ကုန်သွယ်မှုသတင်းများ
ပခုက္ကူမြေပဲဈေးကွက်တွင် ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)၌ မြေပဲဈေးများမှာ ဈေးတက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုတစ်ပတ်တွင် (၆)လမြေပဲများနှင့် (၃)လမြေပဲများ အနည်းငယ်ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အနေဖြင့် မြှင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ (၆)လမြေပဲဆံမှာ ဝင်ရောက်မှုနည်းပြီး ဈေးကွက်အနေဖြင့် ယခုတစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ်(၆၆၀၀ မှ ၆၈၀၀)ထိဈေးရှိပြီး (၃)လမြေပဲဆံများမှာ တစ်ပိဿာလျှင် ကျပ်(၆၈၀၀ မှ ၇၂၀၀)ထိဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မ၊ စည်ပင်သာယာဈေးနှင့် ပန်းခြံဈေးတို့တွင် အနီးဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ပခုက္ကူကျွန်း၊ ရေတောင်ဘက်ရှိရွာများ၊ မြစ်ခြေကမ္မ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသမှ အများဆုံးဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

ပခုက္ကူကုန်စည်ဒိုင်တွင် ဒေသထွက်သီးနှံတစ်မျိုးဖြစ်သည့်ပဲစင်းငုံနီမှာ ဈေးကောင်းရလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)၌ ပဲစင်းငုံနီဈေးနှုန်းမှာ တစ်တင်းလျှင် (၇၅၀၀၀)ကျပ်ရှိခဲ့ပြီး ယခင်တစ်ပတ်တွင် ပဲစင်းငုံနီဈေးနှုန်းမှာ တစ်တင်းလျှင် (၇၆၈၀၀ မှ ၇၇၀၀၀ )ကျပ်ထိဖြင့် နေ့စဉ် အိတ်ရေ (၁၀၀) မှ (၇၀၀) ထိအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်ပြင်ပပွဲရုံများတွင်လည်း နေ့စဉ် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂.၀၆ သန်း၊ တန်ဖိုးအားဖြင့် ဘတ်ငွေ ၃၈.၀၆ ဘီလီယံကျော် တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကုန်စည်ပမာဏ၌ ၈.၄၈% တိုးတက်လျက် တန်ဖိုးအားဖြင့် ၂၉.၂၆% တိုးတက်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတကာဆန်ဈေးအနေဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လျက် ၂၀၂၃ ခုနှစ်တွင် တစ်တန်လျှင် ၅၁၀ ဒေါ်လာအထိ ရောက်ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းလျက်ရှိသည်။
ဝါရှင်တန်မြို့တွင် ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်သည့် နှစ်စဉ်ကုန်စည်ဈေးကွက်အလားအလာခန့်မှန်းချက်တွင် ယခုနှစ်ပထမသုံးလပတ်တွင် အားကောင်းသောဝယ်လိုအားနှင့် ကြပ်တည်းသည့်ထောက်ပံ့မှုများကြောင့် ဆန်ဈေးနှုန်းမှာ ၁၁ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ဖော်ပြခဲ့သည်။
