HighLight News

Powered by Drupal

“ဂွေးပင်စိုက်ပျိုးဝင်ငွေတိုး”

           ကျောက်ဆည်ခရိုင်သည် မြေဆီ၊ မြေလွှာကောင်းမွန်သောဒေသဖြစ်ပြီး၊ ရာသီပေါ်သီးနှံမျိုးစုံကို စိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံများာကိုးလည်း စိုက်ပျိုးလျက်ရှိရာ ၄င်းတို့အနက်မှ   မိသားစုအပိုဝင်ငွေရရှိသည့် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သော ဈေးကွက်ဝယ်လိုအားရှိသည့်ဂွေးပင်များကို တိုးချဲ့စိုက်ပျိုးလာကြပါသည်။         

       ဂွေးပင်မှာ မည်သည့်မြေအမျိုးအစားတွင်မဆို ရှင်သန်ဖြစ်ထွန်းနိုင်ပါသည်။ မိုးဦးကျကာလများတွင် စတင်စိုက်ပျိူးပါက အပင်များပိုမိုရှင်သန်ပြီး အသေအပျောက်နည်းပါးပါသည်။ တစ်ဧကစိုက်ပျိုးမှုတွင် အပင်(၅၀)ပင်မှ (၆၀)ပင်အထိစိုက်ပျိုးရကြောင်း၊ ခြောက်လဂွေးမျိုး၊ တစ်နှစ်ပတ်လုံးသီးသောဂွေးမျိုးနှင့် ပင်ကြီးဂွေးဟူ၍ ဂွေးပင်အမျိုးမျိုးရှိရာ နှစ်ရှည်ပင်ကြီးဂွေးမျိုးကိုသာ စိုက်ပျိုးကြပါသည်။ ခြောက်လဂွေးပင်မျိုးဖြစ်သော ပျိုးပင်တစ်ပင်လျှင် (၃၅၀၀-၄၀၀၀)ကျပ်၊ တစ်နှစ်လုံးသီးသော ဂွေးပင်ပျိုးပင်တစ်ပင်လျှင် (၄၅၀၀)ကျပ်ခန့်ရှိပြီး ပင်ကြီးဂွေးပင်တစ်ပင်လျှင် အပင်ပေါ်မူတည်၍ (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိရှိကြောင်း၊ ဂွေးပင်စိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ်အနေဖြင့် မိသားစုလုပ်အားခမပါ(၇၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး သုံးနှစ်ကြာလျှင် အသီးများကို စတင်ခူးဆွတ်ပြီး ရောင်းချနိုင်ကြောင်းသိရှိရပါသည်။ ဂွေးသီးပင်သည် တစ်နှစ်လျှင် နှစ်ကြိမ်အသီးသီးပြီး တစ်ကြိမ်လျှင် ခြံပြတ်ရောင်းမည်ဆိုပါက အသီးပါးလျှင်(၂၅၀၀၀၀-၃၀၀၀၀၀)ကျပ်ရရှိပြီး အသီးများလျှင် (၃၅၀၀၀၀-၄၀၀၀၀၀)ကျပ်အထိရောင်းချရကြောင်း၊ တချို့ပွဲစားများက တစ်နှစ်ပတ်လုံးသီးသော အသီးကိုကြိုတင်ပေးဖြင့်လည်းဝယ်ယူကြောင်း ၊ တစ်ချို့ခြံရှင်များမှာ ကြိုတင်ပေးရောင်းချခြင်းကို မပြုလုပ်ဘဲ အသီးများကိုနေ့စဉ်ခူး၍ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ဈေးတွင် နေ့စဉ် ဖောက်သည်ပေးရောင်းချသလို လက်လီဈေးများဖြင့် စားသုံးသူများ စိတ်ကြိုက်ဝယ်ယူနိုင်စေရန်လည်း ရောင်းချပေးလျက်ရှိကြောင်း ဖောက်သည်ဝယ်ယူသူများအနေဖြင့် (၂)တင်းဝင်အိတ်တစ်အိတ်လျှင်(၁၀၀၀၀-၁၅၀၀၀)ကျပ်အထိရောင်းချရပြီး လက်လီဈေးအနေဖြင့် အလုံးပေါ်မူတည်၍ (၁၀)လုံးလျှင် (၂၀၀)ကျပ်၊ အလုံး(၃၀)လျှင် (၅၀၀)ကျပ်၊ အလုံး(၂၅)လုံးလျှင် (၅၀၀)ကျပ်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း မြို့ပေါ်ရှိပွဲစားများသည် ဂွေးသီးများကို ခြံကအသီးကိုကြည့်၍ ကြိုတင်လာဝယ်ယူမှုများရှိသကဲ့သို့ အချဉ်ပေါင်းသည်၊ ကျောင်းမုန့်ဈေးသည်များကလည်း လာရောက်ဝယ်ယူကြပါသည်။

