မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပဲခူးခရိုင်၊ ဆီကုန်သည်အသင်းမှ ဆီအရောင်းဈေးကားသည် တောင်ငူမြို့သို့လာရောက်၍ အခြေခံလူတန်းစားများအား စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် လာရောက်ရောင်းချပေးလျက်ရှိပါသည်။
(၇-၆-၂၀၂၃) ရက်နေ့တွင် ဆီအရောင်းဈေးကားသည် တောင်ငူမြို့၊ အမှတ် (၂၁) ရပ်ကွက်၊ ဇေယျာခင်ဦးရှိ အခြေခံစားသုံးသူပြည်သူများနှင့် အခြေခံပညာဦးစီးဌာနမှ ဝန်ထမ်းမိသားစုများအား ၅၀ကျပ်သားဝင်ဆီဘူးများကို လူတစ်ဦးလျှင် နှစ်ဘူး (ဆီတစ်ပိဿာ) နှုန်း၊ တစ်ပိဿာလျှင် ၄၆၀၀ကျပ်နှုန်းဖြင့် ဆီပိဿာချိန် ၅၅၀ကိုရောင်းချပေးခဲ့ပါသည်။
၎င်းဆီဈေးကားသည် (၃၁-၅-၂၀၂၃) ရက်နေ့မှစတင်၍ တောင်ငူမြို့သို့ လာရောက်ရောင်းချပေးခဲ့ရာ ဆီပိဿာချိန် ၂၂၀၀ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဆီဈေးကားလှည့်လည်ရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့် ဝန်ထမ်းများက ကြီးကြပ်၍ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)