ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဒေသထွက် ကြက်သွန်နီများဈေးကောင်းရ

၂၀၂၃ ခုနှစ်၊ မေလ (စတုတ္ထအပတ်)တွင် ပြည်ဈေးကွက်သို့ ကြက်သွန်နီသီးနှံ ဝင်ရောက်မှုနည်းသွားကာ အောင်လံ၊ တောင်တွင်းဘက်မှသာအဝင်ရှိပြီး လမ်းပမ်းဆက်သွယ်ရေးအခက်အခဲများကြောင့် တစ်ပတ်လျှင် ရက်ခြား ပိဿာချိန် ၂၃၀၀၀ခန့်သာ အဝင်ရှိနေပါသည်။ အဝင်နည်းသလို အရောင်းအဝယ်မှာလည်း ပါးနေကြောင်း သိရပြီး ဈေးနှုန်းမှာလည်း လက်လီ/လက်ကား တစ်ပိဿာလျှင် ကျပ် ၂၂၀၀ - ၂၅၀၀ တို့ဖြင့် ရောင်းချလျက်ရှိသည်။

ပြည်ဈေးကွက်အတွင်း မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ ကြက်သွန်နီများအပြင် ပြည်ဒေသထွက် မှော်ဇာကြက်သွန်နီနှင့် ဆင်မြီးဆွဲ ကြက်သွန်နီများကို ဈေးများတွင် စိုက်ပျိုးသူ တောင်သူများမှ ကိုယ်တိုင်ရောင်းချသည့်အပြင် Onilne အပေါ်မှလည်း ရောင်းချကြပါသည်။ ပြည်ဒေသထွက် ကြက်သွန်နီများကို အထုံးတွဲလေးများဖြင့်ထုံးကာ ရောင်းချကြပြီး အမြစ်ဖြတ်မထားတဲ့အတွက် ကြာကြာအထားခံပြီး အစို့ မပေါက်သလို ပုပ်မှာတို့ အလေးချိန်လျော့မှာတို့ကိုလည်း စိုးရိမ်စရာ မလိုတော့ဘဲ စားသုံးသူများမှ စိတ်ချစွာဝယ်ယူ စားသုံးကြကြောင်း သိရသည်။

ပြည်ခရိုင်အတွင်း ကြက်သွန်နီစိုက်ဧက (၇၂၇)ဧက စိုက်ပျိုးပြီး တစ်ဧကလျှင် အထွက်နှုန်း ပိဿာချိန် (၄၂၀၀)ခန့် ထွက်ရှိကြောင်း သိရပြီး ကြက်သွန်နီ အထုံးတွဲ တစ်ပိဿာလျှင် ကျပ် (၂၆၀၀-၂၇၀၀) တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA (ပဲခူး)

ပြည်မြို့၏ ဒညင်းသီးဈေးကွက်

ပြည်ဈေးကွက်တွင် ယခုအချိန်တွင် ဒညင်းသီးများကို မော်မြိုင်နှင့် ဒူယားဘက်မှ ဒညင်းသီးများ အဝင်လှိုင်လာသဖြင့် ဈေးနှုန်းများမှာ ယခင်ပေါ်စဈေးနှုန်းများနှင့်ယှဉ်လျှင် ဈေးများ ကျဆင်းလာခဲ့ပါသည်။ ဒညင်းသီးကို လူအများကြိုက်နှစ်သက် ကြသော်လည်း တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း အနည်းငယ်သာ စားသုံးသင့်ပါသည်။

ဒညင်းသီးသည် ရာသီပေါ်သီးနှံဖြစ်သည့်အတွက် လူအများ နှစ်သက်ကြသော်လည်း သွေးတိုး၊ ကျောက်ကပ်သမားများ အလွန့်အကျွံ့မစားသင့်ပါ။  ဈေးကွက်တွင် ရောင်းချသော ဒညင်းသီးဈေးနှုန်းများမှာ အလုံး အကြီး/အသေး အပေါ်မူတည်၍ ဈေနှုန်းများ ကွာခြားပါသည်။ ဒညင်းသီးအချော တစ်လုံးလျှင် (၁၀၀-၁၅၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၈၀-၁၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင် (၃၀-၆၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း သိရှိရသည်။

