ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့အတွင်းရှိ ကုန်ဈေးနှုန်းဈေးကွက်များ

         ပြည်ခရိုင်အတွင်းရှိ အခြားမြို့နယ်များတွင် နွေစပါးများပေါ်ထွက်နေပြီဖြစ်သော်လည်း ပြည်မြို့တွင် ယခင်အပတ်မှစတင်၍ နွေစပါးများထွက်ရှိလာ၍ မနောသုခ (အစို) ပေါင်(၅၀)လျှင် (၁၇)သိန်းကျပ်ကျော်၊ မှော်ဘီစပါး (အစို) ပေါင်(၅၀)လျှင် (၁၆)သိန်း ကျပ်ကျော် ဈေးဖြစ်လျက်ရှိကြောင်း သိရပါသည်။ စပါးအဟောင်းမှာ မှော်ဘီစပါးပေါင်(၅၀)လျှင် (၁၈၂၀၀၀၀)ကျပ်၊ ကရင်မ စပါးပေါင်(၅၀)လျှင် (၁၈၂၀၀၀၀)ကျပ်၊ ဈေးဖြစ်၍ ဆန်ဈေးများမှာ ရွှေဘိုပေါ်ဆန်းမွှေး (၂၄)ပြည် တစ်အိတ်လျှင် (၁၁၆၀၀၀)ကျပ်၊ ဧည့်မထ(အဟောင်း) (၂၄)ပြည်တစ်အိတ်လျှင် (၅၂၀၀၀)ကျပ်၊ မှော်ဘီဆန် တစ်အိတ်လျှင် (၆၇၀၀၀)ကျပ်၊ ကရင်မဆန် တစ်အိတ်လျှင် (၇၆၀၀၀)ကျပ် ဈေးတို့ဖြစ်ကြောင်းသိရပါသည်။ မြေပဲအဖြူ လုံးဆန်(ကျွန်းစ) တစ်ပိဿာ(၆၈၀၀)ကျပ်၊ ခွဲခြမ်းလက်ကောက်အကျဆန် (သန့်စင်ပြီး) တစ်ပိဿာ (၅၇၀၀)ကျပ်ဈေး တို့ဖြစ်ကြောင်း သိရသည်။ ဘိလပ်မြေဈေးမှာ ကြံနီတစ်အိတ်လျှင် (၉၆၀၀)ကျပ် ၊ အယ်ဖာတစ်အိတ်လျှင် (၉၄၀၀)ကျပ်ဈေးဖြင့် အရောင်းအ၀ယ်ဖြစ်ကြောင်း သိရပါသည်။

          ယခုအပတ် ပြည်မြို့၏ကုန်စိမ်း ဈေးကွက်တွင် ဂေါ်ရခါးညွှန့်တစ်စည်း(၈၀၀)ကျပ်၊ ကိုက်လန် တစ်စည်း (၈၀၀)ကျပ်၊ ထိုင်ဝမ်မုံညင်း တစ်စည်း(၃၀၀)ကျပ်၊ ပြောင်းသေး တစ်တွဲ (၃၀၀)ကျပ်၊ ယိုးဒယား အပ်မှို(၁)ထုတ် (၁၈၀၀)ကျပ်၊ ခွက်မှို(၁)ထုတ် (၁၇၀၀)ကျပ်၊ ကြာစွယ်(၁၀)သား (၁၃၀၀)ကျပ်၊ နှစ်တစ်ရာသီး(၁)ထုပ် (၂၀၀၀)ကျပ်၊ ပဒဲကော(၁၀)ကျပ်သား (၁၀၀၀)ကျပ်၊ မုန်လာဥနီ (ယိုးဒယား) တစ်ပိဿာ (၄၅၀၀)ကျပ်၊ မုံညင်းတစ်ပိဿာ (၂၀၀၀)ကျပ်၊ ငရုတ်ပွ တစ်ပိဿာ (၄၀၀၀)ကျပ်၊ ရွှေပဲသီး (၁၀)ကျပ်သား (၂၀၀၀)ကျပ်၊ ဗိုလ်စားပဲ (၁၀)ကျပ်သား (၅၀၀)ကျပ်၊ ဂေါ်ရခါးသီးတစ်လုံး (၅၀၀)ကျပ်၊ ဂေါ်ဖီထုပ်(၁)ထုပ် (၁၆၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့် (၁၄၀၀)ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရာသီစာ အင်ဥများ ဈေးကွက်၌ အဝင်များလာပြီဖြစ်

        ပြည်မြို့၏ ဟင်းသီးဟင်းရွက် သစ်သီးဝလံ ဈေးကွက်တွင် ယခုလို မိုးဦးရာသီတွင်သာ ထွက်ပေါ်သော ရာသီစာ တစ်မျိုးဖြစ်သည့် အင်ဥများ ဇွန်လဆန်းပိုင်းမှစ၍ ရောင်းချမှုများ ရှိလာပါသည်။ အင်ဥသည် အင်ပင်မှကြွေကျထားသော အရွက်တွေအောက်တွင် ပေါက်ရောက်သော ဥ တစ်မျိုး ဖြစ်လို့ အင်ဥ ဟု ခေါ်ဆိုကြခြင်းဖြစ်ပါသည်။ တချို့ဒေသများမှာတော့ မှိုဥ ၊ မှိုလုံးလို့ ခေါ်ဆိုကြပြီး မိုးဦးကျရာသီ အင်ပင်တွေရဲ့အောက် မြေကြီးအက်ကွဲနေသော နေရာများတွင် ဓား / ဝါးချွန်များဖြင့် ယက်ဖြဲ၍ ရှာဖွေကြရပါသည်။ အင်ဥအား မြန်မာနိုင်ငံတွင်သာမက ပြင်သစ်၊ အမေရိကန် ၊အိန္ဒိယ နိုင်ငံများတွင်လည်း ပေါက်ရောက်ထွက်ရှိတယ်လို့သိရပါသည်။ ပြည်ဒေသ တစ်ဝိုက်မှာတော့ ပေါက်ခေါင်း ၊ သဲကုန်း၊ ပြည်အနီးတဝိုက်မှကျေးရွာများမှ ပြည်ဈေးအကွက်သို့ ဝင်ရောက်ကြောင်း သိရပါသည်။ အင်ဥ ထွက်ပေါ်စရာသီတွင် နို့ဆီတစ်ဗူးလျှင် ၅၀၀၀ ကျပ်ဖြင့် အင်ဥ ကြိုက်သူများက ဈေးကောင်းပေး ဝယ်ယူစားသုံးကြပါသည်။ ယခုအင်ဥ ထွက်ရှိမှုများ လာချိန်မှာတော့ ဈေးကွက်အတွင်း နို့ဆီတစ်ဗူး ၁၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြရသည်ဟု သိရပါသည်။ အင်ဥသည် ရာသီစာ အစားအစာဖြစ်တဲ့အတွက် အိမ်ရှင်မတို့အနေဖြင့် ကန်စွန်းရွက်နှင့် ကြော်စားကြသလို ခရမ်းချဉ်သီး၊ ငြုပ်သီးစိမ်းတို့ဖြင့် အစပ်ချက်စားကြခြင်း၊ ပြုတ်ပြီးသုပ်စားကြခြင်းများရှိသလို သတ်သတ်လွတ်သမားများအနေဖြင့်လည်း သတ်သတ်လွတ် ဟင်းလျာတစ်ခုအဖြစ်  အဆင်ပြေသော ဟင်းလျာတစ်ခုဖြစ်ပါသည်။

