HighLight News

Powered by Drupal

“မြင်းပျံ”အမှတ်တံဆိပ် မြေဩဇာများကို အတုပြုလုပ်၍ ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးး

       ဈေးကွက်အတွင်း ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့်ဓါတ်မြေဩဇာများအား ထိုင်းနိုင်ငံ ပြည်တွင်းသုံး "မြင်းပျံ"အိတ်ခွံများဖြင့် ပြန်လည်ထုပ်ပိုး၍ “အိုင်စီပီ” မြင်းပျံမြေဩဇာအတုများပြုလုပ်၍ လိမ်လည်ဖြန့်ဖြူးရောင်းချမှုများရှိနေသည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး(ဦးစီးမှူး)နှင့် ဌာနမှဝန်ထမ်းများသည် ကသာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ကသာမြို့ပေါ်ရှိ “ဇွဲ” နှင့် “သုခ” ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်(၂)ဆိုင်တွင် အဆိုပါ "မြင်းပျံ"အမှတ်တံဆိပ်မြေဩဇာများ ရောင်းချမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းဖြင့် ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် ကသာမြို့ပေါ်ရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များတွင် အဆိုပါ “မြင်းပျံ” အမှတ်တံဆိပ် ဓါတ်မြေဩဇာသည် မြန်မာပြည်မှထုတ်လုပ်ခြင်းမဟုတ်ဘဲ ထိုင်းနိုင်ငံမှဝင်ရောက်သည့်အတွက် ရောင်းချခြင်းမရှိကြောင်း အရောင်းဆိုင်များထံမှသိရှိရပြီး ကသာမြို့ပေါ်တွင် “မြင်းပျံ”အမှတ်တံဆိပ် ဓါတ်မြေဩဇာများ ရောင်းချမှုမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပိုးသတ်ဆေး ဥပဒေဆိုင်ရာ နည်းပညာပေးသင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင် ဦးစီးမှူးသည် ( ၂၄-၁၂-၂၀၂၂)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ပဲခူးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် ပိုးသတ်ဆေးဥပဒေဆိုင်ရာ နည်းပညာပေးသင်တန်းတွင် တက်ရောက်သည့်တောင်သူ/လုပ်ငန်းရှင်(၄၈)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် ပဲခူးခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၉) ပါ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန်(၄) ချက်အား ရှင်းလင်းခြင်း၊ တောင်သူများအနေဖြင့် ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက လွယ်ကူလျင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာကို ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးဆွေးနွေးခြင်း၊ အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူစားသောက်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ စည်ပင်သာယာဈေးတွင် စည်သွပ်အစားအစာများ ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်မြို့၊ စည်ပင်သာယာဈေးတာဝန်ခံတို့နှင့်အတူ (၂၃-၁၂-၂၀၂၂)ရက်နေ့တွင် ပြည်မြို့မဈေးအတွင်း ရောင်းချနေသာကုန်မျိုးစုံဆိုင်များရှိ စည်သွပ်အစားအစာဘူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်မျိုးစုံရောင်းချနေသောဆိုင်ရှင်များအား စည်သွပ်အစားအစာများရောင်းချရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသောကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်၊ မိမိတို့ရောင်းချသော ကုန်စည်များနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများ အတွက် သန့်ရှင်းလတ်ဆတ်၍ အန္တရာယ်ကင်းသောစားသောက်ကုန်ဖြစ်စေရေး အထူးအလေးထားကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသောကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

                                               

ပဲခူးတိုင်းဒေသကြီးတွင် ဓာတ်မြေသြဇာများ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်း၌ထုတ်လုပ်သောကုန်ပစ္စည်းများနှင့် ပြည်ပမှတင်သွင်းသောကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်အတွက် အပတ်စဉ်၊ လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိပါသည်။

        ပဲခူးတိုင်းဒေသကြီးအတွင်း ရောင်းချလျက်ရှိသော ဓာတ်မြေသြဇာအိတ်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ ကုန်အညွှန်အမှတ်အသားများ ဖော်ပြထားခြင်းရှိ/မရှိနှင့် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသောကုန်စည်များ ရောင်းချခြင်းရှိ/မရှိ ၊ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိ /မရှိကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပဲခူးတိုင်းဒေသကြီးရှိ ခရိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