          လက်လီဝယ်ယူသူများမှ အိမ်တွင်ဂွေးသီးကို ငရုတ်သီး၊ ကြက်သွန်နီတို့ဖြင့်ရော၍ထောင်းကာ ထမင်းနှင့်တွဲဖက်၍ စားသုံးကြသကဲ့သို့ ဂွေးသီးကို ပါးပါးလှီး၍ ငပိ ၊ ပုဇွန်ခြောက်တို့နှင့်ရောကာ ဂွေးသီးငပိချက်အဖြစ်လည်း ချက်၍စားသုံးကြပါသည်။ လူငယ်လူရွယ်များမှ သွားရေစာအဖြစ် ခံတွင်းရှင်းစေရန် ချဉ်ချဉ်စပ်စပ်ဂွေးသီးသုပ်များကိုလည်း ပြုလုပ်၍စားသုံးကြပါသည်။ စားသုံးသူပြည်သူများမှာ ဂွေးသီးများကို အမျိုးမျိုးပြုလုပ်၍စားသုံးကြသဖြင့် တောင်သူဦးကြီးများအနေဖြင့် နေ့စဉ် ဝင်ငွေတိုးစေမည့် နှစ်ရှည်စားသုံး၍ရသော ဂွေးပင်များကိုလည်း တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

နေကြာစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်း

       ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တောင်ကုတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် (၁၇-၁-၂၀၂၃) ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာအုပ်စုသို့သွားရောက်ပြီး နေကြာစိုက်ပျိုးထုတ်လုပ်သည့်တောင်သူများနှင့် တွေ့ဆုံဆွေးနွေး၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

      ထိုသို့ ဟောပြောဆွေးနွေးရာတွင် တောင်ကုတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ရခိုင်ပြည်နယ်အနေဖြင့် နေကြာစိုက်ပျိုးသည့်ဧက (၃၀၀၀) ကျော်စိုက်ပျိုးသည့်အနက် တောင်ကုတ်ခရိုင်အနေဖြင့် ဧက(၁၅၇၀)ကျော်စိုက်ပျိုးသည့်အတွက် အများဆုံးစိုက်ပျိုးသည့် ခရိုင်ဖြစ်ပါကြောင်း၊ စပ်မျိုးနေကြာစေ့ထုတ်လုပ်နည်းစနစ်အား အကျယ်တဝင့်ရှင်းလင်းပြောကြားခြင်း၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးက မြေအသုံးချမှုဆိုင်ရာအကြောင်းအရာများအားလည်းကောင်း ရှင်းလင်းပြောကြားခြင်းနှင့် ဆက်လက်၍ တောင်ကုတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မြင့်က တောင်သူများအနေဖြင့် ပိုးသတ်ဆေးဓါတ်မြေဩဇာများသုံးစွဲရာတွင် တရားမဝင်ပိုးသတ်ဆေးဓါတ်မြေဩဇာများ မသုံးစွဲစေရေး၊ သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများ၏ ထောက်ခံချက်ပါသော ပိုးသတ်ဆေးဓါတ်မြေဩဇာများကိုသာ သုံးစွဲကြရန်နှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းမျာကိုး ထောက်ပံ့အားပေးနေမှု၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် အကျိုးရှိသည့်အကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့်လည်း နိုင်ငံစီးပွားရေးတိုးမြှင့်ရေး ဖော်ဆောင်အားပေးကူညီဆောင်ရွက်နေမှုအခြေအနေတို့အား ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရန် ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဒေါ်နှောင်းနှောင်းဝင်းသည် ၁၈-၁-၂၀၂၃ ရက်နေ့ နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်နှင့် ဟန်းတဲရပ်ကွက်ရှိ လက်လီ/လက်ကားရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်နှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Pop CORN အမှတ်တံဆိပ်ဖြစ်သော ဘီစကွတ်မုန့်ကြွပ်နှင့် ဒင်္ဂါးအမှတ်တံဆိပ်ဖြစ်သော နို့ကိတ်ခြောက်တို့တွင် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက် စသည့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားရှိခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ကုန်မျိုးစုံရောင်းဝယ်ရေး စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး) သည် ၁၇ - ၁ - ၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ နားခါ(မြောက်)ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သော စီးပွား‌ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       တွေ့ဆုံဆွေးနွေးရာတွင် ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ  ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊  သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးကမ်းခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် ကုန်စည် သို့မဟုတ် ဝန်‌ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွား‌ရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွား‌‌ရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းတို့ကိုရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသောအာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်(၈)ချက်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။၊