DOCA (ပဲခူး)

ပြည်ဈေးကွက်ရှိ ကြက်သွန်ဖြူ၊ ခရမ်းချဉ်နှင့်အာလူး

ပြည်ဈေးကွက်တွင် စားဖိုချောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူမှာ ရှမ်းပြည်နယ်မှ အဝင်ရှိသော ရှမ်းမွှာများရှိသလို မန္တလေးဘက်မှဝင်သော ကြူကုတ်များလည်းရှိပါသည်။ ပွဲရုံများမှ ရှမ်းစ လက်ကားတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၇၀၀၀)ကျပ် ဖြင့်လည်းကောင်း၊ ကြူကုတ်တစ်ပိဿာလျှင် လက်ကား (၆၅၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဖြင့် ဒေသတွင်းအပြင် Online ဈေးကွက်တွင်ပါ ကြူကုတ် (အကြီး) တစ်ပိဿာလျှင် (၇၆၀၀)ကျပ်၊ ရှမ်းစကြက်သွန်ဖြူ အကြီးတစ်ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်များက ပြည်ဈေးကွက်သို့ ရာသီဥတုအခြေအနေအရ အဝင်အနည်းငယ် လျော့နည်းခဲ့ပြီး ယခုတစ်ပတ်တွင် ပုံမှန်အဝင် ဆက်ရှိနေကြောင်း သိရှိရပါသည်။ ခရိုင်အတွင်းရှိ မြို့နယ်များမှ အမှာများအပြင် မြန်အောင်၊ ကြံခင်း၊ ကွင်းလှမြို့နယ်များကလည်း အမှာရှိကြောင်း သိရပါသည်။

ပြည်ဈေးကွက်တွင် ၂၀၂၃ခုနှစ်၊ ဧပြီလအတွင်း ခရမ်းချဉ်သီး လက်လီအချော(အကြီး) တစ်ပိဿာလျှင် (၂၄၀၀)ကျပ်၊ (လတ်) တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးရှိပြီး၊ လက်ကားတစ်ပိဿာလျှင် (ကြီး) (၃၀၀၀) ကျပ်၊  (လတ်) (၂၅၀၀)ကျပ် ဈေးရှိခဲ့ပါသည်။ သီးနှံရှားချိန်ဖြစ်၍ ဈေးမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ယခု မေလ (စတုတ္ထအပတ်)တွင် ရှမ်းခရမ်းချဉ်သီးချော (ကြီး)တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ လက်ကား တစ်ပိဿာလျှင် (၂၂၀၀-၂၅၀၀)ကျပ်ဈေးဖြင့် လက်လီ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

အာလူးကို ဒေသတွင်းလုပ်ငန်းရှင်များမှ အဝယ်ရှိသည့်အပြင် လက်လီသမားများမှလည်း အဝယ် ရှိပါသည်။ အာလူးအချောကြီး လက်လီတစ်ပိဿာလျှင် (၂၈၀၀)ကျပ်ဈေးရှိပြီး လက်ကား တစ်ပိဿာလျှင် (၂၄၀၀)ကျပ်ဈေးရှိပါသည်။ အလုံး အကြီးအသေးရောရာ တစ်ပိဿာလျှင် (၂၆၀၀) ကျပ်ဈေးရှိကြောင်း သိရှိရပါသည်။

DOCA (ပဲခူး)

