလည်း ဒီနေ့ရောင်းမကုန်ပါက နောက်နေ့လည်း အရည်အသွေး မပျက်သဖြင့် ဆက်လက်ရောင်းချ ငွေစုနိုင်ပြီး နယ်ပွဲရုံထံ ငွေရှင်းနိုင်မည်ဖြစ်သည်။ နယ်ပွဲစားဖြန့်ဖြူးသူကလည်း ၎င်းနည်းစနစ်အတိုင်း ကျင့်သုံးပြီး သီးနှံအရည်အသွေးတာရှည်ထိန်းထားမှလုပ်ငန်း အောင်မြင်မည်ဖြစ်သည်။ လောဘဖြင့် မတန်တဆ သိုလှောင်ပါက သိုလှောင်စဉ် အလေအလွင့် အပျက်အဆီးများခြင်း၊ သီးနှံအရည်အသွေးကျဆင်းမှုများကြောင့် သယ်ယူရောင်းချချိန်တွင် အရှုံးနှင့်သာ ရင်ဆိုင်ရမည်ဖြစ်သည်။

        ဖြစ်စဉ်ကို လေ့လာသုံးသပ်ရာတွင် ရောင်ဝယ်မှုပြုသူ ပွဲစားအလွှာအသီးသီး ကျင့်ဝတ်စည်းကမ်း များလိုက်နာသင့်ကြောင်း လုပ်ငန်းကျွမ်းကျင်မှု ဈေးကွက်သဘောတရားများသာမက စားသုံးသူများအတွက် စေတနာထားသင့်ကြောင်းနှင့် ရောင်းဝယ်မှုစနစ်အဆင့်တွေများနေပြီး တစ်ဦးတစ်ရာ ငါးဆင့် ငါးရာ ဖြစ်နေပြီ တောင်သူ သုံးရာ တိုး ငါးရာစားသုံးသူနစ်နာမှုမဖြစ်စေဖို့ အကြံပြုရေးသားလိုက်ရပါ သည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

တန်ဆေးလွန်ဘေး ၊ ကျန်းမာရေးအတွက်ဆီလျှော့စားပေး

        ယနေ့ကမ္ဘာပေါ်တွင် လူတို့သည် အစားအစာဘေးအန္တယ်ရာယ်ကင်းရှင်းရေးကို အလေးထား စားသုံးလာကြပါသည်။ ထို့သို့စားသုံးရာတွင် စားသုံးဆီ၏ အခန်းကဏ္ဍမှာလည်း အလွန်အရေးပါလာသည်။ လူတို့အား ဘေးဥပါ်ဖြစ်စေသော စားသုံးဖွယ်ရာတွင် ဆီကြောင့်ဖြစ်ပေါ်သည့် ရောဂါများမှာ အများအပြားပင်ဖြစ်ပါသည်။ထို့ကြောင့် လူတို့သည် မိမိတို့၀င်ငွေအရ ကျန်းမားရေးနှင့်ညီညွတ်သော စားသုံးဆီသန့်များကို ရွေးချယ်သုံးစွဲလာကြပါသည်။ ယနေ့မြန်မာနိုင်ငံ၏ လူဦးရေးအရ ဆီစားသုံးမှုကို တွက်ချက်ကြည့်လျှင် အာဆီယံနိုင်ငံများ အတွင်း၌ စားသုံးမှု အနိမ့်ဆုံးနှုန်းနှင့် တွက်ချက် ကြည့်ခြင်းပင်လျှင် လူတစ်ဦးတစ်နှစ်လျှင် ပျမ်းမျှ ဆီ၆၀ကျပ်သား (၁၂ကီလိုဂရမ်) ခန့်စားသုံးလျက်ရှိကြောင်း ကျွမ်းကျင်ပညာရှင်များတွက်ဆကြပါသည်။ 

       မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံနိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ဆန်၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ၊ပြောင်းတို့ကို အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။ ဆီထွက်သီးနှံများကို ပြည်တွင်း စားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းတို့ရှိရာ ဈေးကွက်ရရှိမှုအရ မြေပဲ၊ နှမ်းအမျိုးမျိးတို့ကို ပြည်ပသို့ တင်ပို့ပြီး စားအုန်းဆီ၊ နေကြာဆီ၊ သံလွင်ဆီစသည့် စားသုံးဆီအမျိုးမျိုးကို ပြည်ပမှတင်သွင်းလျက်ရှိပါသည်။ စားသုံးဆီများတွင် မပြည့်ဝဆီ၊ ပြည့်ဝဆီနှင့် အသွင်ပြောင်းဆီဟူ၍ (၃)မျိုးခွဲခြားနိုင်ရာတွင် မပြည့်ဝဆီများကို တတ်နိုင်သမျှဦးစားပေး စားသုံးသင့်ပြီး၊ ဒုတိယဦးစားပေး ပြည့်ဝဆီကို အတန်အသင့်သာ စားသုံးသင့်ပြီး၊ အသွင်ပြောင်းဆီများကိုမူ (လုံးဝ) မစားသုံးသင့်ပေ။မပြည့်ဝဆီအုပ်စုတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ငါးမှရသော အဆီများ ပါဝင်ပါသည်။ ပြည့်ဝဆီအုပ်စုတွင် စားအုန်းဆီ၊ ဆီကြော်အစားအစာများ၊ တိရစ္ဆာန်မှရသော အဆီများ ပါဝင်ပါသည်။ အသွင်ပြောင်းဆီအုပ်စုတွင် အသင့်စားအစားအစာများဖြစ်သည့် အာလူးကြော်၊ ကြက်ကြော်၊ စမူဆာ၊ ပဲကပ်ကြော်၊ ကိတ်မုန့်၊ ပေါင်မုန့် စသည်တို့တွင် ပါဝင်သည့်ဆီများဖြစ်ပါသည်။
        ကမ္ဘာပေါ်တွင် စားအုန်းဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီ၊ မြေပဲဆီ၊ အုန်းဆီ၊ သံလွင်ဆီနှင့် မုန်ညင်းဆီ စသည့်စားသုံးဆီအမျိုးမျိုးကို သုံးစွဲလျက်ရှိသည့်အနက် အများဆုံးစားသုံးသည့်ဆီအမျိုးအစားမှာ စားအုန်းဆီ (Palm Oil) ဖြစ်ပြီးအာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆီထုတ်လုပ်တင်ပို့မှုကဏ္ဍ၌ ပိုမိုများပြားပြီး၊ ဒေသတွင်းစားသုံးမှုမှာ ထုတ်လုပ်တင်ပို့မှုထက်လျော့နည်းကြောင်း စာရင်းအင်းဆိုင်ရာ သုတေသနကုမ္ပဏီဖြစ်သည့် ဂျာမဏီနိုင်ငံအခြေစိုက် Statista ၏ ကိန်းဂဏန်း အချက်အလက်များအရသိရှိရပါသည်။
      ဆီစားသုံးရာတွင် ကျန်းမာရေးနှင့်ညီညွတ်စေရန် လူတစ်ဦးအတွက် တစ်နေ့လျှင် လ္ဘက်ရည်ဇွန်း (၆) ဇွန်းခန့် (၁.၈ ကျပ်သား)၊ တစ်လလျှင် ၅၄ ကျပ်သားသာ စားသုံးသင့်ကြောင်း The Health Site.com မှ သိရှိရပါသည်။ မြန်မာနိုင်ငံတွင် လူတစ်ဦးအတွက် စားသုံးဆီ စားသုံးမှုနှုန်းမှာ တစ်နေ့လျှင် ၂.၂၅ ကျပ်သား၊ တစ်လလျှင် ၆၈ ကျပ်သား စားသုံးနေကြောင်း သိရှိရကာ ပုံမှန်သုံးစွဲသင့်သည့်ပမာဏထက် ပိုမိုသုံးစွဲနေသည်ကိုလေ့လာတွေ့ရှိရပါသည်။ဆီကိုစားသုံးသင့်သည့် ပမာဏထက် ကျော်လွန်စားသုံးခြင်းနှင့် အရည်အသွေးမပြည့်မီသည့် ဆီများစားသုံးခြင်းတို့ဖြင့် နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ လေဖြတ်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာ ခံစားရစေပါသည်။ ထိုသို့ကျန်းမာရေးဆိုင်ရာဆိုးကျိုးများစွာ ခံစားလာရသည်နှင့်အမျှ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုများကိုပါ တွေ့ကြုံစေနိုင်သောကြောင့် ဆီစားသုံးမှုကို အတတ်နိုင်ဆုံးလျော့ချစားသုံးသင့်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အရည်အသွေးပြည့်မီသည့်ဆီနှင့် ၎င်းဆီဖြင့်ပြုလုပ်ထားသည့် အစားအစာများကိုသာချင့်ချိန် စားသုံးသင့်ပါသည်။
        ဆီစားသုံးမှုလျှော့ချနိုင်ရေးအတွက် စားသုံးမှုပုံစံကို ပြောင်းလဲရန် လွန်စွာအရေးကြီးလှပါသည်။ ဆီကိုလူတစ်ဦးစားသုံးသင့်သည့်ပမာဏသာ အသုံးပြုခြင်း၊ ဆီကုန်သက်သာစေသည့် ဟင်းလျာများချက်ပြုတ်စားသုံးခြင်း၊ အကြွပ်ကြော်အစားအစာများ ချက်ပြုတ်စားသုံးမှုမှ ရှောင်ကြဉ်ခြင်းတို့အပြင် ပြန်ကြော်ဆီကို ထပ်ခါထပ်ခါအသုံးပြုခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည့်အတွက် ဆီကုန်သက်သာစေရန်ရည်ရွယ်ချက်ဖြင့် ဆီကိုထပ်ခါထပ်ခါအသုံးပြု၍ ကြော်ချက်ခြင်း မပြုလုပ်သင့်ပေ။ ဆီကိုဝယ်ယူသုံးစွဲရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံပြီး ဆီထုပ်ပိုးမှု စနစ်မှန်ကန်သည့် Consumer Pack စနစ်ဖြင့် ထုပ်ပိုးရောင်းချသည့် စားသုံးဆီများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲသင့်ပါသည်။

