HighLight News

Powered by Drupal

စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း‌ဒေသကြီး၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၂)ဦးတို့သည် ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူ ဇွန်လ ၇ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင်များအား  ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့သည်။ 

          Bella Plus Plasterသည် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No.(IR) များ ဖော်ပြထားခြင်းမရှိဘဲ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကြောင့် တရားဝင်တင်သွင်းရောင်းချနေသည့် ကုမ္ပဏီများ အနေဖြင့် အကျိုးစီးပွားထိခိုက်နစ်နာမှုများကြုံတွေ့နေရ၍ ဥပဒေနှင့်အညီ စိစစ်အရေးယူရန် အကြောင်းကြားလာပါသဖြင့် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ရာ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသည့် Bella Plus Plasterအား ရောင်းချ မှုမရှိကြောင်း စိစစ်တွေ့ရှိရ၍  ခရိုင်ဦးစီးမှူးက ရောင်းချသည့်ဆေးဆိုင်ပိုင်ရှင်များအား တရားဝင် မှတ်ပုံတင်ထားသည့် လူသုံးကုန်နှင့် အိမ်သုံးဆေးဝါးများကိုသာ ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်မှုထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး  ဆွေးနွေးပွဲပြုလုပ်

                 ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်မှုထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ သက်ဆိုင်ရာတိုင်း အဆင့်ဌာနဆိုင်ရာများ၊ ပုသိမ်ခရိုင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၇.၆.၂၀၂၂ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါ အခမ်းအနားတွင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးက မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေထွက်ပစ္စည်းများနှင့်အခြေခံစီးပွားရေးလုပ်ငန်းများရှိပြီး ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုအတွက်လည်း ကြိတ်ခွဲနေသောခေတ်မီဆန်စက်ကြီးများ၊ ဆီစက်များ၊ နိုင်ငံတကာအဆင့်မီငါးမွေးမြူရေးနှင့် နိုင်ငံတကာအဆင့်မီသားငါးထုတ်လုပ်သည့်စက်ရုံများ၊ အလုပ်ကိုင်အခွင့်လမ်းများ ဖန်တီးပေးပြီး အများစုအလုပ်အကိုင်ရရှိစေမည့် အထည်ချုပ် စက်ရုံများ၊ ဘိလပ်မြေစက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံ၊ မှန်စက်ရုံ၊ စက္ကူစက်ရုံများလည်း တည်ရှိနေပြီး ကဏ္ဍစုံမှ၎င်းတို့၏ စက်မှုထုတ်ကုန်များ၊ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့လုပ်ကိုင်နေသော လုပ်ငန်းများ၏ လက်ရှိအခြေအနေလိုအပ်သော အခက်အခဲများရှိပါက ဖြေရှင်းရမည့်အပိုင်းများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားရန် အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်၊၊

                ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်မှ ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြ၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးသက်ပိုင်က ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းဦးစက် စက်ရုံအလုပ်ရုံများနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ပါသည်၊၊ဆက်လက်၍ တက်ရောက်လာကြသော စီးပွားရေးလုပ်ငန်းရှင်များမှ တင်ပြဆွေးနွေးမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲအခမ်းအနားကို နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိသော စားသုံးရန်မသင့်သည့် အေးခဲအသားချောင်းများ အဖွဲ့စုံဖြင့် သိမ်းဆည်း မီးရှို့ဖျက်ဆီး