အညာနွေနှင့် သဘာဝ၏လက်ဆောင်မွန် ကြံရည်

     မြန်မာနိုင်ငံအလယ်ပိုင်းဖြစ်သည့် မကွေးတိုင်းဒေသကြီး၏ နွေရာသီအချိန်အခါတွင် ချွေးထွက်လွန်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ နေရထိုင်ရငြီးစီစီဖြစ်ခြင်းစသည်တို့ကို ခံစားနေရသည်မှာ လူတိုင်း နီးပါးပင်ဖြစ်သည်။ ဤကာလအတွင်း စိတ်လက်တက်ကြွရွှင်လန်းစေရန် လိုအပ်သောအရာမှာ ရေဓါတ်ပြည့်ဝရန်သာဖြစ်သည်။ သို့ဖြစ်ပါ၍ အညာနွေနေပူပူတွင် ရေဓါတ်ဖြည့်တင်းနိုင်သည့်အပြင် ရင်ကို အေးမြသွားစေနိုင်သော သောက်စရာတစ်မျိုးမျိုးကို လူတိုင်းတောင့်တကြလိမ့်မည်ဟူသော ယူဆချက်မှာ လွဲမှားမည်မထင်ပေ။ ထိုကဲ့သို့သော သောက်သုံးစရာများထဲမှ ကျန်းမာရေးနှင့် ညီညွတ်သည့် သဘာဝ၏ လက်ဆောင်မွန်တစ်ခုဖြစ်သော ကြံရည်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပေသည်။

    ကြံရည်သည် ခန္ဓာကိုယ်အား အပူဒဏ်မှ ကာကွယ်ပေးနိုင်သည့် သောက်သုံးစရာတစ်မျိုး ဖြစ် သည်။ နွေရာသီတွင် လိုအပ်သော ခန္ဓာကိုယ်အားအင်များကို ဖြည့်တင်းပေးသည့်အပြင် ကိုယ်တွင်းရေ ဓါတ်ခမ်းခြောက်ခြင်းမှလည်း ကာကွယ်ပေးပါသည်။ ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူဖြစ် ခြင်း၊ ကိုယ်တွင်းအပုပ်အညစ်များကိုကျစေခြင်း၊ ဖျားနာနေမကောင်းဖြစ်ချိန်တွင် ပျောက်ဆုံးသွားသော ပရိုတိန်းဓါတ်နှင့် သကြားဓါတ်များကို ပြန်လည်ဖြည့်တင်းပေးခြင်း၊ အသားအရေအတွက် မရှိမဖြစ် လိုအပ်သောရေဓါတ်ကို ဖြည့်တင်းပေးခြင်း၊ အသားဝါရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးခြင်းတို့အပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓါတ်၊ ဗီတာမင်ဓါတ်၊ အမျှင်ဓါတ်၊ ပရိုတိန်းဓါတ်၊ သကြားဓါတ်စသည့် ဓါတ်သတ္တိများစွာပါဝင်သည့်အတွက် အညာနွေနှင့် သကာကြံရည်မှာ ဘက်ညီလွန်းလှသည်။

   မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင်လည်း ကြံပင်များကို စမ်းသပ်စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။ စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ(ရုံးချုပ်) အနေဖြင့် လည်း တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကြံသီးနှံစိုက်ဧကနှင့် အထွက်နှုန်းတိုးတက်ရေး တို့အတွက် နည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ကြံသီးနှံသည် စိုက်ပျိုးပြီး (၉)လ သက်တမ်းရှိပါက ခုတ်ရောင်း၍ရသည့် အနေအထားမျိုးဖြစ်သည်။ ကြံသီးနှံစိုက်ပျိုးရာတွင် အရင်းအနှီး အလွန်နည်းသောကြောင့် စိုက်ပျိုးစရိတ်အကုန်အကျလည်း များစွာသက်သာနိုင်ပါသည်။ ရောင်းချသည့်အချိန်တွင်လည်း ကြံရည်ဆိုင်များနှင့် လက်လီရောင်းချသည့် ဈေးသည်များက စိုက်ခင်းသို့ လာရောက်ဝယ်ယူကြသောကြောင့် ဈေးကွက်စနစ်အခက်အခဲနည်းပါးသည်။ ကြံခင်းအား ခုတ်ရောင်းပြီးပါကလည်း ကြံငုတ်မှ ထွက်ရှိသည့် ကြံအတက်များသည် ပျိုးပင်အဖြစ် ထပ်မံရောင်းချ၍ရသောကြောင့် ကြံသီးနှံစိုက်ပျိုးသူ တောင်သူများသည် နှစ်သီးစားဝင်ငွေရရှိသူများပင် ဖြစ်ပေသည်။