          အင်ဥကို ချက်ပြုတ်စားသောက်မည်ဆိုပါက ရေဖြင့် ၄ ကြိမ်၊၅ ကြိမ်ခန့် ဆေးကြောပေးရ ပါသည်။ ရေအထပ်ထပ် မဆေးကြောပါက စားသုံးသည့်အခါ သဲများပါဝင်နိုင်သည့်အတွက် ရေဖြင့် သေချာဆေးကြောမှသည်  တွယ်ကပ်နေသော သဲများ၊ မြေကြီးများ ကွာကျပြီး အင်ဥ ဖြူဖြူလေးများ ရရှိလာမှာဖြစ်ပါသည်။ အင်ဥသည် မှိုအမျိုးအစားထဲမှာ ပါဝင်နေသလို မှိုတွင် ပါဝင်သော အာဟာရ ဓာတ်များဖြစ်သည့် ပရိုတင်း၊ အမိုင်နိုအက်စစ်ဓာတ်၊ ကယ်လစီယမ်၊ မီးစုန်းနှင့် Antioxidants တွေ ပါဝင်ပါသောကြောင့် ကျန်းမာရေးအတွက် အကျိုးပြုစေသော ရာသီစာဖြစ်သလို   အင်ဥတွင် ယူရစ် အက်စစ်ဓာတ်လည်း များစွာပါဝင်သည့်အတွက် လေးဘက်နာ၊ဂေါက်ရောဂါ သမားများ သတိထား စားသုံးသင့်ပါသည်။ အင်ဥ နှင့် ဒညင်းသီး၊ ပီလောပီနံ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊ မျှစ်ချဉ်၊ ပုဇွန်ချဉ် ၊ငါးဖယ်ချဉ် ၊ငါးလေးချဉ် ၊ ဆူးပုပ်၊ပဲငါးပိ စသည့် အစားအစာများဖြင့် တွဲဖက်မစားသင့်‌သလို ခါးကိုက်၊ခါးနာသူများ၊ အစာအဆိပ်သင့်တတ်သူများ၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါရှိသူများ မစားသုံးသင့်ကြောင်း  လေ့လာသိရှိရပါသည်။ 

          ယခုလိုမိုးရာသီကာလ ဟင်းသီးဟင်းရွက်များစွာ ထွက်ရှိချိန် မိုးဦးကာလတွင်သာ ထွက်ပေါ် တတ်သည့် အင်ဥများအား ကြိုက်နှစ်သက်သူများအနေဖြင့် အသားဟင်းနဲ့ပင် မလဲနိုင်သော ဟင်းလျာတမျိုးဖြစ်လို့ ဈေးကွက်သို့ စဝင်ပြီဆိုကတည်းက ဈေးဘယ်လောက် ကောင်းကောင်း ဝယ်ယူစားသုံးကြကာ ယခုလိုအထွက်လှိုင်ချိန် ဈေးလျော့နည်းလာသည့်အခါမှာတော့ နေစဉ် စားသုံးသည့် ဟင်းလျာထဲမှာ မပါမဖြစ်ပါဝင်လာသော အစားအစာသီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့၌ ငရုတ်သီးစိမ်းအရောင်းအဝယ်ဖြစ်နေ

  ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ငရုတ်သီးစိမ်းစိုက်ပျိုးထားရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၉-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

   ရွှေတောင်မြို့နယ်အနေဖြင့် ငရုတ်သီးစိမ်းများကိုစိုက်ပျိုးထားသော မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ ငရုတ်သီးစိမ်းစိုက်ပျိုးသည့် တောင်သူ ဦးမြသန်းကိုမေးမြန်းရာ ၎င်းက ငရုတ်သီးစိမ်း(ကျောက်စိမ်းမျိုး)ကို တစ်ဧကစိုက်ပျိုးထားရှိကြောင်းသိရပါသည်။ ငရုတ်သီးစိမ်းမျိုးစေ့များကို တပေါင်းလတွင်ပျိုးကြဲပြီး တန်ခူးလတွင် ပျိုးပင်ပေါက်များရရှိသဖြင့် ထိုပျိုးပင်ပေါက်များကို ငရုတ်သီးစိမ်းစိုက်ပျိုးမည့်မြေပေါ်သို့ ပေါင်တင်ပြီး တစ်ပင်နှင့်တစ်ပင် တစ်တောင်ခြားစီခြား၍ စိုက်ပျိုးကြပါသည်။  ငရုတ်သီးစိမ်းများထွက်ပေါ်ချိန်ဖြစ်သော ကဆုန်လတွင် စတင်ခူးဆွတ်ရပါသည်။ တစ်ခါခူးလျှင် ပိဿာချိန် (၅၀) ကျော်အထိခူးဆွတ်ရရှိပြီး တစ်ဧကလျှင် ငရုတ်သီးပိဿာချိန် (၄၀၀) ကျော်ခန့်ရရှိကြောင်းသိရပါသည်။ ထွက်ရှိလာသောငရုတ်သီးစိမ်းများကို ကုန်သည်များက လာရောက်ဝယ်ယူကြပြီး ရခိုင်ပြည်နယ်သို့ ကုန်ကားများဖြင့် တင်ပို့ရောင်းချကာ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချကြောင်းသိရပါသည်။

ငရုတ်သီးစိုက်တောင်သူများသည် ငရုတ်သီးစိမ်းတစ်ဧကစိုက်လျှင် အကျိုးအမြတ်မှာ ဈေးနှုန်းနှင့် သီးနှံအထွက်နှုန်းအပေါ်မူတည်၍ အကျိုးအမြတ်ရရှိပြီး ပျမ်းမျှအကျိုးအမြတ်မှာ တစ်လလျှင် (၁၀၀၀၀၀) ကျပ်မှ (၁၅၀၀၀၀) ကျပ်ခန့်ရရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ငရုတ်သီးအထွက်နှုန်းကောင်းစေရန်အတွက် မျိုးကောင်းမျိုးသန့်များကို ဝယ်ယူစိုက်ပျိုးမည်ဆိုပါက အထွက်နှုန်းကောင်းမွန်ကာ ရောင်းပန်းလည်းလှသည့် ငရုတ်သီးများရရှိမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

