ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၃.၆.၂၀၂၃ )

     ၂၃.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

     နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

ပြည်တွင်းစားသုံးမှု ပိုမိုများပြား ကုလားပဲဈေးကွက်မြင့်မား

    မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပြီး နှစ်စဉ် ဆန်စပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ပဲမျိုးစုံများထဲမှ ကုလားပဲသီးနှံသည် မြန်မာလူမျိုးများ၏ အကြိုက်နှစ်သက်ဆုံးပဲတစ်မျိုးဖြစ်ပြီး စားသောက်ရာတွင်လည်း အာဟာရဖြစ်သည့်အပြင် အရသာမှာ ထူးခြားကောင်းမွန်ကာ ကျန်းမာရေးကောင်းကျိုးအတွက် များစွာအထောက်အပံ့ဖြစ်စေပါသည်။ ကုလားပဲသီးနှံကို မြန်မာလူမျိုးများသည် စားသောက်ကုန်မျိုးစုံအဖြစ်ပြုလုပ်၍ စားသုံးကြသည့်အပြင် အိမ်ရှင်မများအတွက်လည်း စွယ်စုံချက်ပြုတ်ရသော ဟင်းတစ်မယ်ဖြစ်၍ ပြည်တွင်းစားသုံးမှုပိုမိုမြင့်မားလျက်ရှိပါသည်။ ကုလားပဲကို အနောက်နိုင်ငံများတွင် အများအားဖြင့် အစားအစာအဖြစ်အသုံးပြုသော်လည်း အာရှဒေသဖြစ်သော အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် နေ့စဉ် ပုံမှန်စားသုံးသော အစားအစာဖြစ်ပါသည်။ ကုလားပဲသည် စိုက်ပျိုးမှုအကောင်းဆုံးပဲများထဲမှတစ်ခုဖြစ်ပြီး စားသုံးပေးခြင်းဖြင့် အာဟာရကြွယ်ဝ၍ ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိစေပါသည်။ ကုလားပဲသီးနှံကို တစ်နှစ်လျှင် တစ်ရာသီသာ ဆောင်းသီးနှံအဖြစ်စိုက်ပျိုးလျက်ရှိပြီး အထက်အညာဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် အနည်းငယ်သာစိုက်ပျိုးကြသဖြင့် ကုလားပဲအုပ်စုအနေဖြင့် ဗမာကုလားပဲ၊ ထိုင်ဝမ်ကုလားပဲ၊ V2၊ V7၊ 929၊ HL စသည့် အမျိုးအစားများကို စိုက်ပျိုးကြောင်းသိရှိရပါသည်။

   ကုလားပဲသီးနှံစိုက်ပျိုးမှုအနေဖြင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ အနောက်ပိုင်းရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ကိုးထောင့်အုပ်စု၊ ချင်တောင်အုပ်စုနှင့် ကုန်းတွင်းပိုင်းရှိ ကျေးရွာများတွင် ကုလားပဲသီးနှံကို ဒေသစီးပွားအဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် စိုက်ဧက (၃၀၀၀) ကျော်ခန့်စိုက်ပျိုးထားရှိကြောင်း၊ ကုလားပဲသီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး အထွက်နှုန်းကောင်း၍ အကျိုးအမြတ်များစွာရရှိခြင်းကြောင့် မြစ်ရေဝင်ကိုင်းကျွန်းမြေမာများ၊ စပါးခင်းကျွတ်(လယ်ကွဲ)မြေများ၊ မိုးကြက်သွန်နီစိုက်ခင်းကျွတ်မြေများတွင် သီးသန့်သီးထပ်သီးနှံအဖြစ်စိုက်ပျိုးကြပြီး ကုလားပဲမျိုးများမှာ ထိုင်ဝမ်ကုလားပဲလုံးကြီး(အဖြူ)မျိုးကို အများဆုံးစိုက်ပျိုးကြ၍ ဗမာကုလားပဲလုံးသေး(အနီ)ကို စိုက်ဧကအနည်းငယ်သာစိုက်ပျိုးကြသည်။ မိမိဒေသစိုက်ခင်းထွက်မျိုးများကိုသာစိုက်ပျိုးကြသည်။ တစ်ဧကလျှင် မျိုးစေ့နှစ်တင်းခန့်ကုန်ကျပြီး မြေအောက်ရေအပြင် ရေသွင်းရေဖြန်းစနစ်ဖြင့် အောက်တိုဘာလအကုန်နှင့် နိုဝင်ဘာလဆန်းတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် သီးနှံရိတ်သိမ်းရသည်။ သီးထပ်သီးနှံအဖြစ် မိုးကြက်သွန်နီစိုက်ခင်းကျွတ်များ၌ ဇန်နဝါရီလကုန်တွင် စိုက်ပျိုးပြီး မတ်လကုန်တွင် ရိတ်သိမ်းရကြောင်း၊ ကုလားပဲသီးနှံသည် စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ သက်တမ်း (၃) လခန့်ကြာမြင့်ကြောင်းသိရှိရပါသည်။

