Main menu

ဝင်ငွေရရှိနေသော တောင်ငူမြို့နယ်မှ နွားမွေးမြူရေးလုပ်ငန်း

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဥစားကြက်မွေးမြူရေး၊ အသား တိုးကြက်မွေးမြူရေး၊ ငုံးမွေးမြူရေး၊ ဘဲမွေးမြူရေး၊ ဒေသကျွဲ၊ ဒေသနွား၊ နို့စားနွား မွေးမြူရေးလုပ်ငန်းများရှိကြပါသည်။ ဒေသနွားမွေးမြူရေးအနေဖြင့် ယခင်က ခိုင်းစေရန်နှင့် ဒေသတွင်းစားသုံး ရန် မွေးမြူကြသော်လည်း ယခုအခါ ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်လာသဖြင့် မျိုးကောင်းမျိုးသန့် နွားများကို ခြံလှောင်စနစ်ဖြင့် မွေးမြူလာကြပါသည်။

     တောင်ငူမြို့နယ်တွင် မိုးစပါး၊ နွေစပါးများစိုက်ပျိုးခြင်း၊ ဆီထွက်သီးနှံဖြစ်သော မြေပဲများ စိုက်ပျိုးခြင်း၊ မတ်ပဲစိုက်ပျိုးခြင်း၊ ဖူးစားပြောင်းစိုက်ပျိုးခြင်းများရှိသဖြင့် မွေးမြူရေးအစာအတွက် ကောက်ရိုး၊ မြေပဲရိုး၊ မတ်ပဲအခွံ၊ ပဲဖတ်၊ ဆန်ကွဲ၊ ဖွဲနုများလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်ကြပါ သည်။ မွေးမြူရေးအစာ ပြန်လည်ရောင်းချကြသည့် တောင်သူများလည်း ဝင်ငွေရရှိကြပါသည်။ နို့စားနွား မွေးမြူထားသည့် လုပ်ငန်းရှင်အနေဖြင့် ကောက်ရိုးကို သယ်ယူခ၊ ကားအတင်အချ လုပ်သားခအပါအဝင် ခြံအရောက် ကားတစ်စီးလျှင် ၁၂၀၀၀၀ ကျပ်ကုန်ကျသည်ဟု သိရပါသည်။

     တောင်ငူမြို့နယ်တွင် ကျေးရွာအုပ်စု ၃၇ အုပ်စုရှိရာ ကျေးရွာများတွင် ခိုင်းနွားအထီး ၁၉၂၉၁ ကောင်၊ နွားမ ၁၂၈၆၂ ကောင်၊ ကျွဲထီး ၆၂၀၀ ကောင်၊ ကျွဲမ ၄၁၇၀ ကောင်နှင့် နို့စားနွားမ ၉၇ ကောင်ရှိကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ နို့စားနွားမ များကို ကံရိုးကျေးရွာ၊ ဆိပ်ဖူးတောင်ကျေးရွာ၊ ကုက္ကိုပေါက်ကျေးရွာများတွင် မွေးမြူကြပါသည်။

    နို့စားနွားမတစ်ကောင်သည် တစ်ရက်လျှင် နွားနို့ ၅ ပိဿာနှင့် ဒေသနွားမတစ်ကောင်သည်  တစ်ရက်လျှင် နွားနို့ ၂ ပိဿာခန့် ထွက်ရှိကြောင်း သိရပါသည်။ ထွက်ရှိသော နွားနို့များကို တောင်ငူမြို့ပေါ်ရှိ ဒိန်ချဉ်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် နွားနို့သောက်သုံးသည့် စားသုံးသူ ပြည်သူများမှ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဖြင့် ဝယ်ယူသည့်အတွက် ဒေသနွားမရှိသည့်တောင်သူများ၊ နို့စားနွားမွေးမြူသူများ ဝင်ငွေရရှိနေကြောင်း ကံရိုးကျေးရွာမှ နို့စားနွားမွေးမြူရေးလုပ်ငန်းရှင် ပြောကြားချက်အရ သိရပါသည်။

DOCA(ပဲခူး)