    ကြံစည်းများကို (၁၀)ချောင်းစည်း တစ်စည်းလျှင် ယခင်ပေါ်ဦးပေါ်ဖျားနှုန်းထားမှာ ကျပ်(၄၀၀၀-၄၅၀၀)နှုန်း ဈေးပေးရသော်လည်း ယခုအခါကျပ်(၈၅၀၀-၉၀၀၀)ဈေးနှုန်းဖြင့် ဝယ်ယူကြရပြီး ပြန်လည်ရောင်းချရာတွင် ကြံရည်တစ်ခွက်လျှင် (၅၀၀-၆၀၀-၇၀၀)ကျပ်နှုန်းဈေးရရှိကြောင်း ကြံရည် ရောင်းချ သူများထံမှ သိရှိရပါသည်။ ထို့ကြောင့် ကြံသီးနှံသည် စိုက်ပျိုးသူရော ပြန်လည်ရောင်းချသူတို့အနေဖြင့် ပါ တွက်ခြေကိုက်သည့်အပြင် နွေနေပူပူတွင် စိတ်ရောကိုယ်ပါ ရွှင်လန်းတက်ကြွစေနိုင်ဖို့ရန် ဈေးနှုန်းသင့်တင့်သည့် ကြံရည်ချိုသည် သောက်သုံးသူများအတွက်ပါ တွက်ခြေကိုက်သည့် သဘာဝ၏ လက်ဆောင်မွန် ဖျော်ရည်တစ်ခွက်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)

ရွှေတောင်မြို့ရှိ နှင်းဆီပန်းဈေးကွက်

ပြည်ခရိုင်၊ ရွှေတောင်မြို့ရှိ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် နှင်းဆီပန်းများ စိုက်ပျိုး ထားရှိသဖြင့် သွားရောက်၍ လေ့လာခဲ့ရာ စိုက်ပျိုးသည့် နှင်းဆီပန်းမျိုးမှာ ကျောက်စိမ်းနီမျိုးဖြစ်ပြီး မိုးဦးကျတွင်စတင်စိုက်ပျိုးကြောင်း သိရပါသည်။

နှင်းဆီပန်းများ စိုက်ပျိုးရာတွင် ပျိုးပင်များကိုသာ စိုက်ပျိုးရပြီး (၀.၂၅)ဧကတွင် နှင်းဆီပင် (၁၀၀၀)ကျော်အထိ စိုက်ပျိုး၍ရကြောင်း သိရပါသည်။ နှင်းဆီပန်းများကို စိုက်ပျိုးပြီး (၂)လအကြာတွင် အပွင့်များပွင့်လာပြီး (၄)လမှ (၅)လအကြာတွင် ရောင်းတန်းဝင်သော နှင်းဆီပန်းများ ရရှိ၍ စတင်ခူးဆွတ်၍ ရောင်းချရကြောင်း သိရပါသည်။ နှင်းဆီပန်းများပွင့်ချိန်တွင် နှင်းဆီပန်းများကို တစ်ရက်ခြား၊ နှစ်ရက်ခြား တစ်ခါခူးဆွတ်၍ ရောင်းချပြီး တစ်ခါခူးလျှင် အပွင့်ရေ (၈၀၀-၁၀၀၀) အထိ ရရှိကြောင်း သိရပါသည်။

နှင်းဆီပင် တစ်ခါစိုက်ပျိုးထားလျှင် (၅)နှစ်မှ (၆)နှစ် အထိခူးယူ၍ ရောင်းချရကြောင်း သိရပါသည်။ ထွက်ရှိလာသော နှင်းဆီပန်းများကို ရွှေတောင်မြို့ ဈေးများအပြင် ပြည်မြို့ရှိ ဈေးများနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ ရောင်း ဈေးမှာ နှင်းဆီတစ်ပွင့်လျှင် (၂၅)ကျပ်နှုန်းဖြင့် လက်ကားရောင်းချကြောင်း သိရပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် ဈေးနှုန်းပေါ်မူတည်ပြီး ဈေးကောင်းရလျှင် ရသလို တစ်နှစ်လျှင် ပျမ်းမျှအမြတ်မှာ (၁၅)သိန်း ခန့်ရရှိကြောင်း သိရပါသည်။

