Languages

Main menu

ထိုင်းနိုင်ငံတွင် မိုးခေါင်ရေရှားဖြစ်မှုကြောင့် ၂ဝ၂၄ ခုနှစ်၌ လယ်သမားများဝင်ငွေထိခိုက်မည်ကို စိုးရိမ်လျက်ရှိ

Powered by Drupal

အယ်လ်နီညိုရာသီဥတုလက္ခဏာကြောင့် ၂ဝ၂၃/၂ဝ၂၄ ရာသီကာလတွင် ဆန်၊ တိရစ္ဆာန် အစားအစာဖြစ်သည့်ပြောင်း၊ စားအုံးဆီနှင့် ကြံ တို့ အပါအဝင် အဓိကလယ်ယာထွက်ကုန်သီးနှံများ ထုတ်လုပ်မှု လျော့နည်းနိုင်ဖွယ်ရှိကြောင်း ထိုင်းနိုင်ငံ ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Poonpong က ပြောကြားခဲ့ပါသည်။ အယ်လ်နီညိုရာသီဥတုသည် သီးနှံထုတ်လုပ်မှုနှင့် ဈေးနှုန်းများကိုသာမက သတ္တုနှင့် မွေးမြူရေးလုပ်ငန်းများကိုပါ အကျိုးသက် ရောက်မှုရှိနိုင်ကြောင်း၊ မိုးခေါင်ရေရှားမှုဖြစ်စဉ်ကြောင့် စားသုံးသူကုန်စည်ဈေးနှုန်းများနှင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်ပြီး ငွေကြေးဖောင်းပွမှုဖြစ်ပေါ်နိုင်ကာ အပြည်ပြည်ဆိုင်ရာသင်္ဘော စရိတ်များ မြင့်တက်လာနိုင်ကြောင်း ကုန်သွယ်မှုမူဝါဒနှင့်မဟာဗျူဟာဌာနမှ ထုတ်ပြန်သော လေ့လာမှုများအရ သိရှိရပါသည်။

Mr. Poonpong က အယ်လ်နီညိုရာသီဥတုသည် လယ်ယာထွက်ကုန်ထုတ်လုပ်မှုကို လျော့ နည်းစေနိုင်ပြီး လယ်ယာထွက်ကုန်ဈေးနှုန်းများ မြင့်တက်နိုင်ကာ ထုတ်လုပ်မှုလျော့နည်းခြင်း သည် ဈေးနှုန်းမြင့်တက်မှုထက် သာလွန်ခဲ့ပါက လယ်သမားများ၏ ဝင်ငွေလျော့နည်းစေနိုင် ကြောင်း ပြောကြားခဲ့ပါသည်။ ၂ဝ၂၃/၂ဝ၂၄ ရာသီကာလတွင် ဆန်ထုတ်လုပ်မှုမှာ ယခင်နှစ်ထက် လျော့နည်းနိုင်သော်လည်း ပြည်တွင်းစားသုံးမှုနှင့် ပို့ကုန်တင်ပို့မှုအတွက် လုံလောက်လျက်ရှိ ကြောင်း သိရှိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ဆန်အရန်သိုလှောင်ထားရှိရန်လိုအပ်သည့် စားနပ် ရိက္ခာဖူလုံမှုမူဝါဒကို ချမှတ်ထားခြင်း၊ အိန္ဒိယနိုင်ငံသည် ဆန်တင်ပို့ခွန်ကောက်ခံခြင်းနှင့် ဘာစမာ တီးဆန်မှလွဲ၍ ကျန်ဆန်အမျိုးအစားအားလုံးတင်ပို့မှုကို ကန့်သတ်လိုက်ခြင်းနှင့် ဗီယက်နမ်နိုင်ငံ သည် အရည်အသွေးမြင့်မားသောဆန်များတင်ပို့မှုအပေါ် လျှော့ချသည့်မူဝါဒကို ချမှတ်လိုက်ခြင်း တို့သည် ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုအပေါ် အကျိုးသက်ရောက်နိုင်ကြောင်း သိရှိရပါသည်။