ဈေးကွက်အတွင်းရောက်ရှိလာပြီဖြစ်တဲ့ မိုးပန်းတိမ်မနိုင်

    ပန်းတိမ်မနိုင် (ခေါ်) ပန်တိမ်ငိုပန်းကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးလျက်ရှိရာ နတ်တလင်းမြို့နယ်တွင် အများဆုံးစိုက်ပျိုးကြပါသည်။ ခြံစိုက် တောင်သူ များ အနေဖြင့် စိုက်ခင်းများဖြင့် စီးပွားဖြစ် စိုက်ပျိုးကြသလို ပန်းအိုးများဖြင့်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ အရောင်အားဖြင့် အဖြူ၊ ခရမ်းနှင့် ပန်းရောင်ဟူ၍ အရောင်သုံးမျိုး ထွက်ရှိပါသည်။ ပန်းခိုင်များ စောစီးစွာထွက်ရှိပြီး ဈေးကွက်အတွင်း ဈေးကောင်းရရှိရန်အတွက် ဧပြီလမှစကာ နှစ်လခန့်မှ ကြို၍ ရေလောင်းပေးရပြီး ဇွန်လဆန်းပိုင်းတွင် ဈေးကွက်ဝင်ပန်းခိုင်များ စတင်ထွက်ရှိ ပါသည်။ မိုးရေကို ပိုမိုကြိုက်နှစ်သက်ကြောင်းလည်း သိရှိရပါသည်။

      စိုက်ခင်းများ စိုက်ပျိုးရာတွင် မျိုးဥများကို တစ်ခါစိုက်ပျိုးပြီးပါက နှစ်စဉ်စိုက်ခင်းသစ်များ ပြန်လည်စိုက်ပျိုးရန်မလိုပဲ မျိုးဥများ ပုပ်သွား (သွန်သွား) မှသာ အပင်အစားထိုးစိုက်ပျိုးခြင်းများ ပြုလုပ်ပေးရပါသည်။အပင်အစားထိုးစိုက်ပျိုးခြင်းများ ပြုလုပ်ရန်အတွက် မိုးနှောင်းပိုင်းကာလ အပင်ပွားများ ပွားစည်ချိန်တွင် သားတက်များခွဲ၍ စိုက်ပျိုးပေးရပါသည်။ အပင်နှင့် အပွင့်များ ကြီးထွားရန်အတွက် အပင်နှင့် အပွင့်အားဆေးများ သုံးစွဲပေးရပြီး ရောဂါဒဏ်ကာကွယ်ရန် မှိုသတ်ဆေး၊ ပိုးသတ်ဆေးများလည်း သုံးစွဲပေးရကြောင်း သိရှိရပါသည်။

   ပန်းများ စတင်ပေါ်ခါစတွင် ဒေသတွင်းမြို့နယ်များကိုသာ ဖြန့်ဖြူးပေးနိုင်သော်လည်း ပန်းများ လှိုင်လှိုင်ပေါ်သည့်အချိန်တွင် ပန်းခိုင်ရေ (၂၅-၅၀)ခိုင်စီ အထုံးများထုံး၍ အင်ဖက်များဖြင့် ထုတ်ပိုးကာ ပြည်၊ မကွေး၊ သုံးဆယ်၊ ဥက္ကံ၊ ရန်ကုန်မြို့များသို့ ပန်းကုန်သည်များမှ တဆင့် တင်ပို့ ရောင်းချလျက်ရှိပြီး ယခုဇွန်လ ဒုတိယပတ်တွင် ပန်းတိမ်မနိုင်ပန်း တစ်ခိုင်လျှင် (၃၀၀-၃၅၀) ကျပ်နှုန်းဖြင့် ပန်းကုန်သည်များမှ အိမ်တိုင်ရာ‌ရောက် ဝယ်ယူလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ခရမ်းသီးဈေးကွက်

        မြန်မာနိုင်ငံသည် ခရမ်းပင်များနှင့်သင့်တော်သော ရာသီဥတုဖြစ်သဖြင့် ခရမ်းပင်များကို နေရာ အနှံ့အပြားတွင်စိုက်ပျိုးကြပါသည်။ ခရမ်းမျိုးများမှာ များပြားပြီး ၎င်းတို့အနက်မှ အသုံးများသော ခရမ်းသီးများမှာ ခရမ်းရှည်၊ ခရမ်းပု၊ ခရမ်းကြွပ်၊ ခရမ်းကစော့ တို့ဖြစ်ပါသည်။ ခရမ်းပင်ကို မိမိတို့ အိမ်ခြံဝန်းထဲတွင် မိသားစုစားသုံးရန်အတွက် စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း စိုက်ပျိုးကြ ပါသည်။ ပြည်ဒေသအနီးတဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ တောင်လုံးညို နှင့် ခွေးရဲဘက်မှလည်း စိုက်ပျိုးကြပြီး ပြည်ဈေးကွက်သို့ လာရောက်ရောင်းချကြပါသည်။

              ခရမ်းပင်များကို စိုက်ပျိုးရာတွင် တူးဆွထားသောမြေ၌ မြေဩဇာ၊ နွားချေးခြောက် ကိုရောကာ မျိုးစေ့များကို ပျိုးယူရပါသည်။ စိုက်ခင်းဘောင်တန်းများပေါ်တွင် တစ်ပင်နှင့်တစ်ပင် (၂)ပေ စီခွာလျှက် စိုက်ပျိုးရပါသည်။ ခရမ်းပင်ကို တစ်နှစ်ပတ်လုံး ရေလောင်းပြီး စိုက်ပျိုးရသော အပင်မျိုးဖြစ်ပါသည်။ ယခုအချိန်ဈေးကွက်တွင် ရောင်းချနေသော ခရမ်းသီးဈေးများမှာ ခရမ်းသီး တစ်လုံးလျှင် အရွယ်အစားကိုလိုက်၍ ကွာခြားမှုရှိသည့်အတွက် အလုံးကြီး တစ်လုံးလျှင် (၃၀၀-၄၀၀)ကျပ်၊ ခရမ်းပြုတ်သီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရသည်။

DOCA(ပဲခူး)

