ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့၊ မြို့မစျေး၌ရောင်းချလျက်ရှိသော ပုစွန်ခြောက်၊ ငါးခြောက်စျေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့တွင် မြို့မစျေး၊ ရန်ပယ်စျေး၊ ကန်သာစျေး၊ မင်္ဂလာစျေး၊ ဆည်မြောင်းစျေး၊ အခွန်လွတ်စျေးတို့ရှိကြပြီး မြိုမစျေးသို့ မြင်းခင်းကျေးရွာ၊ ချောင်းဖြူကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာ၊ မကျီးကန်ကျေးရွာတို့မှ အဓိကရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ထို့ပြင် မြို့မစျေးသို့ ရေထွက်ပစ္စည်းများကို ရန်ကုန်ဘုရင့်နောင်၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိဆည်များတွင် မွေးမြူထားသောတီလာဗီးယား၊ ငါးဖန်းမငါးများကို အခြောက်လှန်း၍ ၎င်းငါးများအား ငါးဆားနယ်အဖြစ်လည်းကောင်းပြုလုပ်၍ လာရောက်ရောင်းချကြကြောင်းသိရှိရပါသည်။

      မကွေးမြို့၊ မြို့မစျေး၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)အတွင်းရောင်းချလျက်ရှိသော ကုန်စျေးနှုန်းများမှာ ပုစွန်ခြောက်ကြီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀၀)၊ ပုစွန်ခြောက်(အလတ်) (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀)၊ ပုစွန်ခြောက်(အသေး) (၁)ပိဿာလျှင် ကျပ်(၄၅၀၀၀)၊ ငါးကြီးခြောက် (၁)ပိဿာလျှင်  ကျပ်(၈၀၀၀၀)၊ ငါးဖောင်ရိုး(၁)ပိဿာလျှင်  ကျပ်(၂၅၀၀၀-၃၀၀၀၀)၊ ငါးရံ့လုံး(၁)ပိဿာလျှင်  ကျပ် (၃၅၀၀၀)၊ ငါးမင်းသားခြောက်(၁)ပိဿာလျှင် ကျပ်(၂၆၀၀၀)၊ ငါးဘတ်ခြောက်(၁)ပိဿာလျှင် ကျပ် (၂၅၀၀၀-၂၈၀၀၀)၊ ငါးတံခွန်(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၄၀၀၀)၊  ငါးရံ့ခြောက်(၁)ပိဿာလျှင် ကျပ် (၆၀၀၀၀-၈၀၀၀၀)၊ ငါးဖန့်ဝိုင်း(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငါးအုံးမဲ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးနှုန်းတို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ရေနံချောင်းမြို့နယ်အတွင်း မြေပဲစိုက်ပျိုးထွက်ရှိမှုအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်အတွင်းရှိ ကမ္မ၊ သပွတ်စု၊ လက္ခုပ္ပင်၊ သားလူးကန်၊ မန်ကျည်းတိုင်း၊ ဝါရိုး၊ ကျောက်ဆူကျေးရွာတို့တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မြေပဲသီးနှံကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်းသိရှိရပါသည်။

