ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့ရှိ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်ဈေးများ ဆက်လက်ကျဆင်းလျက်ရှိ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်ဈေးများ ဆက်လက်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မစည်ပင်သာယာဈေးတွင် အသီးအရွက်ကုန်စိမ်းဈေးတန်းတွင် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပဲမြစ်၊ ကန်ဇွန်းဥ၊ ငရုတ်သီးစိမ်းစသည့် ကုန်စိမ်းပစ္စည်းများ ရောင်းချလျက်ရှိရာ ကန့်ဘလူမြို့နယ်အတွင်း ကာဘိုးကျေးရွာ၊ ညောင်ပင်ကျေးရွာများမှ ဖောက်သည် ယူဆောင်ရောင်းချရပြီး ဖောက်သည်ယူရသည့်  ပန်းဂေါ်ဖီ ဈေးနှုန်းမှာ ပန်းပွင့် အကြီး/အသေး ပျမ်းမျှ တစ်ပွင့်လျှင် ကျပ်(၂၀၀)နှုန်း၊ ဂေါ်ဖီထုပ် ဈေးနှုန်းမှာ အထုပ် ကြီး/အသေး ပေါ်မူတည်၍ ပျမ်းမျှ တစ်ထုပ်လျှင်ကျပ်(၄၀၀)တို့ဖြင့် ယူရပြီး စားသုံးသူများထံသို့ ပြန်လည်ရောင်းချရာတွင် ပန်းဂေါ်ဖီ တစ်ပွင့်လျှင် ကျပ် (၃၀၀/၃၅၀/၄၀၀)အစားစားရောင်းချကာ ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ်(၆၀၀/၈၀၀) နှုန်းတို့ဖြင့် အစားစားရောင်းချလျက်ရှိပြီး ယခင် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများထက် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ် ဈေးနှုန်းများ ထက်ဝက်ကျဆင်းလျက်ရှိကြောင်းနှင့် ကန်ဇွန်းဥ တစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ ပဲမြစ် တစ်ပိဿာလျှင် ကျပ်(၂၇၀၀)ဈေးရောင်းချကာ ကန်ဇွန်းဥနှင့် ပဲမြစ်များကို မန္တလေးမြို့မှ မှာယူရောင်းချရပါကြောင်း  ကန့်ဘလူမြို့ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ခရမ်းမြို့နယ်၌ ပဲတီစိမ်းနှင့် ပဲတီရွှေဝါ (၅၈၁၉၇)ဧကရိတ်သိမ်းပြီးစီး

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ခရမ်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ခုနှစ်၊ ဆောင်းသီးနှံဖြစ်သော ပဲတီစိမ်းနှင့် ပဲတီရွှေဝါသီးနှံစိုက်ခင်းများ စတင်ရိတ်သိမ်းခူးဆွတ်ချိန်ရောက်ရှိလာပြီဖြစ်သောကြောင့် ဒေသခံတောင်သူများအနေဖြင့် ပဲဆွတ်ခူးအလုပ်သမားများငှားရမ်းပြီး လှိုင်လှိုင်ရိတ်သိမ်းခူးဆွတ်လျက်ရှိရာ ယနေ့အထိ (၅၈၁၉၇)ဧကခူးဆွတ်နိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းမှာ ပျမ်းမျှအားဖြင့် (၁၄)တင်းခန့်ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှသိရှိရပါသည်။