                                     

ဒိုက်ဦးမြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

      စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ဒီဇင်ဘာလ ၂၀ ရက်နေ ၊ နေ့လယ် (၁း၀၀)နာရီအချိန်က ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့ အ.ထ.က(၂)တွင် ကျင်းပပြလုပ်သော လူငယ်စကားဝိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်အမျိုးသမီးရေးရာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေးများနှင့် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးအကြောင်းအရာများကိုလည်းကောင်း၊ ဈေးကွက်အတွင်း ‌ရောင်းချလျက်ရှိသောကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါဝင်နိုင်ရေးအတွက် မိမိတို့ဌာနမှ စစ်ဆေးရေးအရာရှိများခန့်အပ်၍ ဈေးကွက်အတွင်း စစ်ဆေးနေခြင်းများ၊ ကျောင်းသား/သူများအနေဖြင့် အစားအသောက်၊ ကုန်ပစ္စည်းတစ်ခုခုအား ဝယ်ယူအသုံးပြုမည်ဆိုပါက ကုန်အညွှန်းအမှတ်အသားကို သေချာစွာဖတ်ရှု၍ သုံးစွဲသင့်ကြောင်းကို ဆွေးနွေးဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ (၂၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်ခရိုင်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၃-၁၂-၂၀၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အထက(မှန်ချောင်း)၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသာ/ကျောင်းသူ (၁၀၀)ဦးကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ် တာဝန်ခံသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများရရှိစေရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် အကြောင်းအရာများကိုလည်းကောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်စည်တွင်ဖော်ပြထားသည့်ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို ဝယ်ယူစားသုံးကြရန် မသင့်ကြောင်းဟောပြောခဲ့ပြီး ကျောင်းသူ/ကျောင်းသားများ၏ သိလိုသည်များကို ပြန်လည်ဖြေကြားကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးခရိုင်တွင် ဓာတ်မြေသြဇာရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၃-၁၂-၂၀၂၂ ရက်နေ့တွင် ပဲခူးမြို့အတွင်းရှိ ဓာတ်မြေသြဇာရောင်းချသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဓာတ်မြေသြဇာများ ဖြန့်ဖြူးရောင်းချခြင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် စားသုံးသူကာကွယ်ရေးဥပဒေပါ တာဝန်နှင့်ဝတ္တရားများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    အဆိုပါဓာတ်မြေသြဇာရောင်းချသော လုပ်ငန်းရှင်များအား စီးပွား‌ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့ကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း လုပ်ငန်းရှင်များသိရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ထုတ်လုပ်သည့်လုပ်ငန်းရှင်များသာမက ရောင်းချသည့်လုပ်ငန်းရှင်များတွင်လည်း တာဝန်ရှိ၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းမရှိသည့်ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုကြရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

သရက်စေ့ထိုးပိုးအကြောင်းတစေ့တစောင်း

      သရက်စေ့ထိုးပိုး (Sternochetus Mangiferae ) သည် သရက်စိုက်ပျိုးထုတ်လုပ်မှု များပြားသောနိုင်ငံများတွင် တွေ့ရှိရသောဖျက်ပိုးတစ်မျိုးဖြစ်သည်။ အဆိုပါပိုးသည် သရက်စေ့အတွင်းတွင်သာ ပေါက်ဖွားရှင်သန်နိုင်ပြီး တခြားမည်သည့်သစ်စေ့တွင်မှ ပေါက်ဖွားနိုင်ခြင်းမရှိပါ။ သရက်စေ့ထိုးပိုး၏ မူရင်းဒေသမှာ (Indo-Burma) နယ်မြေဖြစ်နိုင်ပြီး ယခုအခါတွင်မူ အာဖရိကအရှေ့ပိုင်းနှင့် တောင်ပိုင်းနယ်မြေ၊ တောင်ပစိဖိတ်နှင့်ထိစပ်နေသော အရှနိုင်ငံအများစုနှင့် ဟာဝိုင်ရီနယ်မြေများသို ပြန့်နှံ့နေပြီဖြစ်ပါသည်။