  မြေပဲအမျိုးအစားများစွာရှိသည့်အနက် ပင်ထောင်နှင့်ပင်ပြန့်ကိုသာ အဓိကထား၍စိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင် မြေဧက(၁)ဧကလျှင် မြေပဲဆံ(၂)တင်းခန့်စိုက်ပျိုးရပြီး ကဆုန်လနှင့်နယုန်လတို့တွင် မိုးရွာသွန်းမှုကိုအခြေခံ၍ စတင်စိုက်ပျိုးပါကြောင်း၊ ယခုနှစ်တွင် မျိုးဘိုး၊ ထွန်ယက်ခ၊ သွင်းအားစု၊ ပေါင်းရှင်းခအပါအဝင် စုစုပေါင်း မြေပဲ(ပင်ပြန့်)(၁)ဧကလျှင် ကျပ်(၂၈၀၀၀၀)၊ မြေပဲ(ပင်ထောင်)(၁) ဧကလျှင် ကျပ်(၂၆၀၀၀၀)ခန့်ကုန်ကျပါကြောင်း၊ မြေပဲ(ပင်ပြန့်)များအား သီတင်းကျွတ်လနှင့် မြေပဲ (ပင်ထောင်)များအား တော်သလင်းလပြည့်ကျော်တွင် တူးဖော်ပြီးဖြစ်ပါကြောင်း၊ မြေဧက(၁)ဧကလျှင် မြေပဲအထွက်နှုန်းသည် မိုးရွာသွန်းမှုအပေါ်မူတည်၍ မိုးရွာသွန်းမှုများပါက မြေပဲတောင့် တင်း(၇၀မှ ၈၀) အထိရရှိနိုင်ပြီး မိုးရွာသွန်းမှုနည်းပါက မြေပဲတောင့် တင်း(၄၀မှ ၅၀)အထိရရှိနိုင်ကြောင်း၊ မြေပဲဖော်ရာတွင် မြေပဲ(၁)တင်းလျှင် မြေပဲဆွတ်ခူးရန်အတွက် လုပ်အားခအနေဖြင့် အလုပ်သမားတစ်ဦးကို ကျပ် (၂၀၀၀မှ ၃၀၀၀) ထိပေးချေရကြောင်း၊ ရောင်းချရာတွင် ပင်ထောင် (အစို)(၁)တင်းလျှင် ကျပ်(၁၃၀၀၀မှ ၁၄၀၀၀)၊ ပင်ထောင်(အခြောက်) (၁)တင်းလျှင် ကျပ်(၁၈၀၀၀မှ ၂၀၀၀၀)ရရှိပြီး ပင်ပြန့်(အစို) (၁) တင်းလျှင် ကျပ် (၁၅၀၀၀မှ ၁၆၀၀၀)၊ ပင်ပြန့်(အခြောက်) (၁)တင်းလျှင် ကျပ်(၂၀၀၀၀မှ ၂၂၀၀၀)ဖြင့်ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့နှင့်ရေနံချောင်းမြို့သို့ရောင်းချပါကြောင်း သားလူး ကန်ကျေးရွာနေ မြေပဲစိုက်ပျိုးသူ ဦးမြင့်အောင်ထံမှသိရှိရပါသည်။

DOCA(မကွေး)

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ လိမ္မော်သီးဈေးကွက်

   လိမ္မော်သီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ယခုလို မိုးအကုန်ဆောင်းအကူးရာသီဥတုတွင် ပေါ်ဦးပေါ်ဖျားဖြစ်သော ရာသီစာသီးနှံတစ်မျိုးဖြစ်ပြီး ရှမ်း(တောင်)၏ ဈေးကွက်တွင်ဈေးကောင်းရရှိနေသော အသီးတစ်မျိုးဖြစ်ပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် လိမ္မော်သီးကို ရပ်စောက်မြို့၊ ရွာငံ၊ ပင်လောင်း၊ တောင်ကြီးမြို့နယ်များတွင်အများဆုံးစိုက်ပျိုးကြပြီး၊ တောင်ကြီးမြို့ရှိ ကျောက်တလုံးကြီးမြို့ ၊ပင်တွန် ကျေးရွာအုပ်စု၊ ထီခေါင်းကျေးရွာမှထွက်ရှိသော လိမ္မော်သီးမှာ အလုံးကြီး၍ အရသာချိုကြောင်းသိရှိရပါသည်။ ကျောက်တလုံးလိမ္မော်သီးသည် လိမ္မော်ပင်များမှ ကိုင်းဆက် မစိုက်ပျိုးခြင်းမဟုတ်ပဲ၊ သဘာဝအတိုင်းစိုက်ပျိုးကြခြင်းဖြစ်သည်။ သဘာဝလိမ္မော်ပင်မှရသော လိမ္မော်သီးများသည် အလုံးကြီးပြီး အရသာမှချိုသောကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကျောက်တလုံးလိမ္မော်သီးမှာ ဈေးကွက်ဝင်ပြီး ရောင်းကောင်းလျက်ရှိကြောင်း သိရှိရပါသည်။ လိမ္မော်သီးစားခြင်းဖြင့် ရရှိလာသော ကျန်းမာရေးအကျိုးကျေးဇူးများမှာ များလှပါသည်။ လိမ္မော်သီးသည် အမူးအမောပြေစေပြီး ခံတွင်းရှင်းစေခြင်း၊ ကင်ဆာရောဂါကာကွယ်ပေးနိုင်ခြင်း၊ ကိုလက်စထရောလျော့ကျစေခြင်း၊ သွေးဖိအားကျစေခြင်း၊ အဆစ်အမြစ်ရောင်ခြင်း/ကိုက်ခြင်း သက်သာစေနိုင်ခြင်း၊ ခုခံစွမ်းအားတိုးစေခြင်း၊ ကျောက်ကပ်တွင်ကျောက်တည်ခြင်းကိုကာကွယ်နိုင် ခြင်း၊ ဆီးချိုရောဂါကိုလျော့ကျစေခြင်း၊ ခန္ဓာကိုယ်တွင်းနာကျင်မှုနှင့် မျက်လုံး၊ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကိုအထောက်အကူပြုစေခြင်း၊ အရေပြားနှင့်ဆံသားကိုကျန်းမာစေခြင်း၊ အစာခြေ စနစ်ကိုကောင်းမွန်သောကြောင့်ဝိတ်ကျစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေသည်။ ၎င်းဒေသမှထွက်ရှိသော လိမ္မော်သီးများကို တောင်ကြီး၊ ညောင်ရွှေ၊ အောင်ပန်းနှင့် ကလောစသည့် ဈေးများတွင် အဓိကထားရောင်းချပြီး အခြားမြို့ကြီးများသို့တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။ ဈေးနှုန်းအနေဖြင့် အလုံးအသေး၊အကြီးပေါ်မှုတည်ပြီး အလုံးအကြီး(၁၀)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀) ကျပ်နှုန်းနှင့် အလုံး‌အသေး (၁၀)လုံးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်နှုန်းထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