     ခရမ်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်းနှင့် ပဲတီရွှေဝါမျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသအတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရေးအတွက်ရည်ရွယ်၍ ဒေသခံတောင်သူများက တစ်မြို့နယ်လုံးရှိ ကျေးရွာပေါင်း (၆၄)အုပ်စုတွင် လျာထားစိုက်ဧက (၁၀၅၉၁၇)ဧကကို အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ၏ ပထမအပတ်တွင် ကုန်းပဲ(ပဲတီစိမ်း)များကို ခရမ်းမြို့နယ်၊ အနောက်ခြမ်းကျေးရွာများတွင် စတင်ထွက်ပေါ်ခဲ့ပြီး ယခုဖေဖော်ဝါရီလ တတိယအပတ်တွင် တစ်မြို့နယ်လုံးနီးပါး ရိတ်သိမ်းခူးဆွတ်လျက်ရှိကြောင်းသိရပါသည်။ ထွက်ရှိလာသောပဲများအား Bright Light Co.,Ltd နှင့် တခြားပဲအဝယ်ဒိုင်များက ဒေသပေါက်ဈေးများဖြင့် ဝယ်ယူပေးလျက်ရှိကြောင်း၊ ခရမ်းပဲတီစိမ်း(ပဲတီရွှေဝါ)သည် EU နိုင်ငံများနှင့် ဂျပန်၊ တရုတ်၊ အိန္ဒိယနိုင်ငံများသို့ တင်ပို့ရောင်းချရသော နိုင်ငံတော်၏ ပြည်ပဝင်ငွေရရှိနေသည့် ဈေးကွက်ဝင်သီးနှံဖြစ်၍ တောင်သူများအားထားစိုက်ပျိုးနေသော သီးနှံဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ပဲတီစိမ်းတစ်ဧကလျှင် ကုန်ကျစရိတ်မှာ ယခုနှစ်တွင် (၆၅၀၀၀၀)ကျပ်ခန့်ရှိကြောင်းသိရှိရပြီး ပဲဆွတ်ခူးခမှာ တစ်အိတ်လျှင် (၂၀၀၀)ကျပ်ခန့်ရှိကြောင်း၊ ပဲတီစိမ်းတစ်တင်းလျှင် လက်ရှိပေါက်ဈေးမှာ (၈၀၀၀၀)ကျပ်ခန့်ရှိပြီး ပဲခူးဆွတ်လုပ်သားများအတွက် အလုပ်အကိုင်များရရှိပြီး ပဲစိုက်တောင်သူများအတွက်လည်း အကျိုးအမြတ်ရရှိသော ဈေးကွက်ဝင်သီးနှံဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ရှိ ဈေးကွက်အတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

      ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင် (၃၈၀၀-၄၀၀၀)ကျပ်ထိ၊ မီးဒုံးဆန် (ရိုးရိုး)တစ်ပြည်လျှင် (၄၅၀၀-၄၆၀၀)ကျပ်ထိ၊ တောင်ပျံဆန်(ရိုးရိုး)တစ်ပြည်လျှင် (၄၈၀၀-၅၀၀၀) ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်းတစ်ပြည်လျှင် (၅၆၀၀-၅၈၀၀)ကျပ်ဖြင့် လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်အပတ်တွင် (၅၃၅၀)ကျပ်၊ ယခုအပတ်တွင် (၅၃၈၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး၊ ပဲဆီတစ်ပိဿာလျှင် (၁၇၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်စုံတစ်ပိဿာလျှင် (၂၆၀၀-၂၈၀၀)ကျပ်၊ ကြက်သွန်ဖြူ(အမွှာ)တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြက်ကုတ်)တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ နနွင်းမှုန့်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်လျှင် (၆၀၀)ကျပ်၊ ငရုတ်တောင့်(အရှည်) တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ငရုတ်တောင့်(အပု) တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ ကုလားပဲဆံခြမ်းတစ်ပိဿာလျှင် (၆၆၀၀)ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀)ကျပ်၊ ငါးပိတစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ ငံပြာရည်တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ခေါက်ဆွဲခြောက် တစ်ထုပ်လျှင် (၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၅၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၃၀၀-၃၅၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   အလားတူပင် ဗမာကြက်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ CP ကြက်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ် စသည့်ဈေးနှုန်းအသီးသီးဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

      ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ရာတွင် စားသောက်ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိသော်လည်း စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်သွားကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ တစ်ပတ်အတွင်း စားအုန်းဆီထုတ်ပေးမှုအခြေအနေ ” (၁၉-၂-၂၀၂၄) ရက်နေ့မှ (၂၄-၂-၂၀၂၄) ရက်နေ့အထိ

     ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ ကိုယ်စားလှယ်များအား စားအုန်းဆီများ နေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည်ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၁၉-၂-၂၀၂၄)ရက်နေ့မှ (၂၄-၂-၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ (၁၉)ခုအား စားအုန်းဆီတန်ချိန် (၆၄၅၄.၆၁၄)တန်ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