DOCA(ကချင်)

မော်လမြိုင်မြို့နယ် အ - ထ - က (၉)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံဦးဆောင်သော ဝန်ထမ်းနှင့်အဖွဲ့သည် ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မော်လမြိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အ - ထ - က(၉)၌ (၁၆-၁-၂၀၂၃)ရက်နေ့ နေ့လယ် ၁၃:၃၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ဝါဝါမြိုင် ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းဆွေးနွေးခြင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများကို ဟောပြောဆွေးနွေးပြီး ဦးနိုင်လင်းထက် အကြီးတန်းစာရေးမှ စားသုံးသူများရရှိနိုင်သည့် အခွင့်အရေး(၈)ချက်နှင့် စားသုံးသူများလိုက်နာရမည့် တာဝန်(၄)ချက်၊ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများအား မှန်ကန်စွာရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန်၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိပါက ပြန်လည်ကုစားခွင့်နှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ ဟောပြောဆွေးနွေးခြင်း၊ FDA ဌာနမှလည်း စားသုံးသူများအနေဖြင့် သက်တမ်းလွန်သည့် အစားအသောက်များကို မစားသုံးကြရန်နှင့် အစားအသောက်များတွင်ပါဝင်သည့် ဓာတုဆိုးဆေးများ၏ ဘေးထွက်ဆိုးကျိုးများအကြောင်းတို့ကို ထည့်သွင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ(၇)ဦး ကျောင်းသား/ကျောင်းသူ(၂၈၀)ဦးတက်ရောက်၍ တက်ရောက်လာသူများအား စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ် အ - ထ - က (၃)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

         စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံဦးဆောင်သော ဝန်ထမ်းနှင့်အဖွဲ့သည် ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ (၁၆-၁-၂၀၂၃)ရက်နေ့ နံနက် ၁၀:၃၀ အချိန်တွင် မော်လမြိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အ - ထ - က(၃)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ဝါဝါမြိုင် ဦးစီးအရာရှိက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများ အသိပညာရရှိစေမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအား ဟောပြောဆွေးနွေးပြီး ဒေါ်အိအိစမ်း အကြီးတန်းစာရေးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန်၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိပါက ပြန်လည်ကုစားခွင့်နှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများကို ဟောပြောဆွေးနွေးခြင်း၊ FDA ဌာနမှလည်း စားသုံးသူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဓာတုဆိုးဆေးများအကြောင်းတို့ကို ထည့်သွင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ(၂၀)ဦး ကျောင်းသား/သူ (၁၇၈)ဦးတက်ရောက်၍ တက်ရောက်လာသူများအား စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့က လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ပြည်နယ်ဦးစီးမှူးက မွန်ပြည်နယ်ဆားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