မကွေးကုန်စည်ဒိုင်၏ သီးနှံမျိုးစုံစျေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

    မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်နှင့်ပွဲရုံများ၌ သီးနှံမျိုးစုံတို့ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် မကွေးကုန်စည်ဒိုင်၌ ဖြစ်ပေါ်လျက်ရှိသော သီးနှံစျေးနှုန်းများမှာ ပဲတီစိမ်း(သစ်)(၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၅၅၀၀၀)၊ ပဲနောက်(၂၀)ပိဿာဝင်(၁)တင်း လျှင် ကျပ်(၄၆၆၀၀)၊ ပဲလွန်း(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၅၂၄၄၀)၊ ကုလားပဲ(929)(၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၈၆၀၇၀)၊ ကုလားပဲ(ဟော်လန်)(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၈၇၀၂၀)၊ ပဲကြီး (ဖြူ)ပြားကြီး(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၁၂၀၀၈၀)၊ ပဲကြီးမဲ(၁၉) ပိဿာဝင်(၁)တင်းလျှင် ကျပ် (၈၄၉၃၀)၊ စားတော်ပဲ(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၁၁၄၀၀၀)၊မတ်ပဲ(၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၉၂၀၀၀)၊ နှမ်းနက်(စမုံ) (၁၅)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၁၀၉၀၀၀)၊ နှမ်းဖြူ(၁၅)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)၊ နှမ်းနီ(မကွေး)(၁၅)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ မြေပဲလုံးဆံ(နီ) (၁)ပိဿာလျှင် ကျပ်(၆၃၀၀)နှင့် မြေပဲလုံးဆံ(ဖြူ)(၁)ပိဿာလျှင် ကျပ်(၅၆၅၀)တို့ဖြစ်ကြောင်းသိရှိရပါသည်။

 မကွေးကုန်စည်ဒိုင်၌ (၄-၁၂-၂၀၂၃) ရက်နေ့မှ (၈-၁၂-၂၀၂၃)ရက်နေ့အထိ အရောင်းအဝယ်ဖြစ်ခဲ့မှုအခြေအနေမှာ နှမ်းဖြူတန်ချိန်(၁၀၀)ခန့်၊ နှမ်းနီတန်ချိန်(၂၅)ခန့်၊ နှမ်းနက်(စမုံ)တန်ချိန်(၁၀၀)ခန့်၊ ပဲတီစိမ်းတန်ချိန်(၂၅)ခန့်၊ ကုလားပဲတန်ချိန်(၁၀၀)ခန့်၊ ပဲကြီးဖြူ တန်ချိန်(၅၀)ခန့်၊ ပဲကြီးမဲတန်ချိန်(၁၀)ခန့်၊ စားတော်ပဲတန်ချိန်(၂၀)ခန့်၊ မတ်ပဲတန်ချိန်(၁၅)ခန့်၊ မြေပဲဆံတန်ချိန်(၅၀၀)ခန့်၊ ပဲနောက်တန်ချိန် (၅၀)ခန့်နှင့် ပဲလွန်းဝါတန်ချိန်(၇၀)ခန့်တို့ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

