ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တောင်ကိုရီးယားနိုင်ငံ၏ အနာဂတ်စီးပွားရေး ပိုကောင်းလာမယ်လို့ ယုံကြည်တဲ့ သဘောထားများ စက်တင်ဘာလတွင် ဒုတိယကြိမ်မြောက်တိုးတက်လာ

       တောင်ကိုရီယား စီးပွားရေးလုပ်ငန်းများကြားတွင် စီးပွားရေးအခြေအနေနှင့်ပတ်သက် သော ယုံကြည်မှုများသည် ချစ်ပ်ထုတ်လုပ်မှုတိုးတက်လာခြင်းနှင့် စားသုံးသူ ဝယ်လိုအား မြှင့်တင်ရန် အပိုဘတ်ဂျက် အစီအစဉ်ကြောင့် ဒုတိယအကြိမ်အဖြစ် ဆက်တိုက်တိုးတက် လာကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သော ဗဟိုဘဏ်အချက်အလက်များအရ သိရှိရပါသည်။

     ကိုရီးယားဘဏ် (BOK) ၏ အဆိုအရ စက်တင်ဘာလတွင် စက်မှုလုပ်ငန်း အားလုံး၏ စုစုပေါင်းစီးပွားရေးစိတ်ဓာတ်ညွှန်ကိန်း (CBSI) သည် သြဂုတ်လတွင် ၁.၀ မှတ် တက်လာပြီး နောက် စက်တင်ဘာလတွင် တစ်လအတွင်း ၀.၆ မှတ် မြင့်တက်လာကာ ၉၁.၆ သို့ ရောက်ရှိခဲ့ပါသည်။

      စားသုံးသူဝယ်လိုအားကို မြှင့်တင်ရန်ရည်ရွယ်သည့် ငွေသားထောက်ပံ့မှုများပေးမည့် ဖြည့်စွပ်ဘတ်ဂျက်သည် ထုတ်လုပ်မှု မဟုတ်သော လုပ်ငန်းများအကြား စီးပွားရေးအတွက် အနာဂတ်ယုံကြည်မှုများ တိုးလာခဲ့ပါသည်။

      စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် ထုတ်လုပ်သူများသည် ပြည်တွင်းဝယ်လိုအားကျ ဆင်းခြင်း၊ စီးပွားရေး မရေရာမှုနှင့် ပြင်းထန်သော ပြိုင်ဆိုင်မှတို့ကို ရင်ဆိုင်နေရပြီး ကုန်ထုတ် လုပ်သူမဟုတ်သော လုပ်ငန်းရှင်များမှာ ဝယ်လိုအားနည်းပါးခြင်း၊ စီးပွားရေးအခြေအနေ မရေရာ ခြင်း၊ လုပ်ခလစာမြင့်မာခြင်းတို့ကို ရင်ဆိုင်နေရပါသည်။

     စီးပွား‌ရေးလုပ်ငန်းရှင်များနှင့် စားသုံးသူများကြား ယုံကြည်မှုကို တွက်ချက်ထားသော ညွှန်းကိန်း (ESI) သည် စက်တင်ဘာလတွင် ၉၁.၃ တွင် ရပ်တည်ခဲ့ပြီး ယခင်လထက် ၃.၃ မှတ် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ပိုးသတ်ဆေးဓာတ်ကြွင်းများပါဝင်သဖြင့် တရုတ်နိုင်ငံမှ အဝယ်ရပ်၍ ပဲတီစိမ်းဈေးကျ

          မြန်မာဘက်မှ တင်ပို့လိုက်သော ပဲတီစိမ်းတန်ချိန် ၁ သောင်းကျော်တွင် ပိုးသတ်ဆေး သိုင်ယာမီသိုစမ်(Thiamethoxam) နှင့် မှိုသတ်ဆေး(Trycyclazole) ဓာတ်ကြွင်း နှစ်မျိုးများနေသည်ဆိုကာ တရုတ်မှ လက်မခံဘဲ ပြန်ပို့ခဲ့သဖြင့် ပဲကုမ္ပဏီအချို့ တင်ပို့မှု ရပ်ဆိုင်းခဲ့ရသလို ပြည်တွင်း ဈေးကွက်တွင်လည်း ပဲတီစိမ်းဈေးနှုန်းများ ကျဆင်းနေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

