Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ယခုတစ်ပတ် တာချီလိတ်မြို့၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၁) အခွန် ၃% ရာခိုင်နှုန်းကောက်ခံမှုကျပ်သန်း ( ၃.၆၃၇ ) ရရှိ

             ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တာချီလိတ်မြို့သို့ ပြည်သူများအနေဖြင့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများအား နေ့စဉ်တပိုင်တနိုင်တင်သွင်းလျက်ရှိပါသည်။

      ထိုသို့တင်သွင်းမှုအပေါ်  ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ တင်သွင်းသည့် ပစ္စည်းတန်ဘိုး၏ ၃% ရာခိုင်နှုန်းအား နိုင်ငံတော်၏အခွန်ရရှိရေးအတွက် ကောက်ခံလျက်ရှိပါသည်။

        ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်မှ (၃၀) ရက်နေ့ထိ တာချီလိတ်မြို့၊ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား (၁) မှ အခွန်ကျပ်သန်း ( ၃.၆၃၇ ) ကောက်ခံရရှိခဲ့ရာ ယခင်တစ်ပတ်ရရှိမှုနှင့် နှိုင်းယှဉ်လျှင် အခွန်ရရှိမှုကျပ်သန်း ( ၀.၁၈၆ ) ခန့် ပိုမိုရရှိခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်

၂၀၂၁-၂၀၂၂ ကြံရာသီ ဥက္ကံသကြားစက်ကြိတ်ခွဲနိုင်မှု အခြေအနေ

    ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်း တိုက်ကြီးမြို့နယ်၊ ဥက္ကံသကြားစက်သည် တစ်ရက်လျှင် ကြံကုန်ကြမ်းတန်ချိန် (၁၀၀၀) မက်ထရစ်တန်၊ ကြိတ်ဝါးနိုင်သောစက်ရုံဖြစ်ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ကြံတန်ချိန် (၂၅၀၀၀)မက်ထရစ်တန် ကြိတ်ဝါးရန် (၁၇.၁၂.၂၀၂၁)မှ (၁၆.၁.၂၀၂၂)အထိ လျာထားခဲ့ပြီး စက်ရုံမှ ကြံစိုက်တောင်သူများအတွက် စိုက်စရိတ်တစ်ဧကလျှင် ၃၀၀၀ဝိ/-နှုန်းဖြင့် ထုတ်ချေးပေးခဲ့ပါသည်။ ၂၀၂၁-၂၀၂၂ ခုနှစ် ကြံကြိတ်ဝါးရာသီတွင် ကြံတစ်မက်ထရစ်တန်လျှင် စက်ရုံအရောက်ဈေး ၅၄၀၀ဝိ/-နှုန်းဖြင့် ဝယ်ယူကြိတ်ခွဲခဲ့ရာ (၁၇.၁၂.၂၀၂၁)မှ (၁၆.၁.၂၀၂၂)အထိ ကြံကုန်ကြမ်းတန်ချိန် (၂၂၉၈၅.၂၄၅)မက်ထရစ်တန် ကြိတ်ခွဲလည်ပတ်ခဲ့ပြီး သကြားအထွက်တန်ချိန် (၂၀၈၁.၆၀)မက်ထရစ်တန် ထွက်ရှိခဲ့သဖြင့် သကြားအထွက်နှုန်းမှာ (၉.၀၆%)ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်း‌ဒေသကြီး