         သရက်သီးတင်သွင်းသောနိုင်ငံများအနက် အချို့နိုင်ငံများ(ဥပမာ-အမေရိကန်နှင့်အာရပ် နိုင်ငံများ)သည် သရက်စေ့ထိုးပိုးရှိသည့်နိုင်ငံများမှ သရက်သီးတင်သွင်းမှုအား တားမြစ်ထားပြီး အဆိုပါကန့်သတ်ချက်သည် ဩစတေးလျနိုင်ငံ၏ သရက်သီးထုတ်လုပ်တင်ပို့မှုကို သက်ရောက်မှုရှိခဲ့ပါသည်။

        သရက်အစေ့ထိုးပိုးသည် သရက်သီးအသားကို တိုက်ရိုက်ဖျက်ဆီးခြင်းမဟုတ်ဘဲ သရက်စေ့ကိုသာ အဓိကပျက်ဆီးစေခြင်းဖြစ်ရာ သရက်သီးထုတ်လုပ်မှုအား တိုက်ရိုက်ပြင်းထန်စွာ ထိခိုက်စေခြင်းမဟုတ်သော်လည်း သရက်သီးအရည်အသွေးကို ကျဆင်းမှုဖြစ်ပေါ်စေသည့်အပြင် သရက်စေ့များအား ပြန်လည်စိုက်ပျိုးမရနိုင်သည်အထိ ပျက်ဆီးစေနိုင်ပါသည်။ သရက်ပင်များတွင် အစေ့ထိုးပိုးနှင့် အလားသဏ္ဍာန်တူသည့် သီးထိုးယင်းကဲ့သို့ ပိုးများလည်းကျရောက်တတ်ပြီး အဆိုပါပိုးမှာမူ သရက်သီးအသားအတွင်း ပေါက်ဖွားရှင်သန်ကြသဖြင့် သရက်သီးကို ပိုမိုပျက်ဆီးစေနိုင်ပါသည်။ ထိုသို့သော အကြောင်းအချက်များအရ အခြားနိုင်ငံများမှ သရက်သီးတင်သွင်းရာတွင် ဩစတေးလျားနိုင်ငံအနေဖြင့် ကန့်သတ်တားမြစ်ချက်များပြုလုပ်ထားရပြီး လက်ရှိတွင် အစေ့ထိုးပိုးပြဿနာမှာ ကြီးထွားခြင်းမရှိသေးသော်လည်း ပိုးသက်ရောက်နယ်မြေများ ကျယ်ပြန့်လာနေသည့်အပြင် နှစ်အနည်းငယ်အတွင်း၌ပင် ပိုမိုဆိုးရွားလာနိုင်သည့်အနေအထားဖြစ်သဖြင့် ပိုးကျရောက်ခြင်းမရှိသေးသော နယ်မြေများအနေဖြင့် ပိုးကာကွယ်ရေးအား အထူးဂရုပြုဆောင်ရွက်ကြရန်လိုအပ်ပါသည်။

အစေ့ထိုးပိုး၏ ပုံသဏ္ဍာန်အနေအထား

         အရွယ်ရောက်ပြီးသရက်စေ့ထိုးပိုး၏ပုံသဏ္ဍာန်မှာ အညိုရင့်ရောင်ဘဲဥပုံစံရှိကာ အလျား(၉-၁၀)မီလီမီတာ(လက်မဝက်နီးပါးခန့်)ရှိပါသည်။ ပိုး၏ကိုယ်ထည်တောင်ပံပေါ်တွင် ရောင်စုံအကွက်ငယ်လေးများရှိပြီး ရှည်လျားသောနှာမောင်းပုံစံနှာခေါင်းရှိပါသည်။ အဆိုပါအစေ့ထိုးပိုးသည် သရက်ပင်၏ ပင်စည်အပေါက်များ၊ အက်ကွဲကြောင်းများအကြားတွင် အချိန်အများစုနေထိုင်သဖြင့် ထိုပိုး၏အရောင်အနေအထား၊ သရက်ပင်စည်အရောင်အနေအထားတို့အရ ရှာဖွေတွေ့ရှိရန် ခက်ခဲပါသည်။