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာ ရပ်/ကျေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ၉-၆-၂၀၂၂ ရက်နေ့၊ နံနက် (၀၉:၀၀ )နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးရန်မသင့်သည့် အေးခဲအသားချောင်းထုပ်များ ဈေးကွက်အတွင်း ရောင်းချမှု ရှိ/ မရှိကို ဘားအံမြို့ရှိ အမှတ်(၁) စံပြဈေးတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဈေးကွက်အတွင်း စားသုံးရန်မသင့်သည့် အေးခဲအသားချောင်းထုပ်များ ရောင်းချဖြန့်ဖြူးနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့ကြောင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်မေသူနွယ်က ရောင်းချနေလျက်ရှိသော  စားသုံးရန်မသင့်သည့် အေးခဲအသားချောင်းထုပ်များကို ထပ်မံရောင်းချခြင်း မပြုရန် ဝန်ခံကတိ လက်မှတ်ရေးထိုးစေခဲ့ပြီး ရှောင်တခင်စစ်ဆေးချိန်တွင် တွေ့ရှိခဲ့သည့် အသားချောင်းထုပ်များကို သိမ်းဆည်းခဲ့ပါသည်။ သိမ်းဆည်းရမိသော အေးခဲအသားချောင်းထုပ်များဖြစ်သည့် 7Star (ဘဲဥအတု)၊ Super Pork (ဝက်ဥချောင်း)၊ UF (BBQ Shrimp)၊  SV (ရေညှိအသားချောင်း)၊ Thai Star (အနီရောင်ဟော့ဒေါ့)၊ ကြက်ဖပုံ (အနီရောင်အသားချောင်း) စုစုပေါင်းအမျိုးအစား(၆)မျိုးကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးအတွင်းရှိ စွန့်ပစ်ပစ္စည်းများ ထားရှိသည့်နေရာတွင် စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

မြိတ်မြို့၊ မြရိပ်ညို(၁၁)လမ်းရှိ မြိတ်ဒိုးနပ် မုန့်တိုက်လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး မုန့်တိုက်အား ကွင်းဆင်း

           တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်   (၉.၆.၂၀၂၂) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင်မြိတ်မြို့၊ မြိတ်တက္ကသိုလ်အနောက်ဘက်၊ မြရိပ်ညို(၁၁)လမ်းရှိ မြိတ်ဒိုးနပ် မုန့်တိုက်သို့ သွားရောက်၍ မုန့်တိုက်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ  စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်များအား ရှင်းလင်းပြောကြားပြီး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

          မုန့်တိုက်လုပ်ငန်းရှင်နှင့် မုန့်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အစားသောက်ထုတ်လုပ်ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ မဖြစ်မနေပါဝင်ရမည့် အချက်များအား မြန်မာဘာသာဖြင့်တိကျစွာဖော်ပြရန်၊  အစားအသောက်သန့်ရှင်းရေးကိုအဓိကထားဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို  အလေးထား၍ထုတ်လုပ်ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားများအား စားသုံးသူရေးရာဦးစီးဌာနတွင် ငွေကြေးပေးဆောင်စရာမလိုဘဲ လာရောက်လျှောက်ထားနိုင်ကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်တို့ကို ရှင်းလင်းပြောကြားခြင်းနှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

စားသုံးသူအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ကျောက်တော်မြို့နယ် ၊ မြို့နယ်တာဝန်ခံ ဦးလှမောင် (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ကျောက်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်မာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၉-၆-၂၀၂၂)ရက်နေ့ နေ့လည်(၁၀:၀၀)ခန့်အချိန်တွင် ကျောက်တော်မြို့မဈေးအတွင်းသို့ သွားရောက်၍ ဈေးအတွင်းရောင်းချနေသော စားသောက်ကုန်/အလှကုန်ပစ္စည်းများအား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးနှင့် ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိ/မရှိ ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးလှမောင် (ဦးစီးမှူး)မှ ဈေးဆိုင်ပိုင်ရှင်များအား ရောင်းချနေသောကုန်စည်များသည် ဝယ်ယူစားသုံးသူ မိဘပြည်သူများအား ဘေးဉပါဒ်မဖြစ်စေရန် အလွန်အရေးကြီးပါကြောင်း ဤကဲ့သို့ ဘေးဉပါဒ်မဖြစ်စေရေးအတွက် မိမိတို့နိုင်ငံမှ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိမှု ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်(သို့) မြန်မာဘာသာနှင့်အခြားဘာသာတွဲလျှက် ဖော်ပြထားသော ကုန်ပစ္စည်းများကို ဦးစားပေးရောင်းချရန်လိုအပ်ပါကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေအရ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို  ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍  ကုန်စည်အမျိုးအစားအလိုက် သက်မှတ်ချက်များနှင့်အညီ ဖော်ပြရန်လိုအပ်ပြီး မြန်မာဘာသာ(သို့) မြန်မာဘာသာနှင့်အခြားဘာသာတွဲလျှက် ဖော်ပြရမည့်ဖြစ်သည့်အတွက် ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဉပဒေပါ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပညာပေးပြောကြားပြီး ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