          အဆိုပါကိစ္စရပ်ကြောင့် ပြည်တွင်းပဲဈေးကွက်အတွင်း ပဲတီစိမ်းအရောင်းအဝယ်အေးကာ ယခင်က ပဲတီစိမ်း (၁)အိတ်လျှင် ကျပ် ၄ သိန်းကျော်ရှိရာမှ လက်ရှိတွင် အမြင့်ဆုံး ကျပ် ၃ သိန်း      ၂ သောင်း ကျပ်သာရှိတော့ပြီး ဈေးများကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကမ္ဘောဒီးယားနှင့် ကုန်သွယ်ရေး ဆက်ဆံမှု ပိုမိုတိုးချဲ့ရန် တောင်ကိုရီးယားက ကတိပြုထား

          တောင်ကိုရီးယားနိုင်ငံသည်ကမ္ဘောဒီးယားနိုင်ငံနှင့် ကုန်သွယ်မှုနှင့်ကူးသန်းရောင်းဝယ်ရေး ဆက်ဆံရေးကို ပိုမိုချဲ့ထွင်ရန် ဆန္ဒရှိနေသည်။ အမေရိကန်နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး Prak Sokhonn သည် ၂၄-၉-၂၀၂၅ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော နှစ် ၈၀ ပြည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အပြီးတွင် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Cho Hyun နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

        တွေ့ဆုံစဉ် နှစ်နိုင်ငံကြား ကုန်သွယ်မှုကို ပိုမိုချဲ့ထွင်ရန် စိတ်အားထက်သန်မှုကို အခိုင်အမာအတည်ပြုပြီး ကမ္ဘောဒီးယားအစိုးရမှ ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ပံ့ပိုးကူညီမှုအား ဝန်ကြီး Cho Hyun က ချီးကျူးစကား ပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြား လူကုန်ကူးမှုနှင့် လိမ်လည်လှည့်ဖြားမှုများအား နှိမ်နင်းမှုများ အားကောင်းလာစေရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြပြီး ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေးတွင် အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြရန် ထပ်မံကတိပြုခဲ့ကြသည်။ တောင်ကိုရီးယားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အရေးပါသော ကုန်သွယ်ဖက်နိုင်ငံများ ဖြစ်ကြပြီး ၎င်းတို့၏နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၇၆၂ သန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၁၁.၄၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ကမ္ဘောဒီးယား-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (CKFTA) နှင့် အခြားသောသဘောတူညီချက်များသည် ဤကုန်သွယ်မှုကို လွယ်ကူချောမွေ့ စေပြီး စီးပွားရေးနှင့်လူမှုရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန် နှစ်နိုင်ငံလုံးသည် ပိုမိုမဟာဗျူဟာမြောက် မိတ်ဖက်အဖြစ်သို့ ဦးတည်လျက်ရှိသည်။ Source: Khmer Times                                                                                   

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ၏ ကားတာယာ တင်ပို့မှုသည် ပထမ ၈ လတွင် ၆၄ ရာခိုင်နှုန်း တိုးလာ

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမ (၈) လတွင် နိုင်ငံခြားဈေးကွက်များသို့ ကန်ဒေါ်လာ ၈၇၀ သန်းတန်ဖိုးရှိ ကားတာယာများတင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အလားတူကာလတွင် တင်ပို့ခဲ့သည့်ကန်ဒေါ်လာ ၅၂၇ သန်းမှ ၆၄ ရာခိုင်နှုန်း တိုးလာကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ တာယာတင်ပို့မှုတွင် သိသိသာသာ တိုးတက်မှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အစိုးရ၏ မဟာဗျူဟာမြောက် ကြိုးပမ်းအားထုတ်မှုများကြောင့် တာယာထုတ်လုပ်သူ အများအပြားသည် နိုင်ငံတွင်း၌ ဆက်လက်ရင်းနှီးမြှုပ်နှံပြီး ၎င်းတို့၏ လုပ်ငန်းများကို ချဲ့ထွင်နေခြင်းကြောင့် ဖြစ်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ကားတာယာများသည် နိုင်ငံခြားသို့တင်ပို့ရန် အလားအလာရှိသော ထုတ်ကုန်သစ်များဖြစ်ကြောင်း၊ ကားတာယာ တင်ပို့မှု သိသိသာသာ တိုးလာခြင်းသည် ကမ္ဘောဒီးယားအစိုးရ၏ ထုတ်ကုန်တင်ပို့မှု ကွဲပြားခြင်း ၏ အောင်မြင်မှုကို သက်သေပြနေကြောင်း ပြောကြားခဲ့သည်။  ကမ္ဘောဒီးယားနိုင်ငံ၏ပြည်တွင်း ထုတ်ကုန်များအတွက် စျေးကွက်ချဲ့ထွင်နိုင်စေသည့် ဒေသတွင်းဘက်စုံစီးပွားရေး မိတ်ဖက် ဆက်ဆံရေးနှင့် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကဲ့သို့သော လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များ၏ အပြုသဘောဆောင်သော အကျိုး သက်ရောက်မှုများကိုလည်း ဆက်လက်ပြောကြားခဲ့သည်။ ကားတာယာ တင်ပို့မှုတန်ဖိုးသည် နိုင်ငံတော်၏ စုစုပေါင်းတင်ပို့မှု၏ ၄.၁၈ ရာခိုင်နှုန်းဖြစ်ပြီး ကန်ဒေါ်လာ ၂၀.၈၃ ဘီလီယံရရှိခဲ့ သည်။ Source: Khmer Times                                                          