    ကုလားပဲသီးနှံတစ်ဧကစိုက်ပျိုးလျှင် ပျမ်းမျှအားဖြင့် (၁၇) တင်းမှ (၂၂) တင်းအထိထွက်ရှိကြောင်း၊ တောင်သူတစ်ဦးချင်းအနေဖြင့် သွင်းအားစုသုံးစွဲမှု၊ မြေသားကွာခြားမှုနှင့် ရာသီဥတုအနေအထားမတူညီခြင်းတို့ကြောင့် အထွက်နှုန်းမတူညီ၍ အကျိုးအမြတ်မှာလည်း ကွာခြားမှုရှိကြောင်းသိရှိရသည်။ တစ်ဧကစိုက်ပျိုးလျှင် ကုန်ကျစရိတ်မှာ ကျပ် (၅) သိန်းခန့်ကုန်ကျပြီး ယခုနှစ် သီးနှံပေါ်စအချိန်၌ ဒေသကာလပေါက်ဈေး (၂၀) ပိဿာဝင်တစ်တင်းလျှင် ပျမ်းမျှလျှင် ကျပ် (၇၅၀၀၀) ဖြင့်ရောင်းချရပါက တစ်ဧကဝင်ငွေမှာ ကျပ် (၁၅) သိန်းခန့်ရရှိ၍ အကျိုးအမြတ်မှာ ကျပ် (၁၀) သိန်းခန့်ရရှိကြောင်းသိရှိရပါသည်။

   ဆိပ်ဖြူမြို့နယ်တွင် ကုလားပဲသီးနှံကို နှစ်စဉ်မပြတ် ဒေသစီးပွားအဖြစ် စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိသောကုလားပဲသီးနှံများသည် သီးနှံပေါ်စမှစတင်၍ ရာသီကုန်ဆုံးချိန်အထိ ဈေးကွက်ခိုင်မာစွာဖြင့် (၂) နှစ်ဆက်တိုက် စိုက်တောင်သူများဈေးကောင်းရရှိပြီး အကျိုးအမြတ်များစွာရရှိလျက်ရှိကြသည်။ ယခင် (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်တွင် ကုလားပဲသီးနှံပေါ်စ၌ ဒေသပေါက်ဈေးတစ်တင်းလျှင် အနိမ့်ဈေး ကျပ် (၃၆၀၀၀) မှ အမြင့်ဈေး ကျပ် (၆၇၀၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် သီးနှံပေါ်ချိန်၌ ကုလားပဲတစ်တင်းလျှင် အနိမ့်ဈေး ကျပ် (၆၃၀၀၀) ဖြင့်စတင်ရောင်းချခဲ့ရ၍ ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လျက်ရှိကာ ယခုအချိန် ဇွန်လတွင် ထိုင်ဝမ်ကုလားပဲတစ်တင်းလျှင် (၉၀၅၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဆိပ်ဖြူဒေသရှိ စိုက်ပျိုးတောင်သူများသည် မိမိတို့စိုက်ခင်းမှထွက်ရှိသော ကုလားပဲများကို ဈေးနှုန်းအသီးသီးဖြင့် ခွဲခြားရောင်းချလျက်ရှိကြောင်း၊ တချို့စိုက်တောင်သူများသည် ရောင်းချခြင်းမရှိသေးဘဲ ကိုင်းမြေများစိုက်ပျိုးချိန်တွင် မျိုးပဲအဖြစ်ရောင်းချရန် သိုလှောင်ထားရှိကြောင်းသိရှိရသည်။ ဆိပ်ဖြူဒေသထွက် ကုလားပဲများကို ချောက်မြို့၊ အေဝမ်းပွဲရုံနှင့် မြို့ပေါ်ရှိပွဲရုံများသို့ ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်းသိရှိရသည်။