စီးပွားရေးတစ်ခု ရေရှည်ရပ်တည်နိုင်ရန် စားသုံးသူသာ အဓိက

            ဘောဂဗေဒသည်လူမှုရေးသိပ္ပံဘာသာရပ်တစ်ခုဖြစ်ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်မှု၊ သုံးစွဲမှုနှင့် ဖြန့်ဖြူးမှုတို့ကို ဖော်ပြခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း ပြုလုပ်သော ပညာရပ်ဖြစ်သည်။

        ကူးသန်းရောင်းဝယ်ခြင်း ဆိုသည်မှာ ကုန်ပစ္စည်းများကို လူပုဂ္ဂိုလ်တစ်ဦးမှ တစ်ဦးသို့ ရောင်းဝယ်၊ ကုန်သွယ်၊ ဖလှယ်ခြင်းဖြစ်ပါသည်။ ကူးသန်းရောင်းဝယ်ခြင်းအား လုပ်ဆောင်စေသည့်ကွန်ရက်ကိုမူ ဈေးကွက်ဟုခေါ်သည်။ ကူးသန်းရောင်းဝယ်မှု၏ မူလမှာ ပစ္စည်းများကို တိုက်ရိုက်အလဲအလှယ် ပေးယူခြင်းပင် ဖြစ်သည်။

          နိုင်ငံတကာကုန်သွယ်ရေးသည် ငွေကြေးအရင်းအနှီးများ၊ ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှုများကို နိုင်ငံတကာနယ်နိမိတ်များ သို့မဟုတ် ပိုင်နက်များအား ဖြတ်သန်း၍ လဲလှယ်ဖလှယ်ကြခြင်း ဖြစ်ပါသည်။ များစွာသော နိုင်ငံတို့တွင် ၎င်းသည် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဘိုး၏ ထူးခြားထင်ရှားသည့် ဝေစုဟုဖေါ်ပြပါသည်။ 

         ဈေးကွက်ထိုးဖောက်ခြင်း ဆိုသည်မှာ ကုန်စည် ဝန်ဆောင်မှု့ကို ရောင်းချလိုသော ရည်ရွယ်ချက်ဖြင့် ထိုကုန်စည် ဝန်ဆောင်မှု့၏တန်ဖိုးကို ဝယ်ယူသူများထံသို့ ဆက်သွယ်ခြင်း လုပ်ငန်းစဉ် ဖြစ်သည်။ 

        စီးပွားရေး လုပ်ငန်းတစ်ခုအား စီမံအုပ်ချုပ်ရာတွင် စီးပွားရေးလုပ်ငန်း လည် ပတ်ခြင်း နှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း တို့နှင့် ပတ်သက်သော အလုပ်ပြီး မြောက်စေမှုနှင့် စီမံခန့်ခွဲမှုတို့ ပါဝင်သည့် အပြင်လူနှင့် အခြားသော စွမ်းအားစုများကို စနစ်တကျ စုရုံးခြင်းဖြင့် တူညီသော ပန်းတိုင်နှင့် ရည်ရွယ်ချက်သို့ ရောက်ရှိစေရန် ညွှန်ကြားခြင်းလည်း ပါဝင်သည်။ ယေဘုယျအားဖြင့် စီမံအုပ်ချုပ်ခြင်းတွင် ကျယ်ပြန့်သော စီမံခန့်ခွဲမှုလုပ်ငန်းဆောင်တာများဖြစ်သော ဘဏ္ဍာရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့် သတင်းအချက်အလက်စနစ် စီမံခန့်ခွဲမှုတို့လည်း ပါဝင်သည်။ အချို့သော လေ့လာသုံးသပ်သူများက စီမံခန့်ခွဲခြင်းအား စီမံအုပ်ချုပ်ရေး၏ တစိတ်တပိုင်းအဖြစ်သာ ရှုမြင်ကြပြီး အဖွဲ့အစည်းတစ်ခု၏ နည်းပညာနှင့် လုပ်ငန်းလည်ပတ်ရေး ကဏ္ဍနှင့်သာ သက်ဆိုင်သည်ဟု ရှုမြင်ကြကာ အုပ်ချုပ်ရေးနှင့် မဟာဗျူဟာမြောက် စီမံခြင်းတို့မပါဝင်ဟု သတ်မှတ်ကြပါသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် စီမံအုပ်ချုပ်ခြင်း ဆိုသည်မှာ လုပ်ရိုးလုပ်စဉ် ရုံးအလုပ်များကို ဗျူရိုကရေစီဆန်ဆန်နှင့် လုပ်ငန်းလည်ပတ်ရန် ဆောင်ရွက်ခြင်းသာ ဖြစ်ပြီး ရုံးတွင်းကိစ္စရပ်များကိုသာ ဦးတည်ကာ ဖြစ်ပေါ်လာသည့် လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ခြင်းမျှသာဖြစ်ပြီး ကြိုတင်စီမံ တုံ့ပြန်ခြင်း မဟုတ်ပေ။