DOCA (ရန်ကုန်)

ကမ္ဘောဒီးယား၏ ခရီးသွားကဏ္ဍကို ပိုမိုကောင်းမွန်လာစေရန် ပျံသန်းမှုများ တိုးချဲ့လုပ်ဆောင်ရန် စီစဉ်ထား

          ခရီးသွားကဏ္ဍအတွက် တွန်းအားတစ်ခုအနေဖြင့် ကမ္ဘောဒီးယားသည် ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းခရီးစဉ်ပေါင်း ၃၁,၅၇၉ ခု ပျံသန်းဝန်ဆောင်မှုပေးခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ပျံသန်းမှု ၂၇,၆၃၈ ခုမှ ၁၄.၂ ရာခိုင်နှုန်း တိုးလာမည်ဟု လေကြောင်း ပိုင်းခြားစိတ်ဖြာမှု ဝန်ဆောင်မှုပေးသူ Cirium ၏ ပြောကြားချက်အရ သိရသည်။ နိုင်ငံအတွင်း လေကြောင်းခရီးဖြင့် လာရောက် လည်ပတ်သူ ခရီးသွားများသည် ၂၀၂၅ တွင် ၅,၁၈၂,၈၆၄ ဦးသို့ရောက်ရှိရန်ခန့်မှန်းထားပြီး ၂၀၂၄ ခုနှစ်တွင် ၄,၅၁၇,၃၉၇ ဦးမှ ၁၄.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ ၂၀၂၆ ခုနှစ် ပထမ သုံးလပတ်အတွက် အလားတူတိုးတက်မှုလမ်းကြောင်းရရှိရန် မျှော်မှန်းထားကြောင်း Cirium မှ ပြောကြားခဲ့သည်။

        ခရီးသွားကဏ္ဍ၏ ကြီးထွားလာသောအရှိန်အဟုန်ကို ဖနွမ်းပင်မြို့ရှိ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ်နှင့် Siem Reap-Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်တို့က ပံ့ပိုးပေးထားပြီး ကမ္ဘောဒီးယားနိုင်ငံ၏ လေကြောင်းစွမ်းရည်နှင့် ချိတ်ဆက်မှုအား ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုလျက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။ လေဆိပ်နှစ်ခုစလုံးသည် နှစ်စဉ် သန်းနှင့်ချီသော ခရီးသည်များကို ဝန်ဆောင်မှုများပေးရန် ဒီဇိုင်းထုတ်ထားပြီး လျင်မြန်စွာ တိုးချဲ့နေသော ခရီးသွားလုပ်ငန်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ကမ္ဘာ့အဆင့်မီ အခြေခံ အဆောက်အအုံများ ပံ့ပိုးပေးထားသည်။ သမိုင်းမှတ်တိုင်သစ်တစ်ခုအဖြစ် ယခုနှစ်တွင် အရှေ့အလယ်ပိုင်းလေကြောင်းလိုင်းများဖြစ်သည့် Emirates၊ Turkish Airlines နှင့် Etihad Airways တို့က ကမ္ဘောဒီးယားသို့ လမ်းကြောင်းသစ်များ စတင်ဝင်ရောက်လာကြောင်း ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (CTB) မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (CTB) ၏ အမှုဆောင်အရာရှိချုပ် Kim Minea က လေကြောင်း ကဏ္ဍတွင် အားကောင်းလာသည်နှင့်အမျှ ကမ္ဘောဒီးယားနိုင်ငံသို့ ကမ္ဘာအဆင့်မီ လေကြောင်းလိုင်းအသစ်များရောက်ရှိလာနိုင်ပြီး နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားသော လေကြောင်းလိုင်းများ၏ ယုံကြည်မှု၊ ခရီးသွားလုပ်ငန်း ဆက်လက်ကြီးထွားလာမှုအပေါ် ယုံကြည်မှုနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်လည်ပတ်သော ခရီးသွားများ၏ ယုံကြည်မှုများ အားကောင်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ (၆) လအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၃.၃၆ သန်းကို လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆.၂ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ခရီးသွား လာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ MoT ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ နိုင်ငံတကာခရီးသည် ၁.၄၂ သန်းကျော်သည် ဖနွမ်းပင် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ Siem Reap Angkor အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် Sihanoukville အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှတဆင့် လေကြောင်းနှင့် ရောက်ရှိလာခဲ့ပြီး ၁.၉၃ သန်းကျော် ကုန်းကြောင်းနှင့် ရေကြောင်းဖြင့် ရောက်ရှိလာခဲ့သည်။ Source: Khmer Times               