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသောကုန်ဈေးနှုန်းအခြေအနေ

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇန်နဝါရီလ (၂၇)ရက်နေ့မှ ဖေဖေါ်ဝါရီလ (၂)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း းသိရှိရပါသည်။ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်) ကျပ် ၈၀၀ မှ ၂၀၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်) ကျပ် ၉၀၀ မှ ၁၆၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၈၀၀ မှ ၂၃၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၁၇၀၀ မှ ၂၂၀၀ အတွင်း၊ ရွှေဖရုံသီး(လုံး)ကျပ် ၉၀၀ မှ ၁၅၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၈၀၀ မှ ၁၅၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၀၀၀ မှ ၁၂၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၆၀၀ မှ ၁၂၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၂၅၀၀ မှ ၃၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၂၆၀၀ မှ ၃၀၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၅၀၀ မှ ၁၉၀၀ အတွင်း၊ ဆလပ်ရွက်(စီး)ကျပ် ၂၀၀ မှ ၃၀၀အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၀ မှ ၁၂၀ အတွင်း၊ ခရမ်းသီး(ရှည်)(လုံး)ကျပ် ၇၀ မှ ၁၂၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၇၀ မှ ၁၅၀ အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)(ပိဿာ) ၈၀၀ မှ ၁၂၀၀ အတွင်း၊ ဖရဲသီး(အကြီး၊အလတ်၊အသေး)ကျပ် ၁၅၀၀ မှ ၅၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီး အလုံးပေါင်း (၁၈၃၀၀)ကျော်၊ခရမ်းသီး(ရှည်)(လုံး) (၁၆၁၀၀) ကျော်၊ဗူးသီးအလုံးပေါင်း (၈၁၀၀) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၆၈၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၁၅၁၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၄၁၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၆၆၅၀)ကျော်၊ ဖရဲသီးလုံးပေါင်း(၂၉၅၀၀)ကျော် အသီးသီး ကုန်အဝင်ရှိကြောင်း သိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်း‌ဒေသကြီး

 

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ၏အခြေအနေ

         ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ 25 ရက်နေ့နှင့် 26 ရက်နေ့များတွင် ဓါတ်ဆီ (95) တစ်လီတာ (1630) ကျပ်၊ ဓါတ်ဆီ (92) တစ်လီတာ(1565) ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ (၁၅၉၀)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာ (၁၆၀၀) ကျပ်မှ 27 ရက်‌နေ့တွင် ဓါတ်ဆီ (92) တစ်လီတာ (၁0) ကျပ်ဈေးတက်ခဲ့ပြီး၊ ရိုးရိုးဒီဇယ်နှင့်ပရီမီယမ်ဒီဇယ် (၂)မျိုးမှာဈေးငြိမ်ခဲ့ရာ 28 ရက်မှ 31 ရက်ထိ ဓါတ်ဆီ (95) တစ်လီတာ (1665) ကျပ်၊ ဓါတ်ဆီ (92) တစ်လီတာ (1595) ကျပ်၊ရိုးရိုးဒီဇယ်တစ်လီတာ (၁620)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာ (၁၆3၀) ကျပ်ထိပုံမှန်ဈေးနှုန်းများ တအိအိဈေးနှုန်းမြင့်တက်ရောင်းချလျက်ရှိကြောင်း၊ အလားတူနေ့ရက်များတွင် ရိုးရိုးဒီဇယ်တစ်လီတာ (1423)ကျပ်မှ (1472) ကျပ်ထိလည်းကောင်း၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာ (1443) ကျပ်မှ (1480) ကျပ်ထိလည်းကောင်း အထူး‌ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စက်သုံးဆီဈေးနှုန်းများ ဈေးကွက်စောင့်ကြည့်ကြပ်မတ်ဆောင်ရွက်ရသော စက်သုံးဆီဆိုင် (39) ဆိုင်မှ (14) ဆိုင်တွင် ဒီဇယ်(၂) မျိုးအား အထူးဈေးဖြင့် ရောင်းချနေကြောင်းနှင့် ဇန်နဝါရီလအတွင်း ပြည်တွင်းစက်သုံးဆီပုံမှန်ဈေး နှုန်းများမှာ 1.1.2022 မှ 31.1.2022 ထိ ဓါတ်ဆီ (95) တစ်လီတာ (225) ကျပ်၊ ဓါတ်ဆီ (92) တစ်ဂါလံ (220) ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ (265)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာ (265) ကျပ်ထိမြင့်တက်လာကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်း‌ဒေသကြီး