မိုးညိုဝက်အူချောင်းထုတ်လုပ်ပုံနှင့် ဈေးနှုန်းဈေးကွက် အခြေအနေ

   ဝက်အူချောင်းထုတ်လုပ်ပုံနှင့် ဈေးနှုန်းဈေးကွက်အခြေအနေသိရှိစေရန်အတွက် မိုးညိုမြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးဇော်ထွန်းနှင့်အဖွဲ့သည် (၉.၁၂.၂၀၂၃) နေ့တွင် ဝက်အူချောင်းထုတ်ကုန် လုပ်ငန်းရှင်များဖြစ်သော ဦးကင်းဖုန်၊ဒေါ်ဖြူ မိသားစုဝင်များနှင့် ကွင်းဆင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

   ဝက်အူချောင်း လုပ်ငန်းနှင့်ပတ်သတ်၍ ဦးကင်းဖုန်၊ဒေါ်ဖြူ မိသားစုဝင်များနှင့်တွေ့ဆုံ မေးမြန်းရာတွင် ဝက်အူချောင်းလုပ်ငန်းကို မိဘများလက်ထက်မှ စတင်လုပ်ဆောင်ခဲ့ပြီး လက်ဆင့် ကမ်းအမွေဆက်လက် ထိန်းသိမ်းလုပ်ဆောင်နေလျက်ရှိကာ တစ်နိုင်တစ်ပိုင်မိသားစု လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မိမိတို့ဝက်အူချောင်းထုတ်ကုန် လုပ်ငန်းတည်နေရာမှာ မိုးညိုမြို့နယ်ရွှေဉဒေါင်းရပ်ကွက် ရေကင်းလမ်းမကြီးပေါ်တွင်  တည်ရှိပါသည်။ ဝက်အူချောင်းလုပ်ရာတွင် အဓိကကုန်ကြမ်း ဖြစ်သော  ဝက်သားနှင့်ဝက်အူများကို မြို့ပေါ်ရှိဝက်သားဒိုင်များမှ ဝယ်ယူရရှိပြီး ဝက်သားတစ်ပိဿာ လျှင်  ၁၅၀၀၀ ကျပ် ဝယ်ရပါသည်။ ဝယ်ပြီးဝက်သားများအား ဓားဖြင့်နုတ်နုတ်စင်းကာ အချိုအငံ အစပ်ပြီး ကတော့ဖြင့် ဝက်အူထဲသို့ သွင်းထည့်ကာ အပိုင်းလေးဖြစ်အောင် နှီးကြိုးဖြင့် စည်းပေးရပြီး ခြောက်သွေ့အောင် နေပူလှန်းရပါသည်။

    ခြောက်သွေ့သောဝက်အူချောင်းများကို မြို့ပေါ်ရှိမိမိတို့ဆိုင်တွင် ဖြန့်ဖြူးရောင်းချပေးနေကာ ဝက်အူချောင်း တစ်ပိဿာလျှင်  ၃၈၀၀၀ ကျပ် ဈေးရှိကြောင်း အခြားမြို့နယ်များမှ မှာယူဝယ်ယူလိုပါကလည်း တင်ပို့ရောင်းချပေးပြီး အကျိုးအမြတ်အသင့်အတင့်ရှိနေကြောင်း ကွင်းဆင်းမေးမြန်း သိရှိခဲ့ရပါသည်။

DOCA(ပဲခူး)

 

လက်ပံတန်းမြို့ဖွဲနုဈေးကွက်အခြေအနေ

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိကအစားအစာသည် ဖွဲနုများဖြစ်ပါသည်။ သာယာဝတီခရိုင်အတွင်းရှိ ဆန်စက်များကြိတ်ခွဲ ထုတ်လုပ်ရာမှ ထွက်ရှိသောဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန် အစားအစာအဖြစ် အသုံးပြုလျက်ရှိသလို အခြားသောစားသောက်ကုန်များအတွက်လည်း အသုံးပြုလျက်ရှိကြောင်းနှင့် အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ အောက်တိုဘာလ ပထမပတ်နှင့် ဒုတိယအပတ်များတွင် တစ်ပေါင်လျှင် ၃၇၀/ ကျပ်ဖြစ်ပြီး တတိယအပတ်နှင့် စတုတ္ထပတ်များတွင် ၃၇၅/ ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုနိုဝင်ဘာလ  နောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၃၆၅/ ကျပ် ပေါက်ဈေး ရှိနေလျက်ရှိရာ ဖွဲနုဈေးကွက်အနေဖြင့် ယခင်လနှင့် နှိုင်းယှဉ်ပါက အကျဘက်သို့ ဦးတည်နေပါကြောင်း ဈေးကွက်အတွင်း လေ့လာမှုများအရ သိရှိရပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့နယ်တွင် ပဲပုတ်များ စတင်ပေါ်ပေါက်ထွက်ရှိ

    ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်တွင် ပဲပုတ်စိုက်ဧက (၃၃၇၁၁)ဧက စိုက်ပျိုး ထားရှိရာ မိုးညို မြို့နယ်အနေဖြင့် ပဲပုတ်စိုက်ဧက (၂၆၈၅၂) စိုက်ပျိုးထားရှိပါသည် ။ မိုးညိုမြို့နယ်တွင် ပဲပုတ်များ စတင်ထွက်ရှိနေပြီး ထွက်ရှိလာသော ပဲပုတ်များအား မြို့ပေါ်ရှိ ကုန်သည်များမှ အထိုင်ပွဲရုံများတွင် လည်းကောင်း ၊ ကွင်းအရောက် သွားရောက်ဝယ်ယူခြင်းဖြင့်လည်းကောင်း ၊ ဝယ်ယူပေးလျက်ရှိကြောင်း သိရှိရပါသည်။ တစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်း (၂၀) တင်းခန့် ထွက်ရှိပြီး ပဲပုတ်တစ်တင်းလျင် ၆၅၀၀၀ ကျပ်ဈေးပေါက်ဈေး ရှိနေပါသည် ။ ပဲပုတ်စိုက်တောင်သူ ဦးမြင့်လှိုင်၏ စိုက်ဧက (၇)ဧကမှ စိုက်ပျိုးထွက်ရှိမှု အခြေအနေများကို ကွင်းဆင်း လေ့လာမှုများအရ သိရှိရပါသည်။

   မိုးညိုမြို့နယ်သည် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော မြို့နယ်ဖြစ်သည့်အလျှောက် ပွဲရုံများလည်း ရှိကြပါသည်။ မိုးညိုမြို့နယ်အတွင်းရှိ ထိန်တောပွဲရုံ ၊ ရေကင်းပွဲရုံ ၊ မိုးညိုမြို့ပေါ်ရှိ ပွဲရုံများမှ ဝယ်ယူရရှိလာသော ပဲပုတ်များကို ရန်ကုန်ဘုရင့်နောင်ပွဲရုံများသို့လည်းကောင်း ၊ မန္တလေးမြို့ပွဲရုံများသို့လည်းကောင်း ၊လှိုင်သာယာအစာစပ်စက်ရုံများသို့လည်းကောင်း တင်ပို့ရောင်းချလျက်ရှိပါသည်။ အချို့ငွေကြေးပြည့်စုံသော တောင်သူများသည် ပဲပုတ်များကို ချက်ချင်းရောင်းချခြင်းမရှိဘဲ သိုလှောင်ထားရှိပြီး ပဲပုတ်စိုက်ပျိုးရာသီတွင် မျိုးပဲအဖြစ် ရောင်းချခြင်း ၊ ဈေးကောင်းရရှိချိန်တွင် ပဲများထုတ်၍ ရောင်းချခြင်းတို့ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

         

သာယာဝတီခရိုင်အတွင်း မြို့နယ်များတွင် အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းများရောင်းချခြင်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့များ၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ  ကြီးကြပ်ကာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်များကို ပြည်သူများအား ဇွန်လမှစတင်၍ ယခုနိုဝင်ဘာလထိ နေ့စဉ်ရောင်းချလျက်ရှိပါသည်။

     အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ငါး၊ ကြက်ဥနှင့်ဟင်းသီးဟင်းသီးရွက်များကို သက်သာသောဈေးနှုန်းဖြင့် ဒေသခံပြည်သူများကို နေစဉ်နံနက် ၇:၀၀ နာရီမှစတင်၍ ရောင်းချပေးလျက်ရှိပါသည်။ စားသုံးသူပြည်သူများအား ဆန် တစ်ပြည်လျှင် ၂၅၀၀ ကျပ် ၊ ကြက်သား(စီပီ) အကောင်လိုက် တစ်ပိဿာလျှင် ၉၀၀၀/၁၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၁၄၀၀၀ ကျပ်၊  အမဲသား တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၅၀၀၀ ကျပ်၊ ကြက်ဥ တစ်လုံး ၂၃၀ ကျပ်၊ဘဲဥတစ်လုံး ၃၅၀ ကျပ်ဖြင့် အသီးသီးရောင်းချပေးလျက်ရှိပါကြောင်း သိရှိရပါသည်။ စားသုံးဆီများကိုလည်း မြို့နယ်များအလိုက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