DOCA (ရန်ကုန်)                                                                    

၂၀၂၆ ခုနှစ် မတ်လအထိ ‌ငွေစင်လက်ဝတ်ရတနာများ တင်သွင်းခြင်းကို အိန္ဒိယအစိုးရမှ တားမြစ်ပိတ်ပင်

          အိန္ဒိယအစိုးရသည် စက်တင်ဘာလ ၂၄ ရက်နေ့မှစ၍ လာမည့်နှစ် ၂၀၂၆ ခုနှစ်မတ်လ ၃၁ ရက် နေ့အထိ နိုင်ငံအတွင်းသို့ ငွေလက်ဝတ်ရတနာများ တင်သွင်းမှုကို တားမြစ်ထားကြောင်း အမိန့်ကြေငြာစာ အရသိရပါသည်။ အဆိုပါပိတ်ပင်မှုသည် လွတ်လပ်သောကုန်သွယ်မှု သဘော တူညီချက် (FTAs) ကို အလွဲသုံးစားလုပ်ခြင်းမှ တားဆီးရန်နှင့် လက်ဝတ်ရတနာ အချောထည် များအဖြစ် ငွေအများအပြား တင်သွင်းမှုများကို ဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရပါသည်။

          ကန့်သတ်ထားသည့် ကုန်ပစ္စည်းများတင်သွင်းရန် အစိုးရထံမှ လိုင်စင်လိုအပ်ပြီး အကောက်ခွန် ကင်းလွတ်မှုများ အောက်မှ ငွေလက်ဝတ်ရတနာများ တင်သွင်းမှု ကန်သတ်ချက်များသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ဧပြီ-ဇွန် မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်၏ ဧပြီ-ဇွန် အထိတိုးမြင့်လာခြင်းဖြစ်သည်။ FTA ပါ ပြဌာန်းချက်များကို ရှောင်တိမ်းသည့် သွင်းကုန်များသည် ပြည်တွင်းထုတ်လုပ်သူများကို ဆိုးဆိုးရွားရွား ထိခိုက်စေပြီး ကျောက်မျက်ရတနာကဏ္ဍတွင် အလုပ်အကိုင်ရရှိရေးအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်လာကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်သည် အိန္ဒိယ၏ လက်ဝတ်ရတနာ ထုတ်လုပ်သူများ အတွက် ‌စျေးကွက်များ ပိုမိုကျယ်ပြန့်စေပြီး အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ အကျိုးစီးပွားကို ကာကွယ်ကာ ကဏ္ဍအတွင်းရှိ အလုပ်သမားများအတွက် အသက်မွေးဝမ်းကြောင်းအခွင့်အလမ်းများ ပိုမိုလုံခြုံစေမည်ဟု အစိုးရမှ ယုံကြည်ထားကြောင်းသိရပါသည်။Source : indiatoday  

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့မှု ၉ လ အတွင်း အမေရိကန်ဒေါ်လာ ၆.၁၁ ဘီလီယံ ရရှိရန်ခန့်မှန်းထား

          ဗီယက်နမ်နိုင်ငံ၏ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုသည် ၂၀၂၅ ခုနှစ်၏ ပထမ ၉ လအတွင်း အမေရိကန်ဒေါ်လာ ၆.၁၁ ဘီလီယံ ကျော်အထိ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၈.၃ ရာခိုင်နှုန်း  တိုးတက်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်ကျင် ဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။

