HighLight News

Powered by Drupal

လိမ္မော်သီးစားသုံးခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ

လိမ္မော်သီးကို လွန်ခဲ့သောနှစ်ပေါင်များစွာမှစ၍ ယနေ့အထိ စိုက်ပျိုးစားသုံးခဲ့ကြပါသည်။ လိမ္မော်အချိုမျိုးကို ရုက္ခဗေဒအလိုအရ စစ်ထရပ်ဆီနင်ဆစ်ဟုခေါ်၍ အခါးမျိုးကို စထရပ်အော်ရန်တီယမ်ဟုခေါ်ပါသည်။ တောင်တရုတ်ပင်လယ်နှင့်အင်ဒိုချိုင်းနားတို့သည် လိမ္မော်သီး မူလစိုက်ပျိုးရာဒေသများဖြစ်သည်။ ဆောင်းဦးကာလသည် လိမ္မော်သီးလှိုင်လှိုင်ပေါသောကာလလည်းဖြစ်ပါသည်။ အခြားဒေသများတွင်လည်း အောက်တိုဘာလမှမတ်လအထိသည် လိမ္မော်သီးဖြစ်ထွန်းပေါများသော ကာလဖြစ်ပါသည်။ လိမ္မော်သီးသည် အရောင်တောက် တောက်ဖြစ်ပြီး ပူပြင်းသောဒေသသို့ရောက်သောအခါ အနီရောင်ဘက်သို့ ပြောင်းတတ်ပါသည်။ သိပ္ပံပညာရှင်များက အာရှတိုက်အရှေ့ပိုင်းတွင်တည်ရှိသော အိန္ဒိယနိုင်ငံ (သို့မဟုတ်) တရုတ်နိုင်ငံတောင်ပိုင်းတို့သည် လိမ္မော်ပင်၏မူလပေါက်ရောက်ရာအရပ်ဒေသ ဖြစ်သည်ဟုသိပ္ပံပညာရှင်များကဆိုကြသည်။ လိမ္မော်ပင်စိုက်ပျိုးရာ၌ အရေးအကြီးဆုံးအချက်မှာ ရာသီဥတုဖြစ်သည်။ လိမ္မော်ပင်တို့သည် အသက်ပြင်းသောအပင်မျိုးဖြစ်သဖြင့် ပူအိုက်သောရာသီဥတုရှိသည့် တိုင်းပြည်တို့၌သော်လည်းကောင်း၊ ချမ်းအေးသောရာသီဥတုရှိသည့် တိုင်း ပြည်နယ်ပယ်တို့၌လည်းကောင်း ပေါက်ရောက်နိုင်သည်။ သို့သော် ပူအိုက်သည့်တိုင်းပြည်တို့မှရရှိသော လိမ္မော်သီးတို့မှာ အနံ့၊ အရသာ၊ အသွေးအရောင်မှစ၍ အနည်းငယ်ချွတ်ယွင်းပျက်ပြယ်တတ်၍ ချမ်းအေးသောရာသီဥတုရှိသည့်တိုင်းပြည်တို့သည် လိမ္မော်ပင်စိုက်ပျိုးရန် အသင့်လျော်ဆုံးဖြစ်သည်။ လိမ္မော်ပင်တစ်ပင်မှ တစ်နှစ်လျှင် လိမ္မော်သီးအလုံးရေ ၄ဝဝ မှ ၆ဝဝ အထိသာလျှင်သီးနိုင်ပါသည်။ သို့သော်အမေရိကတိုက်၊ ဒိုမီနီကန်ကျွန်း၌ မူရာသီဥတုနှင့်တကွ မြေဩဇာသည် လိမ္မော်ပင်နှင့်အထူးသင့်လျော်သော ကျွန်းဖြစ်သောကြောင့် သာမန်လိမ္မော်ပင်တစ်ပင်လျှင် လိမ္မော်သီးအလုံး ၈ဝဝဝ လုံးခန့်ကိုရရှိနိုင်သည်။ အရှေ့တောင်အာရှဒေသတွင်မူ လိမ္မော်ပင်တစ်ပင်မှ တစ်နှစ်လျှင် အသီး ၄ဝဝလုံးမျှရလျှင် တော်သင့်ပြီဟုမှတ်ယူရသည်။ မြန်မာနိုင်ငံတွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်နှင့်ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ရပ်စောက်၊ ရွာငံ၊ ပင်လောင်း၊ ကလောမြို့နယ် ပလောင်တောင်ကျေးရွာနှင့် ကျောက်တလုံးကြီးမြို့ ထီခေါင်းကျေးရွာ စသည်တို့တွင် လိမ္မော်ပင်များစိုက်ပျိုးကြပါသည်။ လိမ္မော်သီးအထွက်ကောင်းမွန်ရန်အတွက် သီးနှံကြီးထွားစဉ်ကာလတစ်လျှောက်လုံးတွင် ကောင်းမွန်သောအပူချိန်ကို ထိန်းသိမ်းရန်လိုအပ်ပြီး အပူချိန်မလုံလောက်လျှင် အသီးမချိုခြင်း၊ တာရှည်အပူချိန်မလုံလောက်လျှင် အသီးရင့်မှည့်မှု ပုံမှန်မဖြစ်နိုင်ခြင်း၊ တာရှည်စွာအပူချိန်များနေလျှင်လည်း အသီးမသီးနိုင်ခြင်း၊ ပူပြင်းခြောက်သွေ့ သောရာသီတွင် အသီးများနေလောင်တတ်ခြင်းတို့ဖြစ်တတ်ပါသည်။ မြန်မာနိုင်ငံမှထွက်သောလိမ္မော်သီးများသည် အငယ်စားမျိုးဖြစ်ပြီး လိမ္မော်သီးနှင့်ကမ္ဗလာသီးဟူ၍ နှစ်မျိုးနှစ်စားရှိပါသည်။ လိမ္မော်သီးတွင် ဗီတာမင် C နှင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက် များစွာအထောက်အကူပြုသော အစားအသောက်တစ်ခုဖြစ်ပါသည်။ လိမ္မော်သီးတွင်ကယ်လ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓာတ်လည် းအပြည့်အဝပါဝင်ပြီး သဘာဝအချိုဓါတ်ရရှိစေနိုင်သည့် သစ်သီးတစ်မျိုးလည်းဖြစ်ပါသည်။ လိမ္မော်သီးတွင် phytoc-
hemicals များပါဝင်သောကြောင့် အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာဝေဒနာများကိုကာကွယ်ပေးနိုင်ပါတယ်။ လိမ္မော်သီးတွင်ပါဝင်သောအမျှင်ဓါတ်သည် ပျော်ဝင်လွယ်သောအမျှင်ဓါတ်ဖြစ်သောကြောင့် သွေးတွင်းကိုလက်စထရောကျဆင်းအောင် အထောက်အကူပြုပေးနိုင်ပါသည်။ လိမ္မော်သီးတွင် carotenoid ဒြပ်ပေါင်း ကြွယ်ဝစွာပါဝင်သောကြောင့် အမြင်အာရုံထိခိုက်မှုမျိုးမဖြစ်စေရန်ကာကွယ်ပေးပါသည်။ လိမ္မော်သီးသည် ကျောက်ကပ်ရောဂါ ကိုလည်းကာကွယ်ပေးနိုင်ပါသည်။ လိမ္မော်သီးသည် ဆဲလ်များထိခိုက်ပျက်စီးခြင်းကို တားဆီးကာကွယ်ပေးနိုင်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်သော beta-carotene ပါဝင်နေပါသည်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုလည်း တားဆီးကာကွယ်ပေးပါသည်။ လိမ္မော်သီးတွင် ပါဝင်သည့် Choline သည် အိပ်ပျော်စေနိုင်ခြင်းနှင့်ကြွက်သားလှုပ်ရှားမှု၊ သင်ယူမှုနှင့်မှတ်ဉာဏ်စွမ်းရည်များကို ကောင်းမွန်စေပါသည်။ ထိုကြောင့် လိမ္မော်သီးကို ခန္ဓာကိုယ်အထောက်အကူပြု အာဟာရဖြစ်အသီးအနှံအဖြစ် မဖြစ်မနေပုံမှန်စားသုံးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုနိုင်စေပါသည်။
DOCA(ကယား)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ရန်ကုန်မြို့ ‌ေရွှပြည်သာမြို့နယ် ရွှေမဲဆိပ်ကမ်းတွင် ၂နိုင်ငံ သဘောတူစာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မှုအခြေအနေအား ကြည့်ရှု့စစ်ဆေးခြင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

           ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ညွှန်ကြားရေးမှူးချုပ်များ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာန (Commodity Testing and Quality Management - CTQM) ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

          ပြည်ထောင်စုဝန်ကြီး လိုက်လံစစ်ဆေးနေစဉ် ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာန၊ ဌာနမှူးက လယ်ယာထွက်ကုန်သီးနှံများစမ်းသပ်စစ်ဆေးပေးလျက်ရှိသည့် ဓာတ်ခွဲခန်း များ တည်​ထောင်ထားရှိမှုအခြေအနေ၊ ဓာတ်ခွဲခန်းအလိုက်၊ သီးနှံအမျိုးအစားအလိုက် စမ်းသပ်စစ်ဆေး ပေးလျက်ရှိသည့်အရည်အသွေးများ၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် သင်တန်းဖွင့်လှစ်ပို့ချပေးနိုင်မှုအခြေအနေများ၊ သုတေသနလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ နိုင်ငံတကာအသိအမှတ်ပြုဓာတ်ခွဲခန်းလက်မှတ် ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

          ဆက်လက်၍ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ အသင်းဥက္ကဌနှင့် တာဝန်ရှိ သူများက ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာ့သဘာဝရော်ဘာအရည်အသွေး စမ်းသပ် စစ်ဆေးရေး ဓာတ်ခွဲခန်း တည်ထောင်ထားရှိမှု အခြေအနေ၊ အပြည်ပြည်ဆိုင်ရာ ရော်ဘာအသင်း၏ အသိအမှတ်ပြု လက်မှတ်ရရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်ခွဲခန်းများသည် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ ကျွမ်းကျင်သည့် ဓာတ်ခွဲခန်းဝန်ထမ်းများ ဖြစ်လာစေရန်အတွက် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

“တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ၊ မြို့သစ်ရပ်ကွက်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ ”

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ဒီဇင်ဘာလ(၁၈)ရက် နံနက်(၁၀:၀၀)နာရီတွင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်အတွင်းရှိ ရပ်ကွက်သူ/သားများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

        မြို့နယ်တာဝန်ခံက ဆွေးနွေးရာတွင် ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ စားသုံးသူအများပြည်သူတို့၏ စားသုံးသူအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရန်အတွက် စားသုံးသူအကာအကွယ်ပေးရေးဥပဒေတစ်ရပ်ကို ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေတွင် ခေတ်နှင့်မလျော်ညီသည့်ပြဋ္ဌာန်းချက်မျာ းပါဝင်နေသည့်အတွက် ၂၀၁၉ ခုနှစ်တွင် ဥပဒေဟောင်းကို ရုပ်သိမ်းပြီး စားသုံးသူကာကွယ်ရေးဥပဒေသစ်တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉/၂၀၁၉)ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ထပ်မံပြဋ္ဌာန်းခဲ့ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေတွင် ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ စားသုံးသူ၏တာဝန်များ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း ၎င်းကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာ အချက်များထဲမှ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းနှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း စားသုံးသူအများပြည်သူတို့အား ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရရှိစေရေးတို့အတွက် စားသုံးသူပြည်သူများအနေဖြင့် အမှန်တကယ် နစ်နာဆုံးရှုံးမှုများအပေါ် စားသုံးသူသတင်းအချက်အလက်နှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားပါကြောင်း အသေးစိတ်ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

CMP ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့

     CMP ပို့ကုန်သွင်းကုန်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏လုပ်ငန်းများကို အ‌ထောက်အကူပြုနိုင်စေရန်စေ CMP  စနစ်ဖြင့်ဆောင်ရွက်သော အထည်ချုပ်လုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်း၊ လယ်ယာထွက်ကုန်လုပ်ငန်း(၄)ခု၏ သတင်းအချက်အလက်များစုစည်းခြင်း၊ မြေပြင်ကွင်းဆင်းခြင်းတို့နှင့်ပတ်သက်ပြီး ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် တာဝန်ပေးအပ်ထားသော လုပ်ငန်းအဖွဲ့၏တာဝန်များနှင့်အညီ လုပ်ငန်းဆောင်ရွက်ချက်များဆောင်ရွက်လျက်ရှိရာတွင် ရန်ကုန်တိုင်းဒေသကြီး CMP လုပ်ငန်းများမြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌဦးဆောင်၍ အဖွဲ့ဝင် (၈) ဦးတို့မှ ၁၅-၁၂-၂၀၂၂ ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန်(၁)ရှိ အမှတ်(၄၇၆)၊ မိုးကုတ်လမ်း၊ Golden Theparerg Gament Co.,Ltd. (အထည်ချုပ်လုပ်ငန်း)၊ အမှတ်(၁၈)လမ်းသစ်လမ်း၊ ရွာသာကြီးအကြီးစားစက်မှုဇုန်၊ Myanmar Dongtai Garments Co.,Ltd. (အထည်ချုပ်လုပ်ငန်း)နှင့် အမှတ်(၁၄၃/၁)၊ ကျန်စစ်သားရိပ်မွန်၊ Woorie M.J Shirt Co.,Ltd (အထည်ချုပ် လုပ်ငန်း)တို့အား စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က မြေပြင်ကွင်းဆင်းစစ်‌ဆေးမှုများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆေးဆိုင်လုပ်ငန်းရှင်များအသင်း၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်(၄)ဆိုင်အား ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများသည်လည်း တည်ငြိမ်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ဆေးဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ဆေးဝါးများနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသောဆေးပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့်ကုမ္ပဏီ ဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Reg-istration No.(IR) များ၊ ဖော်ပြထားသောဆေးနှင့်ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ ဆေးဝါးရောင်းချခွင့်လိုင်စင်များပုံမှန်သက်တမ်းတိုးရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)   