အုတ်ဖိုမျှစ်ဈေးကွက် အရောင်းသွက်

    ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့မဈေးကွက်အတွင်း၌ ရောင်းချလျက်ရှိသော ရာသီပေါ်သီးနှံဈေးကွက်သည် စည်ကားလျက်ရှိရာ အုတ်ဖိုဒေသထွက် သီးနှံများနှင့်အတူ မျှစ်သီးနှံ ဈေးကွက်သည် အရောင်းအဝယ်ကောင်းမွန်ပြီး အရောင်းသွက်လျက်ရှိပါသည်။

    အုတ်ဖိုမြို့မဈေးကွက်အတွင်းသို့ ကိုင်းကြီး၊ ကြို့ကိုးပင်၊ ဝင်းသရက်၊ ထန်းပင်ကုန်း၊ တိမ်မြုပ်၊ သရက်နှစ်ဖျားလိမ် စသောကျေးရွာများမှ မျှစ်များ အများဆုံးထွက်ရှိပြီး ဈေးကွက်အတွင်းသို့ တင်ပို့‌ ရောင်းချလျက်ရှိပါသည်။ မျှစ်များကို ပါးပါးလှီးပြီး အချဉ်ထည့်ထားသော မျှစ်စပ်၊ မျှစ်ချဉ်များနှင့် အချောင်းလိုက်ပြုတ်သော မျှစ်ပြုတ်များ အဖြစ်နှင့် နှစ်မျိုးနှစ်စား တင်ပို့ကြပါသည်။ ဒေသတွင်းစားသုံးရန် ဖူလုံရုံသာမက ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေးကြီးသို့လည်း တင်ပို့ရောင်းချရကြောင်း သိရှိရပါသည်။ မျှစ်ဈေးနှုန်းများအနေဖြင့် မျှစ်စပ်တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ မျှစ်ပြုတ်တစ်ပိဿာလျှင် (၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၏ မြေပဲသီးနှံ ဈေးနှုန်းဈေးကွက်

      မြေပဲကို လူမျိုးမရွေး၊ ဘာသာမရွေးစားသုံးကြပြီး မြန်မာလူမျိုးများအနေဖြင့် ဆီကြိတ်၍ လည်းကောင်း ၊ မြေပဲဆံကို ပဲကြော်၊ ပဲလှော်များ ကြော်လှော်၍ လည်းကောင်း စားသုံးကြသလို သက်သက်လွတ်စားခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝသည့်အပြင် လူခန္ဓာကိုယ်အတွက် လိုအပ် သော အာဟာရဓာတ်များလည်း ရရှိနိုင်မှာဖြစ်ပါသည်။  ပြည်ခရိုင်တွင် ဆီထွက်သီးနှံ (၃)မျိုးရှိရာ မြေပဲသီးနှံသာ ဧကအများဆုံး စိုက်ပျိုးကြောင်း သိရပါသည်။ ယခုအချိန်တွင် ပြည်ခရိုင်၌ မိုးမြေပဲ စိုက်ပျိုးနေချိန်ဖြစ်ပါသည်။

မြေပဲစတင်စိုက်ပျိုးသည့်ဒေသ

          မြေပဲကိုတောင်အမေရိကတိုက်ရှိ ဘရာဇီးလ်မှ တစ်ဆင့် အာဂျင်တီးနား၊ မြောက်အမေရိကမှတစ်ဆင့် ကမ္ဘာအနှံသို့ ပျံ့နှံ့ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။ မြေပဲသီးနှံကို ၁၈၈၅ ခုနှစ် လောက်က အိန္ဒိယမှတစ်ဆင့် မကွေးတိုင်းသို့ ရောက်ရှိလာခဲ့ပါသည်။ မကွေးတိုင်းမှတစ်ဆင့် မြန်မာ  နိုင်ငံအနှံအပြားသို့ရောက်ရှိခဲ့ပြီး အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် ပိုမိုစိုက်ပျိုး၍ အောင်မြင်ကြပါသည်။ ပြည်ခရိုင် အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြေပဲစုစုပေါင်း စိုက်ဧကမှာ (၇၂၃၂၂)ရှိပြီး ရွှေတောင်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးထွက်ရှိပြီး ကျန်မြို့နယ်များတွင် အနည်းငယ်သာစိုက်ပျိုးကြပါသည်။

မြေပဲအမျိုးအစားနှင့်သက်တမ်းကာလ

          မြန်မာနိုင်ငံတွင် မြေပဲကို ပင်ထောင်မြေပဲနှင့် ပင်ပြန့်မြေပဲဟူ၍ နှစ်မျိုးရှိပါသည်။ ပင်ထောင်မြေပဲအမျိုးအစားမှာ စပိန်ကလေးမြေပဲ နှင့် ဂျပန်ကလေးမြေပဲ တို့ဖြစ်ပါသည်။ ဂျပန်မျိုးမှာ အနီရောင်အဆန်ရှိပြီး စပိန်မျိုးမှာ အဆံပန်းရောင်အဖျော့ရှိပါသည်။ ပင်ထောင် မြေပဲ၏ ပင်စည် နှင့်အကိုင်းများသည်ထောင်မတ်၍ ပေါက်ရောက်ကြပြီး အသီးသီးရာတွင် အပင်ခြေမှာ စုပုံရောနှော ၍သီးကာ အသီးမှာ သေးငယ်ပါသည်။ ပင်ထောင်မျိုးမှာ သက်တမ်း (၃)လကြာပြီး အတောင့် အခွံပါး၍ အတောင့်တွင် အစေ့ပြည်ဝပါသည်။ ပင်ပြန့်အမျိုးအစားမှာ စပိန်ကြီးမြေပဲနှင့် ဗာဂျီး နီးယား မြေပဲတို့ဖြစ်ပါသည်။ ပင်ပြန့်မြေပဲ၏ ပင်စည်သည် ထောင်မတ်ပြီး အကိုင်းများမှာ မြေပြင် ပေါ်၌ထွား၍ သွားကြပါသည်။ အသီးသီးလျှင် အကိုင်းတလျှောက်မြေကြီးနှင့် ထိသော နေရာများ တွင်သီးပြီး အတောင့်အခွံထူ၍ မာကျောပါသည်။ ပင်ပြန့်မျိုးသည် မြေပဲတောင့်တစ်တောင့်လျှင် (၁)လက်မခန့်ရှိပြီး သက်တမ်းမှာ (၅/၆)လခန့်အထိ ကြာမြင့်ပါသည်။ ဂျပန်မြေပဲကို ရှမ်းပြည်နယ်တွင် စိုက်ပျိုးပြီး စပိန်မြေပဲကို ပြည်ခရိုင်တွင် စိုက်ပျိုးကြသလို ရေဆင်းမျိုး၊ တွန်တာနီ၊ ဆင်းမ ဒေသာ နှင့် ပင်ပြန့်မျိုးတို့ကိုလည်း စိုက်ပျိုးကြပါသည်။