       စားသုံးသူရေးရာဦးဌာန၊ မွန်ပြည်နယ်မှ ပြည်နယ်ဦးစီးမှူးသည် ၁၆-၁-၂၀၂၃ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ်ဆားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌနှင့်တွေ့ဆုံ၍ ဆားထုတ်လုပ်မှုအခြေအနေ၊ ဈေးကွက်၊ ဈေးနှုန်းအခြေအနေ၊ ကြုံတွေ့ရသည့်အခက်အခဲများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ထိုသို့ဆွေးနွေးရာတွင် မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌက မွန်ပြည်နယ်တွင် ဆားကွင်းဧက(၄၅၀၀)ဧကရှိပြီး တစ်ဧကလျှင် ဆားထွက်ရှိမှု (၁၀-၁၅)တန်ထွက်ရှိပြီး စုစုပေါင်းအထွက်နှုန်းမှာ (၄၅၀၀၀-၅၀၀၀၀)တန်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဆားကြမ်းတစ်ပိဿာလျှင် (၁၈၀-၂၀၀)ကျပ်၊ ဆားချော (၄၀၀-၅၀၀)ကျပ်ရှိပြီး၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းများသို့ တင်ပို့ရကြောင်းသိရှိရပါသည်။ ၎င်းအနေဖြင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာတွင် အဆင့်မြင့်အိုင်အိုဒင်းဆားချောစက်ရုံတည်ဆောက်နိုင်ရေးကြိုးပမ်းလျက်ရှိပြီး မတည်ရင်းနှီးငွေ၊ ဈေးကွက်ရရှိရေးနှင့်ပတ်သက်၍ဆွေးခဲ့ရာ ပြည်နယ်ဦးစီးမှူးက မွန်ပြည်နယ်၌ အဆင့်မြင့်အိုင်အိုဒင်း ဆားချောစက်ရုံတည်ဆောက်ခြင်းအား ကြိုဆိုပါကြောင်း၊ ပြည်တွင်း/ပြည်ပဈေးကွက်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့ဘက်က  လိုအပ်သည့်အကူအညီများကို ကူညီပေးသွားမည်ဖြစ်ကြောင်းတို့အား ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ၁၃-၁-၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့ပေါ်ရှိ ဆေးဆိုင် (၁၀) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် New Magnate Co;Ltd မှ ဆေးဝါးတစ်မျိုးဖြစ်သော Diclon-M Tablet (Diclofenac Sodium 50 mg, Paracetamol 500 g) နှင့် ပုံစံတူဆေးဝါးများကို မှတ်ပုံတင်ထားခြင်းမရှိဘဲ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ Diclon-M နှင့် ပုံစံတူတရားမဝင်ဆေးဝါးများကို ရောင်းချခြင်းမရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြနိုင်ရေး စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စီမံချက်များပြည့်မီအောင် ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက်ရှိ ရွှေရည်သန့်(ဘက်စုံသုံးဆပ်ပြာဆီကုန်ကြမ်းရောင်းဝယ်ရေး)လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်က  မိမိအနေဖြင့် ဆပ်ပြာဆီ၊ ခေါင်းလျှော်ရည် (Shampoo)၊ သဘာဝခေါင်းလျှော်ရည်၊ လက်ဆေးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ဘက်စုံသုံးဆပ်ပြာရည်၊ ဆပ်ပြာခရင်(မ်)၊ အမွှေးဆီ၊ မျက်နှာသစ်ဆပ်ပြာခဲအမျိုးမျိုး၊ Hand Gel များပြုလုပ်သည့်ကုန်ကြမ်းများကို အဓိကရောင်းချပြီး  ကုန်ချောပစ္စည်းများကိုလည်း ထုတ်လုပ်ရောင်းချကြောင်းသိရှိရသဖြင့် ကုန်စည်ကိုထုတ်လုပ်ရောင်းချရာတွင်  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြ၍ ဌာန၏အတည်ပြုချက်ရယူကြရန်၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများနှင့် (၂/၂၀၁၉)တွင် ကုန်စည်အုပ်စု(၈)ခုပါဝင်ပြီး ဆပ်ပြာအရည်အမျိုးမျိုး၊ ဆပ်ပြာအခဲအမျိုးမျိုးနှင့် ဆပ်ပြာအမှုန့်အမျိုးမျိုး စသည့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် ပါဝင်ကြောင်းနှင့် အဆိုပါကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းအရာများပါဝင်သည့် စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တမူးမြို့နယ် ( မြို့မ- ၃ )ရပ်ကွက်ရှိ “အဓိပတိ” ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

        ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ( ၁၇ ) ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် တမူးမြို့နယ် တာဝန်ခံ ဉီးစွမ်းရည်နှင့်ဝန်ထမ်းများသည်  တမူးမြို့နယ်၊ (မြို့မ-၃)ရပ်ကွက်ရှိ “ အဓိပတိ ”  ဆန်စက်လုပ်ငန်းရှင် ဦးစိုင်းလင်းနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ထိုသို့ တွေ့ဆုံဆွေးနွေးရာ ဆန်စက်လည်ပတ်မှုအခြေအနေများ၊ ရောင်းဝယ်ဖောက်ကားမှုအခြေအနေများကို မေးမြန်းရာတွင် ဧရာမင်း(စပါး)သစ် (  ၁၆ )ပြည်ပါတစ်တင်းလျှင် ( ၁၁၀၀၀ )ကျပ်၊ ချင်း-၃ (စပါး)သစ် ( ၁၆ ) ပြည်ပါတစ်တင်းလျှင် ( ၈၀၀၀ မှ ၈၅၀၀ ) ကျပ်အထိ၊ မှော်ဘီ(စပါး)တစ်တင်းလျှင် (၉၀၀၀ မှ ၉၅၀၀ ) ကျပ်အထိ၊ နှင့် ဧရာမင်း(ဆန်)သစ် ( ၂၄ ) ပြည်ပါတစ်အိတ်လျှင် ( ၄၅၀၀၀ ) ကျပ်၊ ချင်း-၃( ဆန်)သစ် ( ၂၄ ) ပြည်ပါတစ်တင်းလျှင် (  ၃၃၀၀၀ ) ကျပ်၊ မှော်ဘီ(ဆန်)သစ် ( ၂၄ ) ပြည်ပါတစ်တင်းလျှင် (၃၃၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ဧရာမင်း၊ မှော်ဘီ၊ ချင်း-၃ (စပါး)သစ်များကို ဒေသတွင်းနှင့် မန္တလေး၊ မုံရွာမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး ဧရာမင်း(ဆန်)သစ်နှင့် မှော်ဘီ(ဆန်)သစ်၊ ချင်း-၃ (ဆန်)သစ်များကို ဒေသတွင်းသာရောင်းဝယ်ဖောက်ကားလျက်ရှိပြီး စပါးဈေးနှုန်းများအနေဖြင့် ပေါ်စတွင် ဧရာမင်း(စပါး)သစ် ( ၁၆ ) ပြည်ပါတစ်တင်းလျှင် ( ၉၀၀၀ ) ကျပ်ဈေးနှုန်းဖြင့် ဈေးဖွင့်ခဲ့သော်လည်း ယခုလအတွင်းတွင်  စပါးအဝယ်လိုက်သည့်အတွက် စပါးဈေးနှုန်းများနှင့် ဆန်ဈေးနှုန်းများမှာ အရောင်းအဝယ်သွက်လျက်ရှိပါကြောင်း ဆန်စက်လုပ်ငန်းရှင် ဉီးစိုင်းလင်း၏ ဆွေးနွေးပြောကြားချက်များအရသိရှိရပါသည်။ ထို့နောက် တမူးမြို့နယ်တာဝန်ခံ ဦးစွမ်းရည်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များကို အသိညာပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News