Main menu

ပြည်ခရိုင်ရှိ ဆီထွက်သီးနှံများ ယခင်နှစ်ထက် ဈေးနှုန်းမြင့်တက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲနှင့် နေကြာသီးနှံ ဟူ၍ (၃)မျိုးရှိပါသည်။ လူတို့နေ့စဉ်စားသုံးနေသည့် ဆီအများစုမှာ မြေပဲဆီဖြစ်ပြီး နှမ်းဆီနှင့် နေကြာဆီကို လူနည်းစုသာစားသုံးကြကြောင်း သိရပါသည်။

မြေပဲဆံ

     ပြည်ခရိုင်တွင် မြေပဲဆန်မှာ မိုးမြေပဲနှင့် ဆောင်းမြေပဲဟူ၍ (၂)မျိုးရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် မြေပဲသီးနှံစိုက်ဧကမှာ (၉၅၉၃၄)ဧက စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်းမှာ (၆၂.၁၇)တင်းထွက်ရှိကာ အထွက်တင်းမှာ (၅၉၆၄၀၄၃)တင်း ထွက်ရှိခဲ့ပါသည်။ ယခုဘဏ္ဍာနှစ် ဖြစ်သော ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြေပဲစိုက်ဧကမှာ (၇၂၃၀၁)ဧကစိုက်ပျိုးပြီး တစ်ဧကလျှင် (၆၂.၈၄) တင်းထွက်ရှိပြီး အထွက်တင်းစုစုပေါင်းမှာ (၄၅၄၃၄၃၅)တင်းထွက်ရှိကြောင်း သိရပါသည်။ ပြည်ခရိုင် အတွင်း ထွက်ရှိသောမြေပဲဆံများကို အခြားတိုင်းမှဝယ်ယူမှုရှိသလို ပြည်ဈေးကွက်သို့လည်း ယခု မေလနောက်ဆုံးပတ်တွင် ကံမဘက်မှ ရက်ခြား ပိဿာ(၃၀)ဝင်အိတ် (၅၀၀-၆၀၀)ခန့် ဝင်ရောက် လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် မြေပဲဆီဆံ (အဖြူ)တစ်ပိဿာလျှင် (၃၇၀၀) ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၃၇၀၀)ကျပ်၊ လုံးဆံ(အဖြူ) တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ လုံးဆံ (အနီ)တစ်ပိဿာလျှင် (၃၉၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်ဖြစ်သော ၂၀၂၃ ခုနှစ်၊ မေလနောက်ဆုံးပတ်တွင် မြေပဲဆီဆံ (အဖြူ) တစ်ပိဿာလျှင် (၆၂၀၀)ကျပ်၊ (အနီ) တစ်ပိဿာလျှင် (၇၅၀၀)ကျပ်နှင့် လုံးဆံ(အဖြူ) တစ်ပိဿာလျှင် (၆၇၀၀)ကျပ်၊ လုံးဆံ (အနီ) တစ်ပိဿာလျှင် (၈၁၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ လုံးဆံ(အနီ)ကို မြို့တွင်းရှိ ပဲကျော်သမားများနှင့် မန္တလေးလိုင်းသမားများက ဝယ်ယူမှုရှိခြင်း၊ လုံးဆံ(အဖြူ)ကို ပဲကြော်ဖိုသမားများနှင့် ဆီဆံကို ဆီစက်သမားများက ဝယ်ယူမှုရှိသဖြင့် တစ်နေ့လျှင် မြေပဲဆံအိတ် (၂၀၀/၃၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုနှစ်တွင် မြေပဲဆံဈေးများ ယခင်နှစ်ထက် မြင့်တက်လာရခြင်းမှာ စိုက်ဧကနည်းသွားပြီး ဝယ်လိုအားများလာသဖြင့် ယခင်နှစ်ထက်စာလျှင် တစ်ပိဿာလျှင် ထက်ဝက်နီးပါးခန့် ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရပါသည်။