DOCA (ပဲခူး)

ပြည်မြို့ Electronic ဈေးကွက်မှာ အားသွင်းပန်ကာများ အရောင်းသွက်နေ

ယခုရာသီတွင် ပြည်မြို့ Electronic ဈေးကွက်၌ လေအးပေးစက်အမျိုးမျိုး၊ ပန်ကာအမျိုးမျိုး အရောင်းအဝယ်သွက်နေခဲ့ကြောင်း လေ့လာသိရှိရပါသည်။

လူတန်းစားအလွှာအလိုက် ငွေကြေးသုံးစွဲနိုင်မှုအပေါ်မူတည်၍ ဝယ်ယူသုံးစွဲမှု ကွာခြားကြပါသည်။ လေအေးပေးစက်များထက် ပန်ကာမျိုးစုံ ပိုရောင်းဝယ်မှုဖြစ်ကြပါသည်။ ပန်ကာများထဲမှာ အားသွင်းပန်ကာများက ပိုအရောင်းအဝယ် ဖြစ်ကြပါသည်။

ပန်ကာအမျိုးအစား အလိုက် Stand Fan များကလည်း ထုတ်လုပ်သည့် နိုင်ငံအလိုက် ကျပ်သောင်းဂဏန်းမှ သိန်းဂဏန်း အထက် ဈေးကွားခြားမှုရှိကြပြီး AC/ DC/ USB, Power Bankနှင့် တွဲသုံးရသော ပန်ကာများတွင် Portable Fan 6" တစ်လုံး 13500 ကျပ်၊ 10" တစ်လုံး ၃၃၀၀၀ ကျပ်မှစ၍ သိန်းဂဏန်းအထိ အရွယ်အစားအလိုက် ဈေးနှုန်းကွာခြားကြသလို Rechargeable  Power Bank Fan 7" တစ်လုံး  22000 ကျပ်၊ 6" တစ်လုံး 18500 ကျပ်၊ မှ 19500 ကျပ်အထိ Mini Fan 3.5" တစ်လုံး ၈၅၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်ဖြင့် ပစ္စည်းအမျိုးအစား Quality အပေါ် မူတည်၍  ဈေးနှုန်းများကွာခြားလျက်ရှိကြကာ အလွယ်တကူ သယ်ဆောင်သွားနိုင်သော အားသွင်းပန်ကာလေးများ ပိုအရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။

DOCA (ပဲခူး)

 

တောင်ငူမြို့ရှိ ဒညင်းသီးဈေးကွက်အခြေအနေ

တောင်ငူမြို့ ညောင်ပင်ဈေးတွင် မွန်ပြည်နယ်၊ မော်လမြိုင်ဒေသမှ ဒညင်းသီးများ ဝင်ရောက်လျက်ရှိပါသည်။

ဒညင်းသီးဈေးနှုန်းမှာ ရှယ်သီး အလုံး(၁၀၀)လျှင် ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ၊ သာမန် အရွယ်အစား အကြီးမှာ အလုံး(၁၀၀)လျှင် ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ၊ အလတ်မှ (၁၀) လုံးလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိနှင့် အသေး အလုံး(၁၀၀)လျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိရှိပါသည်။ အခွံပါဒညင်းသီးမှာ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်ရှိပြီး အရွယ်အစားစုံပါဝင်ပါသည်။ တစ်ပိဿာလျှင် ၆၅ လုံးမှ ၇၀ လုံးအထိ ပါဝင်ပါသည်။

တောင်ငူမြို့အရှေ့ဘက် ကရင်ပြည်နယ် သံတောင်ဒေသထွက် ဒညင်းသီးများမှာ အနည်း ငယ်သာ အဝင်ရှိသေးကြောင်း သိရပါသည်။ ဒညင်းသီးများ လှိုင်လှိုင်ပေါ်လာပါက ဈေးနှုန်းကျဆင်းနိုင်ကြောင်း သိရပါသည်။