DOCA(ပဲခူး)

 

သာယာဝတီမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ ဈေးကွက်

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဈေးရပ်ကွက်ဈေးလမ်းတွင် ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ၏ ဈေးဆိုင်များတွင် ၆.၁၂.၂၀၂၃ ရက်နေ့ ရောင်းချလျက်ရှိသော ကုန်စည်၊ သားငါး၊ ဟင်းရွက်ဟင်းသီးဈေးနှုန်းများမှာ ဆန်တစ်ပြည်လျှင် (၂၉၀၀) ကျပ်နှုန်းဖြင့် ဆန် (၄အိတ်) ၊ ဆီ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် ဆီ(၅၀) ကျပ်သား ဘူး(၁၂၀)ကိုလည်းကောင်း ၊ ကြက်ဥ တစ်လုံးလျှင် (၂၃၀) ကျပ်နှုန်းဖြင့် ကြက်ဥ (၂၅၀) လုံး၊  ဝက်သား တစ်ပိဿာ လျှင်  (၁၂၀၀၀) ကျပ်နှုန်းဖြင့် (၂၀) ပိဿာ ၊ ကြက်သားမွေးမြူရေး တစ်ပိဿာလျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် (၃၀) ပိဿာ၊ ဆိတ်သား တစ်ပိဿာလျှင်  (၁၅၀၀၀) ကျပ်နှုန်းဖြင့် (၃) ပိဿာ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် (၂၀) ပိဿာ၊ ငါးဒန် တစ်ပိဿာလျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် (၂၅) ပိဿာ ၊ ရွှေဖရုံညွှန့်၊ သခွားသီး၊ ပဲသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ ခဝဲသီး၊ ‌ကြောင်လျှာသီး၊  ရုံးပတီသီး၊ ဗူးညွန့်၊ ရွှေဖရုံသီး၊ သံပုရာသီး၊ ချဉ်ပေါင်ရွက်၊ငှက်ပျောသီး၊ ကျွဲကောသီး၊ ကန်စွန်းရွက် စသောအသီးအနှံများကို ပြည်သူများအား  ချိုသာသောဈေးနှုန်းဖြင့် လိုအပ်သလောက် နေ့စဉ်ဝယ်ယူရရှိနိုင်ပြီး၊ သာယာဝတီမြို့နယ်၏    ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ   ရောင်းချပေးသော   အရောင်းဈေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့သို့ လာရောက်ရောင်းချသည့် မုံရွာဖရဲသီးများဈေးတက်

   တောင်ငူမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာဒေသမှ ဖရဲသီးများ လာရောက်ရောင်းချလျက်ရှိရာ ၎င်းဖရဲသီးများမှာ ဒေသဖရဲသီးထက် အရသာပိုမိုကောင်းမွန်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။ မုံရွာဒေသမှ ဖရဲသီးများကို ကားတစ်စီးလျှင် အလုံး ၃၅၀၀ ခန့် တင် ဆောင်နိုင်ပြီး တောင်ငူမြို့ ဘုရင့်နောင်ဈေးအနီးတွင် အထိုင်ဆိုင်ခန်းဖွင့်၍ လည်းကောင်း၊ မော်တော်ယာဉ်ငယ်များဖြင့် မြို့တွင်းလူစည်ကားရာနေရာများသို့ လှည့်လည်၍လည်းကောင်း ရောင်းချကြပါသည်။

    ယခင်လက မုံရွာဖရဲသီးအသေး တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ၊ အလတ် တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ၊ အကြီးတစ်လုံးလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရှိခဲ့ပြီး ယခုအပတ်အတွင်း အလုံးအသေးအကြီးပေါ်မူတည်၍ တစ်လုံးလျှင် ၁၀၀၀ ကျပ်၊  ၂၀၀၀ ကျပ်၊ ၃၀၀၀ ကျပ်နှင့် ၄၀၀၀ ကျပ်ဖြင့် အမျိုးအစား လေးမျိုးဖြင့်ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း