          စက်တင်ဘာလ တစ်ခုတည်းတွင် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁.၂၉ ဘီလီယံ နီးပါးအထိ ရောက်ရှိခဲ့ပြီး အမြင့်ဆုံးလစဉ်တင်ပို့မှု ကိန်းဂဏန်းအဖြစ် မှတ်တမ်းတင်ခဲ့ပါသည်။ သြဂုတတ်လနှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။

          ဖွံ့ဖြိုးမှုကို ရေရှည်တည်တံ့စေရန် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှု၏ အဓိက ဈေးကွက်ဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပသမဂ္ဂနှင့် တရုတ် ကဲ့သို့သော ဗီယက်နမ်နှင့် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်စာချုပ်များ လက်မှတ်ရေးထိုးထားသည့် နိုင်ငံများနှင့် ခိုင်မာအောင် ဆောင်ရွက်ရန် တိုက်တွန်းထားပါသည်။ ဗီယက်နမ်ထုတ်ကုန်များကို ပိုမိုစွမ်းဆောင်ရည်မြင့်ပြီး ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင် စေရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်ရန် တိုက်တွန်းထား ကြောင်းသိရှိရပါသည်။Source : Vietnam Plus                                                                   

DOCA (ရန်ကုန်)

တရုတ်နိုင်ငံသည် ဝန်ဆောင်မှုပို့ကုန်များ မြှင့်တင်ရန် အစီအစဉ်များထုတ်ပြန်

          တရုတ်နိုင်ငံသည် ဝန်ဆောင်မှုပို့ကုန်များ မြှင့်တင်ရန်နှင့် ဝန်ဆောင်မှုကုန်သွယ်မှုကို အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ရည်ရွယ်သည့် အစီအစဉ်များကို ထုတ်ပြန်ခဲ့ပါသည်။ ထိုအစီအမံများတွင် ၁၃ ချက်ပါဝင်ပြီး ဝန်ဆောင်မှုကုန်သွယ်မှုကိုအရှိန်မြှင့်ရန်၊ မြှင့်မားသော စံချိန်စံညွှန်များဖြင့် ပွင့်လင်းစွာချဲ့ထွင်ရန်နှင့် နိုင်ငံခြားကုန်သွယ်မှု ကြီးထွားမှုအတွက် အရှိန်ဟုန်သစ်များ‌ မွေးမြူရန် ရည်ရွယ်ကြောင်းသိရပါသည်။

          ဆောင်ရွက်ချက်များတွင် ဗဟိုနှင့် ဒေသဆိုင်ရာ အစိုးရများ၏ ရရှိနိုင်သော ရန်ပုံငွေ လမ်းကြောင်းများကို အပြည့်အဝအသုံးပြု၍ ဒီဂျစ်တယ်ဝန်ဆောင်မှုများ၊ အဆင့်မြင့်ဒီဇိုင်း၊ သုတေသနနှင့် ဖွံဖြိုးတိုးတက်မှု (R&D)၊ ထောက်ပံ့ရေးကွင်းဆက်များနှင့် စွမ်းအင်ခြွေတာရေး၊ သယံဇာတ ပြန်လည်အသုံးပြုခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် အကြံပြုခြင်းတို့ပါဝင်သည့် ဝန်ဆောင်မှုပုံစံသစ်များ ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

          အဆိုပါ ဆောင်ရွက်ချက်များတွင် ဝန်ဆောင်မှုကုန်သွယ်မှုများအတွက် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများကို လွယ်ကူချော မွေ့စေရန် ကြိုးပမ်းမှုများလည်း ပါဝင်မည်ဖြစ်ပြီး သက်ဆိုင်ရာ လုပ်ငန်းများတွင် ယုံကြည်စိတ်ချရပြီး စည်းကမ်းလိုက်နာသော ကုမ္ပဏီများအတွက် ငွေပေးချေမှုပိုမို လွယ်ကူပြီး ထိရောက်အောင် ဘဏ်များကိုတိုက်တွန်ခြင်းများလည်း ပါဝင်ကြောင်း သိရှိရပါသည်။Source : Xinhua                                         

              DOCA (ရန်ကုန်)

