ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဒေသခံတောင်သူများသည် နှစ်ရှည်ဥယျာဉ်ခြံများနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးကာ အသက်မွေးဝမ်းကြောင်းပြုလုပ်လျက်ရှိပြီး ယခုလတွင် ခြံထွက် ဒူးရင်းသီးများ ဈေးကောင်းရရှိကာ ဒူးရင်းစိုက်တောင်သူများ မိသားစု အပိုဝင်ငွေရရှိနေ ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျ ပေါက်ရောက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာမှ လာရောက် ရောင်းချလျက်ရှိကြောင်း၊ အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီးမှည့်ဟူ၍ နှစ်မျိုး ရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်များ အရောင်းအဝယ် ပိုဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာသည် ရန်ကုန်-မော်လမြိုင်သွားသည့် လမ်းဘေးဝဲယာတွင်ရှိသော ကျေးရွာဖြစ်သည်။ အဆိုပါ ကျေးရွာတွင် ကျေးရွာသူ/သားများသည် ဒေသထွက်သီးနှံများကို ကားလမ်းဘေး ထန်းပင်များရှိသော နေရာတွင် ဆိုင်ခင်း၍ ရာသီအလိုက် ပေါ်ထွက်သော သီးနှံများကို ရောင်းချပေးခဲ့ရာ နှစ်ပေါင်းအတော်ကြာခဲ့ပြီး ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုလားပဲ သီးနှံကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ဆောင်းကုလားပဲ(၆၉၁၉)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