၃.၂.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၃.၂.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

၂.၂.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂.၂.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

ဆီလုပ်ငန်းရှင်အသင်းမှ ရောင်းချပေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ မြို့မစည်ပင်သာယာဈေး၊  ကုန်းဘောင်ဈေးနှင့် အောင်ဇေယျဈေးများတွင် ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်း မှစတင်၍ စားဆီ တစ်ပိဿာ ငွေကျပ် ၄၆၀၀ ကျပ်ဈေးဖြင့် ရောင်းချပေးလျက်ရှိပါသည်။

      ရွှေဘိုမြို့နယ်တွင် အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ စားသုံးဆီရောင်းဝယ်ရေး မော်တော်ယာဉ် ဖြင့် သတ်မှတ်အရေအတွက်ကုန်ဆုံးသည်အထိ  ရောင်းချပေးသွားမည် ဖြစ်သည်။

          အဆိုပါ စားဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချမှုကို မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၊ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

“အညာဒေသထွက် မကျည်းတောပဲမြစ်”

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကျေးလက်ဒေသများ၌ ပဲမြစ်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျှက် ရှိရာ တံတားဦးမြို့နယ်၊မကျည်းတောကျေးရွာတွင် အများဆုံးစိုက်ပျိုးလျှက်ရှိပါသည်။ မကျည်းတော ကျေးရွာမှ တောင်သူများသည် ပဲမြစ်အား ဘိုးစဉ်ဘောင်ဆက် အဆက်ဆက်ကနေ ယနေ့အချိန်ထိ စိုက်ပျိုးလာခဲ့ကြောင်း ၊ ၄င်းရွာမှထွက်ရှိသော ပဲမြစ်များသည် အခြားဒေသများမှ ထွက်ရှိသော ပဲမြစ်များထက် အရွယ်အစားသေးငယ်ပြီး အရသာမှာဆိမ့်ပြီးစေးပိုင်နေသောကြောင့် ဆောင်းရာသီ ပဲမြစ်ပေါ်ချိန်တွင်တံတားဦးဒေသထွက်မကျည်းတောပဲမြစ်မှာလူသိများထင်ရှားပါသည်။ထွက်ရှိလာသော ပဲမြစ်များအား အင်းဝဒေသရှိ ဘုရားစေတီပုထိုးများ နှင့် ရှေးဟောင်းအမွေအနှစ်များသို့လာ ရောက်လေ့လာဖူးမြှော်ကြသော ခရီးသွားပြည်သူများ ၊ ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်နှင့် အနယ်နယ်အရပ်ရပ်ရှိမြို့ကြီးများသို့တင်ပို့ရောင်းချလျှက်ရှိပါသည်။ပဲမြစ်ကိုစိုက်ပျိုးရာ၌ စနယ်မြေ အမျိုးအစား မြေပေါ်တွင် အဓိကစိုက်ပျိုးလျက်ရှိပြီး တောင်သူအများစုမှာ နှစ်စဉ် သြဂုတ်လတွင် စိုက်ပျိုး၍ ဒီဇင်ဘာလနှင့်ဖေဖော်ဝါရီလများတွင် တူးဖော်ရောင်းချကြကြောင်း သိရှိရပါသည်။ စိုက်ပျိုးရာတွင် ဘောင်များ ဖြင့်ပြုလုပ်၍ အစေ့ချစိုက်ပျိုးပြီး မျိုးအနေဖြင့် တစ်ဧက(၂)တင်းနှုန်းခန့်ကုန်ကျကြောင်း၊ ပဲမြစ်မျိုး အနေဖြင့် ဝက်ဝံမျိုး၊ မလှိုင်မျိုးများကိုသာ အများဆုံးစိုက်ပျိုးပြီး တစ်တင်းလျှင် (၁၅၀,၀၀၀-၂၀၀,၀၀၀)ကျပ်ရရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၆၀၀,၀၀၀/-)ဝန်းကျင်ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှပိဿာ(၁၄၀၀၊၁၅၀၀)ခန့်ထွက်ရှိကြောင်း ​၊ စျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် ပဲမြစ်စိုက်တောင်သူ အနည်းငယ်သာရှိသောကြောင့် ပဲမြစ်တစ်ပိဿာ စျေးနှုန်းမှာ (၁၀၀၀-၁၂၀၀)ကျပ် ရရှိရာမှ ယခုနှစ်တွင် ပဲမြစ်စိုက်တောင်သူများလာ၍ ပဲမြစ်တစ်ပိဿာ စျေးနှုန်းမှာ (၇၀၀-၉၀၀)ကျပ် ရှိခဲ့ရာ တောင်သူများအနေဖြင့် တစ်ဧကလျှင် အကျိုးအမြတ် (၅၀၀,၀၀၀)ကျပ် ဝန်းကျင် ခန့်ရရှိကြောင်း ပဲမြစ်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 “မိတ္ထီလာမြို့နယ်တွင် ဆိတ်မွေးမြူးရေးလုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင်လာ’’

