ကုန်သွယ်မှုသတင်းများ
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကုန်ဈေးနှုန်းတည်ငြိမ်ရေးရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၀ရက်နေ့ ညနေပိုင်းမှစတင်၍ ဖြူးမြို့၊ မြို့မဈေးကြီးအနီးရှိ စားသုံးသူရေးရာဦးစီးဌာန၏ရုံးရှေ့တွင် ရောင်းချပေးလျက်ရှိပါသည်။

တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထ(မိုး)မှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၇၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) မှာ တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်အထိ၊ ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး) များမှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားအော်သီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိဈေးနှုန်းတို့ဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၆၈၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

၂၀၂၃ခုနှစ်၊ ဇွန်လ ၃၀ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၌ အခြေခံစားသောက်ကုန်များဖဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် ၅၀၀၀ကျပ်နှင့် ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၀၀၀၀၊ ဧည့်မထဆန်တစ်ပြည်လျှင် ၂၉၁၆ကျပ်နှင့် ၂၄ပြည်ပါ တစ်အိတ်လျှင် ၇၀၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
စားသုံးဆီရောင်းချမှုအနေဖြင့် မြေပဲဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်နှင့် စားအုန်းဆီတစ်ပိဿာလျှင် ၆၅၀၀ကျပ်တို့ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။