မြေပဲသီးနှံစိုက်ပျိုးချိန်

          မိုးမြေပဲကို မေလနှင့်ဇွန်တွင် မြေပြန့်ဒေသများ၌ စိုက်ပျိုးကြပြီး တောင်တန်းဒေသများတွင် စက်တင်ဘာလမှ အောက်တိုဘာလတွင် စိုက်ပျိုးကြပြီး ဆောင်းမြေပဲကို စက်တင်ဘာလနှင့် အောက်တိုဘာတို့တွင် စိုက်ပျိုးကြပါသည်။ မြေပဲသည် ရေမဝပ်သော သဲဆန်သည့် မြေပွများတွင် ကောင်းစွာဖြစ်ထွန်းပြီး ရေကောင်းစွာစီးဆင်းမှုရှိသော သဲနှုန်းဆန်သော မြေမျိုးကို ကြိုက်နှစ်သက်ခြင်း၊ သစ်ဆွေးဓာတ်များလွန်းသောမြေတွင် စိုက်ပျိုးပါက မြေပဲအရောင်မဲ တက်ပြီး သဲမြေများတွင် စိုက်ပျိုးပါက  အထွက်နှုန်းလျော့နိုင်ပါသည်။ ပင်ထောင်မြေပဲကို မိုးရာသီ တွင်ယာမြေများ၌ စိုက်ပျိုးခြင်း၊ ဆောင်းရာသီတွင် ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးခြင်းနှင့် စပါးအပြီး သီးထပ်အဖြစ်စိုက်ပျိုးနိုင်ပါသည်။

မိုးရေချိန်နှင့်အပူချိန်

          မြေပဲကို စိုက်ပျိုးရန် အသင့်တော်ဆုံးအချိန်မှာ  မိုးရေချိန် (၃၅)လက်မ မှ (၄၅)လက်မ ဖြစ်ပါ သည်။ အပူချိန်မှာ ၅၀Fမှ ၃၀F တွင်စိုက်ပျိုးနိုင်ပြီး ၂၀Fအောက်တွင် ကြီးထွားမှု နှောင့်နှေးစေပါသည်။

မျိုးစေ့ပြုပြင်ခြင်းနှင့် စမ်းသပ်ခြင်း

          ပင်ထောင်မြေပဲကို အတောင့်လိုက်စိုက်ပျိုးနိုင်သလို အဆန်အနေဖြင့်လည်း စိုက်ပျိုးနိုင် ပါသည်။ အတောင့်လိုက်စိုက်ပျိုးလိုပါက ရေအေးတွင် (၁၂)နာရီမှ (၂၄)နာရီအထိ ရေစိမ်ပြီး (၁/၂) နာရီခန့် အခြောက်ခံထားရပြီး စိုက်ပျိုးရပါသည်။ ပင်ပြန့်မြေပဲကို အတောင့်လိုက် စိုက်ပျိုး၍မရဘဲ အဆန်လိုက်စိုက်ပျိုးရပါသည်။ စိုက်ပျိုးရာတွင် မြေပဲစေ့ကို ပိုးသတ်ဆေးများ လူးနယ်ပြီး စိုက်ပျိုး မှသာ ပိုးမွှားဖျက်ဆီးမှုသက်သာစေပြီး အပင်ပေါက်နှုန်း ကောင်းလာမည်ဖြစ်ပါသည်။

စိုက်ပျိုးမြေပြင်ဆင်ခြင်း

          ပင်ထောင်မြေပဲကို မိုးရာသီတွင် ကုန်းကျသော ယာမြေများတွင် စိုက်ပျိုးနိုင်ပြီး မိုးမြေပဲ စိုက်ပျိုးရန်မြေကို မိုးမကျမီ ထယ်ရေးခွဲပေးထား၍ မိုးကျလျှင်စိုက်ပျိုးနိုင်ပါသည်။ ထယ်ထိုးရာတွင် သဲဆန်သောမြေဖြစ်လျှင် ဧပြီလတွင်စတင်ထယ်ထိုးရပါသည်။ မြေစေးဖြစ်ပါက မတ်လနှင့် ဧပြီလ တွင်ထယ်ထိုးရပါသည်။ ထယ်ထိုးပြီး၍ (၂/၃)ရက်အကြာတွင် လယ်စာခဲခြောက်သွေ့လာပါက တလိမ့်တုံး၊ ဂျမ်းတုံးများဖြင့် ထယ်အခဲများကို ခြေပေးရပါသည်။ ထိုသို့ သုံးသွားထွန်၊ လေးသွား ထွန်တို့ဖြင့် ထွန်ယက်ပေးပြီး ပေါင်းမြက်များကို ဖော်ထုတ်၍ ရှင်းလင်းပေးရပါသည်။ ထွန်ရေး(၄) (သို့) (၅)ဆခန့်ရလျှင် စိုက်ပျိုးရန်သင့်တော်သောမြေကိုရရှိပါသည်။