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၇.၁.၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် မိတ္ထီလာမြို့နယ် အင်းပက်လက်ကျေးရွာနှင့် ရေချို ကျေးရွာ တို့ရှိ ဆိတ်မွေးမြူရေးလုပ်ငန်းရှင် တောင်သူများနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

            မိတ္ထီလာမြို့နယ်၊ အင်းပက်လက်ကျေးရွာနှင့် ‌ရေချိုကျေးရွာရှိတောင်သူများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး အများအားဖြင့် စပါး၊နှမ်း၊မြေပဲ၊ကုလားပဲ၊ ပဲစဉ်းငုံ၊ ဝါသီးနှံများကို အများဆုံး စိုက်ပျိုးကြသည်။ ယခုအခါတွင် စိုက်ပျိုးရေးလုပ်ငန်းအပြင် ဆိတ်မွေးမြူရေးလုပ်ငန်းကို အဓိကထား၍ တွဲဖက် လုပ်ကိုင်လာကြသည်ကို တွေ့ရကြောင်း သိရှိရပါသည်။ အင်းပက်လက်ကျေးရွာတွင် အိမ်ခြေ(၃၅၀)ရှိပြီး ဆိတ် မွေးမြူကြသည့် တောင်သူ (၅၃)ဦးနှင့် ရေချိုကျေးရွာတွင် အိမ်ခြေ(၅၀၁) ရှိပြီး ဆိတ်မွေးမြူသည့် တောင်သူ (၄၀)ဦးခန့်ရှိကြောင်း၊ ထိုကျေးရွာများတွင် ဆိတ်မွေးမြူရေးလုပ်ငန်းကို အများအားဖြင့် တစ်ပိုင်တစ်နိုင်မွေးမြူ ကြပြီး အစာဝယ်မကျွေးရပဲ တောထဲလွှတ်ကျောင်းသည့်စနစ်ဖြင့် မွေးမြူကြပြီး၊ မွေးမြူသူ (၁)ဦးတွင်အနည်းဆုံး ဆိတ်အကောင် ရေ(၂၀မှ ၅၀ထိ) မွေးမြူကြကြောင်း သိရှိရသည်။ ဆိတ်မွေးမြူရေးလုပ်ငန်းကို အစာဝယ်ကျွေး သည့် စနစ်ဖြင့် စီးပွားဖြစ်လုပ်ကိုင်သည့် မွေးမြူရေးလုပ်ငန်းရှင် တောင်သူ(၃)ဦးရှိကြောင်း၊ ၁ ဦးလျှင် ဆိတ် အကောင်ရေ (၂၀၀မှ ၃၀၀ထိ) မွေးမြူကြကြောင်း သိရှိရပါသည်။