   ကုလားပဲသီးနှံစိုက်ပျိုးခြင်းကြောင့် စိုက်တောင်သူများသည် ဈေးကွက်ခိုင်မာမှုရှိပြီး အကျိုးအမြတ်များစွာရရှိလျက်ရှိသော ကုလားပဲသီးနှံကို ယခင်နှစ်များထက် သီးသန့်စိုက်ခင်းအပြင် သီးထပ်သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ထိုသို့ ထွက်ရှိသောကုလားပဲများမှာ ဈေးကွက်ကောင်းမွန်ပြီး ရောင်းလိုအားနှင့် ဝယ်လိုအားကောင်း၍ အကျိုးအမြတ်များစွာရရှိနေကြကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များကလည်း စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ကြမ်းသီးနှံကုလားပဲကို ထုတ်လုပ်မှုနည်းစနစ်သစ်များဖြင့် ကုလားပဲသီးနှံကုန်ကြမ်းမှတစ်ဆင့် တန်ဖိုးမြင့်ကုန်ချောထုတ်ကုန်အဖြစ်ပြုပြင်၍ ကုလားပဲခြမ်း၊ ကုလားပဲမုန့်အစိမ်း/အကျက်၊ ဘယာကြော်မှုန့်အဖြစ် ထုတ်လုပ်လျက်ရှိပြီး ကုလားပဲကို ပြည်တွင်းစားသုံးမှုပိုမိုများပြားလျက်ရှိသည့်အပြင် SMEs အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများသည်လည်း ပြည်တွင်းရှိ မြို့ကြီးများတွင် လည်ပတ်လျက်ရှိကာ စိုက်တောင်သူများ၊ လုပ်သားပြည်သူများ၊ ကုန်သည်ပွဲစားများ၊ စားသောက်ကုန်မျိုးစုံပြုလုပ်ရောင်းချသူများ၊ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလျက်ရှိပါသည်။ ကုလားပဲစိုက်တောင်သူများမှာလည်း ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ပြီး ပိုးမွှားဖျက်စီးမှုနည်းပါး၍ အထွက်နှုန်းတိုးကာ ဈေးကွက်ခိုင်မာမှုရှိ၍ ပြည်တွင်းစားသုံးမှုများပြားလျက်ရှိသော ကုလားပဲကို ဒေသစီးပွားအဖြစ် နှစ်စဉ် စိုက်ပျိုးလျက်ရှိကြောင်းသိရှိရသည်။

ကုလားပဲစားသုံးမှုနှင့် ကျန်းမာရေး

     ကုလားပဲသီးနှံသည် မြန်မာတို့ ကြိုက်နှစ်သက်စွာစားသုံးသောအသီးအနှံတစ်မျိုးဖြစ်ပါသည်။ ကုလားပဲတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါရှိသည့်အပြင် ပရိုတင်းဓာတ်များစွာပါဝင်သောကြောင့် အစာကြေစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အလေးချိန်ကျစေ၍ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါသည်။ ကုလားပဲစားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေသည့်အပြင် နှလုံးကိုပါကျန်းမာစေပါသည်။ ကုလားပဲတွင် ပရိုတင်း (ခေါ်) အသားဓာတ်များစွာပါရှိ၍ သက်သက်လွတ်စားသုံးသူများအတွက် အသားဓာတ်အစား ရရှိစေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ လူတစ်ဦး/တစ်ယောက်ကျန်းမာဖို့ရန်အတွက် အရေးကြီးဆုံးမှာ အစာကြေညက်မှုရှိဖို့ရန်လိုအပ်ပါသည်။ အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာနေမှသာလျှင် ခန္ဓာကိုယ်လည်း ကျန်းမာနေမည်ဖြစ်ပါသည်။ ကုလားပဲတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် စားသုံးပေးခြင်းဖြင့် အူမကြီးကို ကျန်းမာစေပြီး ဝမ်းမှန်၍ ကိုယ်အလေးချိန်ကျဆင်းစေပါသည်။ သံဓာတ်များစွာပါဝင်ခြင်းကြောင့် အရိုးအဆစ်များကို ကြံ့ခိုင်သန်မာစေပြီး အသက်အရွယ်ရလာလျှင်လည်း အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သည့် သတ္တုဓာတ်များစွာပါဝင်ပါသည်။ အမျှင်ဓာတ်နှင့် အိုမီဂါသရီးတို့ ကြွယ်ဝစွာပါဝင်သဖြင့် နှလုံးသွေးကြောကျဉ်းခြင်း၊ ရုတ်တရက် နှလုံးရပ်၍ လေဖြတ်ခြင်းမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါသည်။