          စီးပွားရေး စီမံအုပ်ချုပ်သူများသည် စီးပွားရေးလုပ်ငန်းနှင့် ၎င်း၏လုပ်ငန်း လည်ပတ်မှုတို့ကို စောင့်ကြပ်ကြည့်ရှုကြသည်။ ၎င်းတို့၏ အလုပ်မှာ စီးပွားရေးလုပ်ငန်းအနေနှင့် ချမှတ်ထားသော ရည်မှန်းချက်ပန်းတိုင်များကို ပြည့်မှီစေရန်နှင့် ၎င်းတို့အား အသေအချာ ညှိနှိုင်းပေါင်းစည်းနိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် အတွက်ဖြစ်သည်။ ထိုနေရာတွင်ရှိသော သူ၏ လုပ်ငန်းဆောင်တာများမှာ ကျယ်ပြန့်၍ အမျိုးမျိုး ကွဲပြားပြီး အမြဲဆိုသလိုပင် လူမှန်နေရာမှန် ရွေးချယ်တတ်ရန်နှင့် ၎င်းတို့ကို စနစ်တကျ လေ့ကျင့် သင်ကြားပေးနိုင်ရန်၊ စီးပွားရေး လုပ်ငန်းအောင်မြင်မှုအတွက် အစီအစဉ်များ ရေး ဆွဲရန်နှင့် နေ့စဉ် လုပ်ငန်းလည်ပတ်မှုကို စောင့်ကြပ်ကြည့်ရှုရန် စသည်တို့လည်း ပါဝင်သည်။ အကယ်၍ အဖွဲ့အစည်းတစ်ရပ်လုံးအနေနှင့် ပြောင်းလဲမှု လိုအပ်ပါက ထိုနေရာအား ရယူထားသူက ဦးဆောင်ရလေ့ရှိသည်။ အချို့သော အခြေအနေများတွင် စီးပွားရေးလုပ်ငန်းကို ထူထောင်သူ သို့မဟုတ် ပိုင်ဆိုင်သူက စီမံအုပ်ချုပ်သူနေရာမှ အသုံးတော် ခံလေ့ ရှိသော်လည်း အဖွဲ့အစည်းတိုင်းတွင် မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ကုမ္ပဏီမှ အခြားသူတစ်ဦးတစ်ယောက်ကို ထိုနေရာအတွက် ခန့်ထားလေ့ ရှိကြသည်။