            ဆိတ်မွေးမြူရာတွင် အသားတိုးဆိတ်နှင့် မျိုးပွားဆိတ်ဟူ၍ ခွဲခြားမွေးမြူထားကြကြောင်း၊ အသားတိုး ဆိတ်များကို မွေးမြူရာတွင် ဆိတ်ထီးနှင့် ဆိတ်မများကို သီးသန့်ခွဲခြားထားမွေးမြူကြကြောင်း တွေ့ရှိရပြီး၊ တစ် နှစ်မွေးမြူပါက ၃၅ ပိဿာအထိကြီးထွားမှုရှိကြောင်း၊ မျိုးပွားဆိတ်အဖြစ်မွေးမြူထားသော ဆိတ်များမှာ ၁ နှစ်လျှင် ၂ သား ပုံမှန် မွေးဖွားကြောင်းသိရပြီး တစ်ခါမွေးလျှင် (၁ ကောင်မှ ၂ ကောင် ၃ ကောင်အထိ) သားပေါက်များ မွေး ဖွားနိုင်ကြောင်း သိရှိရပါသည်။ အသားတိုးဆိတ်ကြီး (ကစီး)မျိုး ၁ နှစ်ခွဲ အရွယ်ကို (၁၀၀၀၀၀) ကျပ် စျေးပေး၍ ပခုက္ကူ၊ ညောင်ဦးမြို့နယ်များဘက်မှ မျိုးအဖြစ်ဝယ်ယူမွေးမြူကြပြီး မျိုးပွားဆိတ်သေး ၁ နှစ်သား အရွယ်ကို (၇၅၀၀၀) ကျပ်စျေးဖြင့် မြို့နယ်တွင်းမှ ဝယ်ယူမွေးမြူကြရကြောင်း သိရှိရပါသည်။ ဆိတ်အကောင်ရေ (၅၀)ခန့် မွေးမြူနိုင်သော ဆိတ်ခြံ (၁) ခြံ တည်ဆောက်ရန် (၁၅)သိန်းကျပ်ခန့် ကုန်ကျမှာဖြစ်ကြောင်း၊ အသားတိုးဆိတ် ကြီးမျိုးများ စတင်မွေးမြူလျှင် ဆိတ်တန်ဖိုးနှင့်ခြံတန်ဖိုးပေါင်း (၆၅) သိန်းကျပ်ခန့် ကုန်ကျနိုင်ပြီး ဆိတ်သေးမျိုး (မျိုးပွား) စတင် မွေးမြူလျှင် ဆိတ်တန်ဖိုးနှင့် ခြံတန်ဖိုးပေါင်း (၅၂) သိန်းကျော်ကုန်ကျနိုင်ကြောင်း ဆိတ်မွေးမြူ ‌ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

            အစာဝယ်ယူကျွေးမွေးရသော မွေးမြူ‌ရေးဆိတ်များအတွက် အစာအဖြစ် ဇီးသီးကြိတ်ဖက်၊ ဝါစေ့ကြိတ် ဖက်၊  ပဲအနှစ်နှင့် ကုလားပဲအခွံများကို ရောနယ်၍ကျွေးရပါသည်။ ဇီးကြိတ်ဖက်နှင့် ဝါစေ့ကြိတ်ဖက်များကို ပခုက္ကူမြို့နယ်ဘက်မှ ဝယ်ယူရပြီး ပဲအနှစ်နှင့် ကုလားပဲအခွံများကို မိတ္ထီလာမြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ ပဲခွဲ စက်များမှ ဝယ်ယူကြရကြောင်း သိရှိရပါသည်။ ဇီးကြိတ်ဖက် ၁ အိတ်လျှင် ၂၀၀၀ ကျပ်၊ ဝါစေ့ကြိတ် ဖက် ၁ အိတ်လျှင် ၁၅၀၀၀ ကျပ်၊ ပဲအနှစ် ၁ ပိဿာလျှင် ၁၀၀၀ ကျပ်၊ ကုလားပဲအခွံ ၁ ပိဿာလျှင် ၇၅၀ ကျပ် စျေးနှုန်း ဖြင့် ဝယ်ယူကြရကောင်း သိရှိရပါသည်။