တိုက်ကြီးမြို့နယ်အတွင်း စက်သုံးဆီရောင်းချနေမှု

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ တိုက်ကြီးမြို့နယ်တွင် သတ်မှတ်ဈေးနှုန်းဖြင့် စက်သုံးဆီများ စနစ်တကျရောင်းချစေရေး အချိန်နှင့်တပြေးညီ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး တိုက်ကြီးမြို့နယ်၌ ရပ်ကွက်/ကျေးရွာ (၉၅)အုပ်စုရှိ၍ သုံးဘီး၊ အိုးဝေ၊ ဆိုင်ကယ်များမှာလည်း စက်သုံးဆီကို အဓိကထားသုံးစွဲနေရပါသည်။ စားသုံးသူပြည်သူများ ကူးသန်းရောင်းဝယ်ရေးအခက်အခဲမရှိစေရန်အတွက် တိုက်ကြီးမြို့နယ်ရှိ စက်သုံးဆီဆိုင် (၈)ဆိုင်မှ သတ်မှတ်ဈေးနှုန်း၊ ဆီလီတာပြည့်ဝမှန်ကန်စွာရောင်းချစေရေးတို့ကို သေချာကြပ်မတ်၍ ဆောင်ရွက်ပေးနေပါသည်။ စားသုံးသူပြည်သူများ ကူးသန်းရောင်းဝယ်ရေးအဆင်ပြေစေရေးအတွက်လည်း မြို့နယ်အတွင်း လမ်း၊ တံတားတည်ဆောက်ရေး၊ နွေစပါးအပါအဝင် သီးနှံစိုက်ပျိုးရေးတွင်  တောင်သူဦးကြီးများအဆင်ပြေစေရန် စက်သုံးဆီများကိုစိစစ်ရောင်းချခြင်း၊ လက်လုပ်လက်စား၊ အိုးဝေ၊ သုံးဘီး၊ ဆိုင်ကယ်ကယ်ရီသမားများ၊ ဝန်ထမ်းများအား တာဝန်အရ သွားလာရေးများကို သေချာစိစစ်၍ စနစ်တကျရောင်းချပေးလျက်ရှိပြီး စက်သုံးဆီရောင်းချရာ၌ အခက်အခဲမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်ရှိ အသားတိုးဝက်မွေးမြူခြင်းလုပ်ငန်း

     ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ရှိ ဝန်ထမ်းများသည် ကုလားကုန်းကျေးရွာသို့သွားရောက်ကာ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသော ပိုင်ရှင် ဦးမြင့်ကို၏ စီးပွားဖြစ်မွေးမြူခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

       ကုလားကုန်းကျေးရွာ၌ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းကို ၂၀၁၃ခုနှစ်မှစတင်၍ လုပ်ကိုင်ခဲ့ကြောင်း၊ ဝက်ခြံတွင် ဝက်ကောင်ရေ (၂၀၀)ရှိပြီး အကြီး(၆၀)၊ အလတ်/ အသေး/ သားပေါက်(၁၄၀)ကောင်မွေးမြူထားကြောင်း၊ ဝက်အထီး(၆၀)၊ အမ(၁၄၀)ရှိ၍ ဝက်များမွေးမြူရာတွင် ဝက်ခြံများကို ကွန်ကရစ်အခင်းများဖြင့် လေဝင်လေထွက်ကောင်းမွန်သော အဆောက်အဦများနှင့် သန့်ရှင်းသပ်ရပ်စွာမွေးမြူဆောင်ရွက်ထားကြောင်း၊ ဝက်အကြီး၏အစာမှာ (CP-952)တစ်အိတ်လျှင် ၅၀၄၀၀ကျပ်၊ ဝက်အလတ် (CP-966) တစ်အိတ်လျှင် ၄၉၅၀၀ကျပ်၊ ဝက်အသေး (CP-950) တစ်အိတ်လျှင် ၇၀၅၀၀ကျပ်၊ နို့တိုက်ဝက် (CP-967) တစ်အိတ်လျှင် ၅၁၉၀၀ကျပ်ဖြင့် စနစ်တကျကျွေးမွေးထားကြောင်း၊ တစ်နေ့ကုန်ကျငွေမှာ ၂၅၀၀၀၀ကျပ်ဖြစ်၍ တစ်လလျှင် သိန်း(၈၀)ခန့်ကုန်ကျခဲ့ပါသည်။ ဝက်မများအား (၂)သားမွေးထားပြီး ဝက်ထီးများကို (၉)လမှ (၁)နှစ်အတွင်း ပြန်လည်ရောင်းချပါသည်။ ဝက်အကောင်လိုက်ရောင်းဈေးမှာ တစ်ပိဿာလျှင် (၇၅၀၀) ကျပ်ဖြစ်ပြီး ယခုပေါက်ဈေးဖြင့်၍ ဝက်သားပေါက်များကို ဝက်သားခွဲ (၄၅)ရက်သားကို (၉၀၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။ ဈေးအတွင်းတွင် ဝက်သားအသား(သန့်သန့်)ရှယ်အား (၁၂၀၀၀)ကျပ်မှ တခြားအစိတ်အပိုင်းများကို (၅၀၀၀) ကျပ်ဈေးနှုန်းဖြင့် စားသုံးသူများအဆင်ပြေစေရန် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကြည့်မြင်တိုင်မြို့နယ်၊ ဗားဂရာငှက်ပျောသီးအသင်းသို့ ဌက်ပျောသီးဝင်ရောက်မှုနှင့်ဈေးနှုန်းများ