အစေ့ထိုးပိုးပေါက်ဖွားရှင်သန်နေထိုင်မှု

         အစေ့ထိုးပိုးအမသည် ပုံမှန်အားဖြင့် အရွယ်အစားငယ်သောသရက်သီးများတွင် ဥလေ့ရှိသော်လည်း ပိုးပေါက်ဖွားမှုများပြားထူထပ်လာပါက သရက်သီးအကြီးများတွင်ပါ ဥတတ်ပါသည်။ အစေ့ထိုးပိုးအမသည် ဥမချမီ သရက်သီးအခွံတွင် လခြမ်းပုံသဏ္ဍာန်မြောင်းငယ်ပြုလုပ်ကာ ထိုမြောင်းငယ်အတွင်း ဥချပြီး အဆိုပါဥများပေါ်တွင် ပျစ်ချွဲသောအရည်ဖြင့် ဖုံးအုပ်ခဲ့ပါသည်။ အဆိုပါအရည်မှာ အချိန်အနည်းငယ်အတွင်း မာကျောသည့်အခွံအနေအထားရောက်ရှိကာ ဥများအား အကာအကွယ်ဖြစ်စေပါသည်။ အစေ့ထိုးပိုးအမသည် တစ်ရက်လျှင် (၁၅)ဥခန့် ဥချနိုင်ပြီး (၃)လခန့်ကာလအတွင်း ဥပေါင်း(၃၀၀)ခန့်အထိ ဥနိုင်စွမ်းရှိပါသည်။

          ဥများဥချပြီး (၅)ရက်မှ (၇)ရက်အတွင်း ဥများမှ ပိုးလောက်ပုံစံအကောင်ငယ်များ ပေါက်ဖွားလာပြီး အဆိုပါပိုးလောက်ငယ်သည် သရက်သီးအား လိုဏ်ခေါင်းပုံစံဖြင့် ဖောက်ထွင်းကာ စတင်ကြီးထွားရန် နူးညံ့ဆဲအနေအထားတွင်ရှိသည့် သရက်စေ့အတွင်းသို့ ဝင်ရောက်သွားပါသည်။ ပေါက်ဖွားလာသော ပိုးလောက်ငယ်၏အရွယ်အစားမှာ ငယ်လွန်းသဖြင့် ထိုပိုးလောက်ငယ်များ သရက်သီးအသားအား ဖောက်ထွင်းခဲ့သည့်အပေါက်မှာ သာမန်အားဖြင့် ရှာဖွေတွေ့ရှိရန်မလွယ်ကူပေ။ သရက်စေ့အတွင်းသို့ ဖောက်ထွင်းဝင်ရောက်သွားခဲ့သော ပိုးလောက်ငယ်(အဖြူအနှစ်ရောင်)မှာ သရက်စေ့အတွင်းတွင်ပင် သရက်စေ့အသားအား စားသောက်ကြီးထွားလာပါသည်။ သရက်စေ့တစ်စေ့အတွင်း အဆိုပါပိုးလောက်ငယ်(၂)ကောင်နှင့်အထက် ဝင်ရောက်သွားခဲ့ပါက အဆိုပါသရက်စေ့မှာ ပိုးလောက်ငယ်များစားသောက်မှုကြောင့် တစ်စေ့လုံးနီးပါး လုံးဝပျက်ဆီးသွားနိုင်ပါသည်။ ထိုကဲ့သို့ သရက်စေ့အတွင်း နေထိုင်ကြီးထွားလာသော အစေ့ထိုးပိုးကောင်မှာ အရွယ်ရောက်လာပြီးနောက် သရက်သီးရင့်မှည့်ကြွေကျသည့်အခါတွင်လည်းကောင်း၊ သရက်သီးအား ရင့်မှည့်ပြီးခူးဆွတ်ပြီးသည့်အခါတွင်လည်းကောင်း သရက်စေ့အတွင်းမှထွက်ပြီး သရက်သီးအသားအား လိုဏ်ခေါင်းအတွင်း ဂငယ်ပုံသဏ္ဍာန်ကိုက်ဖောက်ကာ သရက်သီးအတွင်းမှ အပြင်သို့ထွက်လာပါသည်။ အဆိုပါအချိန်တွင် ပိုးကောင်သည် အရွယ်ရောက်ပြီးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ ထိုကဲ့သို့ အရွယ်ရောက်ပြီး အစေ့မှဖေါက်ထွက်လာချိန်မှာ အကြမ်းဖျင်းအားဖြင့် သရက်သီးကြွေကျပြီး(၂၂)ရက်မှ (၇၆)ရက်အတွင်းဖြစ်ပြီး ပျမ်းမျှအားဖြင့် (၄၅)ရက်ခန့်ကြာမြင့်ပါသည်။ ထိန်းသိမ်းမှုအားနည်းသောသရက်ခြံများတွင် သရက်သီးစုစုပေါင်း၏ (၈၀%)အထိ အစေ့ထိုးပိုးကျရောက်နိုင်ပါသည်။ အဆိုပါအစေ့ထိုးပိုးများပျံ့နှံ့ရသည့် အဓိကအကြောင်းအရင်းမှာ ပိုးကျရောက်လျက်ရှိသောသရက်သီးများအား လူများကရွှေ့ပြောင်း သယ်ယူရာမှ ပြန့်ပွားခြင်းဖြစ်ပါသည်။