ဇွန်လ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံသည် အယ်လ်နီညိုရာသီဥတုကြောင့် ပျက်စီးဆုံးရှုံး မှုများဖြစ်ပေါ်လာပါက ဆန်ရောင်းချမှုဖူလုံစေရန်အတွက် အိန္ဒိယနိုင်ငံမှ ဆန်တန်ချိန် ၁ သန်း တင်သွင်းသွားရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါသည်။ ထိုကဲ့သို့ဆောင်ရွက်လိုက်ခြင်းကြောင့် ထိုင်းနိုင်ငံ၏ ကုန်သွယ်မှုအခွင့်အလမ်းများကို ထိန်းသိမ်းစောင့်ကြည့်သွားရန် လိုအပ်မည်ဖြစ်ကြောင်း Mr. Poonpong က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် ဆန်ထုတ်လုပ်မှုကို အရည်အသွေးတိုးတက်စေရန်၊ အထွက်နှုန်းမြင့်မားပြီး အရည်အသွေးကောင်းမွန်သည့်ဆန်မျိုးကွဲများ တိုးတက်ထုတ်လုပ်နိုင်ရန်၊ ဈေးကွက်မောင်းနှင်သည့်နည်းလမ်းများကို အသုံးပြုရန်နှင့် ဝင်ငွေတိုးတက်ပြီး ရေရှည်ယှဉ်ပြိုင်မှုကို ထိန်းသိမ်းနိုင်မည့် တီထွင်ဆန်းသစ်မှုနည်းပညာများကို တိုးတက်စေရန်တို့အတွက် ဆောင်ရွက်လျက်ရှိပါသည်။ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုမှာ နှစ်အလိုက် ၂ဝ.၆%တိုးတက်လာခဲ့ပါသည်။

Mr. Poonpong က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍအပေါ် အယ်လ်နီညိုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုကို အရေးယူဆောင်ရွက်နိုင်ရန် ကွပ်ကဲမှုဗဟိုဌာန (War Room) တစ်ခုကို တည်ထောင် ထားကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသည် သက်ဆိုင်ရာသတင်းအချက်အလက်များကို ထိန်းသိမ်းစောင့်ကြည့်ပြီး အကျိုးသက်ရောက်မှုများကို လျော့နည်းသက်သာစေရန် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ၄င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ဂရုတစိုက်နှင့် အရည်အသွေးပြည့်ဝစွာ စီမံဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့သည့် ကွပ်ကဲမှုဗဟိုဌာနအစည်းအဝေး၌ ၂ဝ၂၃ ခုနှစ်တွင် ကုန်သွယ်မှုလုပ်ငန်းများသည် အယ်လ်နီညို၏ အကျိုးသက်ရောက်မှုကို မခံစားရသဖြင့် အယ်လ်နီ ညိုကြောင့် ထုတ်ကုန်ပစ္စည်းများ တင်ပို့တင်သွင်းမှုနှင့်ဆက်နွယ်သည့် အထူးနည်းလမ်းများကို ဆောင်ရွက်ရန်လိုအပ်မည်မဟုတ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။ သို့ရာတွင် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် မိုးရွာသွန်းမှုနှင့် ရေရရှိမှုတို့အပေါ် အနီးကပ်ထိန်းသိမ်းစောင့်ကြည့် သွားရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် ၂ဝ၂၄ ခုနှစ်တွင် မိုးခေါင်ရေရှားမှုဖြစ်ပေါ်နိုင်သဖြင့် ထိန်းသိမ်း စောင့်ကြည့်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ပါက ပို့ကုန်သွင်းကုန် ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအပါအဝင် နည်းလမ်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဖြစ်သူ Keerati Rushchano က ပြောကြားခဲ့ပါသည်။

Source: Bangkok Post, September 13, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)