DOCA (ပဲခူး)

တောင်ငူမြို့တွင် ဒူးရင်းသီးနှင့် လိုင်ချီးသီးများ အရောင်းသွက်

တောင်ငူမြို့သို့ ဒေသအသီးသီးမှ ရာသီအလိုက်သီးနှံများ တင်ပို့ရောင်းချလျက်ရှိရာ ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရသော်လည်း နောက်ပိုင်းလှိုင်လှိုင်ပေါ်လာပါက ဈေးနှုန်းကျဆင်းလာပါသည်။

ယခုအခါ ဈေးကွက်အတွင်း ဒူးရင်းသီးဈေးနှုန်းများမှာ ရှယ်သီးမှာ တစ်လုံးလျှင် ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိရှိပါသည်။အပင်မှခူးဆွတ်ထားသည့် သာမန်အသီးမှာ အကြီးတစ်လုံးလျှင် ၆၅၀၀ ကျပ်မှ ၇၅၀၀ ကျပ်အထိ၊ အလတ်တစ်လုံးလျှင် ၄၅၀၀ ကျပ်မှ ၅၅၀၀ ကျပ်နှင့် အသေး တစ်လုံးလျှင် ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ရှိပါသည်။အပင်မှ ကြွေကျသည့်အသီးမှာ အလုံးအလတ် (၃)လုံးလျှင် ၁၀၀၀၀ ကျပ်၊ အလုံးသေး (၂)လုံးလျှင် ၅၀၀၀ ကျပ်ရှိပါသည်။

လိုင်ချီးသီး(ခေါ်)နှင်းသီးမှာ ယခုအခါ အထုပ်အကြီးတစ်ထုပ်လျှင် ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိရှိကြောင်း သိရပါသည်။

DOCA (ပဲခူး)

တောင်ငူမြို့တွင် ကွမ်းရွက်များဈေးနှစ်ဆခန့်မြင့်တက်

တောင်ငူမြို့တွင် ကွမ်းစားသုံးသူပေါများခြင်းကြောင့် ဒေသအသီးသီးမှ ကွမ်းရွက်များဖြစ်သော ဟင်္သာတကွမ်း၊ ကွမ်းနုဝါ၊ မုံရွာကွမ်း၊ ကွမ်းစိမ်းနှင့် ကွမ်းကြမ်းများ ဝင်ရောက်လျက် ရှိပါသည်။ မကြာမီကာလအတွင်းက ရာသီဥတုအခြေအနေကြောင့် ကွမ်းများ မခူးဆွတ်နိုင်ခြင်း၊ သယ်ယူ ပို့ဆောင်မှု ခက်ခဲခြင်းတို့ကြောင့် ဈေးနှုန်းများ နှစ်ဆခန့်မြင့်တက်လာသည်ကို တွေ့ရပါသည်။

ဟင်္သာတကွမ်းမှာ ယခင်က တစ်ပိဿာလျှင် ၉၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်အထိရှိခဲ့ရာမှ ယခု မေလ(စတုတ္ထအပတ်)တွင် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ၊ ကွမ်းနုဝါမှာ ယခင်က တစ်ပိဿာ လျှင် ၇၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်အထိ ရှိရာမှ ယခုအခါ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ် အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။

မုံရွာကွမ်းမှာ ယခင်က တစ်ပိဿာလျှင် ၅၅၀၀ ကျပ်မှ ၆၅၀၀ ကျပ်အထိ ရှိခဲ့ပြီး ယခုအခါ ၎င်းကွမ်းရွက်ဝင်ရောက်မှုမရှိသဖြင့် မုံရွာကွမ်းကြိုက်သူများ ကွမ်းစိမ်းကို အစားထိုးစားကြပါသည်။