စိုက်ပျိုးမှု

          မြေပဲကိုစိုက်ပျိုးရာတွင် မျိုးစေ့ချနှုန်းမှာ တစ်နေရာနှင့်တစ်နေရာမတူဘဲ မြေကောင်းသော နေရာတွင် စိုက်ကြောင်းကျဲပြီး၊ မြေညံ့သောနေရာတွင်  စိုက်ကြောင်းကျဉ်းထား၍ စိုက်ပျိုးရသော ကြောင့် မျိုးစေ့ချနှုန်းမှာ တစ်ဧကလျှင် မျိုးမြေပဲတောင့် (၅)တင်းမှ (၈)တင်းအထိလိုအပ်ပါသည်။ မြေပဲတောင့် တစ်တင်းလျှင် မြေပဲဆန်(၅)ပြည်အထိ ရရှိနိုင်ပါသည်။ ပင်ထောင်မြေပဲစိုက်ပျိုးလျှင် တစ်တန်းနှင့်တစ်တန်း(၁၅)လက်မမှ (၁၈)လက်မထိ၊ တစ်ပင်နှင့်တစ်ပင် (၂)လက်မ မှ (၃)လက်မ ခြား၍ စိုက်ပျိုးရပါသည်။ ပင်ပြန့်မြေပဲကို တစ်တန်းနှင့် တစ်တန်း (၁၈)လက်မခန့် နှင့် တစ်ပင်နှင့် တစ်ပင် (၄)လက်မမှ (၆)လက်မခန့်ခြား၍ စိုက်ပျိုးရပါသည်။ သဲဆန်သောမြေတွင် မြေပဲစိုက်ပျိုးပါ က အာဟာရဓါတ်ချို့တဲ့သဖြင့် ဓါတ်မြေဩဇာများဖြည့်တင်းပေးရန်လိုအပ်ပါသည်။ တောင်သူများ အနေဖြင့် မြေပဲစိုက်ပျိုးရာတွင် လုပ်အားခသက်သာစေရန်အတွက် ထွန်ရေးဝင်နေချိန်တွင် ကြဲပက် ၍ စိုက်ပျိုးကြပါသည်။ မျိုးစေ့ချ၍ စိုက်ပျိုးရာတွင် မျိုးစေ့များကိုခြောက်သွေ့သော အရပ်၌ မြေ အနက်(၃)လက်မခန့်နှင့် မြေစိုသောအရပ်၌ (၂)လက်မမှ (၃)လက်မအတွင်း မျိုးစေ့ချစိုက်ပျိုးရပါ သည်။ စိုက်ပျိုးပြီး (၄/၅)ရက်အကြာတွင် အပင်ပေါက်လာကြပြီး ညှောက်ပေါက်စတွင် လေးသွား ထွန်ဖြင့် အပင်များကို ကန့်လန့်ဖြတ်မှုန်းပေးရပါသည်။ စိုက်ပြီး (၂၂)ရက်အကြာတွင် ပန်းများ စတင်ပွင့်လာပြီး နောက်(၄/၅)ရက် အကြာတွင် ဆက်တိုက်ပွင့်လာကြပါသည်။ မြေပဲစိုက်ပျိုးပြီး ရက်(၃၀)အကြာတွင် ကြားလိုက်ပေးရပြီး (၄၅)ရက်အကြာတွင် ဘောင်တင်ပေးရပါသည်။ ကြားလိုက်ခြင်း၊ ဘောင်တင်ခြင်းတို့ကိုပြုလုပ်ရာတွင် ထွန်ကြောင်းဖြောင့်မှ အပင်ထိခိုက်မှုမရှိဘဲ အထွက်နှုန်းကောင်းမွန်မည်ဖြစ်ပါသည်။

ရိတ်သိမ်းခြင်း

          မိုးမြေပဲကို စက်တင်ဘာလတွင်ရိတ်သိမ်းပြီး ဆောင်းမြေပဲကို ဇန်နဝါရီလတွင်ရိတ်သိမ်းရပါ သည်။ မြေပဲပင်နှုတ်သိမ်းတော့မည်ဆိုလျှင် မြေပဲစည်များညိုးလာပြီး အရွက်ဝါ၍ ကြွေကျလာပါက မြေပဲပင်ကို နှုတ်ကြည့်လျှင် အခွံအတွင်းသား အညိုရောင်ဖြစ်နေပါက နှုတ်သိမ်းချိန် ရောက်လာပြီ ဖြစ်ပါသည်။ မြေပဲနှုတ်သိမ်းချိန်နောက်ကျပါက အနှုတ်ရခက်ပြီး နှုတ်သိမ်းချိန်စောပါက အတောင့် ထဲတွင်ရေများနေသဖြင့် ကြာကြာနေလှန်းရပါသည်။ ထိုမြေပဲသည် ဆီထွက်နှုန်းလည်း ကျဆင်း တက်ပါသည်။ မြေပဲတစ်ဧကလျှင်  အထွက်တင်းမှာ တင်း(၄၀)မှ တင်း(၅၀)ကျော်အထိ ထွက်ရှိ ပါသည်။

မြေပဲသီးနှံစားသုံးခြင်းနှင့် အသုံးပြုပုံ

          မြေပဲကို ဆီကြိတ်ခွဲ၍ ဆီအဖြစ်စားသုံးခြင်းနှင့် မြေပဲကိုလှောင်၍လည်းကောင်း၊ ပြုတ်၍ လည်းကောင်း စားသုံးနိုင်ပြီး အခြားမုန့်ပဲသရေစာများပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ မြေပဲဆီအဖြစ်ကြိတ်ခွဲရာတွင် မြေပဲအခွံပါတစ်တင်းကို ဆီကြိတ်လျှင် မြေပဲဆီ(၂)ပိဿာ ခန့်ထွက် ရှိပြီး၊ မြေပဲဆန် (၁၀၀)ပိဿာ ကြိတ်ခွဲလျှင် ဆီပိဿာ (၄၀)ထွက်ရှိသည်ဟု သိရှိရပါသည်။ ဆီကြိတ် ပြီးထွက်ရှိသော မြေပဲဖက်များကို တိရိစ္ဆာန်အစာအဖြစ် အသုံးပြုကြပါသည်။ မြေပဲ ကြိတ်ဖတ်သည် အခြားဆီကြိတ်ဖတ်များထက် နိုက်ထရိုဂျင်ဓါတ်ပိုမိုပါဝင်သည်ဟု သိရပါ သည်။

တစ်ဧကကုန်ကျစရိတ်နှင့်အကျိုးအမြတ်

          ပြည်ခရိုင်တွင် ယခုအချိန်တွင် မြေပဲများစိုက်ပျိုးနေချိန်ဖြစ်ပြီး မြေပဲများရိတ်သိမ်းမှု မရှိသေး သည့်အတွက် ၂၀၂၂-၂၀၂၃ခုနှစ်အတွက် တစ်ဧကခန့်မှန်းကုန်ကျစရိတ်  (၅)သိန်းကျပ်ကျော် ကုန်ကျ နိုင်မည်ဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့်လည်း ယခင်နှစ်ကအတိုင်း တစ်ဧကကို တင်း(၅၀) ကျော် ထွက်ရှိမည်ဆိုလျှင် တောင်သူအကျိုးအမြတ်အနေဖြင့် (၃)သိန်းနီးပါးအမြတ် အစွန်းများ ရှိနိုင်မည် ဖြစ်ပါသည်။

ကုန်စည်စီးဆင်းမှုနှင့်ဈေးနှုန်းဈေးကွက်

          ပြည်ဈေးကွက်သို့ မြေပဲဆန်စီးဆင်းမှုမှာ ယခုအချိန်တွင် မိုးမြေပဲများစိုက်ပျိုးချိန်ဖြစ်သဖြင့် ကံမ၊ မြန်အောင်၊ ကြံခင်း နှင့်ပေါက်ခေါင်းဘက်မှ ရက်ခြားဝင်ရောက်မှုရှိပြီး ဝင်ရောက်သည့် ရက်တွင် အိတ်(၅၀၀)ခန့် ဝင်ရောက်သည်ဟုသိရပါသည်။ ပြည်ပွဲရုံရှိ မြေပဲဆန်များကို ဒေသတွင်း ဆီစက်များ နှင့် ပဲလှော်၊ ပဲကြော်သမားများက ဝယ်ယူမှုရှိပြီး မန္တလေးတိုင်းသို့လည်း တင်ပို့ရောင်း ချကြောင်း သိရပါသည်။ ဈေးနှုန်းအနေဖြင့် ယခု ဇွန်လ ဒုတိယပတ်တွင် မြေပဲဆီဆန် (အဖြူ)တစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၇၇၀၀)ကျပ်ဖြင့် ယခင်မေလ ကုန်ပတ်ထက် တစ်ပိဿာလျှင် (၁၀၀-၂၀၀)ကျပ်ခန့်ဈေးမြင့်တက်လာခဲ့ပါသည်။ လုံးဆန်ဈေးမှာ (အဖြူ)တစ်ပိဿာလျှင် (၆၈၀၀) ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၈၂၅၀)ကျပ်ဖြင့် ယခင် မေလကုန် ပတ်ထက် တစ်ပိဿာလျှင် (၁၀၀-၁၅၀)ကျပ်ခန့် ဈေးမြင့်တက်လာခဲ့ပါသည်။ မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် (၁၃၄၀၀)ကျပ် ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

