ယခုကဲ့သို့ သရက်သီးလှိုင်လှိုင်ပေါသောရာသီတွင် သရက်သီးမှည့်များကို သရက်ပြင်များ၊ သရက်ယိုများလုပ်ထား၍ သရက်သီးများရှားပါးချိန်တွင် အစားထိုးစားသုံးကြပါသည်။ သရက်ပြင်ရရန်အတွက် သရက်သီးအမှည့်များကို အစိတ်ကလေးများလှီးပြီး ကြိတ်စက်ထဲသို့ ထည့်ကြိတ်ရပါသည်။
ထို့နောက် ကြိတ်ပြီးသောသရက်သီးမှည့်အနှစ်များကို အိုးကြီးကြီးထဲတွင်ထည့်၍ မီးအပူအလယ်အလတ်ပေးကာ ကျိုချက်ရပါသည်။ ပျစ်ခဲလာသည်အထိ မွှေပေးရပါသည်။ သရက်အနှစ်များကို ကျိုချက်နေချိန်တွင် ပန်းကန်ပြား သို့မဟုတ် လင်ဗန်းကို ဆီသုတ်ထားရပါသည်။ ကျိုပြီးသောသရက်နှစ်များကို ဆီသုတ်ထားသောပန်းကန်ပြား သို့မဟုတ် လင်ဗန်းထဲထည့်၍ ညီအောင်ညှိပြီး နေပူလှန်းရပါသည်။
သုံးရက်ခန့်နေပူလှန်းပြီးလျှင် အသင့်စားသုံးနိုင်သောသရက်ပြင်ကိုရရှိပါသည်။ သရက်ပြင်များကို ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်ကြပါသည်။ တောင်ငူမြို့ရှိ ဈေးများတွင် သရက်ပြင်တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိရောင်းချပါသည်။ ပါကင်ဘူးလေးများဖြင့်လည်း တစ်ဘူးလျှင် ၁၅၀၀ကျပ်မှ ၃၀၀၀ကျပ်ထိရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)