     ဗားဂရာဌက်ပျာသီးအသင်းမှ (၂၀-၂-၂၀၂၄) ရက်နေ့မှ (၂၆-၂-၂၀၂၄) ရက်နေ့ထိ ငှက်ပျောသီးဝင်ရောက်မှုစာရင်းနှင့် ဈေးနှုန်းများမှာ ယခုရက်ပိုင်းများ၌ ဧရာဝတီတိုင်း၊ ရွှေဘို၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ဘုတလင်နှင့် နေရာစုံ၊ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်များမှ ငှက်ပျောဝင်ရောက်မှုများကြောင်း၊ ဧရာဝတီ၊ ရန်ကုန်တိုင်းမှ သီးမွှေးအဝင်များပြီး တစ်ဖီးလျှင် (၁၀၀၀/ ၂၅၀၀/ ၃၀၀၀)ကျပ်ထိဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။ ဧရာဝတီတိုင်း၊ ကျုံပျော်၊ ရန်ကုန်တိုင်းတို့မှဝင်ရောက်သော ငှက်ပျောသီးများမှာ တစ်ဖီးလျှင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိရှိပါသည်။ရွှေငှက်ပျောအသေးမှာ တစ်ဖီးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်ထိရှိပါသည်။ ကျောက်ဆည်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ဘုတလင်မှဝင်ရောက်သော ဖီးကြမ်းတစ်ဖီးလျှင် ၁၈၀၀ကျပ်မှ ၃၅၀၀ကျပ်အထိဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးမြင့်တက်ရခြင်းအကြောင်းအရင်းမှာ ယခုရက်များသည် ဘုရားပွဲရှိ၍ အသုံးများသော‌ကြောင့် ရခိုင်တစ်ဖီးလျှင် ၈၀၀ကျပ်မှ ၂၀၀၀ ကျပ်အထိဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း ငှက်ပျောအသင်းမှ အတွင်းရေးမှူး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

     ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂၀-၂-၂၀၂၄) ရက်နေ့မှ (၂၆-၂-၂၀၂၄) ရက်နေ့အထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ၊ မြောင်းမြ၊ ဘိုက‌လေး၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဓနုဖြူ၊ ဟင်္သာတ၊ လပ္ပတ္တာ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၅၂၆၁၂) အိတ်၊ ပေါ်ကျွဲ (၈၈၀၀)အိတ်၊ ဧည့်မထ (၁၇၃၃၂၀)အိတ်နှင့် ဆန်ကွဲ (၄၂၉၀၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူး (အရှေ့) ညောင်လေးပင်နှင့် ဖြူးမြို့နယ်များမှ ဧည့်မထ (၁၁၉၇၇)အိတ်နှင့် ပဲခူးတိုင်း(အနောက်)၊ သာယာဝတီ၊ လက်ပံတန်း၊ သုံးဆယ်မြို့နယ်များမှ ဧည့်မထ (၄၁၄၀၂) အိတ်၊ ငစိန် (၂၂၆၅) အိတ်နှင့် ရန်ကုန်တိုင်း၊ ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ်ကုန်း၊ တိုက်ကြီး၊ ပျော်ဘွယ်၊ ဥက္ကံမြို့နယ်များမှ ဧည့်မထ (၃၃၄၃၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

      ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန် အခြေအနေများအား  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့မှ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြစ်သား၊ တောင်တွင်းဒေသတို့မှ ကြက်သွန်နီ (၈၀၄၀၀၀)ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၃၂၁၆၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ မြစ်သားကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၂၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၀၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၃၅၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၃၅၀၀၊  ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၆၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၅၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၂၇၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၂၈၀၀၊  တောင်တွင်း ကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၆၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၅၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၂၇၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၂၈၀၀ စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၄.၃.၂၀၂၄ )

   ၄.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း