     ခန္ဓာကိုယ်ရှိ သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးခြင်းမှာလည်း လူတိုင်းအတွက် အရေးကြီးပါသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်တွင် ဆီးချိုရောဂါဖြစ်ပွားမှုလူဦးရေများပြားလျက်ရှိပါသည်။ ဆီးချိုသမားများသည် ကုလားပဲကို စားသုံးပေးခြင်းဖြင့် သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်ထုတ်လုပ်မှုကို ကောင်းမွန်စေ၍ ဆီးချိုရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်အတွင်း သွေးညှိပေးခြင်း၊ ကုလားပဲစားသုံးပေးခြင်းဖြင့် အမျိုးသမီးများ ရင်သားကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါသည်။ သို့ဖြစ်ပါ၍ ကုလားပဲသည် အမျှင်ဓာတ်များစွာပါရှိသော အာဟာရဖြစ်စေသည့် ကျန်းမာရေးဆေးဖက်ဝင်သီးနှံတစ်မျိုးဖြစ်၍ နေ့စဉ် (သို့မဟုတ်) တစ်ပတ်လျှင် (၃) ကြိမ်ခန့်စားသုံးပေးသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။        

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

       မကွေးတိုင်းဒေသကြီး အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာ(၁)အိတ် လျှင် ယခင်အပတ် (၁၄-၆-၂၀၂၃) ရက်နေ့တွင် ကျပ်(၂၈၀၀၀၀မှ ၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၂၀-၆-၂၀၂၃)ရက်နေ့တွင် ကျပ် (၂၇၅၀၀၀မှ ၂၉၅၀၀၀) ဖြစ်၍ ကျပ်(၅၀၀၀) ဈေးလျော့ခဲ့ပြီး (၁၁၅၀) အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

         ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ)မှာ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၁၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၈၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၇၇၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၆၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးလျော့ခဲ့ကြောင်း၊ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၉၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၉၁၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ကုလားပဲ (မြကြေး)ယခင်အပတ်တွင် ကျပ် (၉၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)စသည်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။ ပဲကြီးယခင်အပတ်တွင် ကျပ်(၉၇၀၀၀မှ ၉၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၆၀၀၀မှ  ၁၀၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ် ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ် များဖြင့် ပဲစဉ်းငုံ(နီ) (၇၀၀)အိတ်၊ မတ်ပဲ (၃၅၀)အိတ်၊ ကုလားပဲ(H-L)(၈၀၀)အိတ်၊ ကုလားပဲ (မြကြေး)(၉၀၀)အိတ်၊ ပဲကြီး (၇၅၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါသည်။

       မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ် (၆၇၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၇၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀) ပိဿာဝင်အိတ်များဖြင့်မြေပဲလုံးဆံ(ဖြူ)(၃၂၅) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်းနှင့်နှမ်းနှင့် ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

                                      

တောင်တွင်းကြီးမြို့၏၂၀၂၃-ခုနှစ်၊ ဇွန်လ ဒုတိယအပတ်နှင့် ဇွန်လ တတိယအပတ် စက်သုံးဆီစျေးနှုန်း အခြေအနေ

      မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     တောင်တွင်းကြီးမြို့ပေါ်၌ စက်သုံးဆီအရောင်းဆိုင်(၁၆)ဆိုင်ရှိရာ ယင်းဆိုင်များအားလုံး ရောင်းချလျက်ရှိပြီး ၂၀၂၃-ခုနှစ်၊ ဇွန်လ ဒုတိယအပတ်နှင့် ဇွန်လ တတိယအပတ်၏ စက်သုံးဆီစျေးနှုန်းများမှာ ဇွန်လ ဒုတိယအပတ်တွင် ဓါတ်ဆီ (92) (၁)လီတာလျှင် ကျပ်(၂၀၄၀)၊ ဓါတ်ဆီ (95)  (၁)လီတာလျှင် ကျပ် (၂၁၃၅)၊ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ကျပ်(၁၉၉၀)၊ ဒီဇယ်(ပရီမီယမ်)  (၁)လီတာလျှင် ကျပ်(၂၀၇၀)တို့ ဖြစ်ပြီး ဇွန်လ တတိယအပတ်တွင် ဓါတ်ဆီ (92) (၁)လီတာလျှင် ကျပ်(၂၀၆၀)၊ ဓါတ်ဆီ (95)  (၁)လီတာလျှင် ကျပ်(၂၁၅၀)၊ ဒီဇယ်(ရိုးရိုး)  (၁)လီတာလျှင် ကျပ်(၂၀၃၀)၊ ဒီဇယ်(ပရီမီယမ်)  (၁)လီတာ လျှင် ကျပ်(၂၁၁၀)တို့ဖြစ်၍ ဓါတ်ဆီ (92) (၁)လီတာလျှင် ကျပ်(၂၀)၊ ဓါတ်ဆီ (95)  (၁)လီတာလျှင် ကျပ်(၁၅)၊ ဒီဇယ်(ရိုးရိုး)  (၁)လီတာလျှင် ကျပ်(၄၀)၊ ဒီဇယ်(ပရီမီယမ်)  (၁)လီတာလျှင် ကျပ်(၄၀)တို့ဖြင့် အသီးသီးစျေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ ရန်ပယ်စျေး၌ရောင်းချလျက်ရှိသော ပုဇွန်ခြောက်၊ ငါးခြောက် စျေးနှုန်းအခြေအနေ

      မကွေးမြို့တွင် မြို့မစျေး၊ ကံသာစျေး ၊မင်္ဂလာစျေး ၊ ရန်ပယ်စျေး ၊အခွန်လွတ်စျေးနှင့် ဆည်မြောင်း‌စျေး တို့ရှိကြပြီး ရန်ပယ်စျေးသို့  မကျီးကန်ရွာ၊ ဆားတိုင်ကန်ရွာ၊သန်းတောကုန်းရွာ၊ ပထိုးစမ်း ကျေးရွာတို့မှ အဓိကလာရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

     ထို့အပြင် မကွေးမြို့ရန်ပယ်ဈေးသို့ ရေထွက်ကုန်ပစ္စည်းများကို ရန်ကုန်၊ ဘုရင့်နောင်ဈေးမှ ဝင်ရောက်လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်ရှိ ဆည်များတွင် မွေးမြူထားသော ဇလားဗီးယား၊ ငါးဖန်းမငါးများကို အခြောက်လှန်း၍ ၎င်းအား ငါးဆယ်နယ်အဖြစ်လည်းကောင်း ပြုလုပ်၍ လာရောက်ရောင်းချကြကြောင်း လေ့လာသိရှိရပါသည်။

     မကွေးမြို့ ရန်ပယ်စျေးတွင် ၂၀၂၃ခုနှစ်၊ ဇွန်လ (တတိယပတ်)အတွင်း ရောင်းချလျက်ရှိသော ကုန်ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀-၇၀၀၀၀)၊ ငါးကွန်းရှပ် (၁)ပိဿာ လျှင်ကျပ်(၂၀၀၀၀-၂၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀)၊ ငါးမဲလုံး (၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငါးကြင်း ငါးပိကောင်(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငါးဖောင်းဝိုင်း (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ငါးမင်း သားခြောက် (၁)ပိဿာလျှင် ကျပ်(၂၈၀၀၀)နှင့် ငါးရံ့လုံး (၁)ပိဿာလျှင် ကျပ် (၆၀၀၀၀)အထိ အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စျေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ အခွန်လွတ်စျေး၌ ဇွန်လ (တတိယပတ်)အတွင်း ဖြစ်ပေါ်လျက်ရှိသော ကုန်စျေးနှုန်း အခြေအနေ