            ဆိတ်များသည် မိုးတွင်းကာလတွင် ရာသီဥတုဒဏ်မခံနိုင်၍ ပိုမို ဂရုစိုက်ရကြောင်း၊ ဆိတ်များရောင်းချ ရာတွင်အကောင်ပြတ်စနစ်ဖြင့် ၁ ပိဿာလျှင် ၆၀၀၀ ကျပ်စျေးဖြင့်ရောင်းချကြကြောင်းသိရှိရပါသည်။ မိတ္ထီလာ မြို့ (နွားပွဲ/ဆိတ်ပွဲ)စျေးသို့လည်းကောင်း ရန်ကုန်၊ မော်လမြိုင်၊ မန္တလေးမြို့များသို့လည်းကောင်း တင်ပို့ရောင်းချ ကြောင်း သိရှိရပါသည်။ ဆိတ်တစ်ကောင်သည် ၁ နှစ်လျှင် (၄ ကောင်မှ ၆ ကောင်အထိ) မျိုးပွားနိုင်၍ တွက်ခြေ ကိုက်သဖြင့် အချို့မိသားစုများသည် ဆိတ်မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြကြောင်း သိရှိရ ပါသည်။

            မိတ္ထီလာမြို့နယ်၊ အင်းပက်လက်ကျေးရွာနှင့် ရေချိုကျေးရွာရှိ ဆိတ်မွေးမြူရေးလုပ်ငန်းသည် ယခုလို Covid-19 ကာလအတွင်းနှင့် Covid-19 အလွန်ကာလများတွင် အခြားစီးပွား‌ရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက ရင်းနှီးမြှပ်နှံချိန်ကာလ တိုတောင်းပြီး အချိန်တိုအတွင်း တွက်ခြေကိုက်၍ ဝင်ငွေရရှိနိုင်သော လုပ်ငန်းတစ်ခုဖြစ် သည့်အတွက်ကျေးရွာနေပြည်သူများသည် တိုးချဲ့မွေးမြူလုပ်ကိုင်လာကြသည်ကိုတွေ့ရှိရပြီး နိုင်ငံတော်အတွက် စီးပွားရေးအလားအလာကောင်းသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 “စိုက်ပျိုးသူတောင်သူများ အကျိုးဖြစ်ထွန်းနေသော Hybrid ဒန့်သလွန်”

            မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဖြိုးဓနလင်း၊ဒု-ဦးစီးမှူး သည် ဝမ်းတွင်းမြို့ စိုက်ကွင်း (၁) ကျေးရွာသို့ ကွင်းဆင်း၍ အိန္ဒိယဒန့်သလွန် စိုက်ပျိုးသော တောင်သူဦးမြအေးနှင့် စိုက်ပျိုးထုတ်လုပ်မူ အခြေအနေများကိုတွေ့ဆုံမေးမြန်းခဲ့ပါသည်။

            ဒန့်သလွန်ပင်သည် အပူပိုင်းသီနှံဖြစ်သော်လည်း တောင်ပေါ်မြေပြန့်မရွေးဖြစ်ထွန်းသဖြင့် ရာသီဥတု မရွေးစိုက်ပျိုးနိုင်သောအပင်ဟုဆိုနိုင်ကြောင်း၊ ဒန့်သလွန်ပင်ဟာ သဲဆန်လွန်းသောမြေနှင့် ကျောက်စရစ်မြေများမှလွဲ၍ မြေ မ‌ရွေးဖြစ်ထွန်းသော အပင်ဖြစ်ကြောင်း၊ ဒန့်သလွန်စိုက်ပျိုးရန် ရေမဝပ်သော နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းမြေ စေးများတွင် အကောင်းဆုံးဖြစ်ကြောင်း၊ ဒန့်သလွန်ပင်ကို ကိုင်ဖြတ်၍သော်လည်းကောင်း၊ အစေ့တိုက်ရိုက်မြေချ၍သော်လည်းကောင်း၊ ပျိုးထောင်၍သော်လည်းကောင်း စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။