ဖိလစ်ပိုင်နိုင်ငံသည် ဆန်တင်သွင်းမှု ဆက်လက်ပိတ်ထားရန်စဉ်စားနေ

          ဖိလစ်ပိုင် သမ္မတ Ferdinand Romualdez Marcos သည် လက်ရှိနှစ်လကြာ ဆန်တင်သွင်းမှု ဆိုင်းငံ့ထားခြင်းကို သက်တမ်းတိုးခြင်းနှင့် ပြည်ပဆန်များအပေါ် အခွန်တိုးမြှင့်ခြင်းဖြင့် နိုင်ငံ၏ ဆန်တင်သွင်းမှု မူဝါဒကိုတင်းကြပ်ရန် ဆောင်ရွက်နေကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့တွင် စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

          စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel က သမ္မတသည် တင်သွင်းမှုဆိုင်းငံ့ထားခြင်းကို သက်တမ်းတိုးရန် ညွှန်ကြားထားကြောင်း ပြောခဲ့ပါသည်။

      ဆန်တင်သွင်းမှု ဆိုင်းငံ့ထားခြင်းနှင့် သွင်းကုန်ဆန်အပေါ် အခွန်တိုးမြှင့်နိုင်ခြေကို လယ်သမားတို့ရောင်းသည့် ဈေးနှုန်းနှင့် ပမာဏ အချက်အလက်များပေါ်မူတည်ပြီး ဆုံးဖြတ်မည်ဟု Tiu Laurel က သမ္မတနှင့် ဆွေးနွေးပြီးနောက် ပြောကြားခဲ့ပါသည်။စက်တင်ဘာ ၁ ရက်နေ့တွင် စတင်ပြီး နိုင်ဝင်ဘာ ၂ ရက်နေ့တွင် ပြီးဆုံးရန် သတ်မှတ်ထားသည့် သွင်းကုန်ရပ်ဆိုင်းမှုကို ဈေးသက်သာသော သွင်းကုန်ဆန်များကြောင့် ဖြစ်ပေါ်လာသော ဆန်စပါးကျဆင်းမှုမှ လယ်သမားများ ပြန်လည်ဈေးကောင်းရလာစေရန် ကနဦး ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနှင့် ဂျပန်တို့သည် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်မှုကို မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် ဆွေးနွေး

          ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေး ၀န်ကြီး Huot Hak နှင့် ဂျပန်နိုင်ငံ Nagoya မြို့တော်ဝန် Hirosawa Ichiro တို့သည် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ ကမ္ဘာ့အမွေအနှစ်နေရာများအား အသုံးချခြင်းနှင့် သံတမန်ဆက်ဆံရေးကို မြှင့်တင်ရန် ၂၄-၉-၂၀၂၅ ရက်နေ့တွင် ဆွေးနွေးခဲ့ကြသည်။ အဆိုပါအစည်းအဝေးကို ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံမှ အကြီးတန်းခေါင်းဆောင်များနှင့် ကမ္ဘောဒီးယား ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

             အဆိုပါအစည်းအဝေးတွင် ပူးတွဲစျေးကွက်ရှာဖွေရေးလှုပ်ရှားမှုများ၊ ခရီးသွားကဏ္ဍတွင် ပညာရှင်များဖလှယ်ရေးအတွက် အစီအစဉ်များနှင့် Angkor Wat အပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာ့အမွေအနှစ်နေရာများကို ဂျပန်ခရီးသွားများထံ မြှင့်တင်ရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်များနှင့် ဒေသခံလက်မှုပညာသမားများအတွက် စီးပွားရေးအကျိုးခံစားခွင့်များ ပေးဆောင်ရန် ဂျပန် ပြည်ပခရီးသွားဈေးကွက်တွင် ကမ္ဘောဒီးယား၏တည်ရှိမှုကို အားကောင်းစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ MoT ၏ ထုတ်ပြန်ချက်အရ ခရီးသွားလုပ်ငန်းဗျူဟာများကို ချိန်ညှိကာ ယဉ်ကျေးမှုနှင့် အမွေအနှစ်ပစ္စည်းများကို အသုံးချခြင်းဖြင့် ကမ္ဘောဒီးယားနှင့် ဂျပန်နှစ်နိုင်ငံစလုံးသည် ဧည့်သည်အရေအတွက်များ စဉ်ဆက်မပြတ် တိုးပွားလာစေရန်၊ ပြည်တွင်းစီးပွားရေးလုပ်ငန်း များကို ပံ့ပိုးပေးကာ နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှု တိုးမြှင့်ရန် မျှော်လင့်ထားသည်။ Source: Khmer Times                          
DOCA (ရန်ကုန်)          

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