      မြေပဲကိုလူမျိုးမရွေး၊ ဘာသာမရွေးသုံးစွဲနိုင်ပြီး အရည်အသွေးမီမျိုးကောင်းမျိုးသန့်များကို စနစ်တကျရွေးခြယ်စိုက်ပျိုးမည်ဆိုပါက ပြည်တွင်းတွင် စားသုံးဆီဖူလှုံမည်အပြင် ပြည်ပဈေးကွက် သို့လည်း အရည်အသွေးကောင်းမြေပဲဆန်များကိုတင်ပို့ရောင်းချနိုင်ပြီး နိုင်ငံခြားဝင်ငွေများလည်း ရရှိလာနိုင်မည်ဖြစ်ပါသည်။

DOCA(ပဲခူး)

ရှမ်းတောင်ဒေသထွက်သီးနှံများ၏ ဈေးနှုန်းဈေးကွက်

     ယခုတစ်ပတ်၏ ပြောင်းသီးနှံပေါက်ဈေးမှာ တစ်ပိဿာလျှင် (၁၀၈၀) ကျပ်မှ (၁၁၀၀) ကျပ်ဖြစ်ပါသည်။ ပြောင်းအဆွဲအနည်းငယ်သွက်လာပါသည်။ ကြက်သွန်ဖြူမှာ တောင်သူလက်ကျန်နည်းပါးလာသောကြောင့် အဝင်နည်းလာကာ ဈေးဆက်တက်လာပါသည်။ ကြက်သွန်ဖြူပေါက်ဈေးမှာ တစ်ပိဿာလျှင် ထူး-၁ (၅၆၀၀) ကျပ်၊ ထူး-၂ (၆၀၀၀) ကျပ်၊ ထူး-၃(၆၅၀၀) ကျပ်၊ ထူး-၄(၇၀၀၀) ကျပ်၊ ထူး-၅ (၇၇၀၀) ကျပ်၊ ထူးလွန် (၇၈၀၀) ကျပ်နှင့် ကြူကုတ်မှာ တစ်ပိဿာလျှင် (၇၈၀၀) ကျပ်တို့ဖြစ်ပါသည်။ တစ်ပတ်အတွင်း တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့်ဈေးမြင့်လာပါသည်။

      အာလူးသီးနှံပေါက်ဈေးမှာ တစ်ပိဿာလျှင် S2 (၂၇၀၀) ကျပ်၊ S1 (၂၅၀၀ ) ကျပ်၊ OK (၂၂၀၀) ကျပ်၊ A1 (၂၀၀၀) ကျပ် ဆွဲ (၁၉၀၀) ကျပ်နှင့် ဂေါ်လီ (၁၅၀၀) ကျပ်တို့ဖြစ်ပါသည်။ အာလူးထွက်ရှိချိန်ဖြစ်သောကြောင့် ဈေးငြိမ်နေပါသည်။ ချင်းသီးနှံမှာ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ပေါက်ဈေးရှိကာ အရောင်းအဝယ်အေးနေကြောင်းသိရပါသည်။ ချင်းဥမမှာ တစ်ပိဿာလျှင် (၄၅၀၀) ကျပ်ပေါက်ဈေးရှိသော်လည်း အရောင်းအဝယ်နည်းပါးပါသည်။ နနွင်းဈေးမှာ တစ်ပိဿာလျှင် ဆင်တောင် (၄၂၀၀) ကျပ်နှင့် ဆင့်(၃၅၀၀) ကျပ်နှင့် ဆင့်(၃၀၀၀) ကျပ်တို့ဖြစ်ပါသည်။

     ကုန်စိမ်းသီးနှံများမှာ ဂေါ်ဖီဈေးကျ၍ တစ်ထုပ်လျှင် (၆၀၀) ကျပ်မှ (၁၀၀၀) ကျပ်၊ ပန်းပွင့်တစ်ပွင့်လျှင် (၁၀၀၀) ကျပ်မှ (၁၂၀၀) ကျပ်၊ ရွှေပဲတစ်ပိဿာလျှင် (၇၀၀၀) ကျပ်မှ (၉၀၀၀) ကျပ်၊ ဘိုစားပဲတစ်ပိဿာလျှင် (၁၅၀၀) ကျပ်မှ (၁၇၀၀ )ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် (၈၀၀) ကျပ်မှ (၁၂၀၀) ကျပ်၊ ငရုတ်ပွတစ်ပိဿာလျှင် (၁၀၀၀) ကျပ်မှ (၁၂၀၀) ကျပ်၊ မုံညှင်းတစ်ပိဿာလျှင် (၇၀၀) ကျပ်မှ (၁၄၀၀) ကျပ်၊ မုန်လာဥဖြူတစ်ပိဿာလျှင် (၁၅၀၀) ကျပ်၊ ခရမ်းချဉ်သဲယောင်ရွတ်စတစ်ပိဿာလျှင် (၁၃၀၀) ကျပ်မှ (၇၀၀) ကျပ်ခန့်၊ ငရုတ်သီးစိမ်းမှာ မိုးထောင်တစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ ကျောက်စိမ်းတစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ ရွှေအပ်စိမ်းတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ကုလားအော်တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ကြက်ဟင်းခါးသီးတစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ သံပရာသီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ဂေါ်ရခါးညွန့် (၅၀) ညွန့်ပါ တစ်ထုံးလျှင် (၁၅၀၀၀) ကျပ်၊ ကိုက်လန် (၅၀) စီးပါ တစ်ထုံးလျှင် (၁၆၀၀၀) ကျပ်၊ ဥနီ တစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ ဂျူးမြစ်တစ်ပိဿာလျှင် (၂၅၀၀) ကျပ်မှ (၃၀၀၀) ကျပ်နှင့် ဖရုံသီးတစ်လုံးလျှင် (၇၀၀) ကျပ်မှ (၁၁၀၀) ကျပ်တို့ဖြင့် ကုန်ဈေးနှုန်းသီးနှံများ ဈေးအနည်းငယ်ကျဆင်းလျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ရှမ်း)