       စားအုန်းဆီအား စားသောက်ကုန်အမှတ်တံဆိပ်များနှင့်အတူ ထည့်သွင်းပစ္စည်းအမယ် စာရင်းတွင်ထည့်သွင်းခြင်း၊ စားအုန်းဆီစားသုံးမှုမြင့်တက်များပြားလာခြင်း၊ လူဦးရေများများနှင့် စားသောက်ကုန်အချို့ တွင် စားအုန်းဆီ၏သြဇာ သက်ရောက်နေမှုကြောင့် ကျန်းမာရေးကိုစိုးရိမ်သောလူများက ယင်းဆီကို ဖိအားပေးလာကြသည်။ တစ်ဖန်ပြည့်ဝအဆီ (Saturated Oil) အားလုံးလိုလိုသည် ကိုလက်စထရောဆိုးကျိုးကိုမပေးကြောင်းလည်း စမ်းသပ်တွေ့ရှိကြသည်။ ယင်းတွင် လူကိုကောင်းကျိုးပေးသော ကိုလက်စထရော (H.D.L) နှင့် ဆိုးကျိုးပေးသောကိုလက်စထရော (L.D.L) ဟူ၍ရှိရာ စားအုန်းဆီစားသုံးမှုသည် အခြားပြည့်ဝအဆီများဖြစ်သည့် အုန်းဆီ၊ နို့၊ တိရစ္ဆာန်အဆီများနှင့် နှိုင်းယှဉ်လျှင်သွေးထဲမှကိုလက်စထရောနည်းပါးပါသည်ဟု စမ်းသပ်မှုအစီရင်ခံစာအချို့ကဖော်ပြကြပြန်သည်။ ထို့ပြင် စားအုန်းဆီတွင် ပါဝင်သည့် ပါမစ်တစ်အက်ဆစ် (Palmitic Acid) က အခြား ပြည့်ဝအဆီများနှင့်မတူဘဲ ကိုလက်စထရောအဆင့်ကို မျှစေသည်ဟူ၍လည်း ဆိုကြ၏။

       ဆီစားသုံးမှုတွင် ပြည့်ဝအဆီ (Saturated fat)သည် ကျန်းမာရေးအတွက် မသင့်လျော်ကြောင်း၊ ပုံပြောင်းအဆီ (Trans fat) သည် လူကိုအန္တရာယ်ပေးတတ်ကြောင်း၊ ပြည့်ဝမဟုတ်သောအဆီ (Unsaturated fat) ကို စားသုံးသင့်၍ တစ်မယ်တည်းအဆီ (Mono Unsaturated Oil) ကိုသာ ဦးစားပေး၍စားသုံးသင့်ကြောင်း ဓာတ်ခွဲပညာရှင်များက တွေ့ရှိခဲ့ကြသော်လည်း သဘောထားကွဲလွဲမှုအနည်းငယ်ရှိနေဆဲဖြစ်ပေသည်။ အချို့က ချက်ပြုတ်ကြော်လှော်ရာတွင် ဆီသည်မရှိမဖြစ် လိုအပ်သည်ဟု ဆိုကြသော်လည်း အချို့ကဆီကိုရှောင်ကြဉ်သင့်သည်ဟု သဘောထားခဲ့ကြသည်။

        F.D.A အဖွဲ့အစည်းကမူ အဆီစားသုံးလျှင် ကယ်လိုရီ နည်းနည်း (သို့) ပါဝင်မှု ၃ဝ% သာ စားသုံးသင့်သည်ဟု ထောက်ခံချက်ပေးကြသည်။ အခြား အာဟာရဓာတ်ပညာရှင်များကညွှန်းရာတွင် လူတစ်ယောက်အနေဖြင့် အဆီကရသည့် ကယ်လိုရီကို ၁ဝ% ထက်မပိုသင့်ဟု ဆိုကြပြန်သည်။ သို့ဖြင့် ဆီစားသုံးမှုလွန်ကဲလျှင် အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါကိုအားပေးခြင်းဟူသော ဆိုးကျိုးများကို ရနိုင်ကြောင်း ကျန်းမာရေးအသိ များရှိခဲ့ကြသည်။
လူတို့အတွက် နေ့စဉ်အာဟာရဓာတ် လိုအပ်ချက်တွင် ဆီသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။

        သို့သော် ဆီစားသုံးမှုများပြားပါက ကျန်းမာရေးကိုထိခိုက်နိုင်ပြီး အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါကိုအားပေးခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သဖြင့် “တန်ဆေး၊ လွန်ဘေး”ဆိုသည့် မြန်မာစကားပုံအတိုင်း ချင့်ချိန်စားသုံးကြရန် လိုအပ်ပါကြောင်း တင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း