       "စီးပွားရေး စီမံအုပ်ချုပ်ရေးသမား" အနေဖြင့် ရာထူး ရယူထားသူသည် ကုမ္ပဏီ၏ မန်နေဂျာ တစ်ယောက်အနေနှင့် လုပ်ငန်း လုပ်ဆောင်သည့်အပြင် အခြားသော မန်နေဂျာများ၏ မန်နေဂျာ အဖြစ်လည်း ဆောင်ရွက်သည်။ ထိုသူသည် မန်နေဂျာ ရာထူးရယူထားသူများအနေနှင့် ကုမ္ပဏီ၏ ပေါ်လစီများကို လိုက်နာမှု ရှိမရှိနှင့် ကုမ္ပဏီ၏ ရည်မှန်းချက်ပန်းတိုင်သို့အလေအလွင့်နည်းပါးစွာဖြင့် ရောက်ရှိအောင် လုပ်ဆောင်ကြခြင်း ရှိမရှိ စသည်တို့ကို သေချာစေရန် စောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်သည်။ ဥပမာအားဖြင့် စီးပွားရေး စီမံအုပ်ချုပ်ရေးသမားများသည် လူ့စွမ်းအားအရင်း အမြစ်ဌာန၊ ကုန်ထုတ်လုပ်ငန်း ဌာန၊ ဘဏ္ဍာရေးဌာန နှင့် အခြားသော ဌာန များ၏ မန်နေဂျာများနှင့် အတူလုပ်ငန်းဆောင်ရွက်ပြီး ထိုသူတို့အနေနှင့် လုပ်ငန်းဆောင်တာများကို ကုမ္ပဏီ၏ ပန်းတိုင်နှင့် ရည်ရွယ်ချက်များအတိုင်း လုပ်ဆောင်စေရန် ကြီးကြပ်ပေးပါသည်။ ထို့ပြင်ကုမ္ပဏီ ပြင်ပရှိ စီးပွားရေး လုပ်ငန်းအတူတကွ ဆောင်ရွက်သူများနှင့် ပစ္စည်း ရောင်းချသူများနှင့်လည်း ဆက်သွယ်ဆောင်ရွက်ကြသည်။

       စီးပွားရေးလုပ်ငန်း ဆိုသည်မှာ စီးပွားရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်း နှင့် အခြားခွင့်ပြုထားသော လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကုမ္ပဏီအက် ဥပဒေ နှင့် အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ အမြဲဆို သလိုပင် စီးပွားရေးလုပ်ငန်းများသည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ရောင်းချရန် ဖွဲ့စည်းလေ့ ရှိကြသည်။ နိုင်ငံများစွာ၏ ဥပဒေအရ သတ်မှတ်ထားသော စီးပွားရေး လုပ်ငန်း အမျိုးမျိုး အစားစား ရှိပါသည်။ ၎င်းတို့တွင် ကော်ပိုရေးရှင်းများ၊ သမဝါယမ လုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများ၊ တစ်ဦးတည်း ရောင်းဝယ်ဖောက်ကားသူများ၊ ပေးရန် အကန့် အသတ်ရှိသော ကုမ္ပဏီများ နှင့် အခြား သီးခြား ခွင့်ပြု၍ အမည်ပေးထားသော လုပ်ငန်းများ ပါဝင်ပါသည်။ ထိုသီးခြား ဥပဒေများသည် နိုင်ငံအလိုက်၊ ပြည်နယ်အလိုက်၊ ဒေသအလိုက် ကွဲပြားခြားနားကြပါသည်။

       စီးပွားရေးလုပ်ငန်းတစ်ခုတွင် လုပ်ငန်းသစ်ပဲဖြစ်နေပြီး. လည်ပတ်နေဆဲ သက်တမ်းကြာနေပြီဖြစ်သောလုပ်ငန်းမျိုးပဲဖြစ်ပါစေ.. ရှေ့ဆက်ရပ်တည်နိုင်ရန်Idea သစ် များအမြဲလိုအပ်လျက်ရှိပါသည်။တစ်ချို့လုပ်ငန်းများသည် လည်ပတ်နေရင်းပင် အသစ်လုပ်ဖို့ မေ့လျော့နေ တတ်ပါသည်။ ယင်းအချက်မှာခဏမှာမသိသာပေမယ့် ဆန်းသစ်မှုမလုပ်သည့့်အခါမှာ ရေရှည် ရပ်တည် ရန်ခက်ခဲလာမည်ဖြစ်ပါသည်။ အခုလို ပြောင်းလဲအရွေ့မြန်သည့်လုပ်ငန်းများ သည်လည်း ခေတ်နှင့် အညီဆန်း သစ်နိုင်ဖို့ လိုအပ်ပါသည်။