 

        အရွယ်ရောက်ပြီးသရက်စေ့ထိုးပိုးသည် တောင်ပံပါသော်လည်း အဆိုပါတောင်ပံအား အသုံးပြုပျံသန်းမှု ပြုလုပ်လေ့မရှိသလောက်နည်းပါးပါသည်။ အစေ့မှဖောက်ထွက်လာသော အရွယ်ရောက်ပြီးအစေ့ထိုးပိုးများသည်(လူ၏သယ်ဆောင်မှုမှအပ)အခြားဝေးလံသောနေရာမျာသို့ သွားလာလေ့မရှိဘဲ ယင်းတို့ပေါက်ဖွားရာသရက်ပင်တွင်သာ ဆက်လက်နေထိုင်လေ့ရှိပြီး အစေ့မှဖောက်ထွက်ပြီးသည်နှင့် အနီးဆုံးသရက်ပင်စည်အခေါက်ကွဲကြောင်းများသို့ တွားသွားဝင်ရောက်ပုန်းခိုနေလေ့ရှိသဖြင့် ရှာဖွေတွေ့ရှိရန် ခက်ခဲပါသည်။ သရက်ပင်များ ပန်းပွင့်ခါနီးကာလတွင် အစေ့ထိုးပိုးများသည် သရက်ရွက်နုများရှိရာသို့ ပြောင်းရွှေ့နေထိုင်ပြီး ရွက်နုများအား ညအချိန် (သို့) နံနက်အစောအချိန်များတွင် ကိုက်ဖြတ်စားသောက်လေ့ရှိပါသည်။ နံနက်ပိုင်း စိုထိုင်းစ စတင်နည်းပါးသွားသည်နှင့် ရွက်နုများအား ကိုက်ဖြတ်စားသောက်နေသော အစေ့ထိုးပိုးကောင်သည် ခိုအောင်းပုန်းကွယ်ရန် ကောင်းမွန်သောသရက်ပင်ရွက်ဝန်းအတွင်းပိုင်းပင်စည်နှင့် နီးစပ်သည့်နေရာများသို့ ပြန်လည်ရွှေ့ပြောင်းကာ ပင်စည်အရောင်နှင့်ရောလျက် လုံးဝရွေ့လျားမှုမရှိဘဲ ကိုယ်ရောင်ဖျောက်ပုန်းကွယ်နေလေ့ရှိပါသည်။ အဆိုပါအစေ့ထိုးပိုးများအား လေ့လာချက်အရ သရက်စေ့ထိုးပိုးတို့သည် (၄)လခွဲကာလအထိ အစားမစား/ရေမသောက်ဘဲ ရှင်သန်နိုင်စွမ်းရှိပြီး ပိုးကောင်၏ပျမ်းမျှသက်တမ်းမှ (၂၁)လ (၂နှစ်နီးပါး)ခန့်ဖြစ်ပါသည်။