            ဒန့်သလွန်မျိုးမှာ အိန္ဒိယမျိုးဖြစ်၍ အစေ့တစ်စေ့လျှင် ၁၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူပျိုးထောင်စိုက်ပျိုးခဲ့ ကြောင်း၊ ဒန့်သလွန် တစ်ဧကလျှင် (၄၃၅) ပင် (၁၀'x ၁၀') ခြား စိုက်ပျိုးဝင်ဆန့်ပါကြောင်း၊၂၀၁၉ ခုနှစ်တွင် ပျိုးထောင်စိုက်ပျိုးခဲ့ပြီး ယခု ၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည်။ တစ်ဧကကုန်ကျစရိတ် ၂ သိန်း ခန့်  ကုန်ကျပြီး နှစ်အနည်းငယ်အတွင်း အကျိုးဖြစ်ထွန်းသော ဒန့်သလွန်ပင်ဖြစ်ကြောင်း သိရှိရပါသည်။

            မိတ္ထီလာခရိုင်အတွင်း ဝမ်းတွင်းမြို့နယ် စိုက်ကွင်း (၁) ကျေးရွာနှင့် သာစည်မြို့နယ် မြိုင်သာကျေးရွာတွင် ဒန့်သလွန်စိုက်ဧက ၃ ဧကစီ၊ စုစုပေါင်း ၆ ဧက စိုက်ပျိုးထားကြောင်းနှင့် အမျိုးအစားအနေဖြင့် အိန္ဒိယမျိုး (P.K.M.I) ကို စိုက်ပျိုးကြောင်းသိရှိရပါသည်။ စိုက်ပျိုးပြီးအပင်သက်တမ်း ၇ လ ၈ လကြာလျှင် အသီးခူးဆွတ် နိုင်ကြောင်း၊ အပင်သက်တစ်နှစ်ဝန်းကျင်ကျော်ရှိသော ဒန့်သလွန်ပင်တစ်ပင်လျှင် တစ်နှစ်လျှင် အတောင့် (၁၂၀/ ၁၅၀)ဝန်းကျင်ထိ ထွက်ရှိကြောင်း၊ အပင်သက်တမ်းအနေဖြင့် (၅/၆)နှစ်ခန့် ခူးဆွတ်နိုင်ကြောင်းသိရှိရပါသည်။ ဒန့်သလွန်ပင်သည် ၁ နှစ်တွင် ၂ ကြိမ်ခူးဆွတ်ရပြီး၊ ဒန့်သလွန် ၁ ဧက လျှင် (၄၃၅) ပင်အား တစ်နှစ် ခြံအပြတ်စနစ် (၆၅) သိန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ထွက်ရှိသော ဒန့်ဒလွန်သီးများအား မန္တလေး၊ တောင်ကြီး၊ နေပြည်တော်၊ ရန်ကုန်၊ မြဝတီ စျေးကွက်များသို့ တင်ပို့ရောင်းချကြောင်း လေ့လာသိရှိရပါသည်။

            ဒန့်သလွန်သီးပင်သည်ယခုအချိန်တွင် စျေးကွက်ရောင်းဝယ်အားကောင်းပြီး စိုက်ပျိုးသူ တောင်သူများ အနေဖြင့် အကျိုးစီးပွားဖြစ်ထွန်းသော သီးနှံတမျိုးဖြစ်၍ ပိုမို စိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်း စိုက်ပျိုးသူ တောင်သူနှင့် တွေ့ဆုံမေးမြန်းမူ့အား တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း