Main menu

သရက်သီးမှသည် သရက်ပြင်ဈေးကွက်ဆီသို့

Powered by Drupal

    ပြည်မြို့နယ်တွင် သရက်သီးအမျိုးအစားများစွာထွက်ပေါ်နေပြီဖြစ်ပါသည်။ မြကျောက်၊ ဘုတ်ထုံသရက်သီးများသည် ပေါ်ခါစကပင် ဈေးကောင်းရသောအသီးများဖြစ်ပါသည်။ ယခုအခါ သရက်သီးများလှိုင်လှိုင်ပေါ်နေပြီဖြစ်သောကြောင့် သရက်သီးကြိုက်သူများအနေဖြင့် အကြိုက်စားရနေပြီဖြစ်ပါသည်။ သရက်သီးကို အချိုပွဲအနေဖြင့်စားသုံးသည့်အပြင် သားရေစာအဖြစ်လည်း စားသုံးရန် အတွက် သရက်ပြင်ပြုလုပ်၍ရောင်းချကြောင်း သိရပါသည်။ သရက်ပြင်ပြုလုပ်ရာတွင် ပထမဦးစွာ သရက်သီးမှည့်ကို ရေသေချာဆေးပြီး အခွံခွာထားရပါမည်။ ပြီးလျှင် အစိတ်လေးများစိတ်ပြီး စက်ဖြင့်သော်လည်းကောင်း၊ လက်ဖြင့်သော်လည်းကောင်း ချေပေးရပါမည်။ ထို့နောက် ချေပြီးသောသရက်သီးအနှစ်များကို သကြားနှင့်ရောမွေပြီး မီးဖိုဖြင့်ကျိုပေးရပါမည်။ ပျက်သည့်အနေအထားရောက်ပါက ဆီသုတ်ထားသောဗန်းပေါ်သို့လောင်းထည့်ရပါမည်။ မျက်နှာပြင်ကိုညီအောင်ညှိပြီး ခြောက်သွေ့လာသည်အထိ နေလှန်းပေးရပါမည်။ ခြောက်သွေ့သွားသောအခါ စားသုံးရန် အသင့်ဖြစ်နေသောသရက်ပြင်ရရှိမည်ဖြစ်ပါသည်။ ပြည်မြို့တွင် မြကျောက်နှင့် ဘုတ်ထုံသရက်သီးကို ရွှေဘုံသာဘုရားသို့သွားသော လမ်းမဘေးရှိ ညောင်ပင်သာရွာမှထွက်ရှိသည့်အပြင် သရက်ပြင်ကိုလည်း ညောင်ပင်သာတစ်ရွာလုံး ပြုလုပ်ရောင်းချကြောင်း သိရှိရပါသည်။ သရက်ပြင်ပြုလုပ်ရာတွင် မြကျောက်နှင့် ဘုတ်ထုံသရက်သီးကိုသာ သရက်ပြင်ပြုလုပ်ပြီး သကြားနှင့်ပြုလုပ်သောကြောင့် ဝါဝါဝင်းဝင်းလေးနှင့် အရောင်လှကာ အရသာကောင်းသောကြောင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ ပြည်မြို့ပေါ်ရှိ ဈေးများတွင် (၅၀၀) ကျပ်တန်အထုပ်သေးများထုပ်၍ ရောင်းချကြောင်း သိရပါသည်။ Online ဈေးကွက်တွင် (၅၀) ကျပ်သားလျှင် (၇၀၀၀) ကျပ်နှင့် (၂၅) ကျပ်သားကို (၃၅၀၀) ကျပ်တို့ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)