စီးပွားရေးအရထိခိုက်ပျက်ဆီးစေနိုင်မှု

       သရက်စေ့ထိုးပိုးကျရောက်မှု များပြားထူထပ်သောသရက်ခြံများတွင် သရက်သီးငယ်များအပေါ်၌ အစေ့ထိုးပိုးအမများ ဥချထားသည့်နေရာများကို ထင်ရှားစွာတွေ့ရတတ်ပြီး ဥများအား အကာအကွယ်အဖြစ် ပြုလုပ်ခဲ့သောအရည်များမှ မာကျောနေသည့်အဖက်များမှာ သရက်ခွံများပေါ်မှ ဖယ်ရှားရန်မလွယ်ကူတော့သဖြင့် သရက်သီးအရည်အသွေးကျဆင်းစေပါသည်။ ထို့အပြင် အဆိုပါဥချခဲ့သောနေရာများသည် သရက်မှိုရောဂါ(Saprophytic နှင့် Pathogenic )တို့ဖြစ်စေပြီး သရက်သီးပျက်ဆီးမှု/ကြွေကျမှုများဖြစ်စေပါသည်။ ထို့အပြင် သရက်ဈေးကွက်များသို့ တင်ပို့သည့်အခါတွင်လည်း အစေ့များကိုပိုးထိုးထားသဖြင့် အောင်မြင်ရန်ရာခိုင်နှုန်းနည်းပါးပါသည်။

သရက်စေ့ထိုးပိုးအားကာကွယ်နှိမ်နင်းခြင်း

          သရက်စေ့ထိုးပိုးကျရောက်ခြင်းမရှိသေးသော  သရက်ခြံများအနေဖြင့် အစေ့ထိုးပိုးကျရောက်လာခြင်းမရှိစေရန် အထူးဂရုပြုရန်လိုအပ်ပြီး အထူးသဖြင့် အစေ့ထိုးပိုးကျရာက်ထားသည့်နယ်မြေမှ သရက်သီး/သရက်စေ့များရောက်ရှိလာပါက ပိုးကျရောက်မှုပါရှိလာခြင်း ရှိ/မရှိ သေချာစွ စစ်ဆေးရန်လိုအပ်ပါသည်။

          အကယ်၍ အစေ့ထိုးပိုးကျရောက်ပြီး သရက်ခြံများအနေဖြင့် အစေ့ထိုးပိုး ထပ်မံပြန့်ပွားခြင်းမရှိစေရေး တက်နိုင်သလောက် ဆောင်ရွက်ရမည့်အပြင် အခြားနယ်မြေများသို့လည်း ထပ်မံပြန့် ပွားရောက်ရှိသွားခြင်းမရှိစေရေး ဆောင်ရွက်သွားရန်လိုအပ်ပါသည်။

          အစေ့ထိုးပိုးထိန်းချုပ်ကာကွယ်ရန်နည်းလမ်းများ

(က)  ပိုးကျသရက်စေ့များရွှေ့ပြောင်းခြင်း။ သရက်အစေ့ထိုးပိုးများသည် လူသယ်ယူမှုမှ အဓိကပြန့်ပွားခြင်းဖြစ်ရာ ပိုးကျရောက်ထားသည့်သရက်သီးများအား စိုက်ခင်းအတွင်း ရွှေ့ပြောင်းရာတွင်လည်းကောင်း၊ အခြားနေရာများသို့ ရွှေ့ပြောင်းရာတွင်လည်းကောင်း အထူးသတိပြုရန်လိုအပ်ပြီး ဖြစ်နိုင်သမျှ ရွှေ့ပြောင်းမှုမပြုလုပ်ရန် လိုအပ်ပါသည်။

