ADB နှင့် Japan Financial Services Agency တို့သည် အာရှ-ပစိဖိတ်ဒေသတွင် ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြ

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဥက္ကဋ္ဌ Masato Kanda နှင့် Japan Financial Services Agency (JFSA) Commissioner Yutaka Ito တို့သည် အာရှနှင့် ပစိဖိတ်ဒေသတွင် ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ခိုင်မာစေရန်အတွက် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါသဘောတူညီချက်သည် ဒေသတွင်းရှိ ထွန်းသစ်စနိုင်ငံများ၏ ငွေကြေးဆိုင်ရာနည်းပညာများကို ပိုမိုအသုံးချနိုင်ရန်၊ ၎င်းတို့၏ အရင်းအနှီး ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပိုမိုခံနိုင်ရည်ရှိပြီး တည်ငြိမ်သော ဘဏ္ဍာရေးစနစ်များ တည်ဆောက်ရန် အစီအမံများကို အလေးထားဆောင်ရွက်ထားကြောင်း မနီလာအခြေစိုက်ဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။ ပိုမိုပွင့်လင်းသောကုန်သွယ်မှုနှင့် ခိုင်မာသောဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် စနစ်များသည် ဒေသတွင်းစီးပွားရေးများ ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုမှ အကျိုးကျေးဇူးရရှိစေရန်နှင့် ပိုမိုခံနိုင်ရည်ရှိအောင် တည်ဆောက်နေချိန်တွင် လိုအပ်ကြောင်း Kanda မှ ပြောကြားခဲ့သည်။ အတူတကွလုပ်ဆောင်ခြင်းဖြင့် ၎င်းတို့သည် အာရှ၏ကြီးမားသော တိုးတက်မှုအခွင့်အလမ်းများနှင့် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံသူများကို ချိတ်ဆက်ကာ ရေရှည်အရင်းအနှီးအတွက် ဝယ်လိုအားနှင့် ထောက်ပံ့မှုသံသရာကို ဖန်တီးပေးမည်ဟု ၎င်းက ဆိုသည်။ ADB သည် အာရှနှင့် ပစိဖိတ် ဒေသတစ်ဝှမ်းတွင် အားလုံးပါဝင်နိုင်သော ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့သော တိုးတက်မှုကို ပံ့ပိုးပေးသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဘဏ်တစ်ခုဖြစ်ပြီး ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)