      မိမိလက်ရှိလုပ်ငန်းကို ယခင်နှင့်မတူဘဲ ထူးခြားမှုပြောင်းလဲမှု လုပ်ချင်ရင်ဖြစ်စေ၊ လုပ်ငန်းချဲ့ထွင်ချင်ရင်ဖြစ်စေ Idea ကပဲ စတင်ရပါသည်။ မိမိလုပ်ငန်းမှာ ဆန်းသစ်မှု ထူးခြားမှုတစ်ခုခုပြုလုပ်ချင်သည့်အခါမှာ တိုးတက်လာသည့် ခေတ်နှင့်အညီ စီးပွားရေးလုပ်ငန်းများက တသတ်မှတ်တည်း အမြဲလုပ်ဆောင် နေလို့မရနိုင်ပါ။ပြုပြင်ပြောင်း လဲမှုတွေလုပ်ဆောင်ရပါသည်။ ရွှေ့လျားမှုနှင့်အတူ ရေရှည်ရပ်တည်နိုင်ရန် လုပ်ဆောင်ရပါသည်။.

       မိမိလုပ်ငန်းဝင်ငွေပိုရစေဖို့ နှင့် ရေရှည်ရပ်တည်ဖို့အတွက်စီးပွားရေးတစ်ခု ရေရှည် ရပ်တည်နိုင်ရန်အတွက် Customer အရေးကြီးပါသည်။ ကားတစ်စီး မည်မျှပင် ကောင်းနေပါစေ ဓါတ်ဆီမရှိရင် ရှေ့ဆက်သွားလို့မရပါဘူး ၎င်းဥပမာအတိုင်းပင် customer မရှိရင် ၀င်ငွေမရှိရင်ရေရှည်မှာလဲပြိုနိုင်ပါသည်။ လုပ်ငန်းရပ် တန့်သွားနိုင်ပါသည်။စီးပွားရေးလုပ်ငန်းတွေ၏အဓိက အချက်မှာမိမိတို့၏ ၀ယ်သူများကို ရေရှည် ထိန်းထားနိုင်ဖို့နှင့် Customer အသစ်ရှာဖွေရမှာပါက လုပ်ငန်းရှင်တွေနှင့် သူ့ရဲ့Team ကိုယ်တိုင်တို့ပင်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ရန်ကုန်)

ဘဏ်ဝန်ထမ်းများကို စားသုံးသူအသိပညာပေး ဆွေးနွေး

            စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဒေါ်ဝါဝါမြိုင်နှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ ဇွန်လ ၉ရက်နေ့၊ ညနေ (၄:၃၀) အချိန်က မွန်ပြည်နယ် မြန်မာနိုင်ငံသားများဘဏ် (MCB)၌ ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းတို့ကို စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့သည်။

          ထိုသို့ ဆွေးနွေးရာတွင် ဦးစီးအရာရှိဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်၊ရည်မှန်းချက်၊ စားသုံးသူနှင့်စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင် တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် အာမခံချက်များ၊ စားသုံးသူမှ အာမခံချက်နှင့် ပတ်သက်ပြီးတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုနှင့်ပတ်သက်၍ အကြောင်းအရာများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လျင် စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)၌ တိုင်ကြားမှုဆောင်ရွက်နိုင်သည်တို့အား ရှင်းလင်းဆွေးနွေးပြီး ဘဏ်ဝန်ထမ်းတို့မှ သိလိုသည်များကို မေးမြန်းခြင်းနှင့်ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပပြုလုပ်