(ခ )      ပိုးများထပ်မံပေါက်ဖွားမှုအားကာကွယ်ခြင်း။ သရက်သီးများခူးဆွတ်ပြီးသည်နှင့် (၃ပါတ်အတွင်း) သရက်ပင်များအနီး ကြွေကျနေသောသရက်သီး/သရက်စေ့များအား ကောက်ယူစုစည်း၍ စုပုံမီးရှို့ခြင်းပြုလုပ်ရပါမည်။ အကယ်၍ မြေကြီးအတွင်း မြှုပ်နှံမည့်သရက်သီး/သရက်စေ့(ရေ၁၀၀လီတာတွင် ၇၅မီလီလီတာရောစပ်ထားသော)အား ဖန်သီယန်(Fenthion)ဖြန်းဆေး (သို့) (ရေ၁၀၀လီတာတွင် ၁၀၀မီလီလီတာရောစပ် ထားသော) ဒိုင်မီသိုယတ်ဖြန်းဆေးတို့ဖြင့် စနစ်တကျဖြန်းပြီးမှ အနည်းဆုံး(၁မီတာ/ ၃ပေခန့်)အနက်တွင် တွင်းတူးမြုပ်နှံရန်လိုအပ်ပါသည်။

(ဂ)       ပိုးကာကွယ်နှိမ်နင်းခြင်း။ သရက်စေ့ထိုးပိုးအား ကာကွယ်နှိမ်းနင်းနိုင်သည့်ဆေးမှာ နှစ်မျိုးရှိပြီး ကာဘရယ်(Cabaryl) နှင့် ဖန်သီယန်(Fenthion) တို့ဖြစ်ပါသည်။ အဆိုပါဆေး(၂)မျိုးစလုံး ဖြန်းဆေးများဖြစ်ပြီး အသုံးပြုပုံမှာ ရေ(၁၀၀)လီတာတွင် ကာဘရယ် ဆေးမှုန့်(၁၂၅)ဂရမ်အားရောစပ်၍ ဖျော်ရည်အဖြစ်ပြုလုပ်ပြီး သရက်ပင်များ ပန်းမပွင့်မီကာလတွင် တစ်ကြိမ်ဖြန်းပေးရပါမည်။ ထိုသို့ဖြန်းရခြင်းမှာ သရက်ပင်စည်အခေါက်များကြားတွင် ခိုအောင်းနေသည့် အရွယ်ရောက်ပြီးအစေ့ထိုးပိုးများ သေကြစေရန်နှင့် ယင်းအစေ့ထိုးပိုးအရေအတွက်လျော့ကျစေရန်ဖြစ်သည်။ ထို့နောက် ရေ(၁၀၀)လီတာတွင်  ဖန်သီယန်ဆေးရည်(၇၅)မီလီလီတာရောစပ်ထားသောဖျော်ရည်အား သရက်သီးများ (ဂေါက်သီးအရွယ်)တွင် (ပထမ)တစ်ကြိမ်ပက်ဖြန်းရပါမည်။ ထို့နောက် (၃)ပါတ်ခန့်အကြာတွင် နောက်တစ်ကြိမ်ထပ်မံပက်ဖြန်းရပါမည်။ ဖန်သီယန်ဆေး(၂)ကြိမ်ပက်ဖြန်းရခြင်းမှာ အရွယ်ရောက်ပြီးအစေ့ထိုးပိုးများ သေကြေစေရန်အပြင် သရက်သီးအတွင်းသို့ ရောက်ရှိနေနိုင်သည့် ပိုးလောက်ငယ်များ သေကြေစေရန်ဖြစ်ပါသည်။

         ဆေးဖြန်းမှုများ၏ သက်ရောက်မှုအပေါ်မူတည်၍ လိုအပ်မှုအပေါ် ထပ်မံပက်ဖြန်းခြင်းပြုလုပ်ရမည့်အပြင် ဆေးဖြန်းမှုကြောင့် သရက်သီးပွင့်မှုနှင့် ဝတ်မှုံကူးစနစ်အား သက်ရောက်ထိခိုက်ခြင်း ရှိ/မရှိကိုလည်း ကျွမ်းကျင်သူများဖြင့် မပြတ်လေ့လာစောင့်ကြည့်သွားရန်လိုအပ်ပါမည်။