နှမ်း

  ပြည်ခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နှမ်းစိုက်ဧကမှာ (၇၃၁၉၁)ရှိပြီး တစ်ဧက အထွက်နှုန်းမှာ (၁၀.၅၄)တင်းခန့်ထွက်ရှိ၍ စုစုပေါင်းအထွက်တင်းမှာ (၇၇၁၂၁၇)တင်း ထွက်ရှိ ကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ မေလနောက်ဆုံးပတ်တွင် နှမ်းဝင်ရောက်မှုမရှိဘဲ လှောင်နှမ်းများဖြင့်သာ အရောင်းအဝယ်အနည်းငယ်ဖြစ်လျက်ရှိပါသည်။ အရောင်းအဝယ်ဖြစ်သော နှမ်းများမှာ စမုံနက်နှမ်းနှင့် နှမ်းနက်တို့ဖြစ်ပြီး မန္တလေးဝယ်လက်များက အဝယ်ရှိပါသည်။ ယခုအပတ်နှမ်းဈေးများမှာ နှမ်းနီ (၃)တင်းတစ်အိတ်လျှင် (၂၆၀၀၀၀)ကျပ်၊ နှမ်းနက်(၃)တင်း တစ်အိတ်လျှင် (၂၈၀၀၀၀)ကျပ် နှင့် စမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် (၃၁၀၀၀၀)ကျပ်ဖြင့် ပြည်ဈေးကွက်တွင် ရောင်းဝယ်လျက်ရှိပါသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နှမ်းစိုက်ဧကမှာ (၉၇၆၄၄)ဧကတွင် တစ်ဧကအထွက်နှုန်း (၁၀.၉၄)တင်းထွက်ရှိ၍ စုစုပေါင်းအထွက်တင်းမှာ (၁၀၆၈၄၉၄)တင်းထွက်ရှိပါသည် ။  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထက် စိုက်ဧကများပြီး အထွက်တင်းမှာ လည်း များလာတာဖြစ်ပါသည်။ နှမ်းဈေးနှုန်းအနေဖြင့်လည်း ယခင်နှစ်တွင် နှမ်းနီ(၃)တင်း တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ်၊ နှမ်းနက်(၃)တင်းတစ်အိတ်လျှင် (၁၈၀၀၀၀)ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် (၂၁၀၀၀၀)ကျပ်ဈေးဖြစ်ခဲ့သဖြင့် ယခုနှစ်တွင် (၃)တင်းတစ်အိတ်လျှင် (၁)သိန်းကျပ်ခန့် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ထိုသို့ဈေးနှုန်းများမြင့်တက်လာရခြင်းမှာ စိုက်ဧကနည်းသွားပြီး ဝယ်လိုအားများလာသောကြောင့် ဈေးနှုန်းများမြင့်တက်လာရခြင်း ဖြစ်ပါသည်။

နေကြာ

    ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် မိုးနေကြာစိုက်ဧကမှာ (၄၈၄)ဧကတွင် တစ်ဧကအထွက်နှုန်းမှာ (၁၀.၇၈)တင်း ထွက်ရှိပြီး အထွက်တင်းမှာ (၅၂၁၉)တင်းထွက်ရှိပါသည်။ ဆောင်းနေကြာစိုက်ဧကမှာ (၄၅၅၈)ဧကတွင် ရိတ်ဧကမှာ (၄၅၅၂) ၊ တစ်ဧကအထွက်နှုန်းမှာ (၁၅.၃၈)တင်းထွက်ရှိပြီး အထွက်တင်းပေါင်း (၇၀၀၂၃)တင်းခန့်ထွက်ရှိ၍ စုစုပေါင်း နေကြာစိုက်ဧကမှာ (၅၀၄၂)ဧကတွင် အထွက်တင်းပေါင်း (၇၅၂၄၂)တင်းထွက်ရှိကြောင်း သိရပါသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆောင်းနေကြာ တစ်မျိုးသာစိုက်ပျိုး၍ စိုက်ဧကမှာ (၄၅၉)ဧကစိုက်ပျိုးပြီး စိုက်ပျိုးသောဧကအတိုင်း ရိတ်သိမ်းနိုင် ခဲ့ပါသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၇.၁၂)တင်းထွက်ရှိပြီး စုစုပေါင်းအထွက်တင်းမှာ (၇၈၆၀)တင်းခန့် ထွက်ရှိခဲ့ပါသည်။ နေကြာစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ရာသီဥတု ရေ/မြေ သဘာဝနှင့် အထူးသင့်တော်ပြီး စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်နည်းပါးခြင်း၊ အထွက်နှုန်း ကောင်းခြင်းနှင့် ဆီအထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီ ဖူလှုံရေးအတွက် အထောက်အကူပြုသော သီးနှံဖြစ်ပါသည်။ ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် နေကြာတစ်တင်းလျှင် (၂၅၀၀၀)ကျပ် ရှိခဲ့ပြီး၊ ယခုနှစ်တွင် နေကြာတစ်တင်းလျှင် (၂၇၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

     ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံများကို အထွက်နှုန်းကောင်း၊ မျိုးသန့်မျိုးသန့်များကို ပိုမိုတိုးချဲ့စိုက်ပျိုးမည်ဆိုပါက အထွက်နှုန်းကောင်းပြီး ဆီထွက်နှုန်းကောင်းလာ၍ ပြည်တွင်း စားသုံးဆီများ ဖူလှုံလာမည်ဖြစ်ပါသည်။ ယခုအချိန်တွင် လူအသုံးများသော ဆီမှာမြေပဲဆီဖြစ်သဖြင့် မြေပဲသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)