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်  ၊ခရိုင်ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး ၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ (၃-၆-၂၀၂၂) ရက်နေ့တွင် ကျောက်ဆည်မြို့နှင့် စဉ့်ကိုင်မြို့ ရှိ စက်သုံးဆီအရောင်းဆိုင်များ၌  စက်သုံးဆီစျေးနှုန်း ၊ စက်သုံးဆီကန်များ၏ ဝင်ဆံ့မှုဂါလံနှင့် လက်ကျန်အရေအတွက်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် စဉ့်ကိုင်မြို့ရှိ “ရွှေဝဝ”မုန့်လုပ်ငန်းအား စျေးကွက်စောင့်ကြည့်စစ်ဆေးပြီး စက်ရုံအတွင်းရှိ ခန်းမ၌ ဝန်ထမ်းများနှင့် လုပ်သားများအား စားသုံးသူကာကွယ်ရေး ဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများဟောပြောဆွေးနွေးခဲ့ပါသည်။ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျင်ဌေးက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးဇော်မင်းလတ် (ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏အခွင့်အရေး ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်းဒေသကြီး၊ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များသို့လည်းကောင်း၊  MPT Sim Card အသုံးပြုသူများအနေဖြင့် 09-765481535 သို့လည်းကောင်း ၊ Mytel, Telenor, Ooredoo Sim Card အသုံးပြုသူများအနေဖြင့် 1535 သို့ ခေါ်ဆို၍ တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm မှတဆင့် တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည် ။ ဟောပြောဆွေးနွေးပွဲတွင် “ရွှေဝဝ” မုန့်လုပ်ငန်းမှ ဝန်ထမ်းနှင့်အလုပ်သမား(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA  (မန္တလေး)

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်သည်(၇.၆.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်၌ ရွာသာကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် စားသောက်ဆိုင်လုပ်ငန်းရှင် (၁၅) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ်(၉/၂၀၂၂) ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ ဥပဒေတွင် ပါရှိသော စားသုံးသူအခွင့်အရေးနှင့်တာဝန် များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များတို့ကို ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်း ကွင်းဆင်းခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် စားသုံးသူပြည်သူများ၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတရှိမှုနှင့် စွမ်းဆောင်ရည်မည်မျှရှိသည်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိရှိနိုင်ရန်အတွက် ၁၆.၅.၂၀၂၂ ရက်နေ့မှစ၍ ၂၂.၅.၂၀၂၂ ရက်နေ့ထိ မြို့နယ်/ရပ်ကွက်များရှိ စားသုံးသူပြည်သူများနှင့် Online ပေါ်ရှိ စားသုံးသူပြည်သူများထံ စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းအား ကောက်ယူဆောင်ရွက်ခဲ့ကြပါသည်။

        ထိုသို့ စစ်တမ်းကောက်ယူရာတွင် စားသုံးသူရေးရာဦးစီးဌာန၊မြောက်ပိုင်းခရိုင်အတွင်း မြို့နယ် (၈)မြို့နယ်ရှိ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများသည် မိမိတာဝန်ကျမြို့နယ်အတွင်းကွင်းဆင်း၍ စစ်တမ်းများကောက်ယူရာတွင် အသက်အပိုင်းအခြားအလိုက် ကျား/မ မရွေး စားသုံးသူကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးမှုနှင့်ပတ်သက်ပြီး နားလည်သိရှိနိုင်မှု စားသုံးသူအခွင့်အရေးနှင့် တာဝန်များ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် သတင်းအချက်အလက်များမည်မျှနားလည်ထားရှိမှု နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် ကုန်စည်ဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသားအချက်အလက်များပါမပါ ရေးသားထားရှိမှုများကို သိရှိထားခြင်းရှိ/မရှိနှင့် Onlie မှတဆင့်ဈေးဝယ်ယူမှုများရှိခဲ့ပါက မိမိစိတ်ကျေနပ်မှုရှိ/မရှိ စားသုံးသူတစ်ဦးချင်းစီအတွက်မေးမြန်း ခြင်းနှင့် Onlie မှတဆင့် မြေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ကြရာ မြို့နယ်အလိုက် တစ်ဦးချင်းစီမေးမြန်းခြင်း ကျား(၃၇)ဦး၊ မ(၃၈)ဦး စုစုပေါင်း(၇၅)ဉီးကို စားသုံးသူကာကွယ်ရေးဉပဒေပါ အခွင့်အရေးနှင့် ပြဌာန်းချက်များအပေါ် သိရှိနိုင်မှုအခြေအနေစသည့်အချက်များကို အခြေခံသည့် စစ်တမ်းမေးခွန်းများကို တိုက်ရိုက်ကောက်ယူခဲ့ကြောင်းနှင့် Onlie မှတဆင့်မေးမြန်းခြင်း ကျား (၁၈)ဦး၊ မ(၁၉)ဦး စုစုပေါင်း(၃၇)ဦးတို့ကို စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းများ ကောက်ယူနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News