ကွမ်းစိမ်းမှာ ယခင်က တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ ရှိခဲ့ရာမှ ယခုအခါ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၁၃၅၀၀ ကျပ်အထိ၊ ကွမ်းကြမ်းမှာ ယခင်က ၁၀ ကျပ်သား တစ်ထုပ် လျှင် ၄၅၀ ကျပ်မှ ၅၅၀ ကျပ်အထိရှိခဲ့ရာမှ ယခုအခါ ၁၀ ကျပ်သားတစ်ထုပ်လျှင် ၁၀၀၀ ကျပ်မှ ၁၁၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။

ရာသီဥတုအခြေအနေ မူလအတိုင်း ပြန်လည်ကောင်းမွန်လာပါက ကွမ်းခြံများမှ ကွမ်းရွက် များ ပုံမှန်အတိုင်း ခူးယူနိုင်မည်ဖြစ်သဖြင့် ကွမ်းရွက်ဈေးမှာ ယခင်နှုန်းထားများအတိုင်း ပြန်လည် ကျဆင်းနိုင်ကြောင်း သိရပါသည်။

DOCA (ပဲခူး)

တောင်ငူခရိုင် ပဲစိုက်ပျိုးထွက်ရှိမှုနှင့်ကာလပေါက်ဈေးနှုန်းအခြေအနေ

တောင်ငူခရိုင်တွင် တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်းနှင့် ဖြူးမြို့နယ်များရှိ ပါသည်။ ယင်းမြို့နယ်များတွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲလွန်းဖြူများကို အများဆုံးလျှက်ရှိရာ တောင်ငူ ခရိုင်တစ်ခုလုံးအနေဖြင့် မတ်ပဲ ၂၁၄၉၂၁ ဧက၊ ပဲတီစိမ်း ၄၅၀၅၅ ဧကနှင့် ပဲလွန်းဖြူ ၉၈၅၄ ဧက စိုက်ပျိုးထားရှိပါသည်။

သက်ဆိုင်ရာဌာနများ၏ မှတ်တမ်းများအရ မတ်ပဲ တစ်ဧကအထွက်နှုန်းမှာ ၁၂.၅၀ တင်း၊ ပဲတီစိမ်း ၁၄.၄၉ တင်းနှင့် ပဲလွန်းဖြူ ၁၄.၅၆ တင်းရှိကြောင်းသိရပါသည်။ တောင်ငူခရိုင်တွင် လူဦးရေ ၁၀၅၆၈၀၀ ဦးကျော်ကျော်ရှိရာ လက်ရှိအထွက်နှုန်းအရ မျိုး၊ အလေအလွင့်နှင့် ဒေသတွင်းစားသုံးမှုများကို ချန်လှပ်လျှင် မတ်ပဲ ၈၁၈၀၀ တန်၊ ပဲတီစိမ်း ၁၇၈၀၀ တန်နှင့် ပဲလွန်းဖြူ ၄၀၀၀ တန်ခန့် ပိုလျှံမည် ဖြစ်ပါသည်။

တောင်ငူမြို့၏ လက်ရှိဒေသပေါက်ဈေးမှာ မတ်ပဲ (တစ်တင်းခွဲအိတ်)တစ်အိတ်လျှင် ၁၀၉၀၀၀ ကျပ်၊ ပဲတီစိမ်း (တစ်တင်းခွဲအိတ်)တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်နှင့် ပဲလွန်းဖြူ (တစ်တင်းခွဲ အိတ်)တစ်အိတ်လျှင် ၆၇၀၀၀ ကျပ်ရှိပါသည်။တောင်သူအများစုမှာ ထွက်ရှိသော ပဲများကို နီးစပ်ရာမြို့များရှိ ပွဲရုံများသို့ ရောင်းချပြီး တောင်သူလယ်သမားကြီးအချို့မှာ ထွက်ရှိသောပဲများကို ခေတ္တသိုလှောင်၍ ဈေးမြင့်တက်သည့် အချိန်ကျမှ မြို့ကြီးများရှိ ပွဲရုံကြီးများသို့ တိုက်ရိုက်ရောင်းချကြောင်း၊ ပွဲရုံကြီးများမှ ပဲများကို သန့်စင်ပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။

DOCA (ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း