DOCA(ရှမ်း)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၄/၂၀၂၂)ကျင်းပခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများလူ့စွမ်းအားားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရုံးလုပ်ငန်းများကျွမ်းကျင်မှုရှိပြီး ဌာန၏လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၄/၂၀၂၂)ကို ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၉)ရက်နေ့မှ(၂၁)ရက်နေ့အထိ နေ့စဉ် နံနက် (၁၀:၃၀)နာရီမှ နေ့လယ် (၁၂:၀၀) နာရီအထိလည်းကောင်း၊ နေ့လယ် (၁၄:၀၀) မှ ညနေ(၁၆:၀၀) နာရီအထိ (၃)ရက်တာ သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်းသားဦးရေစုစုပေါင်း (၁၃)ဦး တက်ရောက်ခဲ့ပါသည်။

     အဆိုပါ သင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအား မိမိတို့ဌာနမှဆောင်ရွက်နေသော စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းစဉ်များ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဝန်ထမ်းများ အရည်အသွေးတိုးတက်စေပြီး လုပ်ငန်းများကျွမ်းကျင်မှုရှိစေရန်နှင့် ဌာန၏လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်စေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို သုံးလလျှင်(၁)ကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများနှင့်အညီနေထိုင်ကြရန်နှင့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသင်ယူစေလိုကြောင်း ပြောကြားခဲ့ပါသည်။

     သင်တန်းတွင် ကယားပြည်နယ်ဦးစီးမှူးရုံးရှိ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဘာသာရပ်၊ ဦးမိုးညွန့်ဦး (ဦးစီးအရာရှိ)မှ စီမံရေးရာဌာနခွဲဘာသာရပ်၊ ရုံးလုပ်ငန်းလက်စွဲပါအခန်းများ၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ စာကြည့်တိုက်ဆိုင်ရာရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဘာသာရပ်၊ ဒေါ်သစ္စာဖူး (ဦးစီးမှူး)မှ ငွေစာရင်းဌာနခွဲဘာသာရပ်၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ ဖြိုးမှုနှင့်သုတေသနဌာနခွဲဘာသာရပ်၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဘာသာရပ်များ အသီးသီးပို့ချခဲ့ပြီး၊ အဆိုပါသင်တန်းမှ ဝန်ထမ်းများအနေဖြင့် ဌာနခွဲအလိုက် ပို့ချပြီးသောသင်ခန်းစာများမှ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခြင်း၊ ဌာန၏လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုသည့် သင်ခန်းစာများရရှိကြောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ (၂၁)ရက်နေ့ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် အောင်မြင်စွာပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။

DOCA(ကယား)

စက်သုံးဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ “ပြုံးပြုံးရွှင်” စက်သုံးဆီအရောင်းဆိုင်၌ စက်သုံးဆီဆိုင်လုပ်ငန်းရှင်(၇)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စက်သုံးဆီဆိုင်များ၌ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများအတိုင်းသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့်အလေးချိန်မှန်ကန်စေရန်၊ အရည်အသွေးပြည့်မီမှန်ကန်သည့်ပစ္စည်းများ ဈေးကွက်အတွင်းတင်သွင်း၍ ဖြန့်ဖြူးရောင်းချရန်၊ သတ်မှတ်ချက်နှင့်မကိုက်ညီသည့် စက်ဆီချောဆီများ ဈေးကွက်အတွင်း‌တွေ့ရှိပါက ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရသော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရသော် လည်းကောင်း အရေးယူခံရနိုင်ကြောင်းရှင်းလင်းဆွေးနွေးခဲ့ပြီး ဆက်လက်၍ တက်ရောက်လာသောလုပ်ငန်းရှင်များက သိရှိလိုသည့်အချက်များကိုမေးမြန်းခဲ့ရာ ပြည်နယ်ဦးစီးမှူးက ပြန်လည်ဖြေကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအား (၁၁း၃၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - HighLight News