 

“မိတ္ထီလာစျေးကွက်တွင် ကြက်သွန်နီစျေးငြိမ်နေ’’

    မိတ္ထီလာစျေးကွက်တွင် ဇွန်လတတိယပတ်အတွင်း နယ်ဝေးတင်ပို့မှုနည်းကြောင်း သိရသည်။ မိတ္ထီလာစျေးကွက်မှ ရန်ကုန်၊ ပဲခူးမြို့များသို့ ပုံမှန်အားဖြင့် တင်ပို့မှုရှိသော်လည်း၊ ယခုတစ်ပတ် ရန်ကုန်သို့ တင်ပို့မှုမရှိသလောက်ဖြစ်ကာ ပဲခူးသို့လည်း ခြောက်ဘီးကားဖြင့် တစ်စီးလျှင် ကုန်ချိန်ပိဿာ (၃၀၀၀-၄၀၀၀) ဝန်းကျင်ကို အခြားကုန်များနှင့်ရောနှောတင်ပို့ပါသည်။ ယခင်တစ်ပတ်က မြဝတီနှင့် မူဆယ်သို့ တင်ပို့မှုများခဲ့သော်လည်း ယခုတစ်ပတ်မူဆယ်သို့ တွဲကား တစ်စီး ကုန်ပိဿာ (၂၀၀၀၀) ခန့် သာတင်ပို့နိုင်ခဲ့ပါသည်။ ဒေသတွင်း လှောင်လက်၌ လက်ကျန်များသော်လည်း ရောင်းစျေးမှာ စျေးမြှင့် ပြီး မြဝတီဝယ်လက်သို့ ‌ရောင်းစျေးနှင့်မကိုက်ခြင်းကြောင့်ဖြစ်ကာ မူဆယ်ဝယ်လက်မှာ ပစ္စည်းအရည်‌သွေးကောင်းကို စျေးကောင်းပေးဝယ်ယူခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ ကုန်တင်ခမှာ စျေးငြိမ်နေပြီး လက်ကားစျေးတစ်ပိဿာလျှင် ပဲခူးသို့ (၁၀၀) ကျပ်၊ မူဆယ်သို့ (၂၀၀) ကျပ် ရှိပါသည်။ ကြက်သွန်နီစျေးမှာလည်း ဝယ်လက်အဝယ်အေးသဖြင့် တစ်ပိဿာ လက်ကားစျေး (၂၂၀၀-၂၄၀၀) ကျပ်ဖြင့် စျေးငြိမ်နေကြောင်း စျေးကွက်မှသိရသည်။

DOCA(မန္တလေး)

“ကျောက်ဆည်ခရိုင်အတွင်း ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ ခုနှစ် ၊ ဇွန်လ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧရာပဒေသာဆန် (သစ်)တစ်ပြည် (၄၀၀ဝိ/-)ကျပ် ၊ ဧရာပဒေသာဆန် (သစ်) (၂၄)ပြည်  တစ်အိတ် လျှင်(၉၅၀၀ဝိ/-)ကျပ်၊မနောသုခဆန်(သစ်) တစ်ပြည်(၃၀၀ဝိ/-)ကျပ်၊ မနောသုခဆန်(သစ်) (၂၄)ပြည် တစ်အိတ်လျှင်(၇၀၀၀ဝိ/)ကျပ် ၊ ခရမ်းချဉ်သီး(ရှမ်း) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၆၀ဝိ/-) ကျပ်၊ ကြက်သွန်နီ လက်လီဈေးနှုန်းမှာ(ကြီး)တစ်ပိဿာလျှင်(၂၄၀ဝိ/-)ကျပ်၊(လတ်)တစ်ပိဿာလျှင် (၂၃၀ဝိ/-)ကျပ်၊(အသေး)တစ်ပိဿာလျှင်(၂၁၀ဝိ/-)ကျပ် ၊ ကြက်သွန်ဖြူ လက်လီ(ဗမာ)တစ်ပိဿာ လျှင်(၈၀၀ဝိ/-)ကျပ်၊(ရှမ်း)တစ်ပိဿာလျှင်(၇၅၀ဝိ/-)ကျပ် ၊ အာလူးတစ်ပိဿာလျှင်(၂၈၀ဝိ/-)ကျပ် ၊ မန်ကျည်းသီး (ဟောင်း) တစ်ပိဿာလျှင် (၄၅၀ဝိ/-)ကျပ် ၊ မန်ကျည်းသီး(သစ်) တစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ် ၊ ဂျင်း တစ်ပိဿာလျှင်(၆၅၀ဝိ/-)ကျပ် ၊ ဆားတစ်ပိဿာလျှင်(၅၀ဝိ/-)ကျပ်ဈေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည် ။ ကျောက်ဆည်ခရိုင်၏ သား ၊ ငါး ဈေးနှုန်းများမှာ ကြက်သား(ဗမာ) တစ်ပိဿာလျှင်(၁၆၀၀ဝိ/-)ကျပ် ၊ ကြက်သား(CP) တစ်ပိဿာလျှင် (၁၄၀၀ဝိ/-) ကျပ်၊ဝက်သား တစ်ပိဿာလျှင်(၂၀၀၀ဝိ/-)ကျပ်၊အမဲသားတစ်ပိဿာလျှင်(၁၇၀၀ဝိ/-)ကျပ်၊ဆိတ်သား တစ်ပိဿာလျှင်(၂၄၀၀ဝိ/-)ကျပ်နှင့် ငါးအုံတုံတစ်ပိဿာလျှင်(၁၀၀၀၀)ကျပ် ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဈေးနှုန်း များဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့် တစ်ပိဿာလျှင် (၁၄၀၀ဝိ/-)ကျပ် ၊ နှမ်းဆီသန့်တစ်ပိဿာလျှင်(၁၄၅၀ဝိ/-)ကျပ်၊ နေကြာဆီသန့် တစ်ပိဿာလျှင် (၁၃၀၀၀)နှင့်စားဆီတစ်ပိဿာလျှင်(၆၈၀ဝိ/-)ကျပ်ဈေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအား ယခင်မေလ နောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ပါက ဧရာပဒေသာဆန်၊ မနောသုခဆန်၊ ကြက်သွန်ဖြူ၊ဂျင်း၊ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဆီနှင့်CPကြက်သားဈေးနှုန်းများမြင့်တက်ခဲ့ပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း