ခဝဲပင်သည် ဘူး၊ ဖရုံအမျိုးအနွယ်၌ ပါဝင်ပြီး နှစ်စဉ် စိုက်ပျိုးဖြစ်ထွန်းသော အပင်မျိုးဖြစ်ပါသည်။ ခဝဲပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ခဝဲသီးသည် လုံးချောမဟုတ်ဘဲ စောင်းပါရှိပါသည်။ ခဝဲသီးတွင်ပါသောစောင်းများအား ခြစ်ထုတ်၍ အခွံသင်ပြီးသည့်နောက် ကြော်၍သော်လည်းကောင်း၊ ချက်၍သော်လည်းကောင်း အသားငါး၊ ပုစွန်များနှင့်ရောချက်စား၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။ ထို့ပြင် ခဝဲသီးကိုမီးဖုတ်၍ သော်လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်း ငါးပိရည်အတို့အမြှုပ်နှင့်သုံးဆောင်နိုင်ပြီး ဟင်းချိုချက်၍လည်း သုံးဆောင်နိုင်ပါသည်။
ခဝဲပင်ကို တောင်ငူဒေသတွင် အများအားဖြင့် စင်တင်၍ စိုက်ပျိုးကြပါသည်။ မိုးများသောဒေသဖြစ်ခြင်းကြောင့် စိုစွတ်သောမြေပေါ်တွင် ကြာမြင့်စွာအသီးများကျနေပါမူ ပုပ်လွယ်သောကြောင့်ဖြစ်ပါသည်။
တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ယခုမိုးဦးကျရာသီတွင် ဒေသထွက် ရာသီစာခဝဲသီးများစတင်ပေါ်နေပြီဖြစ်ပါသည်။ ခဝဲသီးသေးလျှင် ၄လုံး၊ ကြီးလျှင် ၃လုံးခန့်ပါသောအစည်းတစ်စည်းလျှင် ၅၀၀ကျပ်၊ ၆၀၀ကျပ်များဖြင့် ရောင်းချပေးနေပြီး ရှေ့လများတွင် ခဝဲသီးများလှိုင်လှိုင်ပေါ်လာပါက ဈေးနှုန်းအနည်းငယ်ကျဆင်းနိုင်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)