 

ပွင့်ဖြူမြို့ပေါ်၌ “နေလ”ကွာစေ့လုပ်ငန်းရှင်နှင့်တွေ့ဆုံအသိပညာပေးခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုး မွေးမြူသူတောင်သူများ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းအချက်အလက်များဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

         မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ပွင့်ဖြူမြို့နယ်တာဝန်ခံသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၃.၁၂.၂၀၂၂) ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ “နေလ”ကွာစေ့ ထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      အသိပညာပေးဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ အသင့်စားမုန့်အမျိုးမျိုးတွင် ပါရှိရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုဖော်ပြလိုပါက တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရန်နှင့် ကုန်အမှတ်တံဆိပ်ဖော်ပြရာတွင် ပြည်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် လိုက်နာ ဆောင်ရွက်စေလိုကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

ပြည်နယ်ဦးစီးမှူးမှ မွန်ပြည်နယ်ဆားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

      မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ် ဆားလုပ်ငန်းရှင် အသင်းဥက္ကဋ္ဌအား ၁၆-၁၂-၂၀၂၂ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးမှ မိမိတို့ဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားခဲ့ပြီး ဆားစက်ရုံများမှ ဆားထုတ်လုပ်မှုအခြေအနေ၊ ဆားဖြန့်ဖြူးမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။

     ထို့နောက် ဆားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌမှ ဆားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပတင်ပို့နိုင်ရေး၊ ပြည်တွင်း၌ အဓိကစားသောက်ကုန်နှင့် စက်မှုကုန်ကြမ်းဖြစ်သော အဆင့်မြင့် အိုင်အိုဒင်းဆားချောထုတ်လုပ်နိုင်ရေးနှင့် ခေတ်မီစက်ကြီးဖြင့် အိုင်အိုဒင်းဆားချော ထုတ်လုပ်နိုင်ရေးအတွက် အဆင့်မြင့်အိုင်အိုဒင်းဆားချော စက်ရုံတည်ဆောက်ရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ကျိုက်မရောမြို့၊ အမှတ်(၂)မူလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်

          ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၉:၀၀ နာရီအချိန်တွင် ကျိုက်မရောမြို့နယ် အမှတ်(၂)အခြေခံပညာ အ.မ.က(မူလွန်)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ဆောင်ရွက်ခြင်းဖြစ်ပါသည်။

      ဟောပြောဆွေးနွေးပွဲတွင် ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မြတ်မှ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးမှ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့၏အကြောင်းအရာများကိုလည်းကောင်း၊  ကျိုက်မရောမြို့နယ်ပညာရေးဦးစီးဌာနမှ ကျောင်းနေကလေးများ စာဖတ်နှုန်းမြင့်တင်ရန်ကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပါသည်။  ဟောပြောပွဲ၌ ဆရာ၊ ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်သူများအား စားသုံးသူကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show )ကျင်းပ

          စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show)ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးတို့က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community  Centre ၌   Talk Show ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

          အဆိုပါ TalK Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးမှ ပြည်သူ့အတွက် စားသုံးသူကာကွယ်ရေးအသိပညာရရှိစေရေး အသိပညာပေးဆွေးနွေးပွဲဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံဦးအောင်ညီညီခန့်က  စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူတို့၏အခွင့်အရေး(၈)ချက်ကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးများကို သိရှိပြီးရယူနိုင်ရန်၊  စားသုံးသူဆုံးရှုံးနစ်နာမှုရှိလာပါက တိုင်ကြားနိုင်သည့်နေရာများနှင့် စားသုံးသူရေးရာဦးစီးဌာန၏လုပ်ရှားဆောင်ရွက်ချက်များ။ နေရာဒေသစုံစွာ ဟောပြောပွဲများဆောင်ရွက်နေမှုများ၊ စားသုံးသူရေးရာဦးစီးဌာန၏ Webiste www.doca.gov.mm တွင်လေ့လာနိုင်ကြောင်း စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဖြင့် ပြည်သူ့အတွက် များစွာအကျိုးကျေးဇူးရရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ယခုလို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ခြင်း Talk Show  အစီအစဉ်ဖြင့်လည်း  ပြည်သူ့များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေမည်ဖြစ်သည့်အတွက်   ကျေးဇူးတင်ပါသည်ဟု ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - HighLight News