    မကွေးမြို့အခွန်လွတ်ဈေး၌ မြို့ပေါ်ရှိဈေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မကျီးကန်ကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာတို့မှ  လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    မကွေးမြို့ အခွန်လွတ်စျေးတွင် ၂၀၂၃ခုနှစ်၊ ဇွန်လ (တတိယပတ်)အတွင်း ရောင်းချလျက်ရှိသော ကုန်စျေးနှုန်းများမှာ ကြက်သား (CP) (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဗမာကြက် (၁) ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀-၁၈၀၀၀)၊ အမဲသား(၁) ပိဿာလျှင် ကျပ် (၁၆၀၀၀-၁၇၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀-၂၀၀၀၀)အထိ စျေးပေါက်လျက်ရှိပြီး ခရမ်းသီး (၁)ပိဿာလျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၃၀၀) ၊ မကျီးသီးမှည့် (၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ကြက်သွန်ဖြူ (ရှမ်း) (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ ပင်နံသီးစိမ်း (၁)ပိဿာ လျှင် ကျပ်(၁၀၀၀၀)၊ ကုလားပဲခြမ်း (၁)ပြည်လျှင် ကျပ်(၈၀၀၀) ၊ မြေပဲဆံ (၁)ပြည်လျှင် ကျပ် (၈၀၀၀)၊ ကြက်ဟင်းခါးသီး (၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ပဲသီး (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ငရုတ်သီးကြမ်းမှုန့် (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ သံပုရာသီး (၁၀) လုံးလျှင် ကျပ်(၅၀၀)၊ ကြက်ဥ (၁၀) လုံးလျှင် ကျပ်(၂၅၀၀)၊ ဘဲဥ (၁၀) လုံးလျှင် ကျပ်(၃၅၀၀)၊ ဗူးသီး (၁)လုံးလျှင် ကျပ်(၃၀၀-၇၀၀)အတွင်း၊ ချဉ်ပေါင်ရွက် (၁)ပိဿာလျှင်ကျပ်(၈၀၀)၊ ကင်ပွန်းချဉ် (၁)စီးလျှင် ကျပ်(၂၀၀)၊ ပဲရှည်သီး(၁)တောင့်လျှင် ကျပ်(၄၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း စျေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့ပေါ်၌ ပေါ်ဦးပေါ်စမျှစ်များ ဈေးကောင်းရလျက်ရှိ

    မြန်မာလူမျိုးတို့အတွက် ထမင်းမြိန်စေသည့် မိုးဦးကျကာလများတွင် ချောင်းကြိုမြောင်းကြားနှင့် လျှိုကြားတို့တွင်ပေါက်ရောက်လျက်ရှိသော ဝါးရုံတော၊ ဝါးပင်များမှထွက်ရှိသော မျှစ်ကို မျှစ်ပြုတ်၊ မျှစ်ဆတ်၊ မျှစ်ချဉ်အမျိုးမျိုးပြုလုပ်၍ ရောင်းဝယ်ဖောက်ကားစားသုံးလျက်ရှိကြပါသည်။

    မိုးဦးကာလဖြစ်သော မေလ/ဇွန်လများတွင် စတင်ထွက်ပေါ်သည့်မျှစ်အမျိုးမျိုးကို သရက်မြို့၏ ပတ်ဝန်းကျင်ကျေးရွာများမှ သရက်မြို့မဈေး၊ ဗိုလ်ချုပ်ဈေးနှင့် အခွန်လွတ်ဈေးများသို့ လာရောက်ရောင်းချလျက်ရှိရာ ယခင်နှစ် မျှစ်ပေါ်စအချိန်တွင် မျှစ်ပြုတ်တစ်ပိဿာလျှင် ကျပ် (၄၀၀၀) ဈေးနှုန်းဖြင့် ရောင်းချရသော်လည်း ယခု၂၀၂၃ခုနှစ်၊ မျှစ်ပေါ်စအချိန် ဇွန်လ၊ ပထမအပတ်မှစတင်၍ မျှစ်ပြုတ်/မျှစ်ဆတ် (၂၅) ကျပ်သားလျှင် ကျပ် (၂၅၀၀)၊ တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)ဈေးနှုန်းဖြင့် စတင်ရောင်းချလျက်ရှိပြီး ဈေးကောင်းရရှိနေပါကြောင်း ပေါက်ပင်ကျေးရွာနေ မျှစ်ရောင်းချသူ